< ကမ္ဘာဦး 31 >
1 ၁ ထိုအခါ လာဗန်သားတို့က၊ ငါတို့သခင်၏ဥစ္စာရှိ သမျှကို ယာကုပ်သည် ယူသွားလေပြီတကား၊ ငါတို့အဘ ၏ဥစ္စာအားဖြင့်၊ သူ၌ဤမည်သော စည်းစိမ်ရှိသမျှသည် ဖြစ်လေပြီဟု၊ ဆိုကြသည်ကို ယာကုပ်ကြား၍၊
၁လာဗန်၏သားတို့က``ငါတို့၏ဖခင်ပိုင်သမျှ ပစ္စည်းတို့ကိုယာကုပ်ယူသွားလေပြီ။ ဖခင်ပိုင် ဆိုင်သောပစ္စည်းဖြင့်သူ၌စီးပွားတက်လာပြီ'' ဟူ၍ပြောဆိုသံကိုယာကုပ်ကြားသိရလေ သည်။-
2 ၂ လာဗန်၏ မျက်နှာကို ကြည့်သောအခါ၊ ရှေ့က ကဲ့သို့ မဟုတ်၊ ခြားနားသည်ကို သိမြင်၏။
၂ထို့အပြင်လာဗန်သည်ယခင်ကကဲ့သို့သူ့ အားမကြည်ဖြူကြောင်းကိုလည်းတွေ့မြင် ရသည်။-
3 ၃ ထာဝရဘုရားကလည်း၊ သင်၏ဘိုးဘနေသော ပြည်၊ သင်၏အမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါ သည် သင့်ဘက်၌ရှိနေမည်ဟု ယာကုပ်အား မိန့်တော် မူ၏။
၃သို့ဖြစ်၍ထာဝရဘုရားက``သင်၏ဘိုးဘေး တို့နှင့်ဆွေမျိုးသားချင်းတို့နေထိုင်ရာပြည် သို့ပြန်လော့။ ငါသည်သင်နှင့်အတူရှိမည်'' ဟု ယာကုပ်အားမိန့်တော်မူ၏။
4 ၄ ယာကုပ်သည် လူကိုစေလွှတ်၍၊ ရာခေလနှင့် လေအာကို၊ သိုးစုရှိရာတောသို့ ခေါ်ပြီးလျှင်၊
၄ထို့ကြောင့်ယာကုပ်သည်ရာခေလနှင့်လေအာ တို့ကိုသူ၏သိုး၊ ဆိတ်အုပ်များရှိရာလယ်ထဲ သို့ခေါ်ပြီးလျှင်၊-
5 ၅ သင်တို့အဘ၏ မျက်နှာသည် ငါ၌ရှေ့ကကဲ့သို့ မဟုတ်၊ ခြားနားသည်ကို ငါသိမြင်၏။ သို့သော်လည်း၊ ငါ့အဘ၏ဘုရားသခင်သည်၊ ငါ့ဘက်၌ ရှိတော်မူ၏။
၅``သင်တို့၏ဖခင်သည်ယခင်ကကဲ့သို့ငါ့ အားမကြည်ဖြူကြောင်းငါတွေ့ရသည်။ သို့ ရာတွင်ငါ့အဖ၏ဘုရားသခင်သည်ငါ နှင့်အတူရှိတော်မူ၏။-
6 ၆ သင်တို့ အဘ၏အမှုကို၊ ငါတတ်နိုင်သမျှ အတိုင်း၊ ငါစောင့်သည်ကို သင်တို့သိကြ၏။
၆ငါသည်သင်တို့၏ဖခင်အတွက်အစွမ်းကုန် အလုပ်လုပ်ခဲ့ကြောင်းသင်တို့နှစ်ဦးစလုံး သိကြ၏။-
7 ၇ သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား၍၊ ငါရထိုက်သော အခကိုဆယ်ကြိမ်လဲခဲ့ပြီ။ သို့သော်လည်း၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှါ၊ ဘုရားသခင်အခွင့်ပေးတော်မမူ။
၇သို့သော်လည်းသူသည်ငါ့ကိုလှည့်စား၍ငါ ရထိုက်သောအခကိုဆယ်ကြိမ်မျှပြောင်းလဲ ခဲ့လေပြီ။ သို့ရာတွင်ငါ့ကိုနစ်နာဆုံးရှုံးစေ ရန်ဘုရားသခင်သည်သူ့ကိုအခွင့်ပေးတော် မမူ။-
8 ၈ သူက၊ ပြောက်သောအကောင်တို့သည်၊ သင်၏ အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ်ရှိသမျှတို့သည် ပြောက် သောအကောင်တို့ကို မွေးကြ၏။ ကျားသော အကောင်တို့ သည်၊ သင်၏အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ် ရှိသမျှ တို့သည် ကျားသောအကောင်တို့ကို မွေးကြ၏။
