< မိက္ခာ 2 >
1 ၁ ဒုစရိုက်ကို ပြုခြင်းငှါ အိပ်ရာပေါ်မှာ မကောင်း သော အကြံကိုကြံ၍၊ မိုဃ်းလင်းသောအခါ အခွင့်ရသည် အတိုင်း ပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။
၁အိပ်ရာပေါ်တွင်လဲလျောင်းလျက် မကောင်းမှု ကိုကြံစည်သူတို့သည်အမင်္ဂလာရှိကြ၏။ နံနက်မိုးလင်းသောအခါသူတို့သည်အခွင့် ရလျှင်ရခြင်း မိမိတို့ကြံစည်သည့်မကောင်း မှုကိုပြုလုပ်တတ်ကြ၏။-
2 ၂ သူတပါး၏အိမ်နှင့် လယ်ယာတို့ကို တပ်မက်၍ အနိုင်အထက်သိမ်းယူလျက်၊ လူနှင့်သူ၏အိမ်ကို၎င်း၊ လူကြီးနှင့်သူ၏အမွေဥစ္စာကို၎င်း လုယက်၍ ညှဉ်းဆဲ တတ်ကြ၏။
၂သူတို့သည်သူတစ်ပါး၏အိမ်ကိုဖြစ်စေ၊ လယ်ယာကိုဖြစ်စေ၊ တပ်မက်လာလျှင်အနိုင် အထက်သိမ်းယူတတ်ကြသည်။ မည်သူ၏အိုး အိမ်နှင့်အမွေပစ္စည်းဟူသမျှလုံခြုံသည် ဟူ၍မရှိ။
3 ၃ သို့ဖြစ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့လည်ပင်းမလွတ်၊ ခေါင်းမကြွနိုင်သော ဘေးဒဏ် ကို ထိုသို့သော အိမ်ထောင်တဘက်၌ ငါကြံစည်၏။ ဆိုးသောကာလဖြစ်လိမ့်မည်။
၃သို့ဖြစ်၍ထာဝရဘုရားက``သင်တို့ဘေး ဒုက္ခရောက်စေရန်ငါစီရင်မည်။ ထိုဘေးဒုက္ခ မှသင်တို့လွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ သင်တို့သည်ဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါသင်တို့သည်မောက်မာကြွားဝါ နိုင်ကြလိမ့်မည်မဟုတ်။-
4 ၄ ထိုကာလတွင် သင်တို့ တဘက်၌ ပုံစကားကို သုံး၍၊ အလွန်ပြင်းစွာ မြည်တမ်းရသော စကားဟူမူကား၊ ငါတို့သည် ရှင်းရှင်းပျက်စီးကြပြီ။ ငါ့အမျိုးသား ခံစားရ သော အဘို့ကိုလဲ၍ ငါ့လက်မှ ရုပ်တော်မူပြီတကား။ ငါတို့ လယ်ကွက်များကို ရုပ်သိမ်း၍၊ သူတပါးတို့အား ဝေဖန် တော်မူပြီ။
၄ထိုအချိန်ကာလရောက်ရှိလာသောအခါ လူများတို့က သင်တို့ဘေးဒုက္ခရောက်ရပုံ ကိုအကြောင်းပြု၍ ပြောစမှတ်ပြုကြ လိမ့်မည်။ သင်တို့၏ဘဝအတွေ့အကြုံ ကိုလည်းဤသို့ဝမ်းနည်းကြေကွဲဖွယ် တေးဖွဲ့သီဆိုကြလိမ့်မည်။ ငါတို့သည်လုံးဝအကျိုးနည်းပျက်စီး ကြပြီ။ ထာဝရဘုရားသည်ငါတို့ပြည်ကိုငါတို့ လက်မှ ရုပ်သိမ်း၍ရန်သူ့လက်သို့အပ်သဖြင့် ငါတို့သည်လည်းတစ်ပါးကျွန်ဖြစ်ရချေပြီ။
