< မိက္ခာ 6 >
1 ၁ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြ လော့။ ထ၍ တောင်ကြီးတို့ရှေ့မှာ တရားတွေ့သဖြင့်၊ တောင်ငယ်တို့သည် သင့်စကားကို ကြားကြစေ။
၁ဣသရေလအမျိုးသားတို့၊ ထာဝရဘုရား ၏စွပ်စွဲတော်မူချက်ကိုနားထောင်လော့။ အို ထာဝရဘုရား၊ ထတော်မူ၍ကိုယ်တော် ၏စွပ်စွဲချက်ကိုမိန့်တော်မူပါ။ ကိုယ်တော် မိန့်တော်မူချက်ကိုတောင်နှင့်တောင်ကုန်း များကြားကြပါစေ။
2 ၂ အိုတောင်တို့၊ ခိုင်ခံ့သောမြေအမြစ်တို့၊ ထာဝရ ဘုရား၏တရားတွေ့မှုကို နားထောင်ကြလော့။ ထာဝရ ဘုရားသည် မိမိလူမျိုးနှင့် တရားတွေ့စရာရှိ၏။ ဣသရေ လအမျိုးနှင့် ဆွေးနွေးငြင်းခုံတော်မူမည်။
၂ကမ္ဘာမြေကြီး၏တည်မြဲသောအခြေအမြစ် ဖြစ်သည့်တောင်များတို့၊ ထာဝရဘုရား၏ စွပ်စွဲတော်မူချက်ကိုနားထောင်ကြလော့၊ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားစွဲချက်တင်ရန်ရှိတော်မူသည်။ ကိုယ် တော်သည်ဣသရေလအမျိုးသားတို့ နှင့်အမှုဆိုင်ရန်ရှိသည်။
3 ၃ အို ငါ၏လူမျိုး၊ သင့်ကို အဘယ်သို့ ငါပြုဘူး သနည်း။ အဘယ်သို့ ညှဉ်းဆဲဘူးသနည်း။ ငါ့တဘက်၌ သက်သေခံလော့။
၃ထာဝရဘုရားက``ငါ၏လူမျိုးတော်တို့၊ သင်တို့ဤမျှလောက်ဆိုးရွားလာစေရန် သင်တို့အားငါမည်ကဲ့သို့ပြုလုပ်ခဲ့ဖူး သနည်း။ ငါ့အားဖြေကြားလော့။-
4 ၄ သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ။ ကျွန်ခံ နေရာအရပ်မှ ရွေးနှုတ်ပြီ။ သင့်ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ။
၄ငါသည်သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့၏။ ကျွန်ခံရာဘဝမှကယ်တင်ခဲ့၏။ သင် တို့ကိုရှေ့ဆောင်လမ်းပြရန်မောရှေ၊ အာရုန် နှင့်မိရိအံတို့ကိုငါစေလွှတ်ခဲ့၏။-
5 ၅ အို ငါ၏လူမျိုး၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ စပ်ကြားမှာ မောဘမင်းကြီး ဗာလက်ကြံစည်သော အကြံ ကို၎င်း၊ ဗောရသား ဗာလမ်ပြန်ပြောသောစကားကို၎င်း အောက်မေ့လော့။ ထိုသို့ အောက်မေ့မိလျှင်၊ ထာဝရ ဘုရား၏ ဖြောင့်မတ်တော်မူခြင်းကို နားလည်လိမ့်မည်။
၅ငါ၏လူမျိုးတော်တို့၊ မောဘပြည့်ရှင်ဗာလက် မင်းက သင်တို့ပျက်စီးရာပျက်စီးကြောင်းမည် ကဲ့သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ ဗောရ ၏သားဗာလမ်ကဘုရင်အားမည်ကဲ့သို့ပြန် ပြောသည်ကိုလည်းကောင်း သတိရကြလော့၊ အကေးရှားစခန်းမှဂိလဂါလမြို့သို့ သွားသောခရီးလမ်းတွင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကိုသတိရကြလျှင် ထာဝရဘုရားသည်သင်တို့အားမည်ကဲ့ သို့ ကယ်တင်တော်မူခဲ့ကြောင်းသင်တို့သိ မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
