< ဇာခရိ 14 >
1 ၁ ထာဝရဘုရား၏နေ့ရက်သည် ရောက်သော အခါ၊ သူတပါးတို့သည် သင်၏ဥစ္စာကို လုယူ၍ သင့် အလယ်၌ ဝေဖန်ကြလိမ့်မည်။
၁ထာဝရဘုရားအရေးယူဆောင်ရွက်တော်မူ မည့်နေ့ရက်ကာလကျရောက်လာလိမ့်မည်။ ထို အခါယေရုရှလင်မြို့သည်တိုက်ခိုက်လုယက် ခြင်းကိုခံရလျက် လူတို့၏တိုက်ရာပါပစ္စည်း များကိုသင်တို့မျက်မှောက်၌ပင်ခွဲဝေယူ ကြလိမ့်မည်။-
2 ၂ ယေရုရှလင်မြို့ကို တိုက်စေခြင်းငှါ၊ လူမျိုး အပေါင်းတို့ကို ငါစုဝေးစေမည်။ မြို့ကို တိုက်ယူပြီးလျှင်၊ အိမ်တို့ကို လုယက်၍ မိန်းမတို့ကို အဓမ္မပြုကြလိမ့်မည်။ မြို့သားတဝက်ကို သိမ်းသွား၍ တဝက်သာမြို့၌ ကျန် ကြွင်းလိမ့်မည်။
၂ယေရုရှလင်မြို့ကိုစစ်ဆင်ရန်ထာဝရ ဘုရားသည် လူမျိုးတကာတို့အားစုရုံး ခေါ်ဆောင်ကာလာတော်မူလိမ့်မည်။ ထိုမြို့ သည်အသိမ်းခံရလိမ့်မည်။ အိမ်များသည် အလုခံရလျက်အမျိုးသမီးများသည် လည်း မတော်မတရားပြုကျင့်ခြင်းကိုခံရ ကြလိမ့်မည်။ လူဦးရေထက်ဝက်မျှပြည်နှင် ဒဏ်သင့်ကြမည်ဖြစ်သော်လည်း ကျန်ထက် ဝက်မှာထိုမြို့မှပြောင်းရွှေ့ရကြလိမ့်မည် မဟုတ်။-
3 ၃ ထာဝရဘုရားသည်လည်း စစ်တိုက်ရာကာလ၌ တိုက်သကဲ့သို့၊ ထိုလူမျိုးတို့ကို တိုက်သွားတော်မူမည်။
၃ထိုနောက်ထာဝရဘုရားသည်အတိတ် ကာလများမှာကဲ့သို့ထွက်ကြွတော်မူ၍ ထိုလူမျိုးတို့အားတိုက်ခိုက်တော်မူလိမ့် မည်။-
4 ၄ ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့ အရှေ့၊ သံလွင်တောင်ပေါ်မှာရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ ကွဲ သဖြင့်၊ အလွန်ကြီးသော ချိုင့်ဖြစ်လိမ့်မည်။ တောင် တဝက်သည် မြောက်ဘက်သို့၎င်း၊ တဝက်သည် တောင် ဘက်သို့၎င်း ရွှေ့ရလိမ့်မည်။
၄ထိုအခါကိုယ်တော်သည်ယေရုရှလင် မြို့၏အရှေ့ဘက်၌ရှိသောသံလွင်တောင် ပေါ်တွင်ရပ်တော်မူသဖြင့် သံလွင်တောင် သည်အရှေ့မှအနောက်သို့နှစ်ခြမ်းကွဲ လျက်ချိုင့်ဝှမ်းကြီးတစ်ခုဖြစ်ပေါ်လာ လိမ့်မည်။ တောင်တစ်ခြမ်းသည်မြောက်ဘက် သို့လည်းကောင်း၊ အခြားတစ်ခြမ်းသည် တောင်ဘက်သို့လည်းကောင်း၊ ရွေ့လျား သွားလိမ့်မည်။-
5 ၅ သင်တို့သည် ငါ့တောင်ကြားချိုင့်လမ်းဖြင့် ပြေး ကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင် မှီလိမ့် မည်။ ယုဒရှင်ဘုရင်ဩဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍ သင်တို့သည် ပြေးသကဲ့သို့ တဖန်ပြေးကြလိမ့်မည်။ ငါ၏ ဘုရားသခင်ထာဝရဘုရား ကြွလာတော်မူ၍၊ မိမိသန့် ရှင်းသူအပေါင်းတို့သည် ပါကြလိမ့်မည်။
၅သင်တို့သည်တောင်နှစ်ခြမ်းခွဲရာချိုင့်ဝှမ်း လမ်းဖြင့်ထွက်ပြေးလွတ်မြောက်ကြလိမ့် မည်'' ဟုယုဒဘုရင်သြဇိ၏လက်ထက် ၌မြေငလျင်လှုပ်စဉ်အခါက သင်တို့ ၏ဘိုးဘေးများထွက်ပြေးရကြသကဲ့ သို့သင်တို့သည်လည်းထွက်ပြေးရကြ လိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရ ဘုရားသည် မိမိနှင့်အတူကောင်းကင် တမန်များကိုခေါ်ဆောင်ကာကြွလာ တော်မူလိမ့်မည်။
