< ယေရမိ 2 >
1 ၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်၍၊ သင်သည်ယေရုရှလင်မြို့သို့ သွားပြီး လျှင်၊
၁ထာဝရဘုရားသည်ငါ့အား၊-
2 ၂ အော်ဟစ်ရမည်အရာဟူမူကား၊ ထာဝရဘုရားက၊ လယ်မလုပ်သော တောအရပ်၌ သင်သည် ငါ့နောက် သို့လိုက်သောအခါ၊ အသက်အရွယ်နုငယ်၍ခံရသောကျေးဇူးကို၎င်း၊ ထိမ်းမြားပေးစားခြင်းနှင့်ယှဉ်သော ချစ်ခြင်းမေတ္တာကို၎င်း ငါအောက်မေ့၏။
၂``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။'' သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။ သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။ သင်တို့သည်စိုက်ပျိုးခြင်းမရှိသော တောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။
3 ၃ ထိုအခါ ဣသရေလအမျိုးသည် ထာဝရဘုရားအဘို့ သန့်ရှင်း၏။ စီးပွားတော်အဘို့ အဦးသီးသော အသီးဖြစ်၏။ သူတို့ကို လုယူသောသူအပေါင်းတို့သည် အပြစ်ရှိကြ၏။ ထိုသူတို့အပေါ်မှာ ဘေးဥပဒ်ရောက်ရ သည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
၃အို ဣသရေလအမျိုးတို့၊သင်တို့ကို ငါတစ်ဦးတည်းသာလျှင်ပိုင်တော်မူ၏။ သင်တို့သည်ငါပိုင်သောအမြတ်ထားရာ ဖြစ်၏။ ငါသည်သင်တို့ကိုထိခိုက်နာကျင်စေသူ အပေါင်းအား ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခရောက်စေခဲ့၏။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း။''
4 ၄ အိုယာကုပ်အမျိုးနှင့် ဣသရေလ အမျိုးအနွယ် အပေါင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နား ထောင်ကြလော့။
၄အချင်းယာကုပ်၏သားမြေး၊ ဣသရေလ အနွယ်ဝင်တို့၊ ထာဝရဘုရား၏ဗျာဒိတ် တော်ကိုနားထောင်ကြလော့။
5 ၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ထံမှဝေးစွာထွက်သွား၍၊ အနတ္တလမ်း သို့လိုက်လျက်၊ အနတ္တသက်သက်ဖြစ်ရမည်အကြောင်း၊ ငါ၌ အဘယ်မည်သောအပြစ်ကို တွေ့ကြသနည်း။
၅ထာဝရဘုရားမိန့်တော်မူသည်ကား ``ငါ၌အဘယ်အပြစ်ကိုတွေ့ရှိ၍သင်တို့၏ ဘိုးဘေးတို့သည်ငါ့ထံမှထွက်သွားကြသနည်း။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများကို ဝတ်ပြုရှိခိုး၍ မိမိတို့ကိုယ်တိုင်ပင်တန်ဖိုးမဲ့လာကြ၏။
6 ၆ သူတို့က၊ ငါတို့ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်၍၊ တောတရှောက်လုံး၊ လွင်ပြင်၊ မြေတွင်းနှင့်ပြည့်စုံသော ပြည်၊ သွေ့ခြောက်၍ သေမင်းအရိပ် လွှမ်းမိုးသောပြည်၊ ခရီးသွားသောသူ၊ နေရာကျသောသူမရှိသော ပြည်တ ရှောက်လုံးသို့ပို့ဆောင်သော ထာဝရဘုရားသည် အဘယ် မှာ ရှိတော်မူသနည်းဟု မမေးကြ။
