< ဆာလံ 19 >
1 ၁ မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်း အသရေတော်ကို ကြားပြော၍၊ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။
၁မိုးကောင်းကင်သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုပေါ်လွင်စေ၍ ကိုယ်တော်၏ လက်ရာတော်တို့ကိုထင်ရှားစွာဖော်ပြ၏။
2 ၂ တနေ့ကိုတနေ့မြွက်ဆို၍၊ တညဉ့်ကို တညဉ့် သွန်သင်၏။
၂ဤအကြောင်းကိုတစ်နေ့ကိုတစ်နေ့၊တစ်ညကိုတစ်ည လက်ဆင့်ကမ်းကြေညာကြပေသည်။
3 ၃ နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့ နှုတ်ထွက်သံကို မကြားရသော်လည်း၊
၃အဘယ်သို့မှနှုတ်ဖြင့်မမြွက်မဆို၊ စကားလည်းမပြော၊ မည်သည့်အသံကိုမျှမပြုသော်လည်း
4 ၄ သူတို့၏အသံသည် မြေတပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက် လေ၏။
၄နေ့နှင့်ညမှထွက်ပေါ်လာသည့်အသံသည် ကမ္ဘာမြေတစ်ပြင်လုံးသို့ပျံ့နှံ့သွားလျက် ယင်းတို့ကြေညာသောစကားသည် ကမ္ဘာမြေကြီးစွန်းတိုင်အောင်ရောက်လေ၏။ ဘုရားသခင်သည်နေ၏အတွက်မိုးကောင်း ကင်၌ ဗိမာန်တစ်ဆောင်ကိုတည်တော်မူ၏။
5 ၅ မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော် မူသဖြင့်၊ နေသည် အိပ်ခန်းထဲကထွက်လာသော မင်္ဂလာ ဆောင်လုလင်ကဲ့သို့ဖြစ်၍၊ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာလမ်းသို့ လိုက်ပြေးမည်ဟု ဝမ်းမြောက်လျက်၊
၅မိမိအိပ်ခန်းမှထွက်၍လာသောမင်္ဂလာ ဆောင် သတို့သားကဲ့သို့လည်းကောင်း၊ အပြေးပြိုင်ရန်ဆန္ဒစောလျက်ရှိသည့် အားကစားသမားကဲ့သို့လည်းကောင်း နေသည်ထွက်ပြူလာ၏။
6 ၆ မိုဃ်းကောင်းကင် တစွနးမှထွက်လာ၍၊ တစွန်း တိုင်အောင် လှည့်ပတ်သောအားဖြင့်၊ သူ၏အပူအရှိန်မှ ကွယ်လွတ်သောအရာ တစုံတခုမျှမရှိ။
၆သူသည်မိုးကောင်းကင်တစ်စွန်းမှအစပြုကာ အခြားတစ်စွန်းသို့လှည့်ပတ်၍သွား၏။ သူ၏အပူရှိန်မှကင်းလွတ်သောအရာတစ်ခု မျှမရှိ။
7 ၇ ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။
၇ထာဝရဘုရား၏တရားတော်သည်ပြီးပြည့် စုံလင်အောင်ကောင်းမြတ်သည်ဖြစ်၍စိတ်ဝိညာဉ် ကို ပြန်လည်သစ်လွင်လန်းဆန်းစေတတ်၏။ ဘုရားသခင်၏သွန်သင်တော်မူချက်တို့သည် အားကိုးအားထားထိုက်သည်ဖြစ်၍ မလိမ္မာသူတို့ကိုလိမ္မာစေတတ်၏။
8 ၈ ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့် မတ်သည် ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍၊ မျက်စိကို ရှင်းလင်းစေတတ်၏။
၈ထာဝရဘုရား၏နည်းဥပဒေတို့သည် မှန်ကန်သည်ဖြစ်၍လိုက်နာစောင့်ထိန်းသူ တို့၏ စိတ်ကိုရွှင်လန်းစေတတ်၏။ ကိုယ်တော်၏ပညတ်တော်တို့သည်တရား မျှတသည် ဖြစ်၍စိတ်နှလုံးကိုအသိဉာဏ်ပေးတတ်၏။