6 ၆ ထိုနေ့ရက်၌ အလင်းမရှိ၊ မြတ်သောအရာတို့ သည် ယုတ်လျော့လိမ့်မည်။
၆ထိုအချိန်ကာလကျရောက်လာသောအခါ ချမ်းဧမှု သို့မဟုတ်ဆီးနှင်းများကျမှု ရှိတော့မည်မဟုတ်။-
7 ၇ နေ့မဟုတ်၊ ညဉ့်မဟုတ်၊ ထာဝရဘုရားသိတော် မူသော နေ့ရက်တရက်ဖြစ်၍၊ ညဦးယံအချိန်ရောက်မှ လင်းလိမ့်မည်။
၇မှောင်မိုက်လည်းရှိတော့မည်မဟုတ်၊ ထူးခြား သောနေ့ဖြစ်မည်။ ညဥ့်အချိန်၌ပင်လျှင် အစဉ်အမြဲနေရောင်လင်း၍နေလိမ့်မည်။ အဘယ်အခါ၌ဤသို့ဖြစ်ပျက်လာမည် ကိုမူ ထာဝရဘုရားတစ်ပါးတည်းသာ လျှင်သိတော်မူ၏။
8 ၈ ထိုနေ့ရက်၌ အသက်ရေသည် ယေရုရှလင်မြို့မှ ထွက်၍၊ နွေကာလဖြစ်စေ၊ ဆောင်းကာလဖြစ်စေ၊ အရှေ့ ပင်လယ်သို့တဝက်၊ အနောက်ပင်လယ်သို့ တဝက်စီးသွား လိမ့်မည်။
၈ထိုနေ့ရက်ကာလကျရောက်လာသောအခါ ယေရုရှလင်မြို့မှစမ်းရေများစီးဆင်း၍ လာလိမ့်မည်။ ထိုရေ၏တစ်ဝက်သည်ပင်လယ် သေထဲသို့လည်းကောင်း၊ အခြားတစ်ဝက်သည် မြေထဲပင်လယ်ထဲသို့လည်းကောင်း တစ်နှစ် ပတ်လုံးဆောင်းရောနွေပါစီးဆင်းသွားလိမ့် မည်။-
9 ၉ ထာဝရဘုရားသည် တပြည်လုံးတွင် ရှင်ဘုရင် ဖြစ်တော်မူမည်။ ထိုနေ့ရက်၌ ထာဝရဘုရားတပါးတည်း၊ နာမတော်တပါးတည်း ဖြစ်တော်မူမည်။
၉ထိုအခါကမ္ဘာတစ်ဝှမ်းလုံးကိုထာဝရ ဘုရားအုပ်စိုးတော်မူလိမ့်မည်။ လူအပေါင်း တို့သည်လည်းကိုယ်တော်အား မိမိတို့၏ ဘုရားသခင်အဖြစ်ဝတ်ပြုကိုးကွယ်ကာ ထိုနာမတော်တစ်ပါးတည်းဖြင့်သိမှတ် ကြလိမ့်မည်။
10 ၁၀ ဂေဘမြို့မှသည် ယေရုရှလင်မြို့ တောင်ဘက်၊ ရိမ္မုန်မြို့တိုင်အောင် တပြည်လုံးကို ချိုင့်ကဲ့သို့တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗင်္ယာမိန်တံခါးမှ သည် အရင်တံခါးရာ၊ မြို့ထောင့်တံခါးတိုင်အောင်၎င်း၊ ဟာနနေလရဲတိုက်မှသည် စပျစ်သီးနယ်ရာ တန်ဆာ တော်တိုင်အောင်၎င်း ချီးမြှောက်ခြင်းကိုခံ၍၊ မြို့ဟောင်း ရာ၌ တဖန်တည်ရလိမ့်မည်။
၁၀မြောက်ဘက်ရှိဂေဘမြို့မှသည် တောင်ဘက်ရှိ ရိမ္မုန်မြို့တိုင်အောင်ယေရုရှလင်မြို့ပတ်ဝန်း ကျင်မှ မြေများကိုညီညာအောင်ညှိရကြ လိမ့်မည်။ ယေရုရှလင်မြို့သည်လည်းပတ် ဝန်းကျင်မြေများ၏အထက်တွင်မိုး၍နေ လိမ့်မည်။ ဤမြို့သည်ဗင်္ယာမိန်တံခါးမှသည် တံခါးဟောင်းရှိခဲ့ဖူးသည့်မြို့ထောင့်တံခါး တိုင်အောင်လည်းကောင်း၊ ဟာနနေလရဲတိုက် မှသည်နန်းတော်စပျစ်သီးနယ်ရာကျင်း များတိုင်အောင်လည်းကောင်းတည်ရှိလိမ့်မည်။-
11 ၁၁ နောက်တဖန် ယေရုရှလင်မြို့သည် ကျိန်ခြင်း ဘေးကိုမခံ၊ မြို့သားတို့သည် နေရာကျ၍ စိုးရိမ်စရာမရှိ ဘဲ နေကြလိမ့်မည်။
