< နေဟမိ 5 >
1 ၁ ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသား ချင်း ယုဒလူတို့ကို အလွန်အပြစ်တင်၍ မြည်တမ်းကြ၏။
၁ကာလအနည်းငယ်ကြာသောအခါယုဒ အမျိုးသားနှင့်အမျိုးသမီးအမြောက် အမြားတို့သည် အချင်းချင်းအားအပြစ် တင်၍ညဉ်းညူကြကုန်၏။-
2 ၂ အချို့ကလည်း၊ ငါတို့နှင့် သားသမီးများစွာ ရှိကြ၏။ သူတို့ အသက်မွေးလောက်အောင် စားစရာ ဆန်စပါးကို အဘယ်မှာ ရနိုင်မည်နည်းဟုဆိုကြ၏။
၂အချို့သောသူတို့က``ငါတို့၏အိမ်သားများ သဖြင့်ငါတို့အသက်ရှင်မှုအတွက်ဂျုံစပါး လိုပါသည်'' ဟုဆိုကြ၏။
3 ၃ အချို့ကလည်း၊ ငါတို့သည် လယ်ယာ၊ ဥယျာဉ်၊ အိမ်တို့ကို ပေါင်ထားပြီ။ အစာခေါင်းပါးသောကာလ၊ ဆန်စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုကြ၏။
၃အချို့တို့က``ငါတို့သည်မငတ်မပြတ်ရလေ အောင်ဂျုံစပါးရရှိရေးအတွက်လယ်များ၊ စပျစ်ဥယျာဉ်များနှင့်အိမ်များကိုပေါင်နှံ ထားရကြပါသည်'' ဟုဆိုကြ၏။
4 ၄ အချို့ကလည်း၊ ငါတို့သည် အခွန်တော်ကို ပေးစရာရှိခြင်းငှါ လယ်ယာဥယျာဉ်အတွက် ငွေကို ချေးယူပြီ။
၄အခြားသူတို့က``ငါတို့သည်လယ်ခွန်နှင့် စပျစ်ဥယျာဉ်ခွန်ပေးဆောင်နိုင်ရန်ငွေကို ချေးယူထားကြရပါသည်။-
5 ၅ ယခုမှာ ငါတို့ ကိုယ်ခန္ဓာသည် အမျိုးသားချင်း တို့၏ ကိုယ်ခန္ဓာ ကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့ သားသမီးကဲ့သို့ဖြစ်ကြ၏။ ငါတို့ သားသမီးကိုရောင်း၍ ကျွန်ခံစေရမည်လော။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှါ မတတ်နိုင်။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့ သည် သူတပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။
၅ငါတို့သည်လည်းယုဒအမျိုးသားများ ပင်မဟုတ်ပါလော။ ငါတို့သားသမီးများ သည်လည်းသူတို့သားသမီးများထက်မညံ့ ပါ။ သို့ရာတွင်ငါတို့သည်ငါတို့သားသမီး များကိုကျွန်ခံစေကြရပါ၏။ သမီးအချို့ ကိုလည်းကျွန်အဖြစ်ရောင်းချလိုက်ရလေ ပြီ။ ငါတို့အဘယ်သို့မျှမတတ်နိုင်။ ငါ တို့လယ်များနှင့်စပျစ်ဥယျာဉ်များသည် သူတစ်ပါးလက်သို့ရောက်လေပြီတကား'' ဟုဆိုကြ၏။
6 ၆ ထိုသို့အပြစ်တင်မြည်တမ်းသောစကားကို ငါ သည် ကြားသောအခါ၊ အလွန်ညှိုးငယ်သောစိတ်ရှိ၍၊ ကိုယ်အလိုအလျောက် ဆင်ခြင်ပြီးမှ၊
၆ထိုသူတို့ညည်းညူသံကိုကြားသော်ငါ သည်အမျက်ထွက်၍၊-
7 ၇ မှူးမတ်နှင့် မင်းအရာရှိတို့ကိုခေါ်၍၊ သင်တို့ သည် အမျိုးသားချင်းတို့၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့်၊ သူတို့တဘက်၌ လူအများတို့ကို စုဝေးစေလျက်၊