5 ၅ ထိုကြောင့်၊ ထာဝရဘုရား၏ပရိသတ်တော်တွင်၊ သင်တို့ ခံစားရသောအဘို့ကို ကြိုးတန်းနှင့် တိုင်းထွာသောသူ မရှိရ။
၅သို့ဖြစ်၍တိုင်းပြည်ကိုထာဝရဘုရား ၏လူမျိုးတော်လက်သို့ပြန်၍အပ်သော အခါ၌ သင်တို့အနက်မည်သူမျှမြေ ဝေစုကိုရမည်မဟုတ်။
6 ၆ ပရောဖက်ပြုသော သူတို့၊ ပရောဖက်မပြုကြ နှင့်။ သူတို့သည် ရှက်ကြောက်မည်အကြောင်း ပရောဖက် မပြုရကြ။
၆လူတို့က``အကျွန်ုပ်တို့အားတရားမဟော ပါနှင့်၊ ထိုအကြောင်းအရာတို့ကိုမပြော ပါနှင့်၊ ဘုရားသခင်သည်အကျွန်ုပ်တို့အား အရှက်ကွဲအကျိုးနည်းဖြစ်စေတော်မူ မည်မဟုတ်ပါ။-
7 ၇ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဆီးတား ခြင်းကို ခံရသလော။ ဤအမှုတို့ကို ပြုတော်မူသလောဟု ဣသရေလအမျိုးသားမေးလျှင်၊ ဖြောင့်မတ်စွာ ကျင့်သော သူသည် ငါ့စကားအားဖြင့် အကျိုးကို ရသည်မဟုတ် လော။
၇ဣသရေလအမျိုးသားတို့သည် ကျိန်စာ သင့်နေပြီဟူ၍မထင်ပါနှင့်။ ထာဝရ ဘုရားသည်သည်းမခံနိုင်တော့ပြီလော။ ကိုယ်တော်သည်ထိုသို့ဧကန်ပြုတော်မူ ပါမည်လော။ ဖြောင့်မတ်စွာကျင့်ကြံသူ တို့အား ကိုယ်တော်သည်သနားကြင်နာ သည့်စကားကိုပြောတော်မူမည်မဟုတ် ပါလော'' ဟုငါ့အားပြန်၍တရားဟော ကြ၏။
8 ၈ ရှေးကာလ၌ပင် ငါ၏လူတို့သည် ရန်ဘက်ပြု၍ ထကြ၏။ စစ်တိုက်ရာမှ ပြန်၍ ဘေးကိုမကြောက်ဘဲ၊ ရှောက်သွားသောသူတို့၏ ပြင်အဝတ်နှင့် အတွင်းအဝတ် ကို လုယူတတ်ကြ၏။
၈ထိုအခါထာဝရဘုရားက``သင်တို့သည် ငါ၏လူမျိုးတော်ကိုရန်သူသဖွယ်တိုက် ခိုက်ကြ၏။ လုံခြုံမှုရှိရာနေအိမ်သို့စစ် ပွဲမှပြန်လာသူတို့၏ အပေါ်ရုံအင်္ကျီကို သင်တို့ချွတ်ယူကြ၏။-
9 ၉ ငါ့လူတို့၏မယားများကို သူတို့သာယာသော နေရာထဲက နှင်ထုတ်၍၊ သူတို့သားများမှ ငါ၏ဘုန်းကို အစဉ်နှုတ်ယူ ကြပြီ။
၉သင်တို့သည်ငါ၏လူမျိုးတော်တို့၏အမျိုး သမီးများကိုသူတို့မြတ်နိုးသောနေအိမ် များမှနှင်ထုတ်ကြ၍ သူတို့သားသမီးများ အနာဂတ်ကောင်းစားရေးမျှော်လင့်ချက် ဖြစ်သည့် ထာဝရဘုရား၏ကောင်းချီး မင်္ဂလာကိုပျက်ပြားစေကြ၏။-