6 ၆ ငါသည် ထာဝရဘုရားရှေ့တော်သို့ အဘယ် ပူဇော်သက္ကာပါလျက် ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရား သခင့်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော။
၆ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရ ဘုရားထံတော်သို့ဝတ်ပြုကိုးကွယ်ရန်လာ သောအခါ ငါသည်မည်သည့်ပူဇော်သကာကို ယူဆောင်ခဲ့ရပါမည်နည်း၊ ဆူဖြိုးသောနွား ကလေးကိုမီးရှို့ပူဇော်ရန်ယူဆောင်ခဲ့ရ ပါမည်လော၊-
7 ၇ ထာဝရဘုရားသည် သိုးထီးတထောင်၊ ဆီမြစ် တသောင်းကို အားရနှစ်သက်တော်မူမည်လော။ ငါ့လွန် ကျူးခြင်းအတွက် ငါ၏သားဦးကို၎င်း၊ ငါ့စိတ်ဝိညာဉ်၏ အပြစ်အတွက် ငါ၏ရင်သွေးကို၎င်း ပူဇော်ရမည်လော၊
၇ငါသည်သိုးထောင်ပေါင်းများစွာကိုသော် လည်းကောင်း၊ သံလွင်ဆီကိုချောင်းစီးအောင် သော်လည်းကောင်းယူဆောင်ခဲ့လျှင် ထာဝရ ဘုရားနှစ်သက်တော်မူမည်လော၊ ငါ၏ အပြစ်ပြေစေရန်ကိုယ်တော်အား ငါ၏ သားဦးကိုဆက်သရမည်လော၊-
8 ၈ အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသော စိတ်နှင့် ကျင့်နေခြင်း မှတပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်း တော်မူသနည်း။
၈ထာဝရဘုရားသည်ကောင်းသောအရာကို ပြတော်မူပြီ။ ကိုယ်တော်အလိုရှိတော်မူ သောအရာကိုဖော်ပြတော်မူခဲ့ပြီ။ ကိုယ် တော်အလိုရှိသောအရာသည်ကားတရား မျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာထား ရှိခြင်း၊ စိတ်နှိမ့်ချစွာသင်၏ဘုရားသခင် နှင့်အတူသွားလာနေထိုင်ခြင်းတို့ဖြစ် သတည်း။
9 ၉ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မြို့ကို ဟစ်ခေါ်တော်မူ၏။ ပညာရှိသော သူသည် နာမတော်ကို ကြောက်ရွံ့ရ၏။ ဆုံးမခြင်းကို၎င်း၊ စီရင်သောသူသည် အဘယ်သူဖြစ်သည်ကို၎င်း နားထောင်ကြလော့။
၉ထာဝရဘုရားကိုကြောက်ရွံ့သောသူသည် ပညာရှိ၏။ ကိုယ်တော်သည်မြို့ကိုဤသို့ဆင့် ဆိုတော်မူ၏။ ``မြို့ထဲရှိလူပရိသတ် အပေါင်းတို့၊ နာခံကြလော့၊-
10 ၁၀ မတရားသော သူတို့၏အိမ်၌ မတရားသဖြင့် ဆည်းဖူးသော ဥစ္စာနှင့်၊ ရွံရှာဘွယ်သော တင်းတောင်း ငယ်ရှိသေးသလော။
၁၀ဆိုးသွမ်းသောသူတို့၏အိမ်များတွင်မတ ရားသဖြင့် ရရှိထားသောဥစ္စာပစ္စည်းများ ရှိ၏။ သူတို့သည်မမှန်ကန်သည့်အခြင် အတွယ်တို့ကိုသုံးကြ၏။ ထိုမမှန်ကန် သည့်အခြင်အတွယ်တို့ကိုငါရွံရှာ၏။-
