< လုကာ 16 >
1 ၁ တပည့်တော်တို့အားတဖန် မိန့်တော်မူသည်ကား၊ ငွေရတတ်သောသူတယောက်၌ ဘဏ္ဍာစိုးရှိ၏။ ထို ဘဏ္ဍာစိုးသည် သင်၏ဥစ္စာများကို ဖျက်ဆီးသည်အကြောင်းကို သူတပါးတို့သည် သခင်ရှေ့၌ အပြစ်တင် ကြသော်၊
၁တစ်ဖန်ကိုယ်တော်ကတပည့်တော်တို့အား ``အ ခါတစ်ပါး၌သူဌေးတစ်ယောက်မှာမန်နေဂျာ တစ်ဦးရှိ၏။ ထိုသူသည်သူဌေး၏ဥစ္စာပစ္စည်း များကိုဖြုန်းတီးလျက်နေကြောင်းကို လူတို့က သူဌေးအားတိုင်တန်းကြ၏။-
2 ၂ သခင်သည် ဘဏ္ဍာစိုးကို ခေါ်၍၊ သင်၏အမူအရာ၌ ငါကြားရသောစကားကား အဘယ်သို့နည်း။ ဘဏ္ဍာစိုးအရာ၌ မှတ်သားသော စာရင်းကို ပေးလော့။ ယခုမှစ၍ ဘဏ္ဍာစိုးမလုပ်ရဟု ဆို၏။
၂သူဌေးသည်သူ့ကိုခေါ်၍ `သင့်အကြောင်းငါကြား ရသည်မှာအသို့နည်း။ သင်၏လုပ်ငန်းနှင့်ဆိုင်သော ငွေစာရင်းများကိုတင်ပြလော့။ သင်သည်ဆက်၍ ငါ၏မန်နေဂျာလုပ်ရတော့မည်မဟုတ်' ဟုဆို၏။-
3 ၃ ထိုအခါ ဘဏ္ဍာစိုးက၊ ငါသည် အဘယ်သို့ပြုရမည်နည်း။ ငါ၏သခင်သည် ဘဏ္ဍာစိုးအရာကို နှုတ်လေပြီ။ လယ်လုပ်ခြင်းငှါ မစွမ်းနိုင်။ သူတောင်းစား လုပ်ခြင်းငှါ ရှက်ကြောက်၏။
၃မန်နေဂျာသည်`ငါအဘယ်သို့ပြုရမည်နည်း။ ငါ့သူဌေးသည်မန်နေဂျာရာထူးကိုရုပ်သိမ်း လေပြီ။ ငါ့မှာမြေတူးဆွနိုင်သောခွန်အား မရှိ။ တောင်းရမ်းစားရန်လည်းငါရှက်၏။-
4 ၄ ဘဏ္ဍာစိုးအရာမှ ကျသည်နောက် သူတပါးတို့သည် မိမိတို့အိမ်၌ ငါ့ကိုလက်ခံစေခြင်းငှါ အဘယ်သို့ ငါပြုရမည်ကို ငါသိ၏ဟူ၍ စိတ်ထဲ၌ ကြံစည်ပြီးမှ၊
၄ငါ့ရာထူးပြုတ်ပြီးနောက်လူတို့ငါ့ကိုလက်ခံ ပေါင်းဖော်ကြစေရန်အဘယ်သို့ပြုရမည်ကို ငါသိပြီ' ဟုတစ်ကိုယ်တည်းပြောဆိုကာ။-
5 ၅ သခင်၏ငွေရှိသောသူအပေါင်းတို့ကို ခေါ်၍၊ ငါ၏သခင်ကို ဆပ်ပေးရန် သင်၌အဘယ်မျှလောက်ရှိ သနည်းဟု တယောက်ကိုမေးလျှင်၊
၅သူဌေး၏မြီစားအားလုံးကိုခေါ်၏။ ထိုနောက် ပထမလူအား `ငါ့သူဌေးကိုသင်ပေးဆပ်ရန် အကြွေးမည်မျှရှိသနည်း' ဟုမေး၏။-
6 ၆ ထိုသူက၊ ဆီအခွက်တထောင်ပေးရန် ရှိပါသည်ဟုဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အသော့ထိုင်ပြီးလျှင်၊ အခွက်ငါးရာကို ရေးမှတ်လော့ဟုဆို၏။
၆ထိုသူက `ဆီအချိန်ခွက်တစ်ထောင်ရှိပါသည်' ဟုပြန်ပြော၏။ ထိုအခါမန်နေဂျာက `သင် ၏စာရင်းကိုယူလော့။ အမြန်ထိုင်၍ခွက်ငါး ရာဟုရေးလော့' ဟုဆို၏။-
7 ၇ ထိုနောက် အခြားသောသူကိုခေါ်၍၊ ငါ၏ သခင်ကိုဆပ်ပေးရန် သင်၌ အဘယ်မျှလောက်ရှိသနည်း ဟု မေးလျှင်၊ ထိုသူက၊ ဂျုံစပါးအတင်းတထောင်ပေးရန်ရှိပါသည်ဟု ဆို၏။ ဘဏ္ဍာစိုးကလည်း၊ သင်၏ စာရင်းကိုယူ၍ အတင်းရှစ်ရာကို ရေးမှတ်လော့ဟု ဆို၏။
