< ဇာခရိ 10 >
1 ၁ နွေဦးပေါက်သောအခါမိုးရွာစေရန်ထာဝရ ဘုရားအား လျှောက်ထားတောင်းခံကြလော့။ မိုး တိမ်များကိုစေလွှတ်ကာမိုးရွာစေ၍လူခပ် သိမ်းတို့အတွက် လယ်ပြင်များကိုစိမ်းလန်း စေတော်မူသောအရှင်ကားထာဝရဘုရား ပေတည်း။-
၁နောက်မိုဃ်းရွာရာကာလတွင် မိုဃ်းရွာစေမည် အကြောင်း၊ ထာဝရဘုရားထံတော်၌ ဆုတောင်းကြလော့။ ထာဝရဘုရားသည် လျှပ်စစ်ကိုပြင်ဆင်၍ များစွာ မိုဃ်း ရွာစေသဖြင့်၊ ခပ်သိမ်းသောလူတို့အဘို့ လယ်ပြင်၌ အပင် ပေါက်စေတော်မူမည်။
2 ၂ လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။
၂တေရပ်ရုပ်တုတို့သည် အနတ္တစကားကို ပြောကြ၏။ ပရောဖက်လုပ်သော သူတို့သည် မုသာ ရူပါရုံကိုမြင်၍၊ မမှန်သော အိပ်မက်ကို ဟောပြောကြ၏။ အချည်းနှီးနှစ်သိမ့်စေကြ၏။ ထိုကြောင့်၊ သိုးစုကဲ့သို့ လည် သွား၍ သိုးထိန်းမရှိသောကြောင့် ဆင်းရဲခံရကြ၏။
3 ၃ ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်ကိုအုပ်စိုးသည့်မင်းတို့အား အမျက် ထွက်သဖြင့်အပြစ်ဒဏ်ခတ်မည်။ ယုဒ ပြည်သားတို့သည်ငါ၏လူမျိုးတော်ဖြစ် သဖြင့် အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်သူတို့ကိုစောင့်ထိန်းကြည့်ရှုမည်။ သူ တို့သည်ငါ၏အင်အားကြီးမားသည့်စစ် မြင်းများဖြစ်ကြလိမ့်မည်။-
၃သိုးထိန်းတို့ကို ငါအမျက်ထွက်၍၊ ဆိတ်ထီးတို့ကို စစ်ကြောသဖြင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် မိမိသိုးစုယုဒအမျိုးကို အကြည့်အရှုကြွလာ ၍၊ ဘုန်းတော်ကို ဆောင်သော စစ်တိုက်မြင်းကဲ့သို့ ဖြစ်စေ တော်မူမည်။
4 ၄ သူတို့အထဲမှမင်းများ၊ ခေါင်းဆောင်များ၊ တပ်မှူးများအစရှိသည်တို့ပေါ်ထွန်း လာမည်။-
၄ထိုအမျိုးထဲက တိုက်ထောင့်အမြစ်ကျောက်၊ တံစို့၊ စစ်တိုက်လေး၊ မင်းဖြစ်သော လူအပေါင်းတို့သည် ထွက်ကြလိမ့်မည်။
5 ၅ ယုဒပြည်သားတို့သည်လမ်းများပေါ်ရှိ ရွှံ့နွံထဲတွင် ရန်သူများကိုကျော်နင်းပစ် ကြသည့်စစ်သည်တော်များကဲ့သို့အောင်ပွဲ ခံရကြလိမ့်မည်။ ထာဝရဘုရားသည်သူတို့ နှင့်အတူရှိတော်မူသဖြင့် သူတို့သည်ရန် သူမြင်းစီးသူရဲများကိုပင်လျှင်တိုက် ခိုက်နှိမ်နင်းကြလိမ့်မည်။
၅သူတို့သည် စစ်တိုက်ရာတွင် လမ်း၌ရှိသော ရွှံ့ ကိုနင်းသော စစ်သူရဲကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ခံရသောကြောင့်၊ စစ်တိုက်၍ မြင်းစီးသူရဲတို့ကို အရှက်ခွဲကြလိမ့်မည်။
6 ၆ ``ငါသည်ယုဒပြည်သားတို့ကိုကြံ့ခိုင် စေ၍ ဣသရေလပြည်သားတို့ကိုကယ်တင်မည်။ ငါသည်သူတို့အားကရုဏာထား၍၊မိမိ တို့ နေရင်းဌာနေသို့ပြန်လည်ခေါ်ဆောင်လာ မည်။ သူတို့သည်ငါ၏ပစ်ပယ်မှုကိုအဘယ် အခါ၌မျှ မခံရဘူးသူများကဲ့သို့ဖြစ်လိမ့်မည်။ ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၍ သူတို့၏ဆုတောင်းပတ္ထနာများကိုနားညောင်းမည်။
၆ယုဒအမျိုးကိုလည်း ငါခိုင်ခံ့စေမည်။ ယောသပ် အမျိုးကိုလည်း ငါကယ်တင်မည်။ သူတို့ကို သနားစုံမက် သောကြောင့် နေရာချမည်။ သူတို့သည် နှင်ထုတ်ခြင်းကို မခံဘူးသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ငါသည် သူတို့၏ဘုရား သခင်ထာဝရဘုရားဖြစ်၍ သူတို့စကားကို နားထောင် မည်။