၇အရေးယူဆောင်ရွက်ရန်စိတ်ပိုင်းဖြတ်လိုက်၏။ ငါသည်ပြည်သူခေါင်းဆောင်များနှင့်အုပ်ချုပ် ရေးမှူးတို့အား``သင်တို့သည်မိမိတို့ညီ အစ်ကိုများကိုနှိပ်စက်ညှဉ်းဆဲလျက်နေကြ ပါသည်တကား'' ဟုပြစ်တင်ပြောဆို၏။ ငါသည်ဤပြဿနာကို ဖြေရှင်းရန်လူထု စည်းဝေးတစ်ရပ်ကိုခေါ်ယူပြီးလျှင်၊-
8 ၈ တပါးအမျိုးသားတို့လက်၌ ကျွန်ခံသောငါတို့ ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနှုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟုဆိုလျှင်၊ သူတို့သည် ပြန်ပြော စရာမရှိ၊ တိတ်ဆိတ်စွာနေကြ၏။
၈``မိမိတို့ကိုယ်ကိုလူမျိုးခြားများလက် သို့ရောင်းချရကြသူ ယုဒအမျိုးသားညီ အစ်ကိုတို့အားတတ်နိုင်သမျှငါတို့ပြန် လည်ဝယ်ယူပြီးမှ ယခုသင်တို့က မိမိတို့ အမျိုးသားအချင်းချင်းပြန်လည်ရောင်း စားလျက်နေကြပါတကား'' ဟုဆိုသော အခါခေါင်းဆောင်များသည်ဆိတ်ဆိတ် နေကြ၏။ စကားတစ်ခွန်းကိုမျှပြန်၍ မပြောနိုင်ကြ။
9 ၉ ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါ တကား။ ငါတို့ ရန်သူဖြစ်သော တပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ်၍၊ ငါတို့၏ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ် လော။
၉ထိုနောက်ငါသည်သူတို့အား``သင်တို့ပြု သောအမှုသည်မကောင်းပါတကား။ ရန်သူ လူမျိုးခြားများသည်ငါတို့အားသရော် ခြင်းမှကင်းလွတ်စေရန် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကာသင်တို့မှန်ရာကိုလုပ် ဆောင်သင့်ကြသည်။-
10 ၁၀ ငါနှင့်ငါ့ညီ၊ ငါ့ကျွန်တို့သည်လည်း၊ လူများတို့၌ ငွေနှင့်ဆန်စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုးစား သော အမှုကို ပယ်ဖြတ်ကြပါလော့။
၁၀ငါသည်ပြည်သူတို့အားငွေနှင့်ဂျုံစပါးကို ချေးငှားပါ၏။ ငါ၏အပေါင်းအဖော်များ နှင့်လုပ်သားများသည်လည်းဤနည်းအတိုင်း ပင်ပြုကြပါ၏။ ယခုငါတို့သည်ထိုအကြွေး များကိုပြန်လည်တောင်းခံမှုမပြုဘဲနေ ကြစို့။-
11 ၁၁ ယနေ့ပင်သူတို့လယ်ယာ၊ စပျစ်ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အိမ်ရာကို၎င်း၊ သူတို့၌ခွဲယူပြီးသော ငွေ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီအချို့ကို၎င်း ပြန်ပေးကြပါလော့ ဟု ဆိုသော်၊