၈သင်တို့၏ဖခင်ကအပြောက်ပါရှိသောဆိတ် တို့သည်သင်၏အခဖြစ်သည်ဟုဆိုလျှင် ဆိတ် ရှိသမျှတို့သည်အပြောက်ပါရှိသောသား ကောင်များကိုမွေးကြ၏။ သူက`အစင်းပါသော ဆိတ်တို့သည်သင်၏အခဖြစ်သည်' ဟုဆိုလျှင် ဆိတ်ရှိသမျှတို့သည်အစင်းပါရှိသောသား ကောင်များကိုမွေးကြ၏။-
9 ၉ ထိုသို့ ဘုရားသခင်သည်၊ သင်တို့အဘ၏ တိရစ္ဆာန်တို့ကို နှုတ်၍ ငါ့အားပေးတော်မူပြီ။
၉ထိုသို့အားဖြင့်ဘုရားသခင်သည်သင်၏ ဖခင်ထံမှဆိတ်အုပ်တို့ကိုယူ၍ငါ့အား ပေးတော်မူပြီ။
10 ၁၀ ထိုတိရစ္ဆာန်များတို့သည်၊ ရှက်တင်ကြသော အခါ၊ ငါမြော်ကြည့်၍၊ တိရစ္ဆာန်မတို့နှင့်ပေါင်းဘော်သော တိရစ္ဆာန်အထီးရှိသမျှတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်းရှိကြောင်းကို အိပ်မက်၌ ငါမြင် ရ၏။
၁၀``တိရစ္ဆာန်များမိတ်လိုက်ချိန်၌ငါသည်အိပ်မက် မြင်မက်ရာအိပ်မက်ထဲတွင်မိတ်လိုက်နေသော တိရစ္ဆာန်အထီးတို့သည် အကွက်၊ အပြောက်၊ အကျားများပါရှိသည်ကိုငါမြင်ရ၏။-
11 ၁၁ ဘုရားသခင်၏ကောင်းကင်တမန်ကလည်း၊ ယာကုပ်ဟု အိပ်မက်၌ ငါ့ကိုခေါ်လျှင်၊ ကျွန်ုပ်ရှိပါ၏ဟု ငါထူး၏။
၁၁အိပ်မက်ထဲတွင်ဘုရားသခင်၏ကောင်းကင် တမန်က`ယာကုပ်' ဟုခေါ်လျှင်ငါက`ရှိပါ သည်အရှင်' ဟုထူးသော်၊-
12 ၁၂ သူကလည်း မြော်၍ကြည့်လော့။ တိရစ္ဆာန်မနှင့် ပေါင်းဘော်သော တိရစ္ဆာန်အထီး ရှိသမျှတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်းရှိကြ ၏။ အကြောင်းမူကား၊ သင်၌လာဗန်ပြုသမျှတို့ကို ငါမြင် ၏။
၁၂ကောင်းကင်တမန်က`သင့်အားလာဗန်ပြုမူ သမျှတို့ကိုငါမြင်ရသဖြင့် မိတ်လိုက်နေ သောဆိတ်အထီးအားလုံးတို့သည် အကွက်၊ အပြောက်အကျားများပါရှိစေရန်ငါ စီရင်ပြီ။-
13 ၁၃ ငါကား၊ သင်သည် မှတ်တိုင်ကိုဆီလောင်း၍၊ ငါ၌ သစ္စာပြုရာ ဗေသလအရပ်၏ဘုရားဖြစ်၏။ ယခု ထ၍ ဤအရပ်မှ ထွက်သဖြင့်၊ အမျိုး သားချင်းတို့နေသော ပြည်သို့ ပြန်သွားလော့ဟု ငါ့အားမိန့်တော်မူ၏ဟု ယာကုပ်သည် ကြားပြောပြီးလျှင်၊
၁၃ငါသည်ကားဗေသလအရပ်၌သင်ကျောက် တုံးကိုမှတ်တိုင်အဖြစ်တည်၍ သံလွင်ဆီ လောင်းလျက်ဆက်ကပ်ပြီးလျှင်ငါ့အားသစ္စာ ပြုသောအခါ သင်ရူပါရုံတွင်မြင်ရသော ဘုရားဖြစ်တော်မူ၏။ သင်သည်ဤပြည်မှ ထွက်၍သင်၏နေရင်းပြည်သို့ပြန်ရန်ယခု ပြင်ဆင်လော့' ဟုငါ့အားမိန့်တော်မူလေ သည်'' ဟုဆို၏။
14 ၁၄ ရာခေလနှင့် လေအာတို့က၊ အကျွန်ုပ်တို့သည် ကိုယ်အဘ၏အိမ်နှင့် အဘယ်သို့ ဆိုင်သနည်း။ အဘယ် သို့ အမွေခံရသေးသနည်း။
၁၄ရာခေလနှင့်လေအာတို့က``ကျွန်မတို့သည် ဖခင်ထံမှအမွေရစရာမရှိတော့ပါ။-
15 ၁၅ သူသည် ကျွန်ုပ်တို့ကို တကျွန်းတနိုင်ငံသားကဲ့သို့ မှတ်တတ်သည့်မဟုတ်လော။ ကျွန်ုပ်တို့ကို ရောင်းစားခဲ့ပြီ တကား။
၁၅ဖခင်သည်ကျွန်မတို့အားသူစိမ်းများကဲ့သို့ ဆက်ဆံပါသည်။ ကျွန်မတို့ကိုရောင်းစား၍ရ သမျှငွေကိုသုံးစွဲခဲ့လေပြီ။-