၆ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာ တောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက် ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍ လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။
7 ၇ ဝပြောသော ပြည်၏အသီးအနှံဆီဥဆီကြည်ကို စားစေခြင်းငှါ သင်တို့ကို ငါဆောင်သွင်း၍၊ သင်တို့သည် ဝင်စားသောအခါ၊ ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါ၏အမွေ ကို ရွံရှာဘွယ်ဖြစ်စေကြသည်တကား။
၇ငါသည်သူတို့အားမြေသြဇာကောင်းမွန်သော ပြည်သို့အသီးအနှံနှင့် အခြားမွန်မြတ်သည့်အစားအစာများကို စားသောက်စေရန်ခေါ်ဆောင်ခဲ့၏။ သို့ရာတွင်သူတို့သည်ငါ့ပြည်ကိုဖျက်ဆီးပစ်ကြ၏။ သူတို့အားငါပေးသည့်ပြည်ကိုညစ်ညမ်းစေကြ၏။
8 ၈ ယဇ်ပုရောဟိတ်တို့က၊ ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟု မမေးကြ။ ကျမ်းတတ်တို့ သည် ငါ့ကိုမသိကြ။ သင်းအုပ်တို့သည် ငါ့ကို ပြစ်မှား ကြ၏။ ပရောဖက်တို့သည် ဗာလကို အမှီပြု၍ ဟောပြော လျက်၊ ကျေးဇူးမဲ့သောလမ်းသို့ လိုက်ကြ၏။
၈ယဇ်ပုရောဟိတ်တို့က`ထာဝရဘုရားသည် အဘယ်မှာရှိတော်မူပါသနည်း' ဟုမမေးကြ။ ငါ၏ယဇ်ပုရောဟိတ်တို့သည်ငါ့ကိုမသိ။ အုပ်ချုပ်သူတို့သည်ငါ့ကိုပုန်ကန်ကြ၏။ ပရောဖက်တို့ကဗာလဘုရား၏အမည်နာမကို တိုင်တည်ပြောဆိုကာ အသုံးမဝင်သည့်ရုပ်တုများကိုဝတ်ပြု ရှိခိုးကြ၏။
9 ၉ ထိုကြောင့်၊ သင်တို့နှင့် သင်တို့သားသမီးများကို ငါစစ်ကြောမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
၉``သို့ဖြစ်၍ငါသည်သင်တို့အား တစ်ဖန်တရားစွပ်စွဲမည်။ သူတို့၏သားမြေးများအားလည်း စွပ်စွဲချက်တင်မည်'' ဟုထာဝရဘုရားမိန့်တော် မူ၏။
10 ၁၀ ခိတ္တိမ်ကျွန်းတို့သို့ကူး၍ ကြည့်ရှုကြလော့။ ကေဒါပြည်သို့ လူကို စေလွှတ်၍၊ ထိုသို့ဖြစ်ဘူးပြီလောဟု စေ့စေ့ကြည့်ရှုဆင်ခြင်ကြလော့။
၁၀ခိတ္တိမ်ကျွန်းရှိရာအနောက်ဘက်သို့သွားလော့။ ကေဒါပြည်သို့လူလွှတ်၍ကြည့်ရှုစေကြလော့။ ယခုအမှုမျိုးကိုအဘယ်အခါကမျှ မဖြစ်ပျက်ခဲ့ဘူးသည်ကိုသိမြင်ရလိမ့်မည်။
11 ၁၁ အခြားတပါးသော လူမျိုးကိုးကွယ်သော ဘုရား သည် ဘုရားမဟုတ်သော်လည်း၊ ပြောင်းလဲဘူးပြီလော။ ငါ၏လူမျိုးသည် ကျေးဇူးမပြုနိုင်သောအရာဘို့ မိမိတို့ ဘုန်းကို ပြောင်းလဲကြပြီတကား။
