< သြဗဒိ 1 >
1 ၁ အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော်တော် မူသံကို ငါတို့သည် ကြားကြ၏။ သင်တို့ထ၍ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီကြလော့ဟု၊ တပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ။
၁ဤကျမ်းစောင်သည်ဧဒုံပြည်ကိုရည်မှတ်၍ သြဗဒိအား အချုပ်အခြာအာဏာပိုင်ရှင် ဘုရားသခင်ပေးတော်မူသောဗျာဒိတ်တော် ကိုဖော်ပြရာဖြစ်၏။ ထာဝရဘုရားသည်လူမျိုးတကာတို့ ထံသို့ မိမိ၏သံတမန်ကိုစေလွှတ်တော် မူလေပြီ။ ``အသင့်ပြင်ဆင်ကြလော့။ ဧဒုံပြည်သို့ငါတို့စစ်ချီကြကုန်အံ့'' ဟူ၍ ကြွေးကြော်စေတော်မူသံကိုငါတို့ကြား ရကြ၏။
2 ၂ သင့်ကို တပါးအမျိုးသားတို့တွင် ယုတ်မာစေခြင်း ငှါ ငါစီရင်သဖြင့်၊ သင်၏အသရေသည် အလွန်ရှုတ်ချ ခြင်းရှိလိမ့်မည်။
၂ထာဝရဘုရားသည်ဧဒုံပြည်အား ``ငါသည်သင့်ကိုအားအင်ချည့်နဲ့စေမည်။ လူအပေါင်းတို့သည်သင့်ကိုရွံရှာ စက်ဆုတ်ကြလိမ့်မည်။
3 ၃ ကျောက်ကြားတို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက်၊ ငါ့ကို မြေသို့ အဘယ်သူ နှိမ့်ချနိုင်သနည်းဟု အောက်မေ့သောသူ ဖြစ်သောကြောင့်၊ သင်၏မာနသည် သင့်ကို လှည့်စားပြီ။
၃သင်၏မာန်မာနသည်သင့်ကိုလှည့်စား ထားလေပြီ။ သင်၏မြို့တော်သည်ကျောက်တုံးကျောက်ခဲ ဖြင့် ပြီးသောခံတပ်မြို့ဖြစ်၍၊ သင်၏တည်နေရာသည်မြင့်မားသော တောင်ပေါ်တွင်ဖြစ်သဖြင့်၊ `ငါ့အားအဘယ်သူဆွဲချနိုင်ပါနည်း' ဟု သင်သည်တစ်ကိုယ်တည်းပြောဆိုနေတတ်၏။
4 ၄ သင်သည် ရွှေလင်းတကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍၊ ကြယ်တို့တွင် အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
၄သင်သည်လင်းယုန်ငှက်၏အသိုက်တမျှ မြင့်မားရာတွင်တည်နေသဖြင့်၊ ကြယ်တာရာတို့အလယ်သို့ပင် ရောက်ရှိနေစေပါမူ၊ သင့်ကိုငါဆွဲချမည်။
5 ၅ ညဉ့်အခါ သူခိုးထားပြတို့သည် သင်ရှိရာသို့ လာ လျှင်၊ စိတ်ပြေလောက်အောင်သာ ခိုးယူကြလိမ့်မည် မဟုတ်လော။ စပျစ်သီးကို ဆွတ်သောသူတို့သည် လာ လျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကြွင်းစေကြလိမ့်မည် မဟုတ်လော။
၅``သူခိုးတို့သည်ညဥ့်အခါလာခဲ့သော်၊ မိမိတို့အလိုရှိရာပစ္စည်းများကိုသာ လျှင် ယူငင်သွားကြ၏။ စပျစ်သီးဆွတ်ခူးရန်လာသောသူတို့သည် လည်း၊ စပျစ်သီးအနည်းငယ်ကိုချန်ထားခဲ့တတ် ကြ၏။ သို့ရာတွင်သင်၏ရန်သူတို့မူကား၊သင်၏ ပစ္စည်းများကို အကုန်အစင်သိမ်းယူသွားကြလေပြီ။
6 ၆ သင်သည် အလွန်ပျက်စီးပြီတကား။ ဧသော သည် အလွန်အစစ်ခံရပြီတကား။ သူဝှက်ထားသော ဥစ္စာ ကို အလွန်ရှာဖွေကြသည်တကား။