၁၁သူတို့ပေးဆပ်ရန်ရှိသော ငွေ၊ ဂျုံစပါး၊ စပျစ်ရည်၊ သံလွင်ဆီအကြွေးရှိသမျှ ကိုသင်ပုန်းချေလိုက်ကြစို့။ သူတို့၏လယ် များ၊ စပျစ်ဥယျာဉ်များ၊ သံလွင်ခြံများ နှင့်အိမ်များကိုယခုချက်ချင်းပြန်လည် ပေးအပ်လိုက်ကြစို့'' ဟုပြောကြား၏။
12 ၁၂ သူတို့က ပြန်ပေးပါမည်။ ဘာမျှမတောင်းမယူ ပါ။ ကိုယ်တော်မိန့်တော်မူသည်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့သည် ဂတိထား သည်အတိုင်း ပြုရမည်အကြောင်း၊ ငါသည် သူတို့ကို ခေါ်၍ ကျိန်ဆိုစေပြီးမှ၊
၁၂ခေါင်းဆောင်များက``အကျွန်ုပ်တို့သည်အရှင် ပြောဆိုသည့်အတိုင်းပြုပါမည်။ ထိုသူတို့ ၏ဥစ္စာပစ္စည်းများကိုပြန်လည်ပေးအပ်ကြ ပါမည်။ အကြွေးများကိုလည်းတောင်းခံမှု ပြုကြတော့မည်မဟုတ်ပါ'' ဟုပြန်ပြော ကြ၏။ ငါသည်ယဇ်ပုရောဟိတ်များကိုခေါ်ယူကာ သူတို့၏ရှေ့တွင်ခေါင်းဆောင်တို့အား မိမိတို့ ကတိအတိုင်းပြုလုပ်ကြရန်ကျိန်ဆိုစေ၏။-
13 ၁၃ ကိုယ်ခါးပိုက်ကို ခါလျက်၊ ဂတိပျက်သော သူအပေါင်းတို့ကို ဘုရားသခင်သည် အိမ်တော်၊ အမှုတော် ထဲက ဤသို့ခါလိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ခါပစ်လိုက်ခြင်းကို ခံရကြပါစေဟုဆို၍ စည်းဝေး သောသူအပေါင်းတို့သည် အာမင်ဟု ဝန်ခံ၍ ထာဝရ ဘုရားကို ချီးမွမ်းကြ၏။ လူများတို့သည်လည်း၊ ဂတိထား သည်အတိုင်း ပြုကြ၏။
၁၃ထိုနောက်ငါပတ်ထားသည့်ခါးစည်း ကိုချွတ်၍ခါပြီးလျှင်``ကတိမတည်သူသင် တို့ရှိသမျှကိုဘုရားသခင်သည်ဤသို့ ခါတော်မူလိမ့်မည်။ သင်တို့၏အိမ်များနှင့်သင် တို့ပိုင်ပစ္စည်းဥစ္စာဟူသမျှကိုသိမ်းယူတော် မူမည်ဖြစ်၍သင်တို့အတွက်အဘယ်အရာ မျှကျန်ရှိလိမ့်မည်မဟုတ်'' ဟုဆို၏။ ထိုအရပ်တွင်ရှိသောသူအပေါင်းတို့ က``အာမင်'' ဟုဝန်ခံပြီးလျှင်ထာဝရ ဘုရားကိုထောမနာပြုကြကုန်၏။ ထို နောက်ခေါင်းဆောင်တို့သည်မိမိတို့၏ ကတိအတိုင်းဆောင်ရွက်ကြလေသည်။
14 ၁၄ ထိုမှတပါး ယုဒမြို့ဝန်အရာကို ငါခံသောအချိန်၊ အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်မှစ၍ သုံးဆယ်နှစ်နှစ် တိုင်အောင်၊ တဆယ်နှစ် နှစ်ပတ်လုံး ငါနှင့် ငါ့ညီတို့သည် မြို့ဝန်ရိက္ခာကိုမစား။
၁၄ယုဒဘုရင်ခံအဖြစ်နှင့်ငါတာဝန်ယူရ သည့်တစ်ဆယ့်နှစ်နှစ်အတောအတွင်းအာ တဇေရဇ်ဧကရာဇ်မင်း၏နန်းစံအနှစ် နှစ်ဆယ်မြောက်မှသုံးဆယ့်နှစ်နှစ်မြောက် တိုင်အောင် ငါနှင့်တကွငါ၏ဆွေမျိုးသား ချင်းတို့သည်ဘုရင်ခံအနေဖြင့်ငါရ သင့်ရထိုက်သည့်ရိက္ခာကိုမယူပါ။-
