< ယေဇကျေလ 48 >
1 ၁ မြေယာ၏မြောက်ဘက်ရှိနယ်နိမိတ်မှာမြေထဲပင်လယ်မှ အရှေ့ဘက်ရှိဟေသလုန်မြို့၊ ဟာမတ်တောင်ကြားလမ်းနှင့်ဟာဇရေနန်မြို့၊ ထိုမှတစ်ဆင့်ဒမာသက်ပြည်နှင့်ဟာမတ်ပြည်နယ်ခြားအထိဖြစ်၏။ လူမျိုးအနွယ်တစ်နွယ်လျှင်အရှေ့နယ်စပ်မှအနောက်မြေထဲပင်လယ်အထိနယ်မြေတစ်ခုကျစီ၊ မြောက်မှတောင်သို့အောက်ပါအစီအစဉ်အတိုင်းရရှိစေရမည်။ ဒန် အာရှာ နဿလိ မနာရှေ ဧဖရိမ် ရုဗင် ယုဒ
2 ၂
3 ၃
4 ၄
5 ၅
6 ၆
7 ၇
8 ၈ ယုဒပြည်အရှေ့နယ်စပ်မှအနောက်နယ်စပ်အတွင်း အထူးနယ်မြေတစ်ခုရှိရမည်။ ထိုနယ်မြေသည်အနံရှစ်မိုင်ရှိ၍အလျားမှာဣသရေလအနွယ်တို့အားခွဲဝေပေးသည့်နယ်မြေတို့၏အလျားအတိုင်းဖြစ်ရမည်။ ဗိမာန်တော်သည်ထိုနယ်မြေတွင်ရှိရမည်။
9 ၉ ထာဝရဘုရားအတွက်ဆက်ကပ်ထားသည့်နယ်မြေသည်အလျားရှစ်မိုင်၊ အနံခြောက်မိုင်ရှိရမည်။-
10 ၁၀ ထိုသန့်ရှင်းမြင့်မြတ်သည့်နယ်မြေတွင်ယဇ်ပုရောဟိတ်တို့အတွက်ဝေစုရှိစေရမည်။ ထိုဝေစုမြေသည်မြောက်ဘက်မှတောင်ဘက်သို့သုံးမိုင်ကျယ်၍ အရှေ့ဘက်မှအနောက်ဘက်သို့ရှစ်မိုင်ရှိရမည်။ ဤနယ်မြေ၏အလယ်၌ထာဝရဘုရား၏ဗိမာန်တော်တည်ရှိရမည်။-
11 ၁၁ ဤသန့်ရှင်းမြင့်မြတ်သည့်နယ်မြေသည်ဇာဒုတ်၏သားမြေးများဖြစ်ကြသောယဇ်ပုရောဟိတ်တို့အတွက်ဖြစ်ရမည်။ သူတို့သည်ငါ၏အမှုတော်ကိုသစ္စာရှိစွာထမ်းဆောင်ခဲ့ကြ၏။ အခြားဣသရေလအမျိုးသားတို့မှောက်မှားလမ်းလွဲကြသောအခါ သူတို့သည်လေဝိအနွယ်ဝင်တို့ကဲ့သို့လမ်းမလွဲကြ။-
12 ၁၂ သို့ဖြစ်၍သူတို့သည်လေဝိအနွယ်ဝင်တို့နှင့်ကပ်လျက်ရှိသောသီးသန့်နယ်မြေကိုရရှိကြလိမ့်မည်။ ထိုနယ်မြေသည်အသန့်ရှင်းအမြင့်မြတ်ဆုံးဖြစ်လိမ့်မည်။-
13 ၁၃ လေဝိအနွယ်ဝင်တို့သည်လည်းယဇ်ပုရောဟိတ်တို့၏မြေတောင်ဘက်တွင်အထူးမြေယာကိုရရှိကြလိမ့်မည်။ သူတို့၏မြေသည်လည်းအလျားရှစ်မိုင်၊ အနံသုံးမိုင်ရှိရမည်။-
14 ၁၄ ထာဝရဘုရားအားဆက်ကပ်ထားသည့်နယ်မြေသည်အကောင်းဆုံးဖြစ်၍ထိုမြေ၏တစ်စိတ်တစ်ဒေသကိုမျှရောင်းချခြင်း၊ သို့မဟုတ်လဲလှယ်ခြင်း၊ အခြားသူတစ်စုံတစ်ယောက်၏နာမည်သို့ပြောင်းပေးခြင်းတို့ကိုမပြုရ။ ထိုမြေသည်သန့်ရှင်းမြင့်မြတ်၍ထာဝရဘုရားပိုင်တော်မူသောမြေဖြစ်သတည်း။
15 ၁၅ အလျားရှစ်မိုင်၊ အနံနှစ်မိုင်ရှိသောကျန်မြေကွက်သည်သန့်ရှင်းမြင့်မြတ်သည့်မြေမဟုတ်။ လူတို့အထွေထွေအသုံးပြုရန်အတွက်ဖြစ်၏။ သူတို့သည်ထိုအရပ်တွင်နေထိုင်ကာထိုမြေကိုအသုံးချနိုင်ကြ၏။ ဤမြေ၏အလယ်တွင်မြို့ကိုတည်ဆောက်ရမည်။-
16 ၁၆ ထိုမြို့သည်စတုရန်းပုံသဏ္ဌာန်ဖြစ်၍တစ်ဘက်စီနှစ်ထောင့်ငါးရာနှစ်ဆယ်ကိုက်ရှိရမည်။-
17 ၁၇ မြို့၏အရှေ့အနောက်၊ တောင်မြောက်အရပ်လေးမျက်နှာတို့တွင်အနံကိုက်တစ်ရာ့လေးဆယ်ရှိသောမြေကွက်လပ်တစ်ခုစီရှိရမည်။-
