< တောလည်ရာ 35 >
1 ၁ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ ထာဝရဘုရားသည် မောရှေကို ခေါ်တော် မူ၍၊
၁ယေရိခေါမြို့တစ်ဘက်ယော်ဒန်မြစ်နားရှိ မောဘလွင်ပြင်၌ ထာဝရဘုရားသည် မောရှေအား၊-
2 ၂ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိ သားတို့နေစရာဘို့ မြို့တို့ကို၎င်း၊ မြို့ပတ်လည်နယ် တို့ကို၎င်း၊ ပေးရကြမည်။
၂``ဣသရေလအမျိုးသားတို့သည်မိမိတို့ ရရှိသောနယ်မြေထဲမှ အချို့သောမြို့များ နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်အားပေးရမည်။-
3 ၃ ထိုမြို့တို့သည် လေဝိသားနေစရာဘို့ဖြစ်၍၊ မြို့ ပတ်လည်နယ်တို့၌ သိုးနွား အစရှိသော တိရစ္ဆာန်များနှင့် ဥစ္စာများကို ထားရမည်။
၃ဤမြို့များသည်လေဝိအနွယ်ဝင်တို့အတွက် ဖြစ်၍ သူတို့သည်ထိုမြို့များတွင်နေထိုင်ရ ကြမည်။ စားကျက်မြေသည်သူတို့၏နွား များနှင့်အခြားတိရစ္ဆာန်တို့အတွက်ဖြစ် သည်။-
4 ၄ လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင် တထောင် ကျယ်စေရမည်။
၄စားကျက်မြေသည်မြို့ရိုးမျက်နှာလေးဘက်မှ အပြင်သို့ကိုက်ငါးရာအထိကျယ်ပြန့်စေ ရမည်။-
5 ၅ မြို့ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ၌ နှစ်ထောင်စီ တိုင်းထွာ၍၊ ထိုမြေ အလယ်ချက်၌ မြို့တည်ရမည်။ ဤရွေ့ကား၊ မြို့နယ် အတိုင်း အရှည်ဖြစ်ရသတည်း။
၅ပတ်လည်စားကျက်မြေသည် ထိုမြို့ကိုဗဟို ပြုကာအနံအလျားကိုက်တစ်ထောင်စီရှိ ရမည်။-
6 ၆ လေဝိသားတို့အား ပေးသောမြို့တို့တွင်၊ လူကို သတ်သောသူသည် ပြေး၍မှီခိုရာမြို့ ခြောက်မြို့တို့ကို ရွေးထားရမည်။ ထိုမြို့မှတပါး အခြားသော မြို့လေးဆယ် နှစ်မြို့တို့ကို ပေးရမည်။
၆လူတစ်ဦးအားကြိုတင်ကြံရွယ်ခြင်းမရှိ ဘဲနှင့် သတ်မိသူထွက်ပြေး၍ခိုလှုံနိုင်ရန် မြို့ခြောက်မြို့ကိုလေဝိအနွယ်ဝင်တို့အား ပေးရမည်။ ထို့အပြင်အခြားမြို့လေးဆယ့် နှစ်မြို့တို့ကိုလည်းသူတို့အားပေးရမည်။-
7 ၇ ထိုသို့ လေဝိသားတို့အား ပေးရသော မြို့ပေါင်း ကား၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ဖြစ်သတည်း။
၇သို့ဖြစ်၍စားကျက်မြေအပါအဝင်စုစု ပေါင်း လေးဆယ့်ရှစ်မြို့ကိုသူတို့အားပေးရမည်။-
8 ၈ ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲက နှုတ်ရမည်။ များသောမြေကို ရသောသူသည် များသောမြို့၊ နည်းသောမြေကို ရသောသူသည် နည်းသောမြို့တို့ကို ပေးရမည်။ လူအသီးသီးတို့သည် အမွေခံရသည်အတိုင်း၊ မိမိတို့မြို့များထဲက နှုတ်၍ လေဝိသားတို့အား ပေးရမည်။
၈ဣသရေလအနွယ်အသီးသီးပိုင်သောနယ်မြေ အကျယ်အဝန်းအလိုက် လေဝိအနွယ်ဝင်တို့ အတွက်မြို့အရေအတွက်ကိုသတ်မှတ်ပေးရ မည်'' ဟုမိန့်တော်မူ၏။