၁၁မိမိတို့၏ဘုရားများသည်မစစ်မမှန်သော ဘုရားများပင်ဖြစ်၍နေစေကာမူ အဘယ်လူမျိုးသည်ဘုရားများကိုပြောင်းလဲ ၍ ကိုးကွယ်ပါသနည်း။ သို့ရာတွင်ငါ၏လူမျိုးတော်မူကား မိမိတို့၏ဂုဏ်အသရေကိုဆောင်သည့် ဘုရားသခင်တည်းဟူသော၊ ငါ့အားသူတို့ကိုမကူညီနိုင်သည့်ဘုရား များနှင့် လဲလှယ်လိုက်ကြလေပြီ။
12 ၁၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို မိုဃ်း ကောင်းကင်တို့၊ ထိုအမှုကို မိန်းမောတွေဝေ၍၊ ကြက်သီး မွေးညှင်းထသည်တိုင်အောင် ထိတ်လန့်လျက် နေကြ လော့။
၁၂သို့ဖြစ်၍ငါထာဝရဘုရားသည်မိုးကောင်းကင်အား ထိတ်လန့်တုန်လှုပ်အံ့သြတွေဝေ၍သွားစေရန် အမိန့်ပေးတော်မူပြီ။
13 ၁၃ ငါ၏ လူတို့သည် အသက်စမ်းရေတွင်းတည်း ဟူသော၊ ငါ့ကိုစွန့်ပစ်၍၊ ရေမလုံ၊ ပဲ့ပျက်သောရေကျင်း တို့ကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကို ပြုကြပြီ။
၁၃ငါ၏လူမျိုးတော်သည်အသက်စမ်းရေတည်းဟူသော ငါ့အားစွန့်ပစ်၍ရေမလုံ၊ကွဲအက်လျက်ရှိသည့်၊ ရေလှောင်ကန်များကိုတူးကြသည်ဖြစ်၍ အပြစ်ဒုစရိုက်နှစ်ပါးကိုကူးလွန်ကြလေပြီ။
14 ၁၄ ဣသရေလသည် ကျွန်ဖြစ်သလော။ ကျွန်သား ပေါက် ဖြစ်သလော။ အဘယ်ကြောင့် လုယူခြင်းကို ခံရသနည်း။
၁၄``ဣသရေလသည်ကျွန်မဟုတ်။ ကျွန်သားပေါက်လည်းမဟုတ်။ သို့ပါလျက်၊ရန်သူများသည်အဘယ် ကြောင့် သူ့အားလိုက်လံဖမ်းဆီးကြသနည်း။
15 ၁၅ ခြင်္သေ့တို့သည် သူ့ကိုဟောက်၍ အသံမြည်ကြ ပြီ။ သူ၏ပြည်ကို ဖျက်ဆီးကြပြီ။ သူ၏မြို့တို့သည် မီးလောင်သောကြောင့်၊ အဘယ်သူမျှ မနေရ။
၁၅ရန်သူများသည်သူ့အားခြင်္သေ့ကဲ့သို့ဟောက် ကြ၏။ သူ၏ပြည်ကိုခြောက်သွေ့စေကြ၏။ သူ၏မြို့များသည်ယိုယွင်းပျက်စီးကာ လူသူဆိတ်ညံလျက်ရှိ၏။
16 ၁၆ နောဖမြို့သားနှင့် တာပနက်မြို့သားတို့သည် သင်၏ဦးထိပ်ကို စားကြပြီ။
၁၆နောဖမြို့သားများနှင့်တာပနက်မြို့သားများ သည် သင်၏ဦးခေါင်းခွံကိုခွဲကြလေပြီ။
17 ၁၇ သင့်ကိုပို့ဆောင်တော်မူသော သင်၏ဘုရား သခင် ထာဝရဘုရားကို သင်သည်စွန့်သောကြောင့်၊ ထိုသို့သော အပြစ်ရောက်သည် မဟုတ်လော။
၁၇အို ဣသရေလ၊ဤအမှုသည်သင်ပြုသည့်အမှုပင် ဖြစ်ပါသည်တကား။ ငါသည်သင့်အားလမ်းပြပို့ဆောင်၍လာစဉ် သင်သည်မိမိတို့ဘုရားသခင်၊ငါထာဝရ ဘုရားအား စွန့်ပစ်ခဲ့၏။
18 ၁၈ ယခုမှာ သင်သည် ရှိဟောရမြစ်ရေကို သောက် အံ့သောငှါ၊ အဲဂုတ္တုလမ်းသို့ အဘယ်ကြောင့် လိုက် သနည်း။ ဥဖရတ်မြစ်ရေကို သောက်အံ့သောငှါ၊ အာရှုရိ လမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။