၆ဧသော၏သားမြေးတို့၊ သင်တို့၏ဥစ္စာဘဏ္ဍာများကို တိုက်ခိုက်လုယက်သွားကြလေကုန်ပြီ။
7 ၇ သင်နှင့်မိဿဟာယဖွဲ့သော သူအပေါင်းတို့ သည် ပြည်စွန်းသို့ နှင်ကြပြီ။ အဆွေလုပ်သော သူတို့သည် သင့်ကို လှည့်စား၍ နိုင်ကြပြီ။ သင်နှင့်အတူ စားသောက် သောသူတို့သည် သင့်အောက်၌ ကျော့ကွင်းကို ထောင် ထားကြပြီ။ သင်၏ဥာဏ်ပညာ ကုန်ပြီ။
၇သင်တို့၏မဟာမိတ်များသည်လိမ်လည် လှည့်စားလျက်၊ သင်တို့အားမိမိတို့ပြည်မှနှင်ထုတ်ကြ လေပြီ။ သင်တို့နှင့်အတူငြိမ်းချမ်းစွာနေထိုင်ခဲ့ သူများက၊ ယခုသင်တို့အားလွှမ်းမိုးလိုက်ကြလေပြီ။ သင်တို့နှင့်အတူစားသောက်ခဲ့သည့် မိတ်ဆွေများသည်သင်တို့အတွက်ထောင် ချောက်ကို ထောင်ထားကြလေပြီ။ သူတို့သည်သင်တို့ကိုရည်မှတ်၍ ဤသူတို့၏အသိအလိမ္မာကားအဘယ် သို့ ရောက်ရှိသွားလေပြီနည်းဟုဆိုကြ၏။
8 ၈ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ ဧဒုံပြည်မှ ပညာရှိတို့ကို၎င်း၊ ဧသော၏တောင်မှ ဥာဏ် ကောင်းသော သူတို့ကို၎င်း ငါပယ်ရှားမည်။
၈``ငါသည်ဧဒုံပြည်ကိုအပြစ်ဒဏ်ခတ်ချိန်၌၊ သူ၏ပညာရှိများကိုသုတ်သင်၍၊ အသိပညာရှိသမျှကို ပယ်ရှင်းပစ်မည်။
9 ၉ အိုတေမန်မြို့၊ ဧသော၏တောင်မှ ခပ်သိမ်းသော သူတို့ကို ပယ်ဖြတ်မည်အကြောင်း၊ သင်၏ သူရဲတို့သည် ကြောက်ကြလိမ့်မည်။
၉လက်နက်ကိုင်စွဲသူတေမန်မြို့သားတို့သည် ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။ ဧဒုံပြည်ရှိစစ်သည်တပ်သားအပေါင်းတို့ သည် အသတ်ခံရကြလိမ့်မည်။
10 ၁၀ သင်သည် ညီယာကုပ်ကို အသေသတ်ခြင်း၊ အနိုင်အထက်ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင်အရှက်ကွဲ ၍၊ အကုန်အစင်ပယ်ဖြတ်ခြင်းကို ခံရလိမ့်မည်။
၁၀``သင်သည်မိမိ၏ညီအစ်ကိုများဖြစ်သည့်၊ ယာကုပ်သားမြေးတို့အားလုယက် သတ်ဖြတ်ခဲ့သည်ဖြစ်၍၊ သုတ်သင်ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ထာဝစဉ်အသရေပျက်လိမ့်မည်။
11 ၁၁ သင်သည် တဘက်၌နေသောနေ့၊ တကျွန်းတ နိုင်ငံသားတို့သည် သူ၏အမှုထမ်းများကို သိမ်းသွားသော နေ့၊ တပါးအမျိုးသားတို့သည် သူ၏မြို့တံခါးထဲသို့ ဝင်၍ ယေရုရှလင်မြို့ကို စာရေးတံချသောနေ့၌ သင်သည် လက်ခံသောသူဖြစ်၏။
၁၁ရန်သူများသည်၊ထိုသူတို့၏မြို့တံခါး များကိုဖြိုချချိန်၌၊ သင်သည်နံဘေးသို့ဖယ်၍ရပ်နေခဲ့၏။ သင်သည်၊ယေရုရှလင်မြို့၏စည်းစိမ်ဥစ္စာ များကို သိမ်းယူကာ၊မိမိတို့အချင်းချင်းတို့အား ခွဲဝေပေးသူလူမျိုးခြားများနှင့်မခြား၊ ဆိုးယုတ်သူဖြစ်ပေသည်။
12 ၁၂ သင်၏ညီသည် တပါးအမျိုးသားဖြစ်သောနေ့၌ သူ၏အမှုကို သင်မကြည့်သင့်။ ယုဒအမျိုးသားတို့သည် ပျက်စီးသောနေ့၌ မဝါကြွားသင့်။ ဒုက္ခခံရသောနေ့၌ စော်ကားသောစကားကို မပြောသင့်။
