< ဆာလံ 50 >
1 ၁ တန်ခိုးကြီးသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ဗျာဒိတ်ပေးတော်မူ၏။ နေထွက်ရာမှ သည် နေရာတိုင်အောင် မြေကြီးကိုခေါ်တော်မူ၏။
၁အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တော်မူသော ထာဝရဘုရားသည်အရှေ့မှအနောက်သို့ တိုင်အောင် ကမ္ဘာတစ်ဝန်းလုံးအားမိန့်မြွက်ဆင့်ခေါ်တော် မူ၏။
2 ၂ အသရေတင့်တယ်ခြင်းပြည့်စုံရာ ဇိအုန်တောင် ပေါ်မှာ ဘုရားသခင်၏ရောင်ခြည် တော်သည် ထွန်းပ၏။
၂ထာဝရဘုရားသည်အလွန်တရာလှပ တင့်တယ်သည့် မြို့တော်တည်းဟူသော ဇိအုန်တောင်မှရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
3 ၃ ငါတို့၏ ဘုရားသခင် ကြွလာတော်မူ၏။ တိတ်ဆိတ်စွာ နေတော်မမူ။ ရှေ့တော်၌ မီးလောင်လျက် ပတ်ဝန်းကျင်၌ မိုဃ်းသက်မုန်တိုင်း ပြင်းပြလျက်ရှိ၏။
၃ငါတို့၏ဘုရားသည်ကြွလာတော်မူ၏။ သို့ရာတွင်ဆိတ်ဆိတ်ကြွလာတော်မူသည်မဟုတ်။ ရှေ့တော်တွင်မီးတောက်မီးလျှံဟုန်းဟုန်းထလျက် ကိုယ်တော်၏ပတ်လည်တွင်လေပြင်းမုန်တိုင်း တိုက်ခတ်လျက်ရှိ၏။
4 ၄ မိမိလူတို့ကို စစ်ကြောစီရင်ခြင်းအလိုငှါ အထက် ကောင်းကင်ကို၎င်း၊ မြေကြီးကို၎င်း ခေါ်တော်မူလျှက်၊
၄မိမိလူစုတော်အားတရားစီရင်တော်မူ သည်ကို ကြည့်ရှုကြရန် ကိုယ်တော်သည်သက်သေများအဖြစ် မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဆင့်ခေါ် တော်မူ၏။
5 ၅ ယဇ်ပူဇော်သောအားဖြင့်၊ ငါနှင့်ပဋိညာဉ် ဖွဲ့သော ငါ၏သန့်ရှင်းသူတို့ကို ငါ့ထံသို့စုဝေးစေကြဟု မိန့်တော်မူ၏။
၅ကိုယ်တော်က``ယဇ်ပူဇော်ခြင်းအားဖြင့် ငါနှင့်ပဋိညာဉ်ဖွဲ့၍ငါ့အားသစ္စာစောင့်သူ များကို စုဝေးစေကြလော့'' ဟုမိန့်တော်မူ၏။
6 ၆ ဘုရားသခင်သည် ကိုယ်တော်တိုင် တရား ဆုံးဖြတ်တော်မူသည်ဖြစ်၍၊ ဖြောင့်မတ်တော်ခြင်း အကြောင်းကို ကောင်းကင်တို့သည် ထင်ရှားစွာ ပြကြ လိမ့်မည်။
၆ဘုရားသခင်ကိုယ်တော်တိုင်တရားသူကြီးဖြစ်၍ တရားမျှတစွာစီရင်တော်မူမည်ဖြစ်ကြောင်းကို မိုးကောင်းကင်သည်ကြေညာ၏။
7 ၇ ငါ၏လူများတို့နားထောင်ကြ။ ငါပြောမည်။ အိုဣသရေလအမျိုး၊ သင့်တဘက်၌ငါသက်သေခံမည်။ ငါသည်ဘုရားသခင်ဖြစ်၏။ သင်၏ဘုရားသခင်ဖြစ်၏။
၇ကိုယ်တော်က``ငါ၏လူစုတော်ဝင်တို့၊ နားထောင်ကြလော့။ ငါမိန့်မြွက်တော်မူမည်။ အို ဣသရေလအမျိုးသားတို့၊ငါသည်သင်တို့ကို ဝေဖန်ပြစ်တင်မည်။ ငါသည်ထာဝရဘုရား၊သင်တို့၏ဘုရား ဖြစ်တော်မူ၏။