၁၈ယခုသင်သည်နိုင်းမြစ်ရေသောက်ရန်အီဂျစ်ပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။ ဥဖရတ်မြစ်ရေသောက်ရန်အာရှုရိပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။
19 ၁၉ သင်၏ ဒုစရိုက်သည် သင့်ကိုဆုံးမမည်။ သင်၏ ဖောက်ပြန်ခြင်းသည် သင့်ကို အပြစ်ပေးမည်။ သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားကို စွန့်ပစ်သောအမှု၊ ငါ့ကိုမကြောက်ဘဲ နေသောအမှုသည်၊ မကောင်းသော အမှု၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်ဟု ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၉သင်၏ဒုစရိုက်ကသင့်ကိုဒဏ်ခတ်လိမ့်မည်။ သင်၏ဖောက်ပြန်မှုကသင့်ကိုအပြစ်ဒဏ် ပေးပါလိမ့်မည်။ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသင် စွန့်ပစ်မှု၊ ငါ့အားမကြောက်မရွံ့တော့ဘဲနေသောအမှုတို့သည် အဘယ်မျှဆိုးညစ်မိုက်မဲသည်ကိုသင်သိရှိ လာလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရဘုရား မြွက်ဟသည်စကားပင်တည်း။
20 ၂၀ ရှေးကာလ၌ သင်ထမ်းရသော ထမ်းဘိုး၊ သင်၌ ချည်သော နှောင်ဖွဲ့ခြင်းကို ငါချိုးချွတ်၍ သင်က၊ အကျွန်ုပ်သည် မမှားယွင်းဘဲ နေပါမည်ဟု ဂတိထား သော်လည်း၊ မြင့်သောတောင်ရှိသမျှ အပေါ်၌၎င်း၊ စိမ်းသောသစ်ပင်ရှိသမျှအောက်၌၎င်း၊ ကိုယ်ကိုချ၍ ပြည်တန်ဆာလုပ်လေ၏။
၂၀အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။
21 ၂၁ အကောင်းဆုံးသော စပျစ်နွယ်ပင်အမျိုးစစ် ဖြစ်သော သင့်ကို ငါစိုက်ပျိုးသော်လည်း၊ သင်သည် ငါ့ရှေ့ မှာ အဘယ်မျှလောက် ဖောက်ပြန်၍၊ အမျိုးမစစ်သော စပျစ်နွယ်ပင်ဖြစ်ပါသည်တကား။
၂၁ငါသည်လက်ရွေးစင်မျိုးစေ့မှစပျစ်နွယ်ကို ငါစိုက်ပျိုးခဲ့၏။ သို့ရာတွင်သင်အဘယ်သို့ဖြစ်လာကြ သည်ကိုကြည့်ရှုလော့။ သင်သည်ပုပ်၍အသုံးမဝင်သည့်စပျစ်ပင်နှင့် တူနေပါသည်တကား။
22 ၂၂ သင်သည် ပေါက်ဆပ်ပြာနှင့် ရေချိုး၍၊ ချက် သော ဆပ်ပြာအများကို သုံးသော်လည်း၊ သင်၏အပြစ် သည် ငါ့ရှေ့မှာထင်ရှားသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၂၂အကယ်၍သင်တို့သည်ဆပ်ပြာနှင့်အစွန်းချွတ် ဆေး အမြောက်အမြားကိုအသုံးပြုမည်ဆိုသော်လည်း၊ သင်တို့၏အပြစ်သည်ငါ၏ရှေ့၌ ထင်ရှားလျက်ပင်ရှိမည်။
23 ၂၃ သင်ကလည်း၊ ငါသည် ညစ်ညူးခြင်းမရှိ၊ ဗာလ ဘုရားတို့ နောက်သို့မလိုက်ဟု အဘယ်သို့ ဆိုနိုင်သနည်း။ ချိုင့်၌ သင်လိုက်သော လမ်းကိုကြည့်ရှုလော့။ သင်ပြု သော အမှုတို့ကို ဝန်ခံလော့။ လျင်မြန်စွာ ပြေး၍ လှည့် လည်တတ်သော ကုလားအုပ်မပါတကား။