၇ထိုနောက်အခြားသူတစ်ယောက်အား `သင်သည် လည်းပေးဆပ်ရန်အကြွေးမည်မျှရှိသနည်း' ဟုမေး၏။ ထိုသူကဂျုံစပါးတင်းတစ်ထောင် ရှိပါသည်ဟုဆိုလျှင်မန်နေဂျာက `သင်၏ စာရင်းကိုယူလော့၊ အမြန်ထိုင်၍ရှစ်ရာ ဟုရေးလော့' ဟုဆို၏။-
8 ၈ မတရားသော ထိုဘဏ္ဍာစိုးသည် လိမ္မာစွာပြုသည်ကို သခင်သည် ချီးမွမ်းလေ၏။ အကြောင်းမူကား၊ လောကီသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင်၊ အလင်းသို့ရောက်သောသူတို့ထက်သာ၍ လိမ္မာကြ၏။ (aiōn )
၈ဤသို့ပါးနပ်လိမ္မာစွာပြုသည့်အတွက်မရိုး ဖြောင့်သည့်မန်နေဂျာကိုသူဌေးသည်ချီးမွမ်း လေ၏။ အဘယ်ကြောင့်ဆိုသော်လောကီသား တို့သည်လောကီကိစ္စဆောင်ရွက်ရာတွင် အလင်း နှင့်ဆိုင်သောသားများထက်ပါးနပ်လိမ္မာ ကြသောကြောင့်တည်း။ (aiōn )
9 ၉ တဖန် ငါဆိုသည်ကား၊ သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။ (aiōnios )
၉``ထိုမှတစ်ပါးသင်တို့အားငါဆိုသည်ကား လောကစည်းစိမ်ချမ်းသာအားဖြင့်မိတ်ဆွေ များရအောင်ပြုကြလော့။ သို့မှသာထိုစည်း စိမ်ချမ်းသာကုန်ဆုံးသောအခါသင်တို့အား ထာဝရအိမ်တော်တွင်ကြိုဆိုလက်ခံလိမ့် မည်။- (aiōnios )
10 ၁၀ အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ် သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌ သစ္စာမရှိ။
၁၀အမှုငယ်တွင်သစ္စာရှိသူသည်အမှုကြီးတွင် လည်းသစ္စာရှိလိမ့်မည်။ အမှုငယ်တွင်မရိုး ဖြောင့်သူသည်အမှုကြီးတွင်လည်းရိုးဖြောင့် လိမ့်မည်မဟုတ်။-
11 ၁၁ သို့ဖြစ်၍ မမြဲသော လောကီစည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကို သင်တို့၌ အဘယ်သူအပ်မည်နည်း။
၁၁သို့ဖြစ်၍သင်တို့သည်လောကစည်းစိမ်ချမ်းသာ နှင့်ပတ်သက်၍သစ္စာမရှိပါမူ အဘယ်သူသည် သင်တို့အားစည်းစိမ်ချမ်းသာအစစ်အမှန်ကို အပ်မည်နည်း။-
12 ၁၂ သူတပါးအမှု၌ သင်တို့သည် သစ္စာမရှိလျှင်၊ အဘယ်သူသည် အပိုင်ပေးမည်နည်း။
၁၂သင်တို့သည်သူတစ်ပါးပိုင်သည့်ဥစ္စာပစ္စည်းနှင့် ဆိုင်၍သစ္စာမရှိပါမူ အဘယ်သူသည်သင်တို့ ပိုင်ဆိုင်သည့်ဥစ္စာပစ္စည်းကိုသင်တို့အားပေးအပ် မည်နည်း။
13 ၁၃ အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦး မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြဟု မိန့်တော်မူ၏။