16 ၁၆ ကျွန်ုပ်တို့အဘမှ ဘုရားသခင်ရုပ်သိမ်းတော်မူ သော စည်းစိမ်ရှိသမျှသည် ငါတို့ဥစ္စာ၊ ငါတို့ သားသမီး များ ဥစ္စာဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင် မှာထားတော်မူ သည်အတိုင်း ယခုတွင် ပြုပါလော့ဟုပြန်ပြောကြ၏။
၁၆ကျွန်မတို့၏ဖခင်ထံမှဘုရားသခင်သိမ်းယူ တော်မူသောဥစ္စာပစ္စည်းရှိသမျှတို့ကို ကျွန်မ တို့၏သားသမီးများပိုင်ပါသည်။ ဘုရားသခင် မိန့်မှာတော်မူသည့်အတိုင်းဆောင်ရွက်ပါလော့'' ဟုယာကုပ်အားပြောကြ၏။
17 ၁၇ ထိုအခါ ယာကုပ်သည်ထ၍၊ မိမိသားမယား တို့ကို ကုလားအုပ်ပေါ်မှာ စီးစေ၏။
၁၇သို့ဖြစ်၍ယာကုပ်သည်မိမိ၏ဖခင်ရှိရာ ခါနာန်ပြည်သို့ပြန်ရန်ပြင်ဆင်လေသည်။ သူ ၏သားသမီးနှင့်မယားတို့ကိုကုလားအုတ် များပေါ်တွင်စီးစေ၏။ သူသည်မက်ဆိုပိုတေး မီးယားပြည်၌ရရှိခဲ့သမျှသောဥစ္စာပစ္စည်း များကိုယူဆောင်လျက် မိမိ၏သိုးအုပ်၊ ဆိတ် အုပ်များကိုမောင်းနှင်လာခဲ့လေသည်။-
18 ၁၈ မိမိတိရစ္ဆာန်တည်းဟူသော၊ ပါဒနာရံအရပ်၌ ရသောတိရစ္ဆာန်ရှိသမျှတို့နှင့်၊ ရတတ်သမျှသော ဥစ္စာ တို့ကို ဆောင်ယူ၍၊ အဘဣဇာက်နေရာ ခါနာန်ပြည်သို့ ခရီးသွားလေ၏။
၁၈
19 ၁၉ လာဗန်သည် သိုးမွေးကို ညှပ်ခြင်းငှါ၊ အခြား တပါးသို့ သွားခိုက်တွင်၊ ရာခေလသည်၊ သူ၏တေရပ် ရုပ်တုတို့ကို ခိုးယူလေ၏။
၁၉လာဗန်သည်သူ၏သိုးများကိုအမွေးညှပ် ရန်သွားနေချိန်ဖြစ်ရာ အိမ်တွင်သူမရှိခိုက် ရာခေလသည်ဖခင်၏ဘုရားရုပ်တုများ ကိုခိုးယူခဲ့လေသည်။-
20 ၂၀ ယာကုပ်သည် မိမိပြေးမည်အကြောင်းကို မကြားမပြောဘဲနေ၍၊ ရှုရိလူဖြစ်သော လာဗန်ကို ပရိယာယ်အားဖြင့် နိုင်လေ၏။
၂၀ယာကုပ်သည်လာဗန်အားအသိမပေးဘဲ ထွက်ခဲ့လေသည်။-
21 ၂၁ ထိုသို့မိမိဥစ္စာရှိသမျှပါလျက် ပြေးသွား၍၊ မြစ် တဘက်သို့ အလျင်အမြန်ကူးပြီးလျှင်၊ ဂိလဒ်တောင်ကို ရှေ့ရှုပြုလျက် ခရီးသွားလေ၏။
၂၁ဤသို့အားဖြင့်သူပိုင်ဆိုင်သမျှဥစ္စာပစ္စည်းတို့ ကိုယူ၍ အဆောတလျင်ခရီးထွက်ခဲ့ရာ သူ သည်ဥဖရတ်မြစ်ကိုဖြတ်ကျော်ပြီးနောက် ဂိလဒ်တောင်သို့ရှေ့ရှုခရီးဆက်ခဲ့လေ၏။
22 ၂၂ ယာကုပ်ပြေးကြောင်းကို၊ သုံးရက်မြောက်သော နေ့၌ လာဗန်ကြားသိလျှင်၊
၂၂သုံးရက်ကြာသောအခါ လာဗန်သည်ယာကုပ် ထွက်ပြေးကြောင်းကိုကြားသိရလေသည်။-
23 ၂၃ ညီအစ်ကိုတို့ကိုခေါ်၍၊ ခုနစ်ရက်ခရီး လိုက် သဖြင့်၊ ဂိလဒ်တောင်ပေါ်မှာ မှီလေ၏။
၂၃ထိုအခါသူသည်မိမိ၏သားချင်းတို့ကို ခေါ်၍ ယာကုပ်နောက်သို့ခုနစ်ရက်ကြာမျှ လိုက်ခဲ့ရာဂိလဒ်တောင်ဒေသသို့အရောက် တွင်မီလေ၏။-
24 ၂၄ ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညဉ့် အချိန်တွင် အိပ်မက်၌ကြွတော်မူ၍၊ သင်သည် ယာကုပ် အား ကောင်းမကောင်းကို မပြောနှင့်၊ သတိပြုလော့ဟု မိန့်တော်မူ၏။