၁၁လူတို့သည်ဆုံးပါးပျက်စီးမည့်ဘေးဖြင့် ခြိမ်းချောက်မှုမခံရတော့ဘဲ ထိုအရပ်တွင် ဘေးမဲ့လုံခြုံစွာနေထိုင်ရကြလိမ့်မည်။
12 ၁၂ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့၌ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ် ဟူမူကား၊ ခြေဖြင့်ရပ်လျက်ပင် သူတို့အသားလျော့ပျက် လိမ့်မည်။ မျက်အိမ်၌ မျက်လုံးလျော့ပျက်လိမ့်မည်။ လျှာ သည်လည်း ခံတွင်း၌ လျော့ပျက်လိမ့်မည်။
၁၂ထာဝရဘုရားသည်ယေရုရှလင်မြို့ကို တိုက်ခိုက်သူလူမျိုးအပေါင်းတို့အပေါ် သို့ ကြောက်မက်ဖွယ်ကောင်းသည့်အနာရောဂါ ဘေးသက်ရောက်စေတော်မူလိမ့်မည်။ သူတို့ သည်အသက်ရှင်လျက်ရှိစဉ်အခါ၌ပင် အသားအရေများပုပ်ပျက်၍သွားလိမ့် မည်။ သူတို့၏မျက်စိများနှင့်လျှာများ သည်လည်းပုပ်ပျက်၍သွားလိမ့်မည်။
13 ၁၃ ထိုနေ့ရက်၌ ထာဝရဘုရား၏ တန်ခိုးတော် ကြောင့် သူတို့သည် အလွန်ရုန်းရင်းခတ်မျှပြု၍၊ တယောက်ကိုတယောက် လက်ချင်းရိုက်သော်လည်း၊ တယောက်ကိုတယောက်တိုက်၍ သတ်ကြလိမ့်မည်။
၁၃ထိုအခါထာဝရဘုရားသည် သူတို့အား အလွန်ရှုပ်ထွေးကြောက်လန့်စေတော်မူမည် ဖြစ်၍ လူတိုင်းပင်မိမိတို့အနီးတွင်တွေ့ ရှိသူတို့ကိုဖမ်းဆီးတိုက်ခိုက်ကြလိမ့်မည်။-
14 ၁၄ ယုဒအမျိုးသားတို့လည်း ယေရုရှလင်မြို့၌ တိုက် ကြလိမ့်မည်။ ပတ်လည်၌နေသော တပါးအမျိုးသား အပေါင်းတို့၏ဥစ္စာစည်းစိမ်တည်းဟူသော၊ များစွာသော ရွှေငွေအဝတ်တန်ဆာစုပုံလျက်ရှိကြလိမ့်မည်။
၁၄ယုဒပြည်သူတို့ကမူယေရုရှလင်မြို့ အတွက် ခုခံကာကွယ်တိုက်ခိုက်ကာလူမျိုး တကာတို့၏ဥစ္စာဘဏ္ဍာများဖြစ်သော ရွှေ ငွေအဝတ်အစားအမြောက်အမြားကို တိုက်ရာပါပစ္စည်းအဖြစ်သိမ်းယူကြလိမ့် မည်။
15 ၁၅ မြင်း၊ လား၊ ကုလားအုပ်၊ မြည်းမှစ၍ ရန်သူတပ် တွင်ရှိသမျှသော တိရစ္ဆာန်တို့၌ပေးသော ဘေးဒဏ်သည်၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည်။
၁၅ရန်သူတပ်စခန်းမှမြင်း၊ ကုလားအုတ်၊ မြည်း အစရှိသည့်တိရစ္ဆာန်အပေါင်းတို့အပေါ် သို့လည်း ကြောက်မက်ဖွယ်ကောင်းသည့်အနာ ရောဂါဘေးကျရောက်လိမ့်မည်။
16 ၁၆ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့တွင် ကျန်ကြွင်းသမျှသော သူတို့သည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုးကွယ်၍၊ သကေနေပွဲခံအံ့သောငှါ မြို့တော်သို့ နှစ်တိုင်းအစဉ်တက်လာကြလိမ့်မည်။
၁၆ထိုအခါယေရုရှလင်မြို့ကိုတိုက်ခိုက်ခဲ့ ကြသောလူမျိုးတို့အနက်မှအသက် မသေဘဲ ကျန်ရှိသူလူအပေါင်းတို့သည် အနန္တတန်ခိုးရှင်ထာဝရဘုရား၏အုပ် စိုးမှုကိုဝန်ခံ၍ ကိုယ်တော်အားရှိခိုး ဝတ်ပြုကြရန်လည်းကောင်း၊ သစ်ခက်တဲ နေပွဲတော်ကိုကျင်းပကြရန်လည်းကောင်း ထိုမြို့သို့နှစ်စဉ်နှစ်တိုင်းလာရောက်ကြ လိမ့်မည်။-