၁၃``အဘယ်အစေခံမျှသခင်နှစ်ဦး၏အစေ ကိုမခံနိုင်။ သူသည်သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ တစ်ဦးကိုသစ္စာရှိ၍တစ်ဦး ကိုမလေးမခန့်ပြုမည်။ သင်တို့သည်တစ်ချိန် တည်းမှာပင်ဘုရားသခင်၏အစေနှင့်လောက စည်းစိမ်ချမ်းသာ၏အစေကိုမခံနိုင်ကြ'' ဟုမိန့်တော်မူ၏။
14 ၁၄ ငွေကို တပ်မက်သော ဖာရိရှဲတို့သည် ထိုစကားများကို ကြားလျှင်၊ ကိုယ်တော်ကို ပြက်ယယ်ပြုကြ၏။
၁၄ငွေကိုတပ်မက်သူများဖြစ်သည့်ဖာရိရှဲများ သည်ထိုစကားများကိုကြားလျှင်ကိုယ်တော် ကိုသရော်ကြ၏။-
15 ၁၅ ယေရှုကလည်း၊ သင်တို့သည် လူများရှေ့မှာ ဖြောင့်မတ်ဟန်ဆောင်သော်လည်း၊ ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ လူသဘောအားဖြင့် အမြတ်ထားသောအရာသည် ဘုရားသခင့် ရှေ့တော်၌ စက်ဆုပ်ရွံရှာဘွယ်ဖြစ်၏။
၁၅ကိုယ်တော်က ``သင်တို့သည်မိမိတို့ကိုယ်ကို သူတော်ကောင်းများဟုလူတို့အားထင်မြင် စေကြ၏။ သို့ရာတွင်ဘုရားသခင်သည်သင် တို့၏စိတ်နှလုံးကိုသိတော်မူ၏။ လူတို့အမြတ် တနိုးထားသောအရာသည်ဘုရားသခင်၏ ရှေ့တော်မှာစက်ဆုပ်ဖွယ်ဖြစ်၏။
16 ၁၆ ယောဟန်မရောက်မှီတိုင်အောင် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိ၏။ ယောဟန်လက်ထက်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သောဧဝံဂေလိတရားကို ဟောလျက်ရှိ၏။ လူများတို့သည်လည်း နိုင်ငံတော် ကို အနိုင်အထက်ဝင်ကြ၏။
၁၆``ယောဟန်မပေါ်မီကာလကပညတ်ကျမ်း နှင့်ပရောဖက်ကျမ်းများအာဏာတည်လျက်ရှိ ၏။ ယောဟန်ပေါ်ပြီးချိန်မှစ၍ဘုရားသခင်၏ နိုင်ငံတော်အကြောင်းသတင်းကောင်းကိုဟော ပြောကြေညာခဲ့၏။ လူအပေါင်းတို့သည်လည်း နိုင်ငံတော်သို့အနိုင်အထက်ဝင်ကြကုန်၏။-
17 ၁၇ ပညတ္တိကျမ်း၌ အငယ်ဆုံးသော ဗိန္ဓုတလုံးပျက်စီးလွယ်ထက်၊ ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ်၏။
၁၇သို့ရာတွင်ပညတ်ကျမ်းမှဝစ္စပေါက်တစ်လုံး ပျက်စီးရန်ထက် ကောင်းကင်နှင့်မြေကြီးပျက် စီးရန်ကသာ၍လွယ်၏။
18 ၁၈ အကြင်သူသည် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဘက်ခြင်းကိုပြု၏။ ထိုသူသည် မိမိမယား ကို ပြစ်မှား၏။ လင်ကွာသော မိန်းမနှင့်စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ၏။
၁၈``မိမိ၏ဇနီးကိုကွာ၍အခြားအမျိုးသမီး တစ်ယောက်နှင့်အိမ်ထောင်ပြုသောသူသည်လည်း သူတစ်ပါး၏အိမ်ရာကိုပြစ်မှား၏။ ကွာရှင်းထား သောအမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ပြုသော သူသည်လည်းသူတစ်ပါး၏အိမ်ရာကိုပြစ်မှား၏။
19 ၁၉ ယဖန်တုံ၊ သူဌေးတယောက်သည် နီမောင်းသော ကမ္ဗလာနှင့်ပိတ်ချောကိုဝတ်ဆင်၍၊ ကာမဂုဏ် စည်းစိမ်၌ နေ့တိုင်းပျော်မွေ့လျက်နေ၏။
