< ဟေရှာယ 54 >
1 ၁ သားမဘွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဘွားခြင်းဝေဒနာကို မခံသေးသော မိန်းမ၊ ကြွေး ကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသော မိန်းမသည် လင်ရှိသော မိန်းမထက်သာ၍ များသော သားတို့ကို ဘွားမြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
၁အို ယေရုရှလင်မြို့၊သင်သည်သားသမီးမရ သည့် အမျိုးသမီးနှင့်တူ၍နေခဲ့၏။ သို့ရာတွင်ယခုအခါ၌ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆို၍ကြွေးကြော်နိုင်လေပြီ။ ယခုသင်သည်ခင်ပွန်းဖြစ်သူ၏စွန့်ပစ်မှုကို အဘယ်အခါ၌မျှမခံရဘူးသည့် အမျိုးသမီးထက်ပင်ပို၍သားသမီးများကို ရရှိပေလိမ့်မည်။
2 ၂ သင်၏တဲရာကို ကျယ်စေလော့။ သင်၏နေရာ မျက်နှာကြက်ကို ကြက်ဦးလော့။ နှမြောသော စိတ်မရှိ နှင့်။ ကြိုးတို့ကို ရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာ စိုက် လော့။
၂သင်နေထိုင်သည့်တဲကိုတိုးချဲ့ပါလော့။ တဲ၏ကုလားကာများကိုဆန့်ထုတ်လော့၊ မတွန့်ဆုတ်နှင့်။ တဲကြိုးတို့ကိုရှည်အောင်ပြု၍ပန္နက်တိုင်များကို ခိုင်မြဲအောင်ရိုက်လော့။
3 ၃ အကြောင်းမူကား၊ သင်သည် လက်ျာဘက်၊ လက်ဝဲဘက်၌ တိုးပွားလိမ့်မည်။ သင်၏အမျိုးအနွယ် သည် တပါးအမျိုးသားတို့ကို အမွေခံ၍၊ သူတို့၏ ဆိတ်ညံ သော မြို့တို့၌ နေကြလိမ့်မည်။
၃သင်သည်မိမိ၏နယ်နိမိတ်များကိုအဘက်ဘက်မှ တိုးချဲ့ရလိမ့်မည်။ ယခုအခါ၊လူမျိုးခြားတို့နေထိုင်ရာပြည်ကို သင်၏အမျိုးသားတို့သည်ပြန်လည်ရရှိကြလိမ့်မည်။ ယခုအခါလူသူဆိတ်ငြိမ်လျက်နေသောမြို့တို့သည် စည်ကား၍လာလိမ့်မည်။
4 ၄ မစိုးရိမ်နှင့်။ ရှက်ကြောက်ခြင်းသို့မရောက်ရ။ မျက်နှာမပျက်နှင့်။ အရှက်ကွဲခြင်းကို မခံရ။ အသက် ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့ လိမ့်မည်။ မုတ်ဆိုးမဖြစ်၍ ခံရသော ကဲ့ရဲ့ခြင်းကို နောက် တဖန် မအောက်မေ့ရ။
၄မကြောက်နှင့်၊သင်သည်နောက်တစ်ဖန် အသရေပျက်ရတော့မည်မဟုတ်။ ရှုတ်ချခြင်းကိုလည်းခံရလိမ့်မည်မဟုတ်။ သင်သည်ငယ်ရွယ်စဉ်အခါကသစ္စာမဲ့သည့် ဇနီး ဖြစ်ခဲ့မှုကိုလည်းကောင်း၊ မုဆိုးမအဖြစ်ဖြင့်မကြံတတ်အောင်ပင် ကိုယ်တိုင်ကြုံခဲ့ရသည်ကိုလည်းကောင်း၊ မေ့လျော့သွားလိမ့်မည်။
5 ၅ အကြောင်းမူကား၊ သင့်ကို ဖန်ဆင်းသော သူ သည် သင်၏လင်ဖြစ်တော်မူ၏။ နာမတော်ကား၊ ကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်း။ သင့်ကို ရွေးနှုတ် သော သူသည် ဣသရေလအမျိုး၌ သန့်ရှင်းသော ဘုရား ဖြစ်တော်မူ၏။ မြေကြီးတပြင်လုံးကို အစိုးရသော ဘုရားဟူ၍ ခေါ်ရကြ၏။