8 ၈ မီးရှို့သောယဇ်မှစ၍ ယဇ်ပူဇော်ခြင်းအမျိုးမျိုး အတွက် ငါသည် သင်၌အပြစ်မတင်။ ထိုယဇ်တို့သည် ငါ့ရှေ့မှာ အစဉ်ရှိကြ၏။
၈သင်တို့သည်ငါ့အားယဇ်နှင့်မီးရှို့ရာ ပူဇော်သကာများကိုအစဉ်ဆက်သည့်အတွက် ငါသည်သင်တို့အားဝေဖန်ပြစ်တင်မှုမပြုလို။
9 ၉ သင့်အိမ်ထဲက နွားကို၎င်း၊ သင့်ခြံထဲက ဆိတ်ထီးကို၎င်း ငါမခံမယူ။
၉သို့ရာတွင်သင်တို့၏ခြံများမှနွားတို့ကို လည်းကောင်း၊ သင်တို့၏ဆိတ်အုပ်များမှဆိတ်တို့ကိုလည်း ကောင်း ငါမလို။
10 ၁၀ တောတိရစ္ဆာန်ရှိသမျှတို့နှင့် တထောင်သော တောင်ပေါ်မှာရှိသော တိရစ္ဆာန်တို့သည် ငါ၏ဥစ္စာ ဖြစ်ကြ၏။
၁၀အဘယ်ကြောင့်ဆိုသော်ငါသည်တောတိရစ္ဆာန် ရှိသမျှကိုလည်းကောင်း၊ တောင်ပေါင်းများစွာသောတောင်ကုန်းများရှိ တိရစ္ဆာန်တို့ကိုလည်းကောင်းပိုင်သောကြောင့်ဖြစ်၏။
11 ၁၁ တောင်ပေါ်မှာ နေတတ်သော ငှက်အပေါင်း တို့ကို ငါသိ၏။ တောသားရဲတို့သည် ငါ၌ရှိကြ၏။
၁၁တောငှက်အပေါင်းနှင့်ကွင်းပြင်များမှသက်ရှိ သတ္တဝါအပေါင်းတို့ကိုလည်းငါပိုင်၏။
12 ၁၂ ငါသည် ငတ်မွတ်လျှင်သင့်ကိုမပြော။ လောက ဓာတ်နှင့် လောကဥစ္စာသည် ငါ၏ဥစ္စာဖြစ်၏။
၁၂``အကယ်၍ငါသည်ဆာမွတ်ခဲ့မူသင်တို့ထံမှ အစာကိုတောင်းမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ကမ္ဘာမြေကြီးနှင့်ကမ္ဘာပေါ်ရှိ အရာဟူသမျှကိုငါပိုင်သောကြောင့်ဖြစ်၏။
13 ၁၃ နွားသားကိုငါစားမည်လော။ ဆိတ်သွေးကို ငါသောက်မည်လော။
၁၃ငါသည်အမဲသားကိုစားပါသလော။ ဆိတ်သွေးကိုသောက်ပါသလော။
14 ၁၄ ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အား ပူဇော်လော့။ သစ္စာဂတိထားသည်အတိုင်း၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေလော့။
၁၄ကျေးဇူးတော်ချီးမွမ်းခြင်းသည်သာ လျှင် ဘုရားသခင်အားသင်တို့ပူဇော်ရာ ယဇ်ဖြစ်စေကြလော့။ ထို့ပြင်၊အနန္တတန်ခိုးရှင်အားသင်တို့သစ္စာ ကတိထားသည့်အတိုင်းပြုကြလော့။
15 ၁၅ အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။
၁၅ဒုက္ခရောက်ချိန်၌ငါ့အားပတ္ထနာပြုကြလော့။ ငါသည်သင်တို့အားကယ်မည်။ သင်တို့သည်လည်းငါ့အားထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
16 ၁၆ မတရားသောသူကိုကား၊ သင်သည် ငါ၏အထုံး အဖွဲ့တို့ကို ကြားပြော၍ ငါ၏ပဋိညာဉ်တရားကို မြွက်ဆို ခြင်းငှါ အဘယ်သို့ဆိုင်သနည်း။
