< ယေရမိ 22 >
1 ၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင်၏ နန်းတော်သို့သွား၍ ဆင့်ဆိုရမည်မှာ၊
2 ၂ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ယုဒရှင်ဘုရင်၊ သင့်ကိုယ်တိုင်မှစ၍ သင်၏ကျွန်များနှင့်၊ ဤမြို့တံခါးတို့ဖြင့် ဝင်သော သင်၏လူများတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
3 ၃ ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရား သဖြင့် စီရင်၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲသော သူ၏လက်မှကယ်နှုတ် ကြလော့။ ဧည့်သည်ဖြစ်သောသူ၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့ကို မတရားသဖြင့်မပြု၊ မညှဉ်းဆဲကြနှင့်။ အပြစ်မရှိသော သူတို့ကို ဤအရပ်၌မကွပ်မျက်ကြနှင့်။
4 ၄ အကြောင်းမူကား၊ သင်တို့သည် ဤပညတ်တော် အတိုင်း အမှန်ပြုလျှင်၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ် မှာ ထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်တို့သည် ကျွန် များ၊ နိုင်ငံတော်သားများနှင့်တကွ၊ ဤနန်းတော်တံခါးများ ကို ထွက်ဝင်ရကြလိမ့်မည်။
5 ၅ သို့မဟုတ်၊ သင်တို့သည် ဤအမိန့်တော်ကို နားမထောင်ဘဲနေလျှင်၊ ဤနန်းတော်သည် လူဆိတ်ညံ သော အရပ်ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရားသည် ကိုယ်ကို ကိုယ်တိုင်တည်၍ မိန့်တော်မူ၏။
6 ၆ ယုဒရှင်ဘုရင်၏ နန်းတော်ကို ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ငါ၌ ဂိလဒ်အရပ်ကဲ့သို့ ၎င်း၊ လေဗနုန်တောင်ထိပ်ကဲ့သို့၎င်း ဖြစ်သော်လည်း၊ အကယ်စင်စစ် ငါသည်သင့်ကို လူမနေသော မြို့ကဲ့သို့ တောဖြစ်စေမည်။
7 ၇ သင့်ကို ဖျက်ဆီးစေခြင်းငှါ၊ ထားနှင့်ပုဆိန်ပါ သော သူတို့ကို ငါပြင်ဆင်သဖြင့်၊ သူတို့သည် သင်၌ အမြတ်ဆုံးသော အာရဇပင်တို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက် ကြလိမ့်မည်။
8 ၈ လူအမျိုးမျိုးတို့သည် ဤမြို့အနားမှာ ရှောက် သွားလျက်၊ ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ် ကြောင့် ဤသို့ပြုတော်မူသနည်းဟု၊ တယောက်ကို တယောက် မေးကြသည်ရှိသော်၊
9 ၉ ဤ မြို့သားတို့သည် မိမိတို့ဘုရားသခင် ထာဝရ ဘုရား၏ ပဋိညာဉ်ကို စွန့်ပစ်၍၊ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ဤသို့ ပြုတော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။
10 ၁၀ သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။ အခြားတပါးသို့ သွားသောသူအတွက် ငိုကြွေး ခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မလာရ။ မိမိမွေးဘွားရာဌာနကို မမြင်ရ။
11 ၁၁ ခမည်းတော်ယောရှိမင်းကြီး အရာ၌စိုးစံ၍ ဤပြည်မှ ထွက်သွားသော ယုဒရှင်ဘုရင် ယောရှိမင်းကြီး ၏ သားရှလ္လုံကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ထိုမင်းသည် နောက်တဖန်ဤပြည်သို့ ပြန်၍မလာရ။
12 ၁၂ ရန်သူတို့ သိမ်းသွားရာပြည်၌ပင် သေရလိမ့် မည်။ ဤပြည်ကို နောက်တဖန်မမြင်ရ။
13 ၁၃ မတရားသော အမှုအားဖြင့် မိမိအိမ်ကို၎င်း၊ အဓမ္မပြု၍ အထက်ခန်းတို့ကို၎င်း ဆောက်သောသူ၊ အိမ်နီးချင်းကိုအခမပေးဘဲ စေစား၍၊ အလုပ်လုပ်သည် အတွက် ဆုမချသောသူသည် အမင်္ဂလာရှိ၏။
14 ၁၄ ကြီးသောအိမ်၊ ကျယ်သောအထက်ခန်းတို့ကို ငါဆောက်မည်ဟု ဆိုလျက်၊ ပြတင်းပေါက်ကို ဖေါက်၍၊ အာရဇ်သစ်သားနှင့် မိုးပြီးမှ၊ ဟင်းသပြတားနှင့် ချယ်လှယ်ပြီတကား။