9 ၉ တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
၉ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား၊-
10 ၁၀ သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍၊ ခါနာန် ပြည်သို့ ရောက်ကြသောအခါ၊
၁၀``သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ခါနာန်ပြည်သို့ဝင်ရောက်သောအခါ၊-
11 ၁၁ လူအသက်ကို အမှတ်တမဲ့သတ်မိသောသူပြေး၍ မှိခိုရာမြို့တို့ကို ရွေးထားရမည်။
၁၁ကြိုတင်ကြံရွယ်ခြင်းမရှိဘဲနှင့်လူတစ်ဦး အားသတ်မိသူသည် ထွက်ပြေးခိုလှုံနိုင်သည့် မြို့များကိုရွေးချယ်သတ်မှတ်ရမည်။-
12 ၁၂ ထိုမြို့တို့ကား၊ လူအသက်ကို သတ်သောသူသည် ပရိသတ်ရှေ့သို့ ရောက်၍၊ တရားစီရင်ခြင်းကို မခံမှီ တိုင်အောင်၊ သေစားသေစေသောသူ၏လက်မှ လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။
၁၂ထိုမြို့များတွင်သူသည်သေဆုံးသူနှင့်သွေး တော်စပ်သူ၏လက်စားချေခြင်းမှလွတ်ကင်း လိမ့်မည်။ လူအသက်ကိုသတ်သောသူအား လူ ပရိသတ်ရှေ့တရားရုံးတွင်စီရင်ခြင်းမပြု ဘဲသေစားမသေစေရ။-
13 ၁၃ လေဝိသားတို့အား ပေးသောမြို့တို့တွင် ယော်ဒန် မြစ်အရှေ့ဘက်၌ မှီခိုရာမြို့သုံးမြို့၊
၁၃ယော်ဒန်မြစ်အရှေ့ဘက်တွင်သုံးမြို့၊ ခါနာန် ပြည်ထဲတွင်သုံးမြို့၊ စုစုပေါင်းခြောက်မြို့ကို ရွေးချယ်လော့။-
14 ၁၄ ခါနာန်ပြည်၌ မှီခိုရာမြို့သုံးမြို့၊ ပေါင်းခြောက်မြို့ တို့ကို ရွေးထားရမည်။
၁၄
15 ၁၅ ထိုမြို့ခြောက်မြို့တို့ကား၊ လူအသက်ကို အမှတ် တမဲ့ သတ်မိသော ဣသရေလအမျိုးသား၊ သင်တို့တွင် တည်းခိုသော တပါးသော အမျိုးသားတို့သည် ပြေး၍ မှီခိုရာမြို့ ဖြစ်သတည်း။
၁၅ထိုမြို့များသည်ဣသရေလအမျိုးသားများ အတွက်လည်းကောင်း၊ အမြဲဖြစ်စေ၊ ခေတ္တဖြစ် စေနေထိုင်ကြသောလူမျိုးခြားတို့အတွက် လည်းကောင်း ခိုလှုံရာမြို့များဖြစ်ရမည်။ ကြို တင်ကြံရွယ်ခြင်းမရှိဘဲနှင့်လူတစ်ဦးအား သတ်မိသူသည်ထိုမြို့များအနက်တစ်မြို့ မြို့သို့ထွက်ပြေးခိုလှုံနိုင်သည်။
16 ၁၆ သို့ရာတွင် လူအသက်ကို သေစေခြင်းငှါ၊ သံ လက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ လူသတ်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။
၁၆``သို့ရာတွင်သံ၊ ကျောက်၊ သစ်သားလက်နက်တစ် ခုခုဖြင့် လူတစ်ဦးအားသတ်သူသည်လူသတ် မှုကိုကူးလွန်သဖြင့်သေဒဏ်စီရင်ခြင်းကို ခံစေရမည်။-
17 ၁၇ လူအသက်ကို သေစေခြင်းငှာ ကျောက်ခဲနှင့် ပစ်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံ ရမည်။
၁၇
18 ၁၈ လူအသက်ကို သေစေခြင်းငှာ သစ်သားလက် နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။
၁၈