၁၉``အခါတစ်ပါး၌သူဌေးတစ်ဦးရှိ၏။ သူသည် နေ့စဉ်ကမ္ဗလာနီနှင့်ပိတ်ချောထည်များကို ဝတ်ဆင်လျက်စည်းစိမ်ခံစားလျက်နေ၏။-
20 ၂၀ လာဇရုအမည်ရှိသော သူဆင်းရဲတယောက်သည် တကိုယ်လုံး၌ အနာစိမ်းပေါက်၍၊
၂၀သူ၏အိမ်တံခါးအနီးတွင်လာဇရုဆိုသူ ဆင်းရဲသားတစ်ယောက်သည်တုံးလုံးလဲနေ၏။ သူ့မှာတစ်ကိုယ်လုံးအနာစိမ်းများပေါက်လျက် ရှိ၏။ ခွေးတို့သည်လာ၍သူ၏အနာစိမ်းများ ကိုလျက်ကြ၏။-
21 ၂၁ သူဌေး၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားပါရစေဟု တောင့်တသောစိတ်နှင့် သူဌေးအိမ် တံခါးနားမှာ တုံးလုံးနေ၏။ ခွေးတို့သည် လာ၍ အနာစိမ်းများကို လျက်ကြ။
၂၁သူသည်သူဌေး၏စားပွဲမှကျသည့်စားနုပ် စားပေါက်များကိုစားရရန်တောင့်တနေတတ်၏။-
22 ၂၂ တနေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ရင်ခွင်သို့ ပို့ ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။
၂၂ထိုနောက်ဆင်းရဲသားသည်သေလွန်သွားသဖြင့် ကောင်းကင်တမန်တို့သည် သူ့အားအာဗြဟံ၏ လက်ယာဘက်တွင်လျောင်းစေရန်သယ်ဆောင်သွား ကြ၏။ သူဌေးသည်လည်းသေလွန်၍သင်္ဂြိုဟ်ခြင်း ကိုခံရ၏။-
23 ၂၃ မရဏာနိုင်ငံ၌ ပြင်းပြစွာသောဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်း အဝေးကမြင်လျှင်၊ (Hadēs )
၂၃သူသည်မရဏနိုင်ငံတွင်ဝေဒနာပြင်းစွာခံ နေရသဖြင့် မျှော်ကြည့်လိုက်သောအခါအာဗြဟံ ကိုလည်းကောင်း၊ အာဗြဟံ၏လက်ယာဘက်တွင် လာဇရုကိုလည်းကောင်းမြင်လေ၏။- (Hadēs )
24 ၂၄ အိုအဘအာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသော ကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အကျွန်ုပ်ရှိရာသို့ စေ လွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။
၂၄သူဌေးက `အဖအာဗြဟံ၊ အကျွန်ုပ်ကိုသနား တော်မူပါ။ အကျွန်ုပ်သည်ဤမီးလျှံထဲတွင် ပြင်းစွာဝေဒနာခံနေရပါ၏။ လာဇရုသည် လက်ဖျားကိုရေမှာနှစ်၍အကျွန်ုပ်၏လျှာ ကိုအေးစေမည့်အကြောင်း သူ့အားအကျွန်ုပ် ထံသို့စေလွှတ်တော်မူပါ' ဟုအော်၍လျှောက်၏။
25 ၂၅ အာဗြဟံကလည်း၊ ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါ ချမ်းသာရသည်ကို၎င်း၊ လာဇရုသည် ဆင်းရဲစွာ နေရသည်ကို၎င်း အောက်မေ့လော့။ ယခုမူကား၊ သူသည်သက်သာခြင်းရှိ၏။ သင်သည် ဒုက္ခဝေဒနာ ကို ခံရ၏။