၂၄ထိုနေ့ည၌အိပ်မက်ထဲတွင်ဘုရားသခင် သည်လာဗန်ထံသို့ကြွလာတော်မူ၍``သင် သည်ယာကုပ်အားမည်သို့မျှခြိမ်းခြောက်ခြင်း မပြုမိရန်သတိပြုလော့'' ဟုမိန့်တော်မူ၏။-
25 ၂၅ ထိုအခါ ယာကုပ်သည် မိမိတဲကို ဂိလဒ်တောင် ပေါ်မှာ ဆောက်နှင့်ပြီ။ လာဗန်သည် လိုက်၍မှီသော အခါ၊ မိမိညီအစ်ကိုတို့နှင့်တကွ၊ ထိုတောင်ပေါ်မှာတဲကို ဆောက်လေ၏။
၂၅ယာကုပ်သည်တောင်ပေါ်၌လည်းကောင်း၊ လာဗန် နှင့်သားချင်းတို့သည်ဂိလဒ်တောင်ဒေသ၌ လည်းကောင်းစခန်းချကြလေသည်။
26 ၂၆ လာဗန်ကလည်း၊ သင်သည် အဘယ်သို့ ပြုသ နည်း။ စစ်တိုက်ရာ၌ ဘမ်းမိသောသူတို့ကို သိမ်းသွား သကဲ့သို့၊ ငါ့ကိုလှည့်စား၍၊ ငါ့သမီးတို့ကို သိမ်းသွား လေပြီတကား။
၂၆လာဗန်က``သင်သည်အဘယ်ကြောင့်ငါ့ကို လှည့်စား၍ ငါ၏သမီးများကိုစစ်သုံ့ပန်း များကဲ့သို့ခေါ်ဆောင်သွားရပါသနည်း။-
27 ၂၇ ငါ့ကို လှည့်စား၍၊ အဘယ်ကြောင့် တိတ်ဆိတ် စွာ ထွက်ပြေးသနည်း။ ငါသည် ပျော်မွေ့ခြင်းကိုပြု၍ သီခြင်းဆိုလျက်၊ ပတ်သာနှင့် စောင်းတီးလျက်၊ သင့်ကို လွှတ်လိုက်စေခြင်းငှါ၊ အဘယ်ကြောင့် ငါ့ကိုမကြား မပြောဘဲ နေသနည်း။
၂၇အဘယ်ကြောင့်တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါ့အားအသိပေးခဲ့လျှင်ငါသည်ပတ်သာ စောင်းငြင်းတီးလျက် မြူးတူးပျော်ရွှင်စွာ သင်တို့ကိုစေလွှတ်လိုက်မည်သာဖြစ်၏။-
28 ၂၈ ငါ့သားသမီးတို့ကို ငါနမ်းစေခြင်းငှါ၊ အဘယ် ကြောင့် အခွင့်မပေးသနည်း။ သင်သည် မိုက်စွာ ပြုလေ ပြီတကား။
၂၈သင်သည်ငါ့မြေးနှင့်သမီးများတို့ကိုပင် နမ်းရှုပ်နှုတ်ဆက်ခွင့်ကိုမပေး။ မိုက်လှသည် တကား။-
29 ၂၉ ယခုသင့်ကို ငါညှဉ်းဆဲနိုင်၏။ သို့သော်လည်း၊ မနေ့ညမှာ သင်၏အဘကိုးကွယ်သော ဘုရားသခင်သည် ကြွလာ၍၊ ယာကုပ်အား ကောင်းမကောင်းကို မပြောနှင့်။ သတိပြုလော့ဟု ငါ့အား မိန့်တော်မူ၏။
၂၉ငါသည်သင့်အားဘေးဒုက္ခရောက်စေနိုင်၏။ သို့ရာတွင်ယမန်နေ့ည၌ သင့်အဖ၏ဘုရား ကသင့်အားမည်သို့မျှမခြိမ်းခြောက်ရဟု ငါ့ကိုသတိပေးမိန့်မှာတော်မူခဲ့၏။-
30 ၃၀ ယခုမှာ၊ သင်သည် မိဘအိမ်ကို အလွန် အောက် မေ့သောကြောင့်၊ သွားရသည် ဟုတ်စေတော့။ ငါ၏ ဘုရားတို့ကို အဘယ်ကြောင့် ခိုးယူခဲ့ရသနည်းဟု ယာကုပ် ကို ဆို၏။
၃၀သင်သည်သင့်မိဘတို့နေရပ်သို့ပြန်ရောက် လိုသည့်စိတ်ဇောကြောင့်ထွက်ခွာခဲ့ကြောင်းကို ငါသိ၏။ သို့ရာတွင်ငါ၏ဘုရားရုပ်တုများ ကိုအဘယ်ကြောင့်ခိုးယူသွားရသနည်း'' ဟု ယာကုပ်အားမေးလေ၏။
31 ၃၁ ယာကုပ်ကလည်း၊ သင်သည်ကိုယ်သမီးတို့ကို အနိုင်သိမ်းယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ် သောကြောင့် ထွက်ပြေးရ၏။
၃၁ထိုအခါယာကုပ်က``သင်သည်သမီးများ တို့ကိုအနိုင်အထက်သိမ်းယူထားမည်ဟု စိုးရိမ်သောကြောင့်ထွက်ပြေးခဲ့ရပါသည်။-