17 ၁၇ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ရှင်ဘုရင်ကို ကိုးကွယ်အံ့သောငှါ၊ မြို့တော်သို့တက် ၍ မလာသောမြေကြီးသား အဆွေအမျိုးရှိသမျှအပေါ်သို့ မိုဃ်းမရွာရ။
၁၇အကြင်လူမျိုးသည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏အုပ်စိုးမှုကိုဝန်ခံ၍ ကိုယ်တော်အားရှိခိုးဝတ်ပြုရန်ငြင်းဆန် ၏။ ထိုလူမျိုးတို့၏ပြည်သည်မိုးခေါင် လိမ့်မည်။-
18 ၁၈ အဲဂုတ္တုပြည်သား အဆွေအမျိုးသည် မတက် မလာလျှင်၊ မိုဃ်းမရွာဘဲနေသဖြင့်၊ သကေနေပွဲကို ခံအံ့ သောငှါ တက်၍ မလာသောလူမျိုးတို့၌၊ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ်သည် ထိုသူတို့ကိုလည်း ထိလိမ့်မည်။
၁၈အကယ်၍အီဂျစ်အမျိုးသားတို့သည်သစ် ခက်တဲနေပွဲတော်ကိုကျင်းပရန်ငြင်းဆန် ကြပါမူ သူတို့သည်ယင်းသို့ငြင်းဆန်သူ များအတွက်ထာဝရဘုရားစေလွှတ်တော် မူသောအနာရောဂါဘေးနှင့်ကြုံတွေ့ရ လိမ့်မည်။-
19 ၁၉ ဤရွေ့ကား၊ သကေနေပွဲကို ခံအံ့သောငှါ တက် ၍ မလာသော အဲဂုတ္တုအမျိုးသား၊ တပါးအမျိုးသား အပေါင်းတို့ ခံရသောအပြစ်ပေတည်း။
၁၉ဤကားသစ်ခက်တဲနေပွဲတော်ကိုမကျင်း ပခဲ့သော် အီဂျစ်ပြည်နှင့်အခြားနိုင်ငံ အပေါင်းတို့ခံရကြမည့်အပြစ်ဒဏ်ပင် ဖြစ်သတည်း။
20 ၂၀ ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့် ရှင်းခြင်းဟု၊ မြင်း၌ဆွဲသော ဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ် ကြလိမ့်မည်။
၂၀ထိုအချိန်ကာလ၌မြင်းကကြိုးတန်ဆာ ခေါင်းလောင်းများပေါ်တွင်``ထာဝရဘုရား အားဆက်ကပ်ထားသည်'' ဟူသောစာတမ်း ကိုကမ္ပည်းထိုး၍ထားလိမ့်မည်။ ဗိမာန်တော် တွင်ချက်ပြုတ်သည့်အိုးများသည်ယဇ်ပလ္လင် ရှေ့မှခွက်ဖလားများကဲ့သို့သန့်ရှင်းမြင့် မြတ်ကြလိမ့်မည်။-
21 ၂၁ ထိုမျှမက၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၌ ရှိသမျှသော အိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည်။ ယဇ်ပူဇော် သောသူအပေါင်းတို့သည်လာ၍၊ ထိုအိုးတို့ကို ယူပြီးလျှင် ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့မှစ၍ နောက်တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ ခါနနိလူမရှိရ။
၂၁ယေရုရှလင်မြို့နှင့်ယုဒပြည်တစ်ပြည် လုံးတွင်ရှိသမျှသောအိုးတို့ကိုလည်း သန့်ရှင်းမြင့်မြတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားအားဝတ်ပြုကိုးကွယ် မှုတွင်အသုံးပြုရန်အတွက် သီးသန့်ထား ရှိကြလိမ့်မည်။ ထိုနေ့ရက်ကာလကျ ရောက်လာသောအခါ အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဗိမာန်တော်တွင် အဘယ် သို့သောရောင်းဝယ်သူတစ်ဦးတစ်ယောက် မျှရှိတော့မည်မဟုတ်။ ပရောဖက်ဇာခရိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။