18 ၁၈ မြို့ကိုတည်ပြီးနောက်သန့်ရှင်းမြင့်မြတ်သည့်နယ်မြေ၏တောင်ဘက်တွင်ကပ်လျက်နေသောမြေယာမှာအရှေ့ဘက်တွင်အလျားသုံးမိုင်၊ အနံနှစ်မိုင်ရှိသောမြေနှင့်အနောက်ဘက်တွင်အလျားသုံးမိုင်၊ အနံနှစ်မိုင်ရှိသောမြေတို့သည်မြို့သူမြို့သားတို့ထွန်ယက်စိုက်ပျိုးရန်အတွက်ဖြစ်ရမည်။-
19 ၁၉ ထိုမြို့တွင်နေထိုင်သောအဘယ်အနွယ်ဝင်များပင်ဖြစ်စေကာမူထိုမြေယာတွင်ထွန်ယက်စိုက်ပျိုးနိုင်ကြ၏။-
20 ၂၀ သို့ဖြစ်၍သီးသန့်ထားရမည့်အလယ်နယ်မြေတစ်ခုလုံးသည်စတုရန်းပုံသဏ္ဌာန်ဖြစ်၍ တစ်ဘက်စီတွင်ရှစ်မိုင်ရှိလိမ့်မည်။ ထိုနယ်မြေအတွင်း၌မြို့တည်ရှိမည်။
21 ၂၁ ဗိမာန်တော်၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်မြို့အတွက်သတ်မှတ်ထားသောမြေယာ၏အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် ကျန်ရှိနေသောမြေယာကိုနန်းစံနေဆဲမင်းသားကပိုင်ဆိုင်သည်။ ထိုမြေယာသည်အရှေ့ဘက်တွင်အရှေ့နယ်နိမိတ်သို့လည်းကောင်း၊ အနောက်ဘက်တွင်မြေထဲပင်လယ်သို့လည်းကောင်းရောက်၍၊ ဤမြေယာမြောက်ဘက်၌ရှိသောယုဒ၏နယ်မြေနှင့်တောင်ဘက်၌ရှိသောဗင်္ယာမိန်၏နယ်မြေစပ်ကြားတွင်ရှိသတည်း။
22 ၂၂
23 ၂၃ ဤအထူးနယ်မြေ၏တောင်ဘက်၌အခြားအနွယ်တို့သည်အရှေ့နယ်စပ်မှအနောက်မြေထဲပင်လယ်အထိ မြေယာတစ်ခုစီကိုမြောက်မှတောင်သို့အောက်ပါအစီအစဉ်အတိုင်းရရှိရကြမည်။ ဗင်္ယာမိန် ရှိမောင် ဣသခါ ဇာဗုလုန် ဂဒ်
24 ၂၄
25 ၂၅
26 ၂၆
27 ၂၇
28 ၂၈ ဂဒ်အနွယ်အားပေးစေသည့်မြေယာ၏တောင်ဘက်နယ်နိမိတ်သည်တာမာမြို့မှကာဒေရှစိမ့်စမ်းအထိဖြစ်၍ ထိုမှအနောက်မြောက်ဘက်ရှိအီဂျစ်ပြည်နယ်နိမိတ်အတိုင်းလိုက်၍မြေထဲပင်လယ်အထိဖြစ်၏။
29 ၂၉ အရှင်ထာဝရဘုရားက``ဖော်ပြသောနည်းအတိုင်းဣသရေလအနွယ်တို့ပိုင်ဆိုင်ခွင့်ရစေရန်မြေယာဝေစုများကိုခွဲဝေသောနည်းဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
30 ၃၀ ယေရုရှလင်မြို့သို့ဝင်ရန်တံခါးများမှာအောက်ပါအတိုင်းဖြစ်၏ ။ မြို့ရိုးတစ်ခုလျှင်ကိုက်ပေါင်းနှစ်ထောင့်ငါးရာ့နှစ်ဆယ်ရှည်၍တံခါးသုံးခုစီရှိ၏။ ထိုတံခါးတို့ကိုဣသရေလအနွယ်စုတို့၏နာမည်များဖြင့်မှည့်ခေါ်၍ထားလေသည်။ မြောက်မြို့ရိုးတွင်ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးဟူ၍လည်းကောင်း၊ အရှေ့မြို့ရိုးတွင် ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးဟူ၍လည်းကောင်း၊ တောင်မြို့ရိုးတွင်ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးဟူ၍လည်းကောင်း၊ အနောက်မြို့ရိုးတွင်ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးဟူ၍လည်းကောင်းနာမည်ပေးထားသတည်း။
31 ၃၁
32 ၃၂
33 ၃၃
34 ၃၄
35 ၃၅ မြို့ကိုကာရံထားသည့်မြို့ရိုးအလျားစုစုပေါင်းမှာကိုက်တစ်သောင်းရှစ်ဆယ်ဖြစ်၏။ ထိုမြို့ကိုယခုမှအစပြု၍``ထာဝရဘုရားဤတွင်စံတော်မူသည်'' ဟုသမုတ်လိမ့်မည်။ ပရောဖက်ယေဇကျေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။