၁၆သို့ရာတွင်ထာဝရဘုရားကသူယုတ်မာ အား ``သင်သည်အဘယ်ကြောင့်ငါ၏ပညတ်တော်တို့ကို ရွတ်ဆိုရပါသနည်း။ ငါ၏ပဋိညာဉ်တော်အကြောင်းကိုအဘယ်ကြောင့် ပြောဆိုရပါသနည်း။
17 ၁၇ ဆုံးမသွန်သင်ခြင်းကို သင်သည်မုန်း၍ ငါ့စကား ကို သင့်နောက်၌ ပစ်ထားပါသည်တကား။
၁၇သင်သည်ငါဆုံးမသွန်သင်သည်ကိုလက်မခံ။ ငါ၏ပညတ်တော်တို့ကိုပစ်ပယ်၏။
18 ၁၈ သင်သည် သူခိုးကိုမြင်လျှင်၊ သူနှင့်သဘောတူ တက်၏။ သူ့မယားကို ပြစ်မှားသော သူတို့နှင့်ဆက်ဆံ တတ်၏။
၁၈သင်သည်သူခိုးနှင့်တွေ့လျှင်မိတ်ဖွဲ့တတ်၏။ သူတစ်ပါး၏အိမ်ရာကိုပြစ်မှားသူတို့နှင့်လည်း ပေါင်းဖော်တတ်၏။
19 ၁၉ သင်၏နှုတ်ကို ဒုစရိုက်၌အပ်နှံ၍၊ သင်၏လျှာ ဖြင့် မုသာကို စီရင်တတ်၏။
၁၉``သင်သည်အစဉ်ပင်ညစ်ညမ်းသည့်စကားကို ပြောဆိုတတ်၏။ မုသားကိုသုံးရန်အဘယ်အခါ၌မျှ နှောင့်နှေးသည်မရှိ။
20 ၂၀ သင်သည်ထိုင်လျက်၊ ကိုယ်ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြု၍ ပြောဆိုတတ်၏။ ကိုယ်အမိ၏သားကို ဆဲရေးတတ်၏။
၂၀မိမိ၏ညီရင်းအစ်ကိုများကိုပင်လျှင်အစဉ် ပြစ်တင်စွပ်စွဲတတ်၏။
21 ၂၁ ထိုသို့ကျင့်၍ငါသည် တိတ်ဆိတ်စွာနေသော ကြောင့်၊ ငါ့ကိုသင်နှင့်တူသည်ဟု ထင်လေပြီတကား။ သင်၏အပြစ်ကို ငါဘော်ပြ၍၊ သင့်မျက်မှောက်၌ ခင်းထားမည်။
၂၁သင်သည်ဤအမှုတို့ကိုပြုကျင့်သော်လည်း ငါသည်ဆိတ်ဆိတ်နေခဲ့၏။ သို့ဖြစ်၍ငါ့ကိုသင်နှင့်တူသည်ဟုထင်မှတ်ခဲ့၏။ သို့ရာတွင်ယခုငါသည်သင့်အားပြောဆို ဆုံးမမည်။ သင်၏အပြစ်ကိုပွင့်လင်းစွာသင့်အားဖော်ပြမည်။
22 ၂၂ ဘုရားသခင်ကို မေ့လျော့သောသူတို့၊ ဤအမှုကို ဆင်ခြင်ကြလော့။ သို့မဟုတ် သင်တို့ကိုကယ်နှုတ်သော သူမရှိ။ ငါသည် အပိုင်းပိုင်းဆွဲဖြတ်မည်။
၂၂``ငါ့ကိုမေ့လျော့သူတို့၊ဤအချက်ကို ဆင်ခြင်ကြလော့။ သို့မပြုပါမူငါသည်သင်တို့အားသုတ်သင် ဖျက်ဆီးမည်။ သင်တို့အားကယ်မည့်သူလည်းတစ်ဦးတစ်ယောက် မျှ ရှိလိမ့်မည်မဟုတ်။
23 ၂၃ ကျေးဇူးချီးမွမ်ခြင်း ယဇ်ပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူဖြစ်၏။ မိမိသွားသော လမ်းကို ဆင်ခြင်သောသူအားလည်း၊ ကယ်တင်တော်မူ ခြင်း ကျေးဇူးကို ငါပြမည်ဟု ဘုရားသခင်မိန့်တော်မူ၏။
၂၃ကျေးဇူးတော်ချီးမွမ်းခြင်းသည်ငါ့အား ဂုဏ်ပြုရာယဇ်ပင်ဖြစ်၏။ ငါ့စကားကိုနားထောင်သူအပေါင်းတို့အား ဧကန်အမှန်ငါကယ်မည်'' ဟုမိန့်တော်မူ၏။