15 ၁၅ အရင်မြို့ဝန်တို့ကို လူများတို့သည် ကျွေးရကြ၏။ မုန့်နှင့်စပျစ် ရည်ကို၎င်း၊ တနေ့လျှင် ငွေလေးဆယ်ကို၎င်း ပေးရကြ၏။ မင်းလုလင်၏ စေစားခြင်းကိုလည်း ခံရကြ ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ အရင်မြို့ဝန်ကဲ့သို့မပြု။
၁၅ငါ၏အလျင်ဘုရင်ခံလုပ်ခဲ့သူတို့သည် ပြည်သူတို့အားဝန်လေးစေခဲ့ကြ၏။ သူ တို့ထံမှရိက္ခာနှင့်စပျစ်ရည်အတွက်တစ် နေ့လျှင် ငွေဒင်္ဂါးလေးဆယ်တောင်းယူခဲ့ ကြလေသည်။ ထိုဘုရင်ခံတို့၏အစေ အပါးများသည်ပင်လျှင်ပြည်သူတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြ၏။ ငါမူကား ဘုရားသခင်အားကြောက်ရွံ့ရိုသေသူ ဖြစ်သဖြင့်ထိုသို့မပြု။-
16 ၁၆ ထိုမှတပါး၊ ငါသည် မြို့ရိုးကိုအမြဲလုပ်၍နေ၏။ ငါနှင့် ငါ့ကျွန်တို့ သည်လယ်ယာကို မဝယ်၊ မြို့ရိုးတည်ခြင်း အမှုကိုသာ ဝိုင်းညီ၍ ကြိုးစားကြ၏။
၁၆ငါ့မှာရှိသမျှသောစွမ်းရည်ခွန်အားကိုမြို့ ရိုးတည်ဆောက်ရာတွင်အသုံးပြု၏။ ငါသည် အဘယ်လယ်မြေကိုမျှလည်းမဝယ်။ ငါ၏ အလုပ်သမားရှိသမျှသည်လည်းမြို့ရိုး တည်ဆောက်မှုတွင်ပါဝင်လုပ်ကိုင်ကြသည်။-
17 ၁၇ ထိုမှတပါး၊ ပတ်ဝန်းကျင်၌နေ၍ ငါတို့ထံသို့ လာသော တပါးအမျိုးသားကို မဆိုဘဲ၊ ယုဒအမျိုးသားတို့ နှင့် မင်းအရာရှိ တရာငါးကျိပ်တို့သည် ငါ့စားပွဲ၌ စားသောက်မြဲရှိကြ၏။
၁၇ပတ်ဝန်းကျင်တိုင်းပြည်များမှငါ့ထံသို့ လာရောက်ကြသည့်လူများအပြင် ယုဒ အမျိုးသားများနှင့် သူတို့၏ခေါင်းဆောင် တစ်ရာ့ငါးဆယ်ကို ငါသည်ငါ့စားပွဲတွင် ပုံမှန်ကျွေးမွေး၏။-
18 ၁၈ နေ့တိုင်း ငါ့စားပွဲကို နွားတကောင်၊ ရွေးသော သိုးခြောက်ကောင်၊ ကြက်များကို စီရင်ရ၏။ ဆယ်ရက် တခါများစွာသော စပျစ်ရည်အမျိုးမျိုးကိုလည်း တင်ရ၏။ ထိုမျှလောက်ကုန်သော်လည်း၊ လူများတို့သည် ပင်ပန်းစွာ အမှုစောင့်ရသောကြောင့်၊ မြို့ဝန်၌ ရိက္ဓာကို ငါမတောင်း။
၁၈ယင်းသို့ကျွေးမွေးရန်အတွက်နေ့စဉ်နေ့တိုင်း နွားတစ်ကောင်၊ လက်ရွေးစင်သိုးခြောက်ကောင် နှင့်ကြက်အမြောက်အမြားကိုချက်ပြုတ် ကျွေးမွေးသည်။ ထို့ပြင်ဆယ်ရက်တစ်ကြိမ် စပျစ်ရည်ကိုလည်းထုတ်ပေး၏။ သို့ရာတွင် ငါသည်ပြည်သူတို့ထမ်းရသောဝန်လေး ကြောင်းကိုသိသဖြင့် ဘုရင်ခံအနေဖြင့် ခံစားထိုက်သောရိက္ခာကြေးများကိုမ တောင်းခံပါ။
19 ၁၉ အိုအကျွန်ုပ် ဘုရားသခင်၊ ဤလူတို့အဘို့ အကျွန်ုပ်ပြုသမျှအတွက် အကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုတော်မူပါ။
၁၉အို ဘုရားသခင်၊ ဤလူတို့အတွက်အကျွန်ုပ် ပြုခဲ့သမျှကိုသတိရ၍အကျွန်ုပ်အား ကျေးဇူးပြုတော်မူပါ။