၅သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည်၊ သင်၏ခင်ပွန်းပမာသင့်အားကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ ထိုအရှင်၏နာမတော်ကား၊အနန္တတန်ခိုးရှင် ထာဝရဘုရားပင်ဖြစ်သတည်း။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်သော ဘုရားသခင်သည်သင့်ကိုကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာလောကကို အစိုးရတော်မူပါသည်တကား။
6 ၆ စွန့်ပစ်၍ စိတ်ငြိုငြင်သော မိန်းမ၊ ငယ်စဉ်တွင် မယားဖြစ်၍၊ နောက်မှ ငြင်းပယ်သော မိန်းမကို တဖန် ခေါ်သကဲ့သို့ သင့်ကို ငါခေါ်မည်ဟု သင်၏ဘုရားသခင် မိန့်တော်မူ၏။
၆အို ဣသရေလအမျိုးသားတို့၊သင်တို့သည်၊ ခင်ပွန်းဖြစ်သူစွန့်ပစ်သဖြင့်၊အလွန်စိတ်ဒုက္ခ ရောက်လျက်နေသည့်ဇနီးငယ်တစ်ဦးနှင့်တူကြ၏။ သို့ရာတွင်ထာဝရဘုရားသည်သင်တို့ကို ပြန်လည်ခေါ်ယူတော်မူပါ၏။
7 ၇ သင့်ကို ခဏသာ ငါစွန့်သည် ဖြစ်၍၊ များစွာ သော ကရုဏာနှင့် တဖန်သိမ်းဆည်းဦးမည်။
၇``ငါသည်သင်တို့အားခေတ္တမျှစွန့်ပယ်ခဲ့သော်လည်း နက်နဲသည့်မေတ္တာဖြင့်ပြန်လည်သိမ်းပိုက်မည်။
8 ၈ ပြင်းစွာသော အမျက်ထွက်၍ ခဏမျှ ငါမျက်နှာ လွှဲသော်လည်း၊ ထာဝရမေတ္တာနှင့် သင့်ကို ကယ်မသနား ဦးမည်ဟု သင့်ကို ရွေးနှုတ်သော ထာဝရဘုရား မိန့်တော် မူ၏။
၈ငါသည်အမျက်ထွက်သဖြင့်သင်တို့ထံမှ မျက်နှာလွှဲ၍နေခဲ့၏။ သို့ရာတွင်မေတ္တာတော်ကိုသင်တို့အားထာဝစဉ် ငါပြမည်'' ဟု သင်တို့ကိုကယ်တင်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
9 ၉ နောဧလက်ထက်၌ လွှမ်းမိုးသောရေကို ငါသည် မှတ်၍၊ ထိုရေသည် မြေကြီးကို နောက်တဖန်မလွှမ်းမိုးရ ဟု ကျိန်ဆိုခြင်းကို ပြုသည်နည်းတူ၊ သင့်ကို အမျက် မထွက်၊ မဆုံးမဟု ကျိန်ဆိုခြင်းကို ပြုပြီ။
၉``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ သင်တို့အားနောက်တစ်ဖန် အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။
10 ၁၀ တောင်ကြီးတို့သည် ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှ မရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။
၁၀တောင်ကြီးတောင်ငယ်တို့သည်ပြိုကွဲ ပျက်စီးကြလိမ့်မည်။ သို့ရာတွင်သင်တို့အပေါ်၌ထားရှိသည့် ငါ၏မေတ္တာတော်သည်အဘယ်အခါ၌မျှ ပျက်သုဉ်းလိမ့်မည်မဟုတ်။ ငြိမ်းချမ်းရေးဆိုင်ရာကတိတော်ကိုငါသည် အစဉ်တည်မြဲစေမည်'' ဟု သင်တို့ကိုချစ်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
11 ၁၁ အို ညှဉ်းဆဲခြင်းနှင့် မိုဃ်းသက်မုန်တိုင်း တိုက် ခြင်းကို ခံရ၍၊ သက်သာမရနိုင်သောသူ၊ သင်၏ တိုက်ကို ဟင်းသပြတားသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ်ကို နီလာဖြင့်၎င်း၊