၁၂သင်သည်ယုဒပြည်ရှိမိမိ၏ညီအစ်ကိုများ၊ ကံကြမ္မာဆိုးနှင့်ကြုံတွေ့ရသည်ကိုကျိတ်၍၊ နှစ်ထောင်းအားရမဖြစ်သင့်။ သူတို့ဆုံးပါးပျက်စီးချိန်၌ဝမ်းမြောက် ဝမ်းသာမဖြစ်သင့်။ သူတို့စိတ်ဒုက္ခရောက်ကြသောအခါ၊ သင်သည်မဝါကြွားသင့်။
13 ၁၃ ငါ၏လူတို့သည် ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့နေရာတံခါးအတွင်းသို့ မဝင်သင့်။ ဘေးဥပဒ်ကို ခံရ သောနေ့၌ သူတို့၏ဆင်းရဲဒုက္ခကို မကြည့်မရှုသင့်။ ဘေး ဥပဒ်ကို ခံရသောနေ့၌ သူတို့ဥစ္စာကို မလုမယူသင့်။
၁၃သင်သည်ငါ၏လူမျိုးတော် ဆင်းရဲဒုက္ခရောက်ရကြသည်ကိုကျိတ်၍ နှစ်ထောင်းအားရဖြစ်ကာ၊ သူတို့ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရ ချိန်၌ သူတို့၏မြို့ထဲသို့မဝင်သင့်။ သူတို့၏ဥစ္စာပစ္စည်းများကိုမသိမ်းမ ယူသင့်။
14 ၁၄ လွတ်သောသူတို့ကို ဆီးတားခြင်းငှါ ဖြတ်လမ်း၌ မရပ်မနေသင့်။ အမှုရောက်သောနေ့၌ ကျန်ကြွင်းသော သူတို့ကို မအပ်သင့်။
၁၄သင်သည်ကြိုးစား၍ထွက်ပြေးကြသူတို့ အားဖမ်းဆီးရန် လမ်းဆုံလမ်းခွများတွင်ရပ်လျက်မနေသင့်။ ထိုသူတို့ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရ ချိန်၌ သူတို့အားရန်သူလက်သို့မအပ်သင့်။
15 ၁၅ အကြောင်းမူကား၊ ထာဝရဘုရား၏နေ့ရက် သည် ခပ်သိမ်းသောလူမျိုးတို့နှင့် နီးပြီ။ သင်ပြုသည်အ တိုင်း သင်၌ သူတပါးပြုလိမ့်မည်။ သင်ပြုသောအမှုသည် သင့်ခေါင်းပေါ်သို့ ရောက်ရလိမ့်မည်။
၁၅``ငါထာဝရဘုရားသည်လူမျိုးတကာ တို့အား၊ တရားစီရင်တော်မူမည့်နေ့ရက်အချိန် ကျရောက်လာလိမ့်မည်။ အို ဧဒုံပြည်သူတစ်ပါးတို့အား သင်ပြုကျင့်ခဲ့သည့်အတိုင်း၊ သူတစ်ပါးတို့သည်သင့်အားပြုကျင့်ကြ လိမ့်မည်။ သူတို့နှင့်သင်ဆက်ဆံခဲ့သည့်နည်းအတိုင်း သူတို့သည်သင်နှင့်ဆက်ဆံကြလိမ့်မည်။
16 ၁၆ ယုဒအမျိုးသားတို့သည် သန့်ရှင်းသော ငါ့တောင် ပေါ်မှာ စားသောက်သကဲ့သို့၊ ပတ်လည်၌နေသော လူမျိုး အပေါင်းတို့သည် စားသောက်ရကြလိမ့်မည်။ စားသောက် ၍ မျိုသဖြင့် မရှိဘူးသောသူကဲ့သို့ ဖြစ်ရကြလိမ့်မည်။
၁၆ငါ့လူမျိုးတော်သည်ငါ၏သန့်ရှင်းမြင့် မြတ်သော တောင်တော်ပေါ်တွင်၊ ငါ၏ဆိုးရွားသောအမျက်တော်စပျစ် ရည်ကို သောက်ရကြလေပြီ။ အနီးအနားဝန်းကျင်ရှိလူမျိုးတကာတို့ သည်လည်း ထိုထက်ပင်ပိုမိုဆိုးရွားသည့်အမျက်တော် စပျစ်ရည်ကိုသောက်ရကြလိမ့်မည်။ သူတို့သည်ယင်းကိုအကုန်အစင်သောက် ပြီးနောက်၊ ကွယ်ပျောက်၍သွားကြလိမ့်မည်။