၂၃သင်တို့သည်ဗာလဘုရားကိုအဘယ်အခါကမျှ ဝတ်မပြုရှိမခိုးခဲ့ပါ၊ မိမိတို့ကိုယ်ကိုမညစ်ညမ်းစေခဲ့ပါဟူ၍ အဘယ်သို့လျှင်ဆိုနိုင်မည်နည်း။ ချိုင့်ဝှမ်းထဲတွင်သင်တို့အဘယ်သို့ အပြစ် ကူးလွန်ခဲ့သည်ကိုကြည့်လော့။ သင်ပြုခဲ့သည့်အမှုကိုသိမှတ်လော့။ သင်သည်မုန်ယိုလျက်နေသည့်ကုလားအုတ် ပျိုကဲ့သို့၊ အချုပ်အချယ်မရှိဟိုမှသည်သို့ပြေး လျက်နေ၏။
24 ၂၄ တော၌ လှည့်လည်၍ ကိလေသာရာဂစိတ်နှင့် လေကိုရှူတတ်သော မြည်းရိုင်းမပါတကား။ အချိန်ရောက် သောအခါ အဘယ်သူ ဆီးတားနိုင်သနည်း။ သူ့ကိုရှာအံ့ သောငှါ အဘယ်သူမျှ ပင်ပန်းခြင်းကို မခံရ။ အချိန်စေ့ သောအခါ သူ့ကိုတွေ့လိမ့်မည်။
၂၄သင်သည်တောကန္တာရတွင်နေသည့် မြည်းရိုင်းမနှင့်တူ၏။ မိတ်လိုက်ချိန်ကျသောအခါ၊ သူ့အား အဘယ်သူတားဆီးနိုင်သနည်း။ သူ့ကိုအလိုရှိသူမြည်းထီးမှန်သမျှသည် အပင်ပန်းခံ၍ရှာနေရန်မလို။ မိတ်လိုက်ချိန်၌သူ့အားအစဉ်တွေ့ရှိနိုင်လေသည်။
25 ၂၅ သင်၏ခြေနင်းကို မပျက်စေနှင့်။ ရေငတ်ခြင်း အကြောင်းကို မပြုနှင့်ဟုဆိုသော်လည်း၊ သင်ကမြော်လင့် စရာမရှိ၊ အလျှင်းမရှိ။ သူတပါးတို့ကို ငါချစ်၍၊ သူတို့ နောက်သို့ လိုက်မည်ဟု ပြန်ပြော၏။
၂၅အို ဣသရေလ၊အခြားဘုရားများသို့ လိုက်ပြေးခြင်းအားဖြင့် သင်၏ခြေ၌ဖိနပ်မကျွတ်စေနှင့်။ သင်၏အာခေါင်ကိုသော်လည်းမခြောက်စေနှင့်။ သို့ရာတွင်သင်က`အကျွန်ုပ်သည်လူမျိုးခြား ဘုရားများကိုချစ်၍၊ သူတို့၏နောက်သို့ပင်လိုက်ပါတော့မည်' ဟုဆို၏။
26 ၂၆ ဘမ်းမိသောသူခိုးသည် ရှက်သကဲ့သို့၊ ဣသ ရေလအမျိုး၏ ရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပရောဖက်နှင့်တကွ အမျိုးသားများတို့သည် ရှက်ကြ၏။
၂၆အဖမ်းခံရချိန်၌ သူခိုးသည်အရှက်ကွဲရ သကဲ့သို့ သင်၏ဘုရင်များ၊ မင်းညီမင်းသား များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ သင် တို့ဣသရေလပြည်သားအပေါင်းတို့သည် အရှက်ကွဲရကြလိမ့်မည်။-
27 ၂၇ သစ်တုံးအား၊ ကိုယ်တော်သည် အကျွန်ုပ်အဘ ဖြစ်တော်မူ၏ဟူ၍၎င်း၊ ကျောက်အားလည်း၊ ကိုယ်တော် သည် အကျွန်ုပ် ကို ဘွားမြင်တော်မူပြီဟူ၍၎င်း ဆိုလျက်၊ စင်စစ်ငါ့ကို မျက်နှာမပြု၊ ကျောခိုင်းကြသော်လည်း၊ အမှု ရောက်လျှင်မူကား၊ ထတော်မူပါ၊ အကျွန်ုပ်တို့ကို ကယ်မ တော်မူပါဟု လျှောက်တတ်ကြ၏။
၂၇သစ်ပင်အား`အရှင်သည်အကျွန်ုပ်အဖဖြစ်ပါ သည်' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား`အရှင် သည်အကျွန်ုပ်အမိဖြစ်ပါသည်' ဟူ၍လည်း ကောင်းသင်တို့ပြောဆိုကြ၏။ သင်တို့သည်ငါ ၏ဘက်သို့မလှည့်၊ ငါ့အားကျောခိုင်း၍သွား ကြ၏။ သို့ရာတွင်သင်တို့သည်ဘေးအန္တရာယ် တွေ့သောအခါ၌မူကား၊ ငါ့အားကြွလာ တော်မူ၍သင်တို့ကိုကူမတော်မူရန်လျှောက် ထားကြ၏။