၁၁``အို ယေရုရှလင်မြို့၊ဒုက္ခရောက်လျက်၊ အားကိုးရာမဲ့ဖြစ်ကာ၊ နှစ်သိမ့်မည့်သူ မရှိသည့်မြို့၊ ငါသည်သင်၏အုတ်မြစ်များကိုအဖိုးတန် ကျောက်များဖြင့်ပြန်လည်တည်ဆောက်မည်။
12 ၁၂ ပြအိုးတို့ကို ကျောက်နီဖြင့်၎င်း၊ တံခါးတို့ကို ပတ္တ မြားဖြင့်၎င်း၊ ပတ်ဝန်းကျင်တန်ဆာများကို ကျောက်မြတ် အမျိုးမျိုးဖြင့်၎င်း ငါပြီးစေမည်။
၁၂သင်၏ပြအိုးများကိုပတ္တမြားဖြင့်လည်းကောင်း၊ သင်၏တံတိုင်းတို့ကိုကျောက်မျက်ရတနာ များဖြင့်လည်းကောင်း၊ သင်၏နံရံများကိုအဖိုးတန်ရတနာ များဖြင့်လည်းကောင်း၊ပြန်လည်တည်ဆောက်မည်။
13 ၁၃ သင်၏သားသမီးအပေါင်းတို့သည် ထာဝရ ဘုရား ဆုံးမ သွန်သင်တော်မူသောသူဖြစ်၍၊ များစွာ သော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ ကြလိမ့်မည်။
၁၃``သင်၏လူတို့အားငါကိုယ်တိုင်ဆုံးမသွန်သင်မည်။ သင်၏သားသမီးတို့အားချမ်းသာကြွယ်ဝမှုနှင့် ငြိမ်းချမ်းသာယာမှုကိုငါပေးမည်။
14 ၁၄ သင်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့် တည် လိမ့်မည်။ ညှဉ်းဆဲခြင်းနှင့် ဝေးသည်ဖြစ်၍ မကြောက်ရ။ ထိတ်လန့်ခြင်းသည်လည်း ဝေး၍၊ သင့်အနီးသို့မရောက် ရ။
၁၄သင်သည်သူတော်ကောင်းတရားတွင်အခြေခံ သဖြင့် တည်တံ့ခိုင်မြဲလိမ့်မည်။ နှိပ်စက်ညှင်းဆဲမှု၊ထိတ်လန့်တုန်လှုပ်မှုတို့နှင့် ကင်းဝေးရလိမ့်မည်။
15 ၁၅ ငါ၏အခွင့်မရှိဘဲ သင့်တဘက်၌ အဘယ်သူမျှ နေရာမကျရ။ နေရာကျဘူးသောသူတို့သည် သင့်ဘက်သို့ ဝင်စားကြလိမ့်မည်။
၁၅အကယ်၍သင့်အားထိပါးတိုက်ခိုက်လာသူ တစ်စုံတစ်ယောက်ရှိပါမူ၊ ထိုသူသည်ငါ၏ခွင့်ပြုချက်ကိုရရှိလိမ့်မည်မဟုတ်။ သင့်အားစစ်ပြိုင်လာသူမှန်သမျှသည် ကျဆုံးရကြလိမ့်မည်။
16 ၁၆ မီးကိုမှုတ်၍၊ မိမိအလုပ်တည်းဟူသောလက်နက် ကိုလုပ်တတ်သောပန်းပဲကို၎င်း၊ ဖျက်ဆီးစေခြင်းငှါ ဖျက်ဆီးသောသူကို၎င်း ငါဖန်ဆင်း၏။
၁၆``မီးကိုမွှေး၍လက်နက်များကိုပြုလုပ်သူ ပန်းပဲဆရာကိုငါဖန်ဆင်း၏။ သတ်ဖြတ်ရန်အတွက်ထိုလက်နက်များကို အသုံးပြုသူစစ်သူရဲကိုလည်းငါဖန်ဆင်း၏။
17 ၁၇ သင့်တဘက်၌ လုပ်သောလက်နက် တစုံတခုမျှ အထမမြောက်ရ။ သင့်ကိုတရား တွေ့သောသူ မည်သည် ကား၊ အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ ကျွန်တို့သည် ထိုသို့သော အမွေကို ခံရ၍၊ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
၁၇သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။ သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။