< ကမ္ဘာဦး 16 >
1 ၁ အာဗြံ၏ မယားစာရဲ၌ သားဘွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူဟာဂရအမည်ရှိသော ကျွန်မတယောက် ရှိသည်ဖြစ်၍၊
၁အာဗြံ၏မယားစာရဲတွင်သားတစ်ယောက်မျှ မထွန်းကားချေ။ စာရဲ၌ဟာဂရအမည်ရှိ သောအီဂျစ်ပြည်သူကျွန်မတစ်ယောက်ရှိ၏။-
2 ၂ စာရဲက၊ အကျွန်ုပ်အား သားဘွားရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအား ပြောဆို၍၊ အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏။
၂သို့ဖြစ်၍စာရဲကအာဗြံအား``ထာဝရဘုရား သည် ကျွန်မကိုသားသမီးမထွန်းကားစေပါ။ ကျွန်မ၏ကျွန်မကိုသိမ်းပိုက်ပါလော့။ သူ့အား ဖြင့်ကျွန်မသားရကောင်းရလိမ့်မည်'' ဟုပြော၏။ အာဗြံသည်စာရဲအကြံပေးချက်ကိုလက်ခံ သဖြင့်၊-
3 ၃ ထိုသို့အာဗြံသည် ခါနာန်ပြည်၌ ဆယ်နှစ်နေပြီးမှ၊ အာဗြံ၏မယားစာရဲသည် မိမိကျွန်မအဲဂုတ္တပြည်သူ ဟာဂရကိုယူ၍၊ မိမိခင်ပွန်း အာဗြံသိမ်းပိုက်စေဘို့ အပ်နှင်းလေ၏။
၃စာရဲသည်ဟာဂရကိုသူ့လက်သို့အပ်လေ၏။ (အာဗြံသည်ခါနာန်ပြည်တွင်ဆယ်နှစ်နေထိုင် ပြီးနောက် ဟာဂရကိုမယားငယ်အဖြစ် သိမ်းပိုက်ခဲ့လေသည်။-)
4 ၄ အာဗြံသည်လည်း ဟာဂရထံသို့ ဝင်၍၊ ဟာဂရသည် ပဋိသန္ဓေ စွဲလေ၏။ ဟာဂရသည် မိမိတွင် ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင်၊ မိမိသခင်မကို မထီ မဲ့မြင်ပြုလေ၏။
၄အာဗြံသည်ဟာဂရနှင့်ဆက်ဆံသဖြင့် ဟာဂရ ၌ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည်သူ၌ပဋိ သန္ဓေစွဲကြောင်းသိရလျှင် မာန်မာနဝင်လာ၍ စာရဲကိုမထီလေးစားပြုလေ၏။
5 ၅ စာရဲကလည်း အကျွန်ုပ်ခံရသော အပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိပါစေ။ အကျွန်ုပ်၏ ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေစွဲနေကြောင်းကို သိလျှင်၊ အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေ သောဟု၊ အာဗြံအား ဆိုလေ၏။
၅ထိုအခါစာရဲကအာဗြံအား``ကိုယ်တော်ကြောင့် ဟာဂရသည် ကျွန်မအားမထီလေးစားပြုပါ ပြီ။ ကျွန်မကသူ့ကိုကိုယ်တော်ထံအပ်၍ သူ၌ ပဋိသန္ဓေစွဲကြောင်းသိသည်နှင့် ကျွန်မအား မထီလေးစားပြုလာပါသည်။ ကိုယ်တော်နှင့် ကျွန်မတို့နှစ်ဦးအတွက် တရားသဖြင့်ဖြစ် စေရန်ထာဝရဘုရားစီရင်တော်မူပါစေ'' ဟုဆို၏။
6 ၆ အာဗြံကလည်း၊ သင်၏ ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ ပြုချင်သမျှပြုပါလော့ဟု စာရဲအား ပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကို ညှဉ်းဆဲသဖြင့်၊ ကျွန်မသည် သခင်မထံမှ ထွက်ပြေးလေ၏။
၆အာဗြံက``သူသည်သင်၏ကျွန်မဖြစ်၍သင့် လက်ထဲ၌ရှိသည်။ သူ့အားသင်ပြုလိုရာပြု နိုင်သည်'' ဟုပြန်ပြော၏။ ထိုအခါစာရဲသည် ဟာဂရအားမနေနိုင်လောက်အောင်ညှင်းဆဲ သဖြင့် ဟာဂရထွက်ပြေးလေသည်။
7 ၇ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာတောလမ်း၌ရှိသော စမ်းရေတွင်း နားမှာ ဟာဂရကိုတွေ့လျှင်၊
၇ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာလမ်း၊ တောကန္တာရထဲ ရှိစမ်းရေတွင်းအနီးတွင်ဟာဂရကိုတွေ့ လျှင်၊-