32 ၃၂ သင်၏ဘုရားတို့ကိုမူကား၊ အကြင်သူ၌ တွေ့ လျှင်၊ ထိုသူကို သေစေလော့။ ကျွန်ုပ်တို့ ညီအစ်ကိုများ ရှေ့တွင်၊ သင်၏ဥစ္စာကိုပြညွှန်၍ ယူပါလော့ဟု၊ လာဗန် အား ပြန်ပြော၏။ ရာခေလခိုးကြောင်းကို ယာကုပ်မသိ။
၃၂သင်၏ဘုရားရုပ်တုများခိုးယူသူကို တွေ့ရှိလျှင်ထိုသူအားဒဏ်ပေးမည်။ ကျွန်ုပ် တို့၏သားချင်းများကိုသက်သေထား၍ သင်ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာကိုရှာပါလော့။ သင့်ဥစ္စာရှာတွေ့လျှင်ယူပါလော့'' ဟုဆို လေ၏။ လာဗန်၏ဘုရားရုပ်တုများကို ရာခေလခိုးယူခဲ့ကြောင်းယာကုပ်မသိချေ။
33 ၃၃ လာဗန်သည် ယာကုပ်တဲ၊ လေအာတဲ၊ ကျွန်မ နှစ်ယောက်တို့၏ တဲသို့ဝင်၍ ရှာသော်လည်း မတွေ့လျှင်၊ လေအာတဲထဲမှ ထွက်၍၊ ရာခေလတဲသို့ ဝင်လေ၏။
၃၃လာဗန်သည်ယာကုပ်၏တဲထဲသို့ဝင်၍ ရုပ်တုများကိုရှာ၏။ ထိုနောက်လေအာ၏ တဲနှင့်ကျွန်မိန်းမနှစ်ဦး၏တဲတို့တွင်ရှာ သော်လည်းမတွေ့ချေ။ ထို့နောက်ရာခေလ ၏တဲထဲသို့ဝင်လေ၏။-
34 ၃၄ ရာခေလသည်၊ ထိုရုပ်တုတို့ကိုယူ၍ ကုလားအုပ် ကုန်းနှီးတန်ဆာထဲသို့ သွင်းထားပြီးလျှင်၊ ထိုတန်ဆာပေါ် မှာ ထိုင်လျက်နေ၏။ လာဗန်သည် တတဲလုံးကို ရှာဖွေ၍ မတွေ့လျှင်၊
၃၄ရာခေလသည်ဖခင်၏ဘုရားရုပ်တုများ ကိုကုလားအုတ်ကုန်းနှီးအိတ်ထဲ၌ထည့်ထား ၍ ထိုအိတ်ပေါ်တွင်ထိုင်နေ၏။ လာဗန်သည်တဲ တစ်တဲလုံးတွင်ရှာပါသော်လည်းရုပ်တုများ ကိုမတွေ့ရချေ။-
35 ၃၅ ရာခေလက၊ သခင်ရှေ့မှာ ကျွန်မမထနိုင်သည် ဖြစ်၍၊ စိတ်ရှိတော်မမူပါနှင့်။ မိန်းမတို့၌ ဖြစ်မြဲရှိသည် အတိုင်း၊ ကျွန်မ၌ဖြစ်ပါသည်ဟု အဘအား ဆိုလေ၏။ ထိုသို့လာဗန်သည် ရှာဖွေ၍ ရုပ်တုတို့ကိုမတွေ့ရ။
၃၅ရာခေလကလည်း``ကျွန်မသည်မိန်းမတို့၏ ဋ္ဌမ္မတာဖြစ်ပေါ်နေချိန်ဖြစ်၍ဖခင်၏ရှေ့မှာ မတ်တပ်မရပ်နိုင်သည်ကိုသည်းခံခွင့်လွှတ် ပါ'' ဟုဆိုလေ၏။ လာဗန်သည်ဘုရားရုပ်တု များကိုရှာသော်လည်းမတွေ့ရချေ။
36 ၃၆ ထိုအခါ ယာကုပ်သည် စိတ်ဆိုး၍ လာဗန်ကို ဆုံးမသည်ကား၊ ကျွန်ုပ်သည် အဘယ်သို့ပြစ်မှား၍၊ အဘယ်အပြစ်ရှိသောကြောင့်၊ ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာ လိုက်ရသနည်း။
၃၆ထိုအခါယာကုပ်သည်ဒေါသထွက်လျက်``ကျွန်ုပ် သည်အဘယ်အပြစ်ကိုကူးလွန်မိပါသနည်း။ အဘယ်ပြစ်မှုကြောင့်သင်သည်ကျွန်ုပ်နောက်သို့ အပြင်းအထန်လိုက်ရပါသနည်း။-
37 ၃၇ ကျွန်ုပ်ဥစ္စာရှိသမျှကို ရှာဖွေသည်ဖြစ်၍၊ သင်၏ ဥစ္စာပရိကံ တစုံတခုကို တွေ့မိလျှင်၊ သင်၏ညီအစ်ကို၊ ကျွန်ုပ်ညီအစ်ကိုတို့ ရှေ့တွင်၊ ဤအရပ်၌ထားပါ။ သူတို့ သည်၊ ငါတို့နှစ်ယောက်စပ်ကြားမှာ စီရင်ပါစေ။
၃၇ယခုသင်သည်ကျွန်ုပ်၏ပစ္စည်းရှိသမျှကိုရှာ ဖွေပြီးပြီဖြစ်ရာသင်ပိုင်သောပစ္စည်းတစ်စုံတစ် ရာကိုရှာတွေ့ပါသလော။ သင်ပိုင်သောပစ္စည်းကို ရှာတွေ့လျှင်သင်၏သားချင်းနှင့်ကျွန်ုပ်၏သား ချင်းတို့ရှေ့မှောက်တွင်ထားပါ။ မည်သူ့ပစ္စည်းဖြစ် သည်ကိုသူတို့ကအဆုံးအဖြတ်ပေးပါစေ။-