19 ၁၉ သေစားသေစေသောသူသည် လူသတ်ကို တွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။
၁၉သေဆုံးသူနှင့်အနီးဆုံးသွေးတော်စပ်သူ သည် တာဝန်ရှိသဖြင့်လူသတ်သမားကို တွေ့လျှင်သတ်ရမည်။
20 ၂၀ သူတပါးကို အငြိုးထား၍ တွန်းချသော်၎င်း၊ သေစေခြင်းငှါ ချောင်းမြောင်း၍ တစုံတခုနှင့် ပစ်သော်၎င်း၊
၂၀``တစ်စုံတစ်ယောက်အား မုန်းတီးသဖြင့်တွန်း ချ၍သော်လည်းကောင်း၊ တစ်စုံတစ်ခုနှင့် ပစ်၍သော်လည်းကောင်း၊-
21 ၂၁ သေစေခြင်းငှါ မုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက် သော်၎င်း၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သော ကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစားသေ စေသောသူသည် တွေ့သောအခါ သတ်ရမည်။
၂၁လက်သီးနှင့်ထိုး၍သော်လည်းကောင်း သတ် သောသူသည်လူသတ်မှုကိုကူးလွန်သဖြင့် သေဒဏ်စီရင်ခြင်းကိုခံစေရမည်။ သေဆုံး သူနှင့်အနီးဆုံးသွေးတော်စပ်သူသည် တာဝန်ရှိသဖြင့်လူသတ်သမားကိုတွေ့ လျှင်သတ်ရမည်။
22 ၂၂ သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့ တွန်းချသော်၎င်း၊ မချောင်းမြောင်းဘဲ တစုံတခုနှင့် ပစ်မိ သော်၎င်း၊
၂၂``သို့ရာတွင်တစ်စုံတစ်ယောက်အား မုန်းတီး ခြင်းမရှိဘဲနှင့်တွန်းချ၍သော်လည်းကောင်း၊ တစ်စုံတစ်ခုနှင့်ပစ်၍သော်လည်းကောင်း အမှတ်မထင်သတ်မိလျှင်ဖြစ်စေ၊-
23 ၂၃ သူ၏ရန်သူမဟုတ်၊ မုန်းသောစိတ်မရှိ၊ သူ့ကို မမြင်ဘဲလျက် သေအောင် ကျောက်ခဲနှင့် ပစ်မိသော်၎င်း၊
၂၃မိမိရန်သူမဟုတ်သူကိုထိခိုက်စေလိုသော ဆန္ဒမရှိဘဲနှင့်ကျောက်ခဲဖြင့် အမှတ်တမဲ့ ပစ်မိသောကြောင့်ထိုသူသေဆုံးရလျှင် ဖြစ်စေ၊-
24 ၂၄ ယခုစီရင်ထုံးဖွဲ့သည်အတိုင်း၊ ပရိသတ်တို့သည် သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား၌ တရားစီရင်၍၊
၂၄လူပရိတ်သတ်ကလူသတ်မှုကူးလွန်သူ နှင့် သေဆုံးသူ၏အနီးဆုံးသွေးတော်စပ် သူတို့အကြားတရားဋ္ဌမ္မသတ်အတိုင်း စီရင်ရမည်။-
25 ၂၅ သတ်သောသူကို သေစားသေစေသောသူ၏ လက်မှ နှုတ်သဖြင့်၊ အထက်ကပြေး၍ မှီခိုသောမြို့သို့ ပြန်ပို့ရမည်။ ဒမ္မဆီလောင်းခြင်းကို ခံရသော ယဇ်ပုရော ဟိတ်မင်း မသေမှီတိုင်အောင် ထိုမြို့၌ နေရမည်။
၂၅လူပရိသတ်သည်လူသတ်မှုကူးလွန်သူ အားသေဆုံးသူ၏ဆွေမျိုးတော်စပ်သူလက် မှကယ်တင်၍ သူထွက်ပြေးခိုလှုံခဲ့သောမြို့ သို့ပြန်ပို့ရမည်။ သူသည်ထိုစဉ်ကအမှုထမ်း နေဆဲယဇ်ပုရောဟိတ်မင်းအနိစ္စရောက်သည် အထိထိုမြို့တွင်နေထိုင်ရမည်။-
26 ၂၆ လူအသက်ကို သတ်မိသောသူသည် ပြေး၍ မှီခိုသောမြို့နယ်ပြင်သို့ ထွက်သော်၊
၂၆အကယ်၍လူသတ်မှုကူးလွန်သူသည် ခိုလှုံရာမြို့ပြင်သို့ထွက်သဖြင့်၊-
27 ၂၇ သေစားသေစေသော သူသည် မြို့နယ်ပြင်မှာ ထိုသူကို တွေ့၍ သတ်လျှင်၊ လူအသက်ကို သတ်သောအပြစ်မရှိ။
၂၇သေဆုံးသူနှင့်သွေးတော်စပ်သူကတွေ့၍ သူ့ အားလက်စားချေသတ်ပစ်လျှင်ဤလက်စား ချေခြင်းသည်လူသတ်မှုမဟုတ်။-
28 ၂၈ အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ် မင်း မသေမှီတိုင်အောင်၊ မိမိမှီခိုသော မြို့ထဲမှာ နေရ မည်။ ယဇ်ပုရောဟိတ်မင်း သေသောနောက်မှ၊ ထိုသူ သည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။
၂၈သို့ရာတွင်လူသတ်မှုကူးလွန်သူသည် ထိုစဉ် ကအမှုထမ်းနေဆဲယဇ်ပုရောဟိတ်မင်း အနိစ္စရောက်သည်တိုင်အောင်သူခိုလှုံရာမြို့ တွင်နေထိုင်ရမည်။ ယဇ်ပုရောဟိတ်မင်းအနိစ္စ ရောက်ပြီးနောက် သူသည်မိမိ၏နေရပ်သို့ ပြန်နိုင်သည်။-
29 ၂၉ ဤရွေ့ကား၊ သင်တို့သည် နေလေရာရာ၌ သားမြေးအစဉ်အဆက် စောင့်ရသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း။
၂၉သင်တို့သည်မည်သည့်အရပ်၌နေထိုင်သည် မဆို ဤပညတ်များကိုထာဝစဉ်စောင့်ထိန်း ကြရမည်။
30 ၃၀ လူအသက်ကို သတ်၍ လူသတ်ဖြစ်သောသူ မည်သည်ကား၊ သက်သေခံချက် ရှိသည်အတိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေ တယောက်တည်းသာရှိလျှင် မသတ်ရ။
၃၀``လူသတ်မှုဖြင့်စွပ်စွဲခြင်းခံရသူအား သက် သေနှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပို၍ရှိမှ သေဒဏ်စီရင်ရမည်။ သက်သေတစ်ဦးတည်း ၏စွပ်စွဲချက်ဖြင့် ထိုသူအားသေဒဏ်မစီ ရင်ရ။-
31 ၃၁ အသေခံထိုက်သော လူသတ်၏ အသက်ဘိုးငွေ ကို မခံမယူရ။ သူသည် အသေသတ်ခြင်းကို အမှန် ခံရမည်။
၃၁လူသတ်မှုကူးလွန်သူအားသေဒဏ်ပေး ရမည်။ ထိုသူသည်အသက်ဖိုးငွေပေး၍ သေဒဏ်မှလွတ်ငြိမ်းခွင့်မရှိစေရ။-
32 ၃၂ မှီခိုရာမြို့သို့ ပြေးသောသူသည်၊ ယဇ်ပုရော ဟိတ်မင်း မသေမှီ၊ မိမိနေရင်းအရပ်သို့ ပြန်၍ နေမည် အကြောင်း၊ အရွေးငွေကို မခံမယူရ။
၃၂ခိုလှုံရာမြို့သို့ပြေးဝင်သူသည်ယဇ်ပုရော ဟိတ်မင်းအနိစ္စမရောက်မီ မိမိနေရပ်သို့ ပြန်ရန်အတွက်ငွေပေးလျှင်လက်မခံရ။-
33 ၃၃ ထိုသို့ သင်တို့နေသောပြည်ကို ညစ်ညူးစေတတ်၏။ လူအသွေးကို သွန်းသောသူ၏ အသွေးအားဖြင့်သာ ထိုညစ်ညူးခြင်းကို စင်ကြယ်စေနိုင်၏။
၃၃ငွေကိုလက်ခံခဲ့လျှင်သင်တို့နေထိုင်ရာပြည် ကိုညစ်ညမ်းစေရာရောက်မည်။ လူသတ်မှုကူး လွန်ခြင်းသည်တိုင်းပြည်ကိုညစ်ညမ်းစေ၏။ သို့ ဖြစ်၍တိုင်းပြည်၌လူတစ်ယောက်အသတ်ခံ ရလျှင် လူသတ်မှုကူးလွန်သူအားသေဒဏ် ပေးခြင်းအားဖြင့်သာလျှင်ထိုပြည်ကိုပြန် လည်သန့်စင်စေနိုင်၏။-
34 ၃၄ ငါကျိန်းဝပ်၍ သင်တို့နေသောပြည်ကို မညစ် ညူးစေရ။ ငါထာဝရဘုရားသည် ဣသရေလအမျိုးသား တို့တွင် ကျိန်းဝပ်သည်ဟု မိန့်တော်မူ၏။
၃၄ငါသည်ထာဝရဘုရားဖြစ်၍ ဣသရေလ အမျိုးသားတို့တွင်ကျိန်းဝပ်တော်မူသဖြင့် ပြည်တော်ကိုမညစ်ညမ်းစေရ'' ဟုမိန့် တော်မူ၏။