28 ၂၈ ကိုယ်အဘို့ သင်လုပ်သော ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ အမှုရောက်သောအခါ သူတို့ သည် တတ်နိုင်လျှင်ထ၍ ကယ်ကြပါလေစေ။ အိုယုဒ ပြည်၊ သင်သည် မြို့များ အရေအတွက်ရှိသည်အတိုင်း၊ သင်၏ဘုရားများရှိပါသည်တကား။
၂၈``မိမိတို့အတွက်သင်တို့ပြုလုပ်ထားသည့် ဘုရားများကားအဘယ်မှာနည်း။ သင်တို့ဒုက္ခ ရောက်ချိန်ထိုဘုရားများကယ်နိုင်လျှင်ကယ် စေကြလော့။ အို ယုဒပြည်၊ သင်၏မြို့တို့သည် များပြားသကဲ့သို့ သင်ပြုလုပ်သောဘုရား တို့သည်လည်းများပြားလှပါသည်တကား။-
29 ၂၉ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ သည် အဘယ်အကျိုးအလိုငှါ ငါနှင့်တရားတွေ့ကြမည် နည်း။ သင်တို့ရှိသမျှသည် ငါ့ကို ပြစ်မှားကြပြီ။
၂၉သင်တို့အားလုံးပင်ငါ့ကိုပုန်ကန်ကြလေပြီ။ သင်တို့သည်ငါ့ကို အဘယ်သို့မကျေမနပ် ဖြစ်ကြသနည်း'' ဟုထာဝရဘုရားမိန့် တော်မူ၏။-
30 ၃၀ ငါသည်သင်တို့ သားများကို အချည်းနှီးဒဏ်ပေး ပြီ။ သူတို့သည် ဆုံးမခြင်းကို မခံကြ။ သင်တို့၏ ထား သည် လုယူဖျက်ဆီးတတ်သော ခြင်္သေ့ကဲ့သို့၊ သင်တို့၏ ပရောဖက်များကို ဖျက်ဆီးလေပြီ။
၃၀``ငါသည်သင်တို့ကိုဆုံးမပါသော်လည်း အကျိုးမရှိ။ သင်တို့သည်ပဲ့ပြင်သွန်သင်မှုကို လက်မခံလိုကြ။ အမျက်ပြင်းစွာထွက်သည့် ခြင်္သေ့သဖွယ် သင်တို့သည်မိမိတို့ပရောဖက် များကိုသတ်ဖြတ်ကြလေပြီ။-
31 ၃၁ ယခုဖြစ်သော အမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို ဆင်ခြင်ကြလော့။ ငါသည် ဣသရေလ အမျိုး၌ တောကဲ့သို့၎င်း၊ မှောင်မိုက်နိုင်ငံကဲ့သို့၎င်း ဖြစ်ဘူး သလော။ ငါ၏လူတို့က၊ ငါတို့သည် အရပ်ရပ်သို့ လည် မည်။ ကိုယ်တော်ထံသို့ နောက်တဖန်မချဉ်းကပ်ဟု အဘယ်ကြောင့် ဆိုကြသနည်း။
၃၁ဣသရေလပြည်သူတို့၊ သင်တို့သည်ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။ ငါ သည်သင်တို့အဖို့တောကန္တာရကဲ့သို့လည်း ကောင်း၊ မှောင်အတိလွှမ်းနေသည့်ပြည်ကဲ့သို့ လည်းကောင်းဖြစ်၍နေလေပြီလော။ ယင်းသို့ မဟုတ်ပါမူသင်တို့သည်အဘယ်ကြောင့် ထင်သလိုပြုကျင့်ကာ ငါ့ထံသို့အဘယ် အခါမျှပြန်မလာဘဲနေတော့မည်ဟု ဆိုကြသနည်း။-
32 ၃၂ အပျိုမသည် မိမိ၌ဆင်သောတန်ဆာကို၎င်း၊ မင်္ဂလာဆောင် သတို့သမီးသည် မိမိခါးပန်းကို၎င်း မေ့လျော့နိုင်သလော။ သို့သော်လည်း၊ ငါ၏လူတို့သည် မရေတွက်နိုင်အောင် များစွာသောကာလပတ်လုံး ငါ့ကို မေ့လျော့ကြပြီ။