38 ၃၈ ကျွန်ုပ်သည် သင့်ထံ၌ အနှစ်နှစ်ဆယ်ပတ်လုံး နေရာတွင်၊ သင်၏သိုးမ၊ ဆိတ်မတို့သည် ဝမ်းပိုးမပျက်။ ဆိတ်ထီး၊ သိုးထီးတို့ကို ကျွန်ုပ်မစား။
၃၈ကျွန်ုပ်သည်သင်နှင့်အတူနှစ်ပေါင်းနှစ်ဆယ်နေ ထိုင်ခဲ့ပါသည်။ သင်၏သိုးမနှင့်ဆိတ်မတို့သည် သားမပေါက်ကြဟူ၍မရှိ။ သင့်သိုးထီးဆိတ် ထီးတို့ကိုကျွန်ုပ်သတ်၍မစား။-
39 ၃၉ သားရဲ ကိုက်သတ်သော အကောင်ကိုသင့်ထံသို့ ကျွန်ုပ်မဆောင်ခဲ့၊ ကိုယ်အရှုံးခံရ၏။ နေ့မှာ ခိုးသည် ဖြစ်စေ၊ ညမှာခိုးသည်ဖြစ်စေ၊ သင်သည် ကျွန်ုပ်တွင် အစားတောင်းလေ့ရှိ၏။
၃၉သိုးတစ်ကောင်ကိုတောသားရဲကကိုက်သတ် လျှင် ကျွန်ုပ်သာလျှင်အမြဲအစားထိုးပေး ပါသည်။ သိုးသေရခြင်းမှာကျွန်ုပ်၏တာဝန် မရှိကြောင်းသက်သေထူရန်ထိုအသေကောင် ကိုသင့်ထံသို့မယူဆောင်ခဲ့ပါ။ နေ့အချိန် ၌ဖြစ်စေ၊ ညအချိန်၌ဖြစ်စေတိရစ္ဆာန်အခိုး ခံရလျှင်သင်သည်ကျွန်ုပ်အားထိုတိရစ္ဆာန် အတွက်အစားပေးလျော်စေ၏။-
40 ၄၀ နေ့အချိန်၌လည်း နေပူကို၎င်း၊ ညဉ့်အချိန်၌ လည်း နှင်းခဲကို၎င်း ခံရပြီ။ အအိပ်ပျက်ခြင်းကိုလည်း ခံရပြီ။
၄၀ကျွန်ုပ်သည်နေ့အချိန်၌နေပူဒဏ်ကိုလည်း ကောင်း၊ ညအချိန်၌အအေးဒဏ်ကိုလည်းကောင်း အကြိမ်ကြိမ်ခံခဲ့ရပါသည်။ အအိပ်လည်း ပျက်ခဲ့ရပါသည်။-
41 ၄၁ ထိုသို့၊ ကျွန်ုပ်သည် အနှစ်နှစ်ဆယ်ပတ်လုံး သင်၏အိမ်၌ နေ၍၊ သင်၏သားသမီး နှစ်ယောက် အတွက်ကြောင့် ဆယ်လေးနှစ်၊ သိုးဆိတ်တို့အတွက် ကြောင့် ခြောက်နှစ်အစေခံရပြီ။ သို့ရာတွင်သင်သည်၊ ကျွန်ုပ်အခကို ဆယ်ကြိမ်လဲပြီတကား။
၄၁သင်နှင့်နှစ်ပေါင်းနှစ်ဆယ်ထိုဒုက္ခကိုခံခဲ့ရပြီ။ သင်၏သမီးနှစ်ယောက်အတွက်တစ်ဆယ့်လေးနှစ် အလုပ်လုပ်ပေးခဲ့ပါသည်။ ထိုနောက်ခြောက်နှစ် မျှသင်၏တိရစ္ဆာန်တို့ကိုထိန်းကျောင်းခဲ့ရပါ သည်။ ထိုကဲ့သို့ဆောင်ရွက်ပေးသည့်တိုင်အောင် သင်သည်ကျွန်ုပ်၏အခကိုဆယ်ကြိမ်မျှပြောင်း လဲခဲ့ပါသည်။-
42 ၄၂ ယခုလည်း ကျွန်ုပ်အဘ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ကြောက်ရွံ့ရာ ဘုရား သည် ကျွန်ုပ်ဘက်၌မရှိလျှင်၊ သင်သည် ကျွန်ုပ်ကို ဧကန်အမှန်လက်ချည်း လွှတ်လိုက်လိမ့်မည်တကား။ အကယ်စင်စစ် ကျွန်ုပ်ဆင်းရဲခံရခြင်း၊ ပင်ပန်းစွာ လုပ် ကိုင်ရခြင်းကို ဘုရားသခင်မြင်၍၊ မနေ့ညမှာ သင့်ကို ဆုံးမတော်မူပြီဟု ဆိုလေ၏။
၄၂အကယ်၍အာဗြဟံနှင့်ဣဇာက်တို့ကိုးကွယ် သောဘုရားသခင်သည်ကျွန်ုပ်တို့နှင့်အတူ မရှိခဲ့လျှင် သင်သည်ကျွန်ုပ်ကိုလက်ချည်းသက် သက်စေလွှတ်လိုက်မည်ဖြစ်၏။ သို့သော်လည်း ဘုရားသခင်သည်ကျွန်ုပ်ခံရသောဆင်းရဲ ခြင်း၊ ပင်ပန်းစွာလုပ်ကိုင်ရခြင်းတို့ကိုသိ မြင်တော်မူသဖြင့်ယမန်နေ့ညကသင့်ကို ဆုံးမတော်မူပြီ'' ဟုလာဗန်အားဆိုလေ၏။