၂၅``သို့ရာတွင်အာဗြဟံက `ငါ့သား၊ သင်အသက် ရှင်စဉ်သုခချမ်းသာခံစားခဲ့ရသည်ကိုလည်း ကောင်း၊ လာဇရုသည်ဆင်းရဲဒုက္ခခံခဲ့ရသည်ကို လည်းကောင်းသတိရပါလော့။ ယခုမှာမူသူ သည်သုခချမ်းသာကိုခံစားရ၍ သင်မူကား ကိုယ်၏ဒုက္ခ၊ စိတ်၏ဒုက္ခကိုခံရလေပြီ။-
26 ၂၆ ထိုမှတပါး၊ ငါတို့နှင့် သင်တို့ စပ်ကြား၌ အလွန်နက်လှသော ချောက်ကြီးတည်လျက်ရှိ၏။ ထိုကြောင့် ဤ အရပ်မှသင်တို့ရှိရာသို့ ကူးချင်သောသူမကူးနိုင်။ ထိုအရပ်မှ ငါတို့ရှိရာသို့ ကူးချင်းသောသူလည်း မကူးနိုင် ဟု ဆို၏။
၂၆ထိုမှတစ်ပါးသင်တို့နှင့်ငါတို့စပ်ကြားတွင် နက်စွာသောချောက်ကြီးတစ်ခုတည်ရှိ၏။ ထို ကြောင့်သင်တို့ဘက်မှငါတို့ဘက်သို့လည်း ကောင်း၊ ငါတို့ဘက်မှသင်တို့ဘက်သို့လည်း ကောင်းကူးဖြတ်လိုသူတို့သည်မကူးဖြတ် နိုင်ကြ' ဟုပြန်၍ပြော၏။-
27 ၂၇ သူဌေးကလည်၊ အိုအဘ၊ ထိုသို့မှန်လျှင်၊
၂၇သူဌေးက `အဖ၊ ထိုသို့ဖြစ်ပါမူလာဇရုအား အကျွန်ုပ်၏အဖအိမ်သို့စေလွှတ်ပေးပါရန် တောင်းပန်ပါ၏။-
28 ၂၈ အကျွန်ုပ်၌ ညီငါးယောက်ရှိပါသည်ဖြစ်၍၊ သူတို့သည် ဤပြင်းပြစွာ ခံရာအရပ်သို့မရောက်မည် အ ကြောင်း၊ သူတို့အား သက်သေခံစေခြင်းငှါ၊ လာဇရုကို အကျွန်ုပ်အဘ၏အိမ်သို့ စေလွှတ်တော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ဟု ပြောဆိုလျှင်၊
၂၈အကျွန်ုပ်မှာညီငါးယောက်ရှိပါ၏။ သူတို့သည် လည်း ဤဝေဒနာခံရာအရပ်သို့မရောက် ကြစေခြင်းငှာ သူတို့အားသတိပေးရန် လာဇရုကိုစေလွှတ်တော်မူပါ' ဟုလျှောက်၏။-
29 ၂၉ အာဗြဟံက၊ သင်၏ညီတို့၌ မောရှေမှစ၍ ပရောဖက်များရှိကြ၏။ ပရောဖက်တို့၏ စကားကို နား ထောင်ကြစေဟုဆို၏။
၂၉အာဗြဟံက `သင်၏ညီများအားသတိပေးရန် မောရှေနှင့်ပရောဖက်များရှိချေသည်။ ထိုသူတို့ ၏စကားကိုနားထောင်ကြပါစေ' ဟုဆို၏။-
30 ၃၀ သူဌေးကလည်း၊ မဟုတ်ပါ အဘအာဗြဟံ။ သေသောလူစုထဲက တယောက်သောသူသည် ထ မြောက်၍ သူတို့ရှိရာသို့ သွားလျှင်၊ သူတို့သည် နောင်တရကြပါလိမ့်မည်ဟုဆိုသော်၊
၃၀သို့ရာတွင်သူဌေးက `အဖအာဗြဟံ၊ ထိုသို့ မဟုတ်ပါ။ အကယ်၍သေလွန်သူများအနက် တစ်ယောက်သောသူသည် သူတို့ထံသို့သွားသည် ရှိသော်သူတို့သည်နောင်တရကြပါလိမ့်မည်' ဟုဆို၏။-
31 ၃၁ အာဗြဟံက၊ သူတို့သည် မောရှေ၏စကား၊ ပရောဖက်တို့၏စကားကို နားမထောင်လျှင်၊ တယောက် သောသူသည် သေခြင်းမှထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။
၃၁အာဗြဟံက `သူတို့သည်မောရှေနှင့်ပရောဖက် များ၏စကားကိုနားမထောင်ကြလျှင် အကယ် ၍သေခြင်းမှလူတစ်စုံတစ်ယောက်ထမြောက် လာသော်လည်း သူတို့ယုံကြည်ကြလိမ့်မည် မဟုတ်' ဟုဆို၏'' ဟူ၍မိန့်တော်မူ၏။