11 ၁၁ မတရားသော ချိန်ခွင်နှင့် စဉ်းလဲသော အလေး အိတ်ရှိသော မြို့ကိုသန့်ရှင်းသော မြို့ဟူ၍ ငါမှတ်ရမည် လော။
၁၁မမှန်ကန်သောအလေးချိန်ခွင်ကိုသုံးစွဲ သူတို့အား ငါသည်မည်ကဲ့သို့အပြစ်လွှတ် နိုင်မည်နည်း။-
12 ၁၂ မြို့သားသူဌေးတို့သည် အနိုင်အထက်ပြု၍ ရတတ်ကြ၏။ ဆင်းရဲသားတို့သည်လည်း မုသာကို သုံး တတ်ကြ၏။ သူတို့နှုတ်၌ ရှိသောလျှာသည် မုသာဖြစ်၏။
၁၂ဥစ္စာပစ္စည်းကြွယ်ဝသူတို့သည်ဆင်းရဲသား တို့အပေါ်တွင်ခေါင်းပုံဖြတ်ကြ၏။ သင်တို့ အပေါင်းသည်လူလိမ်များဖြစ်ကြ၏။-
13 ၁၃ သို့ဖြစ်၍၊ သင်၏အပြစ်ကြောင့် သင့်ကိုငါ သုတ် သင်ပယ်ရှင်းခြင်းအလိုငှါ နာကျင်စွာ ဒဏ်ခတ်မည်။
၁၃သို့ဖြစ်၍သင်တို့၏ဒုစရိုက်အပြစ်များ ကြောင့် ငါသည်ယခုသင်တို့အားဒဏ်ခတ်၍ ပျက်သုဉ်းစေမည်။ လိမ်လည်သောစကားကို ပြောဆိုကြ၏။-
14 ၁၄ သင်သည် စားသော်လည်းမဝရ။ မွတ်သိပ်ခြင်း ကို ခံရမည်။ သင်သည် ချီသော်လည်းယူ၍ မသွားရ။ ယူသွားသော အရာကိုလည်း ထားဘေးသို့ ငါအပ်မည်။
၁၄သင်တို့သည်အစားအစာကိုစားသော်လည်း တင်းတိမ်မှုမရှိ။ ဆာလောင်မြဲဆာလောင်လျက် ရှိနေမည်။ သင်တို့ရရှိသမျှသောဥစ္စာပစ္စည်း များကိုစုဆောင်းထားနိုင်လိမ့်မည်မဟုတ်။ စုဆောင်းထားသောဥစ္စာပစ္စည်းများကိုလည်း ငါသည်စစ်ဘေးဒဏ်ဖြင့်ဖျက်ဆီးပစ်မည်။-
15 ၁၅ မျိုးစေ့ကို ကြဲသော်လည်း၊ စပါးကို မရိတ်ရ။ သံလွင်သီးကို နယ်သော်လည်း၊ ဆီနှင့်ကိုယ်ကိုမလိမ်းရ။ စပျစ်သီးကို နယ်သော်လည်း၊ စပျစ်ရည်ကို မသောက်ရ။
၁၅သင်တို့သည်ကောက်ပဲသီးနှံကိုစိုက်ပျိုးသော် လည်း အသီးအနှံကိုမရိတ်သိမ်းရ။ သင်တို့ သည်သံလွင်ဆီကြိတ်သော်လည်းဆီကိုမ သုံးရ။ စပျစ်သီးကိုနယ်သော်လည်းစပျစ် ရည်ကိုမသောက်ရ။-
16 ၁၆ အကြောင်းမူကား၊ သင်သည် ဩမရိမင်း၏ စီရင်ထုံးဖွဲ့ချက်တို့ကို၎င်း၊ အာဟပ်မင်းမျိုး ကျင့်သော အကျင့်ရှိသမျှကို၎င်း ကျင့်စောင့်၍၊ သူတို့၏ တိုက်တွန်း ရာသို့ လိုက်တတ်၏။ သို့ဖြစ်၍၊ သင့်ကို ငါ သုတ်သင် ပယ်ရှင်း၍ မြို့သားတို့ကို ဆဲရေးရာဖြစ်စေသဖြင့်၊ သင် သည် ငါ၏လူတို့ကဲ့ရဲ့ခြင်းကို ခံရမည်။
၁၆သင်တို့သည်သြမရိဘုရင်နှင့်သူ၏သား အာဟပ်မင်းတို့၏ ဆိုးညစ်သည့်စရိုက်ကို လိုက်၍ကျင့်ကြသဖြင့် ထိုပျက်စီးဆုံးရှုံး ခြင်းနှင့်တွေ့ကြုံရလိမ့်မည်။ လူတိုင်းက သင်တို့ကိုကဲ့ရဲ့ကြလိမ့်မည်။ လူမျိုး တကာတို့သည်သင်တို့ကိုသရော်ကြ လိမ့်မည်။''