43 ၄၃ လာဗန်ကလည်း၊ ဤသမီးတို့သည် ငါ့သမီး ဖြစ်ကြ၏။ ဤသူငယ်တို့သည်၊ ငါ့သားဖြစ်ကြ၏။ ဤတိရစ္ဆာန်တို့လည်း၊ ငါ့တိရစ္ဆာန်ဖြစ်ကြ၏။ မြင်သမျှ သော ဥစ္စာသည် ငါ့ဥစ္စာဖြစ်၏။ ငါ့သမီးတို့၌၎င်း၊ သူတို့ ဘွားမြင်သော ငါ့သူငယ်တို့၌၎င်း၊ အဘယ်သို့ ငါပြုနိုင် သနည်း။
၄၃လာဗန်က``ဤသမီးတို့သည်ငါ၏သမီးများ ဖြစ်၍ သူတို့၏သားသမီးများသည်လည်း ငါ၏သားသမီးများဖြစ်ကြ၏။ ဤသိုးအုပ် ဆိတ်အုပ်များသည်လည်းငါ၏တိရစ္ဆာန်များ ဖြစ်၏။ စင်စစ်အားဖြင့်သင်မြင်သမျှသော ဥစ္စာပစ္စည်းတို့ကိုငါပိုင်၏။ သို့သော်လည်းငါ ၏သမီးများနှင့်သူတို့၏သားသမီးတို့ ကိုငါစောင့်ရှောက်ထားရန်မဖြစ်နိုင်တော့ သဖြင့်၊-
44 ၄၄ သို့ဖြစ်၍၊ ယခုသင်နှင့် ငါစပ်ကြား၌ သက်သေ ဖြစ်စေ၍၊ ငါတို့နှစ်ယောက်သည် ပဋိညာဉ်ပြုကြစို့ဟု ယာကုပ်အား ပြန်ပြော၏။
၄၄သင်နှင့်ငါပဋိညာဉ်ပြုလိုပါသည်။ ထိုပဋိ ညာဉ်ပြုချက်ကိုငါတို့သတိရစေခြင်းငှာ ကျောက်ပုံတည်ကြစို့'' ဟုယာကုပ်အားပြော လေသည်။
45 ၄၅ ယာကုပ်သည်လည်း ကျောက်ကိုယူ၍၊ မှတ်တိုင် ဘို့ စိုက်ထူပြီးလျှင်၊
၄၅ထို့ကြောင့်ယာကုပ်သည်ကျောက်တုံးတစ်တုံး ကိုယူ၍ မှတ်တိုင်အဖြစ်စိုက်ထူလေသည်။-
46 ၄၆ ကျောက်များကို စုထားကြပါဟု ညီအစ်ကိုတို့ အား ဆိုသည်အတိုင်း၊ သူတို့သည် ကျောက်များကိုယူ၍၊ ကျောက်ပုံကို တည်လုပ်ပြီးမှ၊ ထိုကျောက်ပုံအပေါ်၌ စားသောက်ခြင်းကို ပြုကြ၏။
၄၆ထိုနောက်သူ၏သားချင်းတို့အားကျောက်တုံး များကိုထပ်ဆင့်၍ပုံစေ၏။ ထိုနောက်သူတို့ သည်ကျောက်ပုံနားတွင်စားသောက်ကြလေသည်။-
47 ၄၇ ထိုကျောက်ပုံကို လာဗန်သည် ယေဂါသ ဟာဒုသဟူ၍၎င်း၊ ယာကုပ်သည် ဂိလဒ်ဟူ၍၎င်း၊ သမုတ် လေ၏။
၄၇လာဗန်ကယင်းကျောက်ပုံကိုယေဂါသဟာ ဒုသ ဟူ၍လည်းကောင်း၊ ယာကုပ်ကဂိလဒ် ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလေ သည်။-
48 ၄၈ လာဗန်ကလည်း၊ ယနေ့ဤကျောက်ပုံသည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်သည်ဟုဆို၏။ ထိုကြောင့် ဂိလဒ်ဟူ၍ သမုတ်ကြ၏။
၄၈ထိုနောက်လာဗန်က``ယနေ့၌ဤကျောက်ပုံ သည်သင်နှင့်ငါတို့နှစ်ဦးအတွက်သက်သေ ဖြစ်စေမည်'' ဟုယာကုပ်အားဆိုလေ၏။ ထို အကြောင်းကြောင့်ဤအရပ်ကိုဂိလဒ်ဟု ခေါ်တွင်စေကြ၏။-
49 ၄၉ မိဇပါဟူ၍ သမုတ်ကြသေး၏။ အကြောင်းမူ ကား၊ လာဗန်က၊ ငါတို့သည် တယောက်နှင့်တယောက် ခွါသွားကြသောနောက်၊ ထာဝရဘုရားသည် ငါနှင့်သင်၏ စပ်ကြား၌စောင့်တော်မူစေသတည်း။
၄၉လာဗန်ကဆက်၍``ငါတို့အချင်းချင်းတစ် ယောက်နှင့်တစ်ယောက်ခွဲခွာနေရစဉ်ထာဝရ ဘုရားသည်ငါတို့အားစောင့်ရှောက်တော်မူပါ စေသော'' ဟုဆိုလေသည်။ ထိုကြောင့်ဤအရပ် ကိုမိဇပါဟူ၍မှည့်ခေါ်လေသည်။-