7 ၇ ဣသရေလအမျိုးသားတို့သည်စစ်သည်သူရဲ များကဲ့သို့ ကြံ့ခိုင်လျက်စပျစ်ရည်သောက်သူများကဲ့သို့ ပျော်ရွှင်လျက်နေလိမ့်မည်။ သူတို့၏သားမြေးများသည်ဤအောင်ပွဲကို ပြန်လည်သတိရကာ ထာဝရဘုရားပြုတော်မူခဲ့သည့်အမှု တော်အတွက် ဝမ်းမြောက်ကြလိမ့်မည်။
၇ဧဖရိမ်အမျိုးသားတို့သည် သူရဲကဲ့သို့ ဖြစ်၍၊ စပျစ်ရည်နှင့်ဝသကဲ့သို့ ဝမ်းမြောက်ကြလိမ့်မည်။ သား မြေးတို့သည် မြင်လျက် ဝမ်းမြောက်၍၊ ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်းကြလိမ့်မည်။
8 ၈ ``ငါသည်မိမိ၏လူမျိုးတော်ကိုခေါ်ယူ စုရုံးမည်။ လူတို့ကိုကယ်တင်၍ရှေးကနည်းတူ ဦးရေတိုးတက်များပြားစေမည်။
၈သူတို့ကို ငါနှိုးဆော်၍ စုဝေးစေမည်။ သူတို့သည် ငါ၏ရွေးနှုတ်ခြင်းကို ခံရသောအားဖြင့်၊ အရင်များပြား သကဲ့သို့ တဖန် များပြားကြလိမ့်မည်။
9 ၉ ငါသည်သူတို့အားလူမျိုးတကာတို့ထံသို့ ပျံ့လွင့်စေခဲ့သော်လည်း၊ ထိုဝေးလံရာအရပ်များမှသူတို့သည်ငါ့ကို အောက်မေ့သတိရကြလိမ့်မည်။ သူတို့နှင့်သူတို့သားသမီးများသည် အသက်မသေဘဲ ကျန်ရစ်ကာမိမိတို့ပြည်သို့ပြန်လာကြ လိမ့်မည်။
၉သူတို့ကို တပါးအမျိုးသားတို့တွင် မျိုးစေ့ကဲ့သို့ ငါကြဲသဖြင့်၊ ဝေးသောပြည်၌ ငါ့ကိုအောက်မေ့၍၊ သား မြေးတို့နှင့်တကွ အသက်ရှင်လျက် ပြန်လာကြလိမ့်မည်။
10 ၁၀ ငါသည်သူတို့အားအီဂျစ်ပြည်နှင့်အာရှုရိ ပြည်မှ ပြန်လည်ခေါ်ဆောင်ကာ၊မိမိတို့နေရင်းပြည်တွင် နေရာချထားမည်။ သူတို့အားဂိလဒ်ပြည်နှင့်လေဗနုန်ပြည်တွင် လည်း ငါနေရာချထားမည်။ သို့ဖြစ်၍လူတို့နေစရာမြေမလောက် နိုင်အောင် ရှိလိမ့်မည်။
၁၀သူတို့ကို အဲဂုတ္တုပြည်မှ တဖန် ငါဆောင်ခဲ့ဦး မည်။ အာရှုရိပြည်မှ ခေါ်၍ စုဝေးစေမည်။ ဂိလဒ်ပြည် နှင့် လေဗနုန်ပြည်သို့ တဖန် ငါဆောင်ခဲ့သဖြင့်၊ သူတို့ နေစရာဘို့ မြေမလောက်နိုင်။
11 ၁၁ သူတို့သည်ဘေးအန္တရာယ်ရှိသောပင်လယ်ကို ဖြတ်၍သွားရကြသောအခါငါသည် လှိုင်းတံပိုးများကိုဆုံးမမည်။ နိုင်းမြစ်မှရေနက်ရာအရပ်တို့သည်လည်း ခန်းခြောက်၍သွားလိမ့်မည်။ အာရှုရိပြည်၏မာန်မာနကိုငါချိုးနှိမ် မည်။ စွမ်းအင်ကြီးမားသည့်အီဂျစ်ပြည်သည်လည်း တန်ခိုးအာဏာမှေးမှိန်၍သွားလိမ့်မည်။
၁၁ပင်လယ်အလယ်၌ ရှောက်သွား၍ ညှဉ်းဆဲ လျက်၊ ပင်လယ်တံပိုးများကို ဒဏ်ခတ်တော်မူမည်။ မြစ်၌ နက်နဲသောအရပ်ရှိသမျှတို့လည်း ခန်းခြောက်ကြလိမ့် မည်။ အာရှုရိပြည်၏မာနကို နှိမ့်ချ၍၊ အဲဂုတ္တုမင်း၏ အာဏာသည်လည်း ကွယ်ပျောက်လိမ့်မည်။
12 ၁၂ ငါသည်မိမိလူမျိုးတော်အားကြံ့ခိုင်စေမည်။ သူတို့သည်ငါ့အားဝတ်ပြုကိုးကွယ်လျက် ငါ၏စကားကိုနားထောင်ကြလိမ့်မည်'' ဤကားထာဝရဘုရားမိန့်မြွက်တော်မူသည့် စကားဖြစ်၏။
၁၂သူတို့ကို ထာဝရဘုရားအားဖြင့် ငါခိုင်ခံ့စေမည်။ နာမတော်ကို အမှီပြုလျက် လှည့်လည်၍ သွားကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။