< ဆာလံ 143 >
1 ၁ အိုထာဝရဘုရား၊ အကျွန်ုပ်၏ပဌနာကိုကြား၍၊ ဆုတောင်းသော စကားကိုနားထောင်တော်မူပါ။ သစ္စာ စောင့်ခြင်း၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန် ပြောတော်မူပါ။
၁အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို ကြားတော်မူပါ။ ဖြောင့်မတ်တော်မူသည်ဖြစ်၍ကျွန်တော်မျိုး အသနားခံသည်ကိုနားထောင်တော်မူပါ။ သစ္စာစောင့်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုး၏ပန်ကြားလျှောက်ထားသည်ကို နားညောင်းတော်မူပါ။
2 ၂ ကိုယ်တော်၏ကျွန်နှင့် တရားတွေ့တော်မမူပါ နှင့်။ အသက်ရှင်သောသူမည်သည်ကား၊ ရှေ့တော်၌ အပြစ်ကင်းစင်ရာသို့ မရောက်ရပါ။
၂ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးနှင့် တရားဆိုင်တော်မမူပါနှင့်။ ရှေ့တော်တွင်အပြစ်ကင်းသူတစ်ဦးတစ်ယောက်မျှ မရှိပါ။
3 ၃ ရန်သူသည်အကျွန်ုပ်၏ဝိညာဉ်ကို ညှဉ်းဆဲ၍၊ အသက်ကိုလည်း မြေတိုင်အောင်နှိပ်နင်း၍၊ ကြာမြင့်စွာ သေနေသောသူကဲ့သို့၊ အကျွန်ုပ်ကို မှောင်မိုက်ထဲမှာ နေစေပါ၏။
၃ရန်သူသည်ကျွန်တော်မျိုးအားလိုက်လံ၍မီပါပြီ။ ကျွန်တော်မျိုးအားလုံးဝအရေးရှုံးနိမ့်စေပါပြီ။ သူသည်ကျွန်တော်မျိုးကိုမှောင်သောအရပ်တွင် ချုပ်နှောင်ထားပြီဖြစ်၍ ကျွန်တော်မျိုးသည်ရှေးလွန်လေပြီးသော အခါက သေလွန်ခဲ့သူကဲ့သို့ဖြစ်ပါ၏။
4 ၄ အကျွန်ုပ်သည်စိတ်ပျက်လျက်၊ ကိုယ်အထဲ၌ နှလုံးကြေကွဲလျက် ရှိပါ၏။
၄သို့ဖြစ်၍ကျွန်တော်မျိုးသည်လက်လျှော့၍ အရှုံးပေးရန်အသင့်ရှိပါပြီ။ အလွန်စိတ်ပျက်အားလျော့လျက်နေပါ၏။
5 ၅ ရှေးလွန်လေပြီးသော ကာလကိုအောက်မေ့၍၊ အလုံးစုံသော အမှုတော်တို့ကို၎င်း၊ လက်တော်နှင့်ပြုပြင် သော အရာများကို၎င်း ဆင်ခြင်ပါ၏။
၅ကျွန်တော်မျိုးသည်ကုန်လွန်ခဲ့သည့်နေ့ရက်တို့ကို အောက်မေ့သတိရပါ၏။ ကိုယ်တော်ရှင်ပြုတော်မူခဲ့သောအမှုအရာ ရှိသမျှတို့ကိုဆင်ခြင်ပါ၏။ ကိုယ်တော်ရှင်၏လက်ရာတော်တို့ကိုစဉ်းစားပါ၏။
6 ၆ ကိုယ်တော်ထံသို့ လက်တို့ကို ဆန့်ပါ၏။ သွေ့ ခြောက်သောမြေကဲ့သို့ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါ၏။
၆ကျွန်တော်မျိုးသည်လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ၏။ ရေငတ်သောမြေကဲ့သို့ကျွန်တော်မျိုး၏ ဝိညာဉ်သည် ကိုယ်တော်ရှင်ကိုတောင့်တပါ၏။
7 ၇ အိုထာဝရဘုရား၊ အလျင်အမြန် နားထောင် တော်မူပါ။ အကျွန်ုပ်သည် စိတ်ပျက်ပါပြီ။ မျက်နှာလွှဲ တော်မူသဖြင့်၊ တွင်းထဲသို့ဆင်းသောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မမူပါနှင့်။
၇အို ထာဝရဘုရား၊ ယခုပင်လျှင်ကျွန်တော်မျိုးပန်ကြား လျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်လုံးဝမျှော်လင့်ရာမဲ့လျက် နေပါပြီ။ ကျွန်တော်မျိုးအားမျက်နှာလွှဲတော်မမူပါနှင့်။ ယင်းသို့ပြုတော်မူပါလျှင်ကျွန်တော်မျိုးသည် မရဏာနိုင်ငံသို့သွားရသူကဲ့သို့ဖြစ်ပါလိမ့်မည်။
8 ၈ ကရုဏာတော်စကားသံကို အလျင်အမြန်ကြား စေတော်မူပါ။ ကိုယ်တော်၌ကိုးစားပါ၏။ ကိုယ်သွားရမည် လမ်းကိုသိစေတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တသ ပါ၏။
၈နံနက်ချိန်တိုင်း၌ကျွန်တော်မျိုးအား ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို သတိရစေတော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ ကျွန်တော်မျိုးလျှောက်သင့်သည့်လမ်းကို ပြညွှန်တော်မူပါ။
9 ၉ အိုထာဝရဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ကိုယ်တော်ကိုခိုလှုံပါ၏။
၉အို ထာဝရဘုရား၊ ကိုယ်တော်ကိုခိုလှုံရန်ကျွန်တော်မျိုးသည် အထံတော်သို့ချဉ်းကပ်ပါ၏။ ကျွန်တော်မျိုးအားရန်သူများ၏လက်မှ ကယ်တော်မူပါ။
10 ၁၀ အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင် တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏။ ကောင်းမြတ်သောဝိညာဉ်တော်သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကိုသွေးဆောင်တော်မူပါ စေသော။
၁၀ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်၏အလိုတော်အတိုင်းဆောင်ရွက်ရန် ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ကျွန်တော်မျိုးအားကျေးဇူးပြုတော်မူ၍ ဘေးမဲ့လုံခြုံရာလမ်းကိုညွှန်ပြတော်မူပါ။
11 ၁၁ အိုထာဝရဘုရား၊ နာမတော်အတွက်ကြောင့်၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ ဖြောင့်မတ်တော်မူ သည်နှင့်အညီ၊ အကျွန်ုပ်၏ ဝိညာဉ်ကိုဆင်းရဲဒုက္ခအထဲက နှုတ်ယူတော်မူပါ။
၁၁အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကတိတော်ရှိသည်အတိုင်း ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။ ကောင်းမြတ်တော်မူသည်နှင့်အညီကျွန်တော် မျိုးအား ဆင်းရဲဒုက္ခများမှကယ်တော်မူပါ။
12 ၁၂ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်၏ ရန်သူတို့ကို ပယ်ရှင်း၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသော သူအပေါင်းတို့ကို ဖျက်ဆီးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။
၁၂ကျွန်တော်မျိုးအပေါ်၌ထားရှိသောမေတ္တာ တော်ကို ထောက်၍ရန်သူများအားကွပ်မျက်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်သဖြင့် ကျွန်တော်မျိုးကိုဖိနှိပ်ညှဉ်းဆဲသူအပေါင်း တို့ကို သုတ်သင်တော်မူပါ။