10 ၁၀ ထ၍ သွားကြလော့။ ဤပြည်သည် သင်တို့ငြိမ် ဝပ်ရာအရပ်မဟုတ်။ ဤအရပ်သည် ညစ်ညူးသော ကြောင့်ကြီးစွာသော ပျက်စီးခြင်းနှင့် ပျက်စီးရလိမ့်မည်။
၁၀ထ၍ထွက်ခွာကြလော့။ ဤပြည်သည်သင်တို့ လုံခြုံစွာနေထိုင်ရာအရပ်မဟုတ်တော့ပြီ။ သင်တို့၏ဒုစရိုက်အပြစ်ကြောင့်ဤပြည် သည်ပျက်စီးရလိမ့်မည်။
11 ၁၁ ကိုယ်အလိုသို့ လိုက်၍ မုသားစကားကို သုံး သော သူက၊ ငါသည် ပရောဖက်ပြု၍ စပျစ်ရည်တရား နှင့် သေရည်သေရက်တရားကို ဟောပြောမည်ဟုဆိုလျှင်၊ ထိုသူသည် ဤလူတို့၏ပရောဖက်ဖြစ်ရလိမ့်မည်။
၁၁``သင်တို့တွင်စပျစ်ရည်နှင့် အရက်လှိုင်လှိုင် ပေါများလိမ့်မည်ဟုငါဟော၏' ဟူ၍လိမ် လည်လှည့်ဖြားပြောဆိုတတ်သောပရောဖက် မျိုးကိုဤသူတို့နှစ်သက်ကြ၏။
12 ၁၂ အိုယာကုပ်၊ ငါသည် သင်၏အမျိုးသားအပေါင်း တို့ကို၎င်း၊ ကျန်ကြွင်းသော ဣသရေလအမျိုးသား အပေါင်းတို့ကို၎င်း ဆက်ဆက်စုဝေးစေမည်။ သိုးခြံ၌ သိုး များကဲ့သို့၎င်း၊ ကျက်စားရာအရပ်ထဲမှာ သိုးစုကဲ့သို့၎င်း သူတို့ကို ငါစု၍ ထားမည်။ လူများသောကြောင့် အသံကြီး လိမ့်မည်။
၁၂``ငါသည်သင်တို့တွင်ကြွင်းကျန်သောဣသ ရေလအမျိုးသားအားလုံးကိုစုရုံးမည်။ ခြံ သို့ပြန်လာသောသိုးများသဖွယ်သင်တို့ကို စုသိမ်းမည်။ စားကျက်တွင်သိုးမြောက်မြား စွာစုရုံးကျက်စားသကဲ့သို့ သင်တို့၏ပြည် တွင်တစ်ဖန်လူမြောက်မြားစွာနေထိုင်လိမ့် မည်'' ဟုပြန်လည်ဖြေကြားတော်မူ၏။
13 ၁၃ အနိုင်အထက်ဖွင့်သောသူသည် သူတို့ရှေ့မှာ သွား၏။ သူတို့သည်လည်း အနိုင်အထက် ဖွင့်၍ တံခါးဝ ဖြင့် ရှောက်သွားကြ၏။ သူတို့ ရှင်ဘုရင်သည် သူတို့ရှေ့ မှာသွား၍ ထာဝရဘုရားသည် လမ်းပြတော်မူ၏။
၁၃သူတို့အားပြည်နှင်ဒဏ်ခံရာမှလွတ် မြောက်ရန် ဘုရားသခင်ကိုယ်တော်တိုင်ရှေ့ ဆောင်လမ်းပြတော်မူမည်။ သူတို့သည်မြို့ တံခါးများကိုချိုးဖောက်၍လွတ်မြောက် လာကြမည်။ သူတို့၏ဘုရင်ထာဝရဘုရား ကိုယ်တော်တိုင်သူတို့ကိုထုတ်ဆောင်တော် မူမည်။