50 ၅၀ သင်သည် ငါ့သမီးတို့ကို ညှဉ်းဆဲသည်ဖြစ်စေ၊ ငါ့သမီးတို့မှ တပါးအခြားသော မိန်းမနှင့် စုံဘက်သည် ဖြစ်စေ၊ ငါတို့၌ လူသက်သေမရှိ၊ ဘုရားသခင်သည် ငါနှင့်သင်၏ စပ်ကြား၌သက်သေမရှိ၊ ဘုရားသင်သည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်စေတော်မူသတည်း ဟူ၍၎င်း၊
၅၀လာဗန်ကတစ်ဖန်ဆက်၍``သင်သည်ငါ၏ သမီးတို့ကိုညှင်းဆဲလျှင်ဖြစ်စေ၊ အခြား သောမိန်းမများကိုထိမ်းမြားလျှင်ဖြစ်စေ ငါသည်ထိုအကြောင်းကိုမသိစေကာမူ ဘုရားသခင်သည်ငါတို့စပ်ကြားသက်သေ ဖြစ်တော်မူကြောင်းသတိရလော့။-
51 ၅၁ တဖန်လည်း၊ ငါနှင့်သင်၏စပ်ကြား၌ သင်သည် တည်လုပ်ခဲ့ပြီးသော ဤကျောက်ပုံနှင့် ဤမှတ်တိုင်ကို ကြည့်ပါလော့။
၅၁ဤကျောက်တုံးများသည်သင်နှင့်ငါတို့စပ် ကြားတွင် ပုံထားသောကျောက်ပုံဖြစ်၍ဤ ကျောက်သည်အမှတ်တရမှတ်တိုင်ဖြစ်၏။-
52 ၅၂ ငါသည် သင့်ကိုခိုက်ရန်ပြုခြင်းငှါ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကို မကျော်ရ၊ သင်သည် ငါ့ကိုခိုက်ရန်ပြုခြင်း ငှါ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကို မကျော်ရဟု ဤကျောက်ပုံနှင့် ဤမှတ်တိုင်သည် သက်သေဖြစ်စေသ တည်း။
၅၂ငါသည်ဤကျောက်ပုံနှင့်မှတ်တိုင်ကိုကျော် လွန်၍ သင့်အားအန္တရာယ်ပြုမည်မဟုတ်ကြောင်း ကိုလည်းကောင်း၊ သင်သည်လည်းဤကျောက်ပုံ နှင့်မှတ်တိုင်ကိုကျော်လွန်၍ ငါ့အားအန္တရာယ် ပြုမည်မဟုတ်ကြောင်းကိုလည်းကောင်း ဤ ကျောက်ပုံနှင့်ဤမှတ်တိုင်သည်သက်သေ ဖြစ်ပါစေသား။-
53 ၅၃ အာဗြဟံ၏ ဘုရားသခင်၊ နာခေါ်၏ ဘုရား သခင်၊ သင့်အဘ၏ဘုရားသခင်သည် ငါတို့စပ်ကြား၌ စီရင်တော်မူစေသတည်းဟူ၍၎င်း၊ ယာကုပ်အားဆို၏။ ယာကုပ်သည်လည်း၊ မိမိအဘကြောက်ရွံ့ရာ ဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။
၅၃အာဗြဟံ၏ဘုရားနှင့်နာခေါ်၏ဘုရား သည်ငါတို့နှစ်ဦးစပ်ကြားတွင်စီရင်တော် မူစေသတည်း'' ဟုသစ္စာအဋ္ဌိဋ္ဌာန်ပြုလေ၏။ ထိုနောက်ယာကုပ်သည်လည်းသူ၏ဖခင် ဣဇာက်ကိုးကွယ်သောဘုရားသခင်၏နာမ တော်ကိုတိုင်တည်၍သစ္စာအဋ္ဌိဋ္ဌာန်ဆို၏။-
54 ၅၄ ထိုအခါယာကုပ်သည် တောင်ပေါ်မှာ ယဇ် ပူဇော်၍၊ ညီအစ်ကိုများကို အစာစားစေခြင်းငှါ ခေါ်ဘိတ်သဖြင့်၊ သူတို့သည် စားသောက်၍၊ တောင်ပေါ် မှာ ညဉ့်ကို လွန်စေကြ၏။
၅၄သူသည်တိရစ္ဆာန်တစ်ကောင်ကိုသတ်၍တောင် ပေါ်တွင်ယဇ်ပူဇော်ပြီးလျှင်သူ၏သားချင်း တို့ကိုဖိတ်ခေါ်လျက်စားကြ၏။ ထိုသို့စား သောက်ကြပြီးနောက်သူတို့သည်တောင်ပေါ် တွင်ညအိပ်ကြ၏။-
55 ၅၅ နံနက်စောစော လာဗန်ထ၍ မိမိသားသမီးများ ကို နမ်းလျက် ကောင်းကြီးပေးပြီးမှ၊ မိမိနေရာပြည်သို့ ပြန်သွားလေ၏။
၅၅နောက်တစ်နေ့နံနက်စောစော၌လာဗန်သည် သူ၏မြေးများနှင့်သမီးတို့ကိုနမ်းရှုပ်နှုတ် ဆက်၍ ကောင်းချီးပေးပြီးလျှင်မိမိနေရပ် သို့ပြန်လေ၏။