17 ၁၇ ဇိအုန်တောင်ပေါ်မှာ ဘေးလွတ်သောသူအချို့ ရှိကြလိမ့်မည်။ သန့်ရှင်းသောအရပ်ဖြစ်လိမ့်မည်။ ယာ ကုပ်အမျိုးသည် မိမိပိုင်ထိုက်သောမြေကို ပိုင်ရလိမ့်မည်။
၁၇``သို့ရာတွင်၊ဇိအုန်တောင်တော်ပေါ်တွင်ဘေး လွတ်သူလူအချို့ရှိလိမ့်မည်။ ထိုတောင်တော်သည်သန့်ရှင်းမြင့်မြတ်ရာ အရပ်ဖြစ်လိမ့်မည်။ ယာကုပ်၏မျိုးဆက်တို့သည်မိမိတို့ ပိုင်ဆိုင်ခွင့်ရှိသည်။ ပြည်တော်ကိုအပိုင်ရကြလိမ့်မည်။
18 ၁၈ ယာကုပ်အမျိုးသည် မီး၊ ယောသပ်အမျိုးသည် မီးလျှံ၊ ဧသောအမျိုးသည် အမှိုက်ဖြစ်လျက် မီးညှိ၍ လောင်သဖြင့်၊ ဧသောအမျိုးသား မကျန်ကြွင်းရ။ ထာဝရ ဘုရားမိန့်တော်မူပြီ။
၁၈ယာကုပ်၏မျိုးဆက်များနှင့်ယောသပ်၏ မျိုးဆက်များသည်မီးနှင့်တူလိမ့်မည်။ မီးသည်အမှိုက်သရိုက်ကိုကျွမ်းလောင်စေ သကဲ့သို့၊ သူတို့သည်ဧသော၏မျိုးဆက်များကို သုတ်သင်ဖျက်ဆီးကြလိမ့်မည်။ ဧသော၏သားမြေးတစ်စုံတစ်ယောက်မျှ အသက် မသေဘဲကျန်ရှိလိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
19 ၁၉ တောင်မျက်နှာသားတို့သည် ဧသော၏တောင် ကို၎င်း၊ မြေညီသောအရပ်သားတို့သည် ဖိလိတ္တိပြည်ကို ၎င်း၊ ဧဖရိမ်လယ်ပြင်နှင့် ရှမာရိလယ်ပြင်ကို၎င်း၊ ဗင်္ယာ မိန်အမျိုးသည် ဂိလဒ်ပြည်ကို၎င်း သိမ်းယူကြလိမ့်မည်။
၁၉``ယုဒပြည်တောင်းပိုင်းမှလူတို့သည် ဧဒုံပြည် ကိုလည်းကောင်း၊ အနောက်တောင်ခြေဒေသများမှလူတို့က ဖိလိတ္တိပြည်ကိုလည်းကောင်းသိမ်းယူကြ လိမ့်မည်။ ဣသရေလအမျိုးသားတို့သည်၊ဧဖရိမ်နှင့် ရှမာရိနယ်မြေများကိုပိုင်ဆိုင်ရကြလျက်၊ ဗင်္ယာမိန်လူမျိုးတို့ကဂိလဒ်ပြည်ကိုရရှိကြ လိမ့်မည်။
20 ၂၀ သိမ်းသွားခြင်းကို ခံရ၍၊ ခါနနိလူတို့တွင်ရှိသော ဣသရေလအမျိုးအလုံးအရင်းသည် ဇရတ္တမြို့တိုင်အောင်၎င်း၊ သိမ်းသွားခြင်းကို ခံရ၍ သေဖရဒ်ပြည်၌ရှိသော ယေရုရှလင်မြို့သားတို့သည် တောင်မျက်နှာ မြို့ရွာတို့ကို ၎င်း သိမ်းယူကြလိမ့်မည်။
၂၀ဣသရေလပြည်မြောက်ပိုင်းမှပြည်နှင်ဒဏ် သင့်သူတို့၏တပ်မတော်သည်ပြန်လာ၍၊ မြောက်ဘက်ရှိဇရတ္တမြို့တိုင်အောင်ဖိုနိရှ ပြည်ကို သိမ်းယူကြလိမ့်မည်။ ယေရုရှလင်မြို့မှပြည်နှင်ဒဏ်သင့်၍ သေဖရဒ်မြို့သို့ ရောက်ရှိနေသူများသည် ယုဒပြည်တောင်ပိုင်းမြို့များကိုသိမ်းယူ ကြလိမ့်မည်။
21 ၂၁ ဧသော၏တောင်ကို တရားစီရင်ခြင်းငှါ ကယ် တင်သောသူတို့သည် ဇိအုန်တောင်ပေါ်သို့ တက်ကြလိမ့် မည်။ တိုင်းနိုင်ငံသည်လည်း ထာဝရဘုရား၏ နိုင်ငံတော် ဖြစ်လိမ့်သတည်း။
၂၁အောင်ပွဲရယေရုရှလင်မြို့သားတို့သည်၊ ဧဒုံပြည်ကိုတိုက်ခိုက်အုပ်စိုးကြလိမ့်မည်။ ထိုအခါထာဝရဘုရားကိုယ်တော်တိုင် ထိုပြည်တွင်နန်းစံတော်မူလိမ့်မည်။'' ပရောဖက်သြဗဒိ၏ဗျာဒိတ်ရူပါရုံပြီး၏။