15 ၁၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရဇ်သစ်သား၏ ဂုဏ်ကိုကိုးစားသောကြောင့် စိုးစံ ရမည်လော။ သင်၏ အဘသည်ဝစွာ စားသောက်ရသည် မဟုတ်လော။ တရားသဖြင့် စီရင်ဆုံးဖြတ်သည်မ ဟုတ်လော။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။
16 ၁၆ သူသည် ဆင်းရဲငတ်မွတ်သော သူတို့အမှုကို စောင့်၍ တရားသဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစား ခြင်းရှိ၏။ ငါ့ကိုသိသော အကျိုးမဟုတ်လော။
17 ၁၇ သင်၏ မျက်စိနှင့် သင်၏နှလုံးမူကား၊ လောဘ လွန်ကျူးခြင်း၊ အပြစ်မရှိသောသူကို သတ်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်းမှတပါး၊ အဘယ်အမှုကိုမျှ မမှတ်တတ်။
18 ၁၈ ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သား ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩငါ့အစ်ကို၊ ဩ ငါ့နှမ ဟူ၍ မငိုကြွေးရကြ။ သူ၏ အတွက်လည်း၊ ဩ သခင်၊ ဩ အရှင်မ၏ ဘုန်းဟူ၍ မမြည်တမ်းရကြ။
19 ၁၉ ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်။
20 ၂၀ လေဗနုန်တောင်ပေါ်သို့ တက်၍ ကြွေးကြော် လော့။ ဗာရှန်ပြည်၌ အော်ဟစ်လော့။ အာဗရိမ်အရပ်မှာ အသံကိုလွှင့်လော့။ အကြောင်းမူကား၊ သင်၏မိတ်ဆွေ အပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
21 ၂၁ သင်သည် ကောင်းစားသောအခါ ငါသတိ ပေး၏။ သင်က၊ ငါနားမထောင်ဟု ပြန်ပြော၏။ ငယ်သောအရွယ်မှစ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ၏။
22 ၂၂ သင့်ကို ကျွေးမွေးသော သူအပေါင်းတို့ကို လေသည် စားလိမ့်မည်။ သင်၏မိတ်ဆွေတို့ကို ရန်သူတို့ သည် သိမ်းသွားကြလိမ့်မည်။ ထိုအခါ သင်သည် ကိုယ်ပြု သမျှသော ဒုစရိုက်တို့ကြောင့် အမှန်ရှက်ကြောက်၍ စိတ်ပျက်ခြင်း ရှိလိမ့်မည်။
23 ၂၃ အာရဇ်ပင်တို့၌ အသိုက်လုပ်တတ်သော လေဗနုန်တောင်သား၊ သားဘွားခြင်းဝေဒနာကို မိန်းမ ခံရသကဲ့သို့၊ သင်သည်နာကျင်ခြင်းဝေဒနာ ကိုခံရသော အခါ၊ အဘယ်မျှလောက် သနားဘွယ်ဖြစ်လိမ့်မည် တကား။
24 ၂၄ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒ ရှင်ဘုရင် ယောယကိမ်မင်းကြီး၏သား ခေါနိသည်၊ ငါ့လက်ျာ လက်၌ပါသော တံဆိပ်လက်စွပ် မှန်သော်လည်း၊ ငါအသက်ရှင်သည်အတိုင်း သင့်ကို ငါပယ်ပစ်မည်။
25 ၂၅ သင့်အသက်ကို သတ်ချင်သောသူ၊ သင်အလွန် ကြောက်သော သူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းမှစ၍ ခါလဒဲလူတို့ လက်သို့ ငါအပ် မည်။
26 ၂၆ သင့်ကို၎င်း၊ သင့်ကိုဘွားမြင်သော သင်၏အမိကို၎င်း၊ မွေးဘွားရာ ဌာနမဟုတ်သော ပြည်သို့ ငါနှင်ထုတ်သဖြင့်၊ ထိုပြည်၌ သင်တို့သည် သေကြ လိမ့်မည်။
27 ၂၇ ပြန်လိုသောပြည်သို့ နောက်တဖန်ပြန်၍ မလာရကြ။
28 ၂၈ ဤမင်းသားခေါနိသည် ရိုသေဘွယ်မဟုတ်၊ ကျိုးပဲ့သောရုပ်တုဖြစ်သလော။ အဘယ်သူမျှ မနှစ်သက် သောတန်ဆာဖြစ်သလော။ သူနှင့်တကွ သူ၏သားမြေး တို့ကို နှင်ထုတ်၍၊ သူတို့မသိဘူးသောပြည်၌ အဘယ် ကြောင့် ချပစ်ရသနည်း။
29 ၂၉ အိုမြေကြီး၊ မြေကြီး၊ မြေကြီး၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်လော့။
30 ၃၀ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤမင်းကို သားမရှိသောသူဟူ၍၎င်း၊ တသက်လုံး မကောင်းစား သောသူဟူ၍၎င်း ရေးမှတ်လော့။ သူ၏သားမြေးတစုံ တယောက်မျှ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရ သောအခွင့်နှင့်၊ ယုဒပြည်ကို စိုးစံရသောအခွင့်မရှိက။