8 ၈ စာရဲကျွန်မဟာဂရ၊ အဘယ်ကလာသနည်း။ အဘယ်အရပ်သို့ သွားမည်နည်းဟုမေးသော်၊ ကျွန်မသည် သခင်မစာရဲထံမှ ပြေးလာပါသည်ဟု ဆိုလေ၏။
၈``စာရဲ၏ကျွန်မဟာဂရ၊ သင်ဘယ်အရပ် သို့သွားမည်နည်း'' ဟုမေးလေ၏။ ဟာဂရက``ကျွန်မသည်သခင်မထံမှထွက် ပြေးလာပါသည်'' ဟုပြန်ဖြေ၏။
9 ၉ ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ သင်၏ သခင်မထံသို့ ပြန်၍၊ သူ၏အုပ်စိုးခြင်းကို ခံလော့ဟု အမိန့်ရှိ၏။
၉ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သခင်မထံသို့ပြန်၍ကျွန်ခံလော့'' ဟု ဆို၏။-
10 ၁၀ တဖန်ထာဝရဘုရား၏ ကောင်းကင်တမန်က၊ သင်၏ အမျိုးအနွယ်ကို မရေတွက်နိုင်အောင်၊ ငါအလွန် များပြားစေမည်ဟူ၍၎င်း၊
၁၀တစ်ဖန်ထာဝရဘုရား၏ကောင်းကင်တမန် က``သင်၏အမျိုးအနွယ်ကိုမရေမတွက် နိုင်အောင်များပြားစေမည်။-
11 ၁၁ သင်သည် ကိုယ်ဝန်ဆောင်သည်ဖြစ်၍၊ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားကို ဣရှမေလ အမည်ဖြင့် မှည့်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၏ ဆင်းရဲဒုက္ခကို ကြားသိတော်မူပြီ။
၁၁သင်သည်သားကိုဖွားမြင်လိမ့်မည်။ ထာဝရ ဘုရားသည်သင်၏ညည်းတွားသံကိုကြား တော်မူပြီ။ ထိုသားကိုဣရှမေလအမည် ဖြင့်မှည့်ခေါ်ရမည်။-
12 ၁၂ သူသည်လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်း လူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိညီအစ်ကို အပေါင်းတို့၏ အပါး၌ နေရလိမ့်မည်ဟူ၍၎င်း မြွက်ဆိုလေ၏။
၁၂သို့ရာတွင်သင်၏သားသည်မြည်းရိုင်းကဲ့သို့နေ ထိုင်ရလိမ့်မည်။ သူသည်လူတိုင်းနှင့်ရန်ဘက် ဖြစ်၍ လူတိုင်းကလည်းသူ့ကိုရန်ဘက်ပြု လိမ့်မည်။ သူသည်မွေးချင်းပေါက်ဖော်တို့နှင့် ခွဲခွာနေထိုင်ရလိမ့်မည်'' ဟုမြွက်ဆိုလေ၏။
13 ၁၃ ထိုသို့ မိန့်မြွက်တော်မူသော ထာဝရဘုရားကို၊ အာတောဧလ ရောဟူသောအမည်ဖြင့် ခေါ်ဝေါ်၍၊ ငါ့ကိုမြင်တော်မူသော သူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကားဟု ဟာဂရဆိုလေ၏။
၁၃ထိုအခါဟာဂရက``ငါသည်ထာဝရ ဘုရားကိုအကယ်ပင်ဖူးမြင်ရပြီးနောက် အသက်ရှင်သေးပါတကား'' ဟုဆိုပြီး လျှင်သူ့အားထိုသို့မိန့်ကြားတော်မူသော ထာဝရဘုရားကို``မြင်တော်မူသောဘုရား'' ဟူသောနာမည်ဖြင့်ခေါ်ဝေါ်လေ၏။-
14 ၁၄ ထိုအကြောင်းကိုအစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟု သမုတ်ကြ၏။ ကာဒေရှမြို့နှင့် ဗေရက်မြို့၏စပ်ကြားမှာ ရှိသတည်း။
၁၄ထိုအကြောင်းကြောင့်ကာဒေရှမြို့နှင့်ဗေရက် မြို့စပ်ကြားရှိရေတွင်းကို``ငါ့ကိုမြင်တော်မူ သည့်အသက်ရှင်တော်မူသောအရှင်၏ရေတွင်း'' ဟုခေါ်တွင်လေသည်။
15 ၁၅ ထိုနောက် ဟာဂရသည် အာဗြံအား သားကို ဘွားမြင်၏။ အာဗြံလည်း ဟာဂရတွင် မြင်သော သားကို ဣရှမေလအမည်ဖြင့် မှည့်လေ၏။
၁၅အာဗြံသည်ဟာဂရဖြင့်သားကိုရ၍ သူသည် ထိုသားကိုဣရှမေလဟုနာမည်မှည့်ခေါ်၏။-
16 ၁၆ အာဗြံသည် သားဣရှမေလကို ဟာဂရဘွားမြင်သောအခါ၊ အသက်ရှစ်ဆယ်ခြောက်နှစ်ရှိသတည်း။
၁၆ထိုသားဖွားသောအချိန်၌ အာဗြံသည်အသက် ရှစ်ဆယ့်ခြောက်နှစ်ရှိသတည်း။