၃၂မိန်းမပျိုသည်မိမိ၏ကျောက်မျက်ရတနာ များကိုလည်းကောင်း၊ မင်္ဂလာဆောင်သတို့ သမီးသည်မိမိ၏မင်္ဂလာဆောင်ဝတ်စုံကို လည်းကောင်းမေ့လျော့တတ်ပါသလော။ သို့ ရာတွင်ငါ၏လူမျိုးတော်မူကားမရေ မတွက်နိုင်သောနေ့ရက်များတွင်ငါ့ကို မေ့လျော့ကြလေပြီ။-
33 ၃၃ သင်သည် ရည်းစားကို ရှာခြင်းငှါ သင်တို့ ဘာသာဓလေ့တို့ကို အဘယ်ကြောင့်ပြုပြင်သနည်း။ သင်၏အသိအကျွမ်းတို့ကို သွေးဆောင်လေပြီတကား။
၃၃သင်တို့သည်မိမိတို့ချစ်သူများကိုအမှန် ပင်လိုက်၍ရှာတတ်ကြ၏။ ဆိုးညစ်သည့်အမျိုး သမီးများကိုပင်သင်တို့၏အကျင့်ကိုသင် ပေးနိုင်ကြ၏။-
34 ၃၄ ထိုမှတပါး၊ အနိုင်အထက်ပြုသည်ကို သင် မတွေ့။ အပြစ်မရှိသော ဆင်းရဲသားတို့ကို အသေသတ်၍၊ သွန်းသော အသွေးသည် သင်၏အဝတ်စွန်း၌ ထင်ရှား ၏။
၃၄ဖောက်ထွင်းခိုးယူမှုအတွက်သင်တို့ဖမ်းမမိ သော်လည်း ထိုဆင်းရဲသားများ၊ အပြစ်မဲ့သူ များ၏သွေးနှင့် သင်တို့၏အဝတ်များသည် စွန်းကွက်လျက်ရှိ၏။ ``သို့ပါလျက်
35 ၃၅ ထိုသို့သော အပြစ်များရှိသော်လည်း သင်က၊ ငါ၌အပြစ်မရှိသောကြောင့်၊ ဘုရားသခင်၏ အမျက် တော်သည် ငါမှလွှဲသွားလိမ့်မည်ဟု ဆိုပါသည်တကား။ ငါ၌အပြစ်မရှိဟုဆိုသောကြောင့်၊ သင့်ကို ငါစစ်ကြော စီရင်မည်။
၃၅`ငါ့တွင်အပြစ်မရှိ၊ ထာဝရဘုရားသည်အမှန် ပင် ငါ့အားအမျက်ထွက်တော်မမူတော့ပြီဟု' ဆို ချင်သည်။ သို့သော်သင်ကမိမိအပြစ်မကူး လွန်ပါဟုငြင်းဆိုသဖြင့် ငါသည်သင့်အား အပြစ်ဒဏ်ခတ်တော်မူမည်။-
36 ၃၆ သင်သည် အရပ်ရပ်သို့ ပြောင်းလဲခြင်းငှါ၊ အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သနည်း။ အာရှုရိပြည်ကို ရှက်ကြောက်သည်နည်းတူ၊ အဲဂုတ္တုပြည် ကို ရှက်ကြောက်လိမ့်မည်။
၃၆သင်တို့သည်အခြားနိုင်ငံဘုရားများဆည်း ကပ်သောအားဖြင့်၊ မိမိကိုယ်ကိုတန်ဖိုးကျ စေသည့်အာရှုရိပြည်သည်သင့်အားအကူ အညီပေးရန်ပျက်ကွက်သကဲ့သို့ အီဂျစ် ပြည်သည်လည်းပျက်ကွက်လိမ့်မည်။-
37 ၃၇ သင်သည် မိမိလက်ကို မိမိခေါင်းပေါ်မှာ တင်လျက်၊ ထိုပြည်မှ အမှန်ထွက်သွားရလိမ့်မည်။ အကြောင်းမူကား၊ သင်ခိုလှုံသောအရာတို့ကို ထာဝရ ဘုရားသည် ပယ်တော်မူသောကြောင့်၊ ခိုလှုံ၍ အကျိုးကို မရနိုင်ရာ။
၃၇သင်သည်အရှက်ကွဲလျက်ခေါင်းငိုက်စိုက်နှင့် အီဂျစ်ပြည်မှပြန်လာရလိမ့်မည်။ ငါထာဝရ ဘုရားသည်သင်အားကိုးသူတို့ကိုပစ်ပယ် တော်မူပြီ။ သူတို့ထံမှသင်သည်အဘယ် အကျိုးကိုမျှရရှိလိမ့်မည်မဟုတ်။''