9 ၉ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည် ဖြစ်၍၊ ကာလအစဉ်အမြဲတည်၏။ ထာဝရ ဘုရား၏စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍၊ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။
၉ထာဝရဘုရားကိုကြောက်ရွံ့ရိုသေခြင်းသည် ကောင်းမြတ်သည်ဖြစ်၍ထာဝစဉ်တည်မြဲ လိမ့်မည်။ ထာဝရဘုရား၏စီရင်တော်မူချက်တို့သည် ဖြောင့်မှန်သည်ဖြစ်၍ကာလအစဉ်တရား မျှတပေ၏။
10 ၁၀ ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဘွယ်ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပို့ထက် ချိုကြ၏။
၁၀ယင်းတို့သည်ရွှေထက်မက၊အကောင်းဆုံး ရွှေထက် ပိုမိုနှစ်သက်ဖွယ်ဖြစ်၏။ ယင်းတို့သည်ပျားရည်ထက်မက၊အစစ်ဆုံး ပျားရည်ထက်ပို၍ချိုကြ၏။
11 ၁၁ တရားတော်အားဖြင့် ကိုယ်တော်၏ ကျွန်သည် သတိရ၍၊ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။
၁၁ကိုယ်တော်၏ကျွန်ဖြစ်သူကျွန်တော်မျိုးအား ထိုစီရင်တော်မူချက်များကအသိဉာဏ်ကို ပေးပါ၏။ ကျွန်တော်မျိုးသည်ယင်းတို့ကိုလိုက်နာ စောင့်ထိန်းသည်ဖြစ်၍အကျိုးကျေးဇူးများကို ခံယူရရှိပါ၏။
12 ၁၂ မိမိမှားယွင်းခြင်းကို အဘယ်သူသည် နားလည် နိုင်သနည်း။ မထင်ရှားသော ဒုစရိုက်အပြစ်နှင့် အကျွန်ုပ် ကို ကင်းစင်စေ၍၊
၁၂အဘယ်သူမျှမိမိ၏အမှားအယွင်းများကို မမြင်နိုင်ပါ။ အို ထာဝရဘုရား၊ မထင်ရှားသည့်အပြစ်များနှင့်ကျွန်တော်မျိုးအား ကင်းစင်စေတော်မူပါ။
13 ၁၃ ရဲရင့်သော ဒုစရိုက်ကိုလည်း ကိုယ်တော်၏ ကျွန် သည် မပြုရမည်အကြောင်း ဆီးတားတော်မူပါ။ ဒုစရိုက် အပြစ်သည် အကျွန်ုပ်ကို အစိုးမရပါစေနှင့်။ ထိုသို့သော အားဖြင့် အကျွန်ုပ်သည်ဖြောင့်မတ်ခြင်းရှိ၍၊ ကြီးစွာ သောပြစ်မှားခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
၁၃တမင်တကာကြံရွယ်ချက်ဖြင့်ပြုသည့်အပြစ် ဒုစရိုက်များနှင့်လည်းကင်းစင်စေတော်မူပါ။ ထိုဒုစရိုက်တို့သည်ကျွန်တော်မျိုးအား အစိုးမရပါစေနှင့်။ သို့မှသာလျှင်ကျွန်တော်မျိုးသည် အပြစ်ဆိုဖွယ်မရှိဖြစ်လျက်အပြစ် ဒုစရိုက်နှင့် ကင်းစင်ပါလိမ့်မည်။
14 ၁၄ အကျွန်ုပ်ပြောသေားစကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေ သော။ အိုထာဝရဘုရားအကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ် ကို ရွေးနှုတ်တော်မူသောဘုရား။
၁၄ကျွန်တော်မျိုးခိုလှုံရာဖြစ်တော်မူ၍ ကျွန်တော်မျိုးအားရွေးနုတ်တော်မူသော အရှင်၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏နှုတ်ထွက်စကားများနှင့် စိတ်နှလုံးအကြံအစည်များသည်ရှေ့တော် ၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော။