< ကမ္ဘာဦး 49 >
1 ၁ ထိုရောအခါ၊ ယာကုပ်သည် မိမိသားတို့ကို ခေါ်၍၊ သင်တို့သည် စည်းဝေးကြလော့။ နောင်ကာလ အခါ၊ သင်တို့၌ ဖြစ်လတံ့သော အမှုအရာများကို ငါဟောပြောမည်။
၁ယာကုပ်သည်သားများကိုမိမိထံသို့ခေါ် ပြီးလျှင်``ငါ့အနားသို့ချဉ်းကပ်လာကြ လော့။ သင်တို့၏နောင်ရေးကိုငါဖော်ပြပေ အံ့။
2 ၂ ယာကုပ်၏သားတို့၊ စည်းဝေး၍ ကြားကြလော့။ အဘဣသရေလ၏စကားကို နားထောင်ကြလော့။
၂``ယာကုပ်၏သားများတို့သင်တို့သည် ငါ့အနီးတွင် စုရုံးလာကြ၍၊ သင်တို့၏အဖဣသရေလ၏စကားကို နားထောင်ကြလော့။
3 ၃ အိုရုဗင်၊ သင်သည် ငါ့သားဦး၊ငါ့အစွမ်းသတ္တိ၊ ငါခွန်အား အစအဦး၊ ဘုန်းအထွဋ်၊ တန်ခိုး အထွဋ်ဖြစ်၏။
၃ရုဗင်၊သင်သည်ငါ၏သားဦး၊ငါ၏စွမ်းအား ငါပျိုရွယ်ချိန်၌ရသောသားဦးရှိသမျှ တို့တွင် အရေးပါအရာရောက်ဆုံးခွန်အားအကြီး ဆုံးဖြစ်၏။
4 ၄ သို့သော်လည်း ရေကဲ့သို့ ပွက်ထသော သဘော ရှိသည်ဖြစ်၍၊ ထူးမြတ်ခြင်းသို့ မရောက်ရ။ အကြောင်း မူကား၊ သင်သည် အဘ၏အိပ်ရာကို တက်၍ ညစ်ညူး စေ၏။ ငါ့ခုတင်ထက်သို့ဘက်လေပြီတကား။
၄သင်သည်ရေကြီးချိန်၌စီးသောရေသဖွယ် ဖြစ်၏။ သို့ရာတွင်သင်သည်သင့်အဖ၏မယားငယ် နှင့်အိပ်၍၊ သင့်အဖ၏အိပ်ရာကိုညစ်ညမ်းစေသဖြင့် သင်သည်သားတို့တွင်အကြီးအကဲမ ဖြစ်နိုင်။
5 ၅ ရှိမောင်နှင့်လေဝိသည် ညီအစ်ကိုဖြစ်၏။ အဓမ္မအမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ။
၅ရှိမောင်နှင့်လေဝိတို့သည်ညီအစ်ကိုဖြစ် ကြ၏။ သူတို့သည်လက်နက်များကိုအသုံးပြု ကာ အကြမ်းဖက်မှုပြုခဲ့ကြလေပြီ။
6 ၆ ငါ့ဝိညာဉ်သည် သူတို့လျှို့ဝှက်ခြင်း အမှုထဲသို့မဝင်ရ။ ငါ့ဘုန်းသည် သူတို့စည်းဝေးရာနှင့် အသင်းမဖွဲ့ရ။ သူတို့သည် အမျက်ထွက်၍ လူအသက်ကို သတ်ကြပြီ။ ကိုယ်အလိုသို့လိုက်၍ မြို့ကိုဖြိုဖျက်ကြပြီ။
၆သူတို့သည်ဒေါသထွက်၍လူတို့ကိုသတ် လျက် နွားထီးများ၏ခြေတို့ကိုအပျော်သက်သက် ရိုက်ချိုးခဲ့ကြသောကြောင့် ငါသည်သူတို့၏လျှို့ဝှက်ကြံစည်မှု၌ ပါဝင်မည်မဟုတ်။ သူတို့၏အစည်းအဝေးသို့လည်း တက်ရောက်မည်မဟုတ်။
7 ၇ သူတို့ပြင်းစွာ ထွက်သောအမျက်၊ ကြမ်းတမ်းစွာသော ဒေါသသည် ကျိန်ခြင်းကို ခံပါစေသော။ ယာကုပ် အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါကွဲပြား ပန့်လွင့်စေမည်။
၇သူတို့သည်ဒေါသပြင်းထန်၍အမျက်စူးရှ သဖြင့် ကျိန်စာသင့်ခြင်းခံရကြပါစေသတည်း။ ငါသည်သူတို့အားဣသရေလပြည်တွင် အနှံ့အပြားကွဲလွင့်စေမည်။ မိမိလူမျိုးများထဲတွင်လူစုကွဲစေမည်။
8 ၈ အိုယုဒ၊ သင်သည်ညီအစ်ကိုတို့ ချီးမွမ်းရသော သူဖြစ်၏။ သင်၏လက်သည် သင်၏ရန်သူလည်ပင်းပေါ် မှာ ရှိလိမ့်မည်။ အဘ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည်။
၈ယုဒ၊သင့်ညီအစ်ကိုတို့ကသင့်အား ချီးကူး ထောမနာပြုကြလိမ့်မည်။ သင်သည်ရန်သူတို့၏လည်မျိုကိုချုပ်ကိုင် ထား၏။ သင်၏ညီအစ်ကိုတို့ကသင့်အားဦးညွှတ် ရမည်။
9 ၉ ယုဒသည် ခြင်္သေ့ပျို ဖြစ်၏။ ငါ့သား၊ သင်သည် ဘမ်းယူကိုက်စားရာမှ တက်လာတက်၏။ ဝပ်လျက် နေ၏။ ခြင်္သေ့ကဲ့သို့၎င်း၊ ခြင်္သေ့မကဲ့သို့၎င်း ဝပ်တွားတတ် ၏။ အဘယ်သူ နှိုးဆော်ဝံ့မည်နည်း။
၉ယုဒသည်သားကောင်ကိုသတ်၍ သားရဲတွင်းသို့ပြန်လာသောခြင်္သေ့ကဲ့သို့ ကိုယ်ကိုစန့်လျက်ဝပ်လျက်ရှိ၏။ မည်သူကမျှသူ့အားမနှောင့်ယှက်ဝံ့။
10 ၁၀ ရှိလော မရောက်မှီတိုင်အောင်၊ ရာဇလှံတံသည် ယုဒထံမှ၎င်း၊ မင်းအာဏာသည် သူ၏အမျိုး အနွယ်ထံမှ၎င်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။
၁၀ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
11 ၁၁ မိမိမြည်းကို စပျစ်နွယ်ပင်၌၎င်း၊ မြည်းကလေးကို အမြတ်ဆုံးသော စပျစ်နွှယ်ပင်၌၎င်း ချည်နှောင်၍၊ မိမိအဝတ်ပုဆိုးများကို စပျစ်သီးအသွေး တည်းဟူသော စပျစ်ရည်ဖြင့် လျှော်လိမ့်မည်။
၁၁သူသည်သူ၏မြည်းပေါက်ကလေးကိုအကောင်း ဆုံး စပျစ်နွယ်၌ချည်နှောင်ထား၏။ သူသည်မိမိ၏အဝတ်များကိုပတ္တမြားသွေး စပျစ်ရည်တွင်ဖွပ်လျှော်၏။
12 ၁၂ သူ၏မျက်စိသည် စပျစ်ရည်နှင့် နီလိမ့်မည်။ သွားသည်လည်း နို့နှင့်ဖြူလိမ့်မည်။
၁၂စပျစ်ရည်ကြောင့်သူ၏မျက်လုံးများသည် နီရဲနေ၏။ နို့သောက်၍သူ၏သွားများသည်ဖြူဖွေးနေ၏။
13 ၁၃ ဇာဗုလန်သည် ကမ်းနားမှာ နေ၍၊ သင်္ဘောဆိပ် ဖြစ်လိမ့်မည်။ သူ၏နယ်သည် ဇိဒုန်မြို့တိုင်အောင် ကျယ်ဝန်းလိမ့်မည်။
၁၃ဇာဗုလုန်သည်ပင်လယ်ကမ်းနား၌နေထိုင်၍ သူ၏ဆိပ်ကမ်းများသည်သင်္ဘောများခိုလှုံရာ ဖြစ်လိမ့်မည်။ သူ၏ပိုင်နက်နယ်မြေသည်ဇိအုန်မြို့တိုင်အောင် ကျယ်ပြန့်လိမ့်မည်။
14 ၁၄ ဣသခါသည် တောင်ကြားမှာ ဝပ်လျက် အားကြီးသောမြည်းဖြစ်၏။
၁၄ဣသခါသည်ကုန်းနှီးအိတ်များအကြားတွင် ခြေဆန့်၍ လဲနေသောမြည်း၏အဖြစ်ထက်မသာ။
15 ၁၅ ငြိမ်ဝပ်ရာအရပ်ကောင်း၍ မြေသာယာသည်ကို မြင်သဖြင့်၊ မိမိပခုံးပေါ်မှာ ထမ်းပိုးကို တင်ထမ်း၍၊ အခွန်ပေးသော ကျွန်ဖြစ်လေ၏။
၁၅သို့သော်သူသည်မိမိနားနေရာသည် ကောင်းသည်ကိုလည်းကောင်း၊ နေထိုင်ရာပြည်သည်သာယာသည်ကို လည်းကောင်းမြင်၏။ ထို့ကြောင့်သူသည်ဝန်ကိုသယ်ပိုးရန်ခါး ကိုညွှတ်၍ ကျွန်အဖြစ်နှင့်အဋ္ဌမ္မခိုင်းစေခြင်းကိုခံရ၏။
16 ၁၆ ဒန်သည် ဣသရေလအနွှယ် တစုံတပါးကဲ့သို့၊ မိမိလူတို့ကို စီရင်လိမ့်မည်။
၁၆ဒန်သည်အခြားသောဣသရေလအနွယ်တို့ ကဲ့သို့ မိမိ၏လူတို့ကိုအုပ်စိုးရလိမ့်မည်။
17 ၁၇ ဒန်သည် လမ်း၌နေသော မြွေဖြစ်လိမ့်မည်။ မြင်းစီးသောသူကို နောက်သို့ လဲစေခြင်းငှါ လမ်းကြားမှာ နေ၍၊ မြင်းခြေကို ကိုက်တတ်သော မြွေဆိုးဖြစ်လိမ့်မည်။
၁၇ဒန်သည်လမ်းဘေး၌ခွေသောမြွေ၊လမ်းအနီး၌ ခိုသောမြွေဆိုးဖြစ်၍ မြင်း၏ဖနောင့်ကိုကိုက်သဖြင့်မြင်းစီးသူ ကို နောက်ပြန်လိမ့်ကျစေလိမ့်မည်။
18 ၁၈ အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့်လျက်နေပါပြီ။
၁၈``အို ထာဝရဘုရားအကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးတော်ကို စောင့်မျှော်လျက်ရှိပါ၏။
19 ၁၉ ဂဒ်မူကား၊ စစ်သူရဲတိုသည် သူတို့တိုက်ကြ၍၊ သူသည် ပြန်တိုက်လိမ့်မည်။
၁၉ဂဒ်သည်ဋ္ဌားပြတို့၏တိုက်ခိုက်ခြင်းကိုခံ ရမည်။ သို့ရာတွင်သူသည်မိမိကိုတိုက်ခိုက်သူတို့ အား ပြန်၍လိုက်လံတိုက်ခိုက်လိမ့်မည်။
20 ၂၀ အာရှာ၌ဖြစ်သော အစာသည် အရသာနှင့် ပြည့်စုံ၍၊ မင်း၏ ခဲဘွယ်စားဘွယ်တို့ကို ထုတ်ပေးလိမ့် မည်။
၂၀အာရှာ၏မြေမှစားကောင်းသောက်ဖွယ်ထွက် လိမ့်မည်။ သူ့ထံမှဘုရင်ပွဲတော်နှင့်ထိုက်သော အစားအစာကိုရရှိလိမ့်မည်။
21 ၂၁ နဿလိသည် လှသောအခက်အလက်နှင့် ပြည့်စုံ၍၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏။
၂၁နဿလိသည်လွတ်လပ်စွာခုန်ပေါက် ပြေးလွှားသောသမင်ဖြစ်၍ ချစ်ဖွယ်ကောင်းသောသမင်သားငယ်များ ကိုမွေးဖွား၏။
22 ၂၂ ယောသပ်သည် သန်သောပျိုးပင်၊ ရေတွင်းနားမှာ သန်သော ပျိုးပင်ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာ ကျော်သွားကြ၏။
၂၂ယောသပ်သည်စမ်းရေပေါက်နားမှာ ကျက်စားသောမြည်းရိုင်း တောင်စောင်းပေါ်တွင်ကျက်စားသော မြည်းရိုင်းကလေးနှင့်တူ၏။
23 ၂၃ လေးသမားတို့သည် သူ့ကို အငြိုးထား၍၊ အလွန်ညှဉ်းဆဲပစ်ခတ်ကြ၏။
၂၃သူ၏ရန်သူတို့သည်သူ့အားလေးမြား လက်နက်တို့ဖြင့် ပြင်းထန်စွာလိုက်လံတိုက်ခိုက်ကြ၏။
24 ၂၄ သို့သော်လည်း သူ၏လေးသည် အားမလျော့။ သူကိုင်သော လက်နက်တို့သည်၊ ယာကုပ်အမျိုး၌ တန်ခိုး ကြီးသော ဘုရား၏လက်ဖြင့်၎င်း၊ သိုးထိန်းတည်းဟူသော ဣသရေလအမျိုး၏ကျောက်ဖြင့်၎င်း၊
၂၄သို့ရာတွင်ယာကုပ်၏အနန္တတန်ခိုးရှင်ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ ဣသရေလ၏ကာကွယ်ရာကျောက်ဖြစ်တော်မူသော သိုးထိန်းရှင်၏စောင်မခြင်းအားဖြင့်လည်းကောင်း၊ သူ၏လေးသည်တည်ငြိမ်၍သူ၏လက်တို့သည် အားသန်လျက်ရှိ၏။
25 ၂၅ သင့်ကိုမစတော်မူသော သင့်အဘ၏ ဘုရား သခင်အားဖြင့်၎င်း၊ သင့်ကို ကောင်းကြီးပေးတော်မူသော အနန္တတန်ခိုးရှင်အားဖြင့်၎င်း ခိုင်မာလျက်ရှိ၏။ ထိုဘုရားသည် အထက်မိုဃ်းကောင်းကင်၏ မင်္ဂလာ၊ အောက် နက်နဲသောအရပ်၏မင်္ဂလာ၊ သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့် သင့်ကို ကောင်းကြီး ပေးတော်မူပါစေသော။
၂၅သင့်အဖ၏ဘုရားသခင်သည်သင့်ကိုကူမလျက် ရှိတော်မူ၏။ အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်အား ကောင်းကင်မှကျသောမိုးရေ၊မြေအောက်မှ စီးထွက်သောရေကိုလည်းကောင်း၊ သိုးနွားများနှင့်သားသမီးရတနာကို လည်းကောင်း ပေးတော်မူပါစေ၊
26 ၂၆ သင်၏အဘပေးသော ကောင်းကြီးမင်္ဂလာသည်၊ ထာဝရတောင်တို့၌ဖြစ်သော ကောင်းကြီးမင်္ဂလာ၊ ထာဝရကုန်းတို့၌ နှစ်သက်ဘွယ်သောအရာတို့ထက် သာ၍ မြတ်၏။ ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
၂၆အသီးအနှံနှင့်ပန်းမာလ်ကိုလည်းကောင်း ပေးတော်မူပါစေသော။ အမြဲတည်သောတောင်ကုန်းများမှ နှစ်သက်ဖွယ်ရာကောင်းချီးမင်္ဂလာများကိုလည်း သင့်အားပေးတော်မူပါစေသော။ ဤကောင်းချီးအပေါင်းတို့သည်မိမိ ညီအစ်ကိုတို့ထက်ထူးကဲသောယောသပ် ၏ ဦးခေါင်းပေါ်သို့သက်ရောက်ပါစေသော။
27 ၂၇ ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သော တောခွေးဖြစ်လိမ့်မည်။ ဘမ်းရသော အရာကိုနံနက်အချိန်၌ ကိုက်စား၍၊ လုယူသောအရာကိုလည်း ညအချိန်၌ ဝေဖန်လိမ့်မည်ဟုမြွက်ဆို၏။
၂၇ဗင်္ယာမိန်သည်လုယူကိုက်စားတတ်သော ဝံပုလွေနှင့်တူ၏။ နံနက်နှင့်ညနေအချိန်၌သားကောင်ကို ကိုက်ဖြတ်၍စားတတ်၏'' ဟုမြွက်ဆို၏။
28 ၂၈ ဤသူတို့ကား၊ ဣသရေလအမျိုး ဆယ်နှစ်မျိုး ဖြစ်၏။ ဤစကားသည်လည်း သူတို့အဘမြွက်ဆို၍၊ သူတို့ အသီးသီးခံရသော မင်္ဂလာရှိသည်အတိုင်း၊ ကောင်းကြီး ပေးသော စကားပေတည်း။
၂၈ဤသူတို့သည် ဣသရေလအနွယ်တစ်ဆယ့် နှစ်နွယ်ဖြစ်၏။ သူတို့၏အဖကသူတို့တစ် ဦးစီနှင့်သက်ဆိုင်သော မင်္ဂလာစကားများ ကိုအထက်ဖော်ပြပါအတိုင်းမြွက်ဆိုခဲ့ လေသည်။
29 ၂၉ တဖန်တုံ၊ ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ဟိတ္တိအမျိုးသား၊ ဧဖရှန်၏လယ်ပြင်တွင်ရှိသော မြေတွင်း၌၊ ငါ့အဘတို့နှင့်အတူ ငါ့ကို သင်္ဂြိုဟ်ကြပါ။
၂၉ထိုနောက်ယာကုပ်ကသူ၏သားတို့အား``ငါ ၏လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ခါ နာန်ပြည်မံရေမြို့အရှေ့ဘက်ရှိ ဟိတ္တိအမျိုး သားဧဖရုန်၏မြေ၌ငါ့ဘိုးဘေးတို့၏သင်္ချိုင်း တွင်သင်္ဂြိုဟ်ကြလော့။ အာဗြဟံသည်ခါနာန် ပြည်မံရေမြို့ရှိမပ္ပေလလယ် လယ်ပြင်၌ထိုမြေ နှင့်သင်္ချိုင်းကိုဟိတ္တိအမျိုးသားဧဖရုန်ထံမှ သင်္ချိုင်းမြေအဖြစ်ဝယ်ယူခဲ့၏။-
30 ၃၀ ခါနာန်ပြည် မံရေမြို့ရှေ့မှာ၊ မပ္ပေလ လယ်ပြင်၌ရှိသော ထိုမြေတွင်းကို၊ အာဗြဟံသည် ကိုယ်ပိုင်သော သင်္ချိုင်းဘို့ လယ်ပြင်နှင့်တကွ ဟိတ္တိအမျိုးသားဧဖရုန်၌ ဝယ်လေပြီ။
၃၀
31 ၃၁ ထိုမြေတွင်း၌ အာဗြဟံနှင့် မယားစာရာကို သင်္ဂြိုဟ်ကြပြီ။ ဣဇာက်နှင့် မယားရေဗက္ကကိုလည်း သင်္ဂြိုဟ်ကြပြီ။ လေအာကိုလည်း ငါသင်္ဂြိုဟ်ပြီ။
၃၁ထိုသင်္ချိုင်းတွင်ငါ့အဘိုးအာဗြဟံနှင့် အဘွား စာရာတို့ကိုသင်္ဂြိုဟ်ခဲ့ကြ၏။ အဖဣဇာက်နှင့် အမိရေဗက္ကတို့ကိုလည်းသင်္ဂြိုဟ်ခဲ့ကြ၏။ ထိုသင်္ချိုင်းတွင်ငါသည်လေအာကိုသင်္ဂြိုဟ် ခဲ့၏။-
32 ၃၂ ထိုမြေတွင်းရှိသော ထိုလယ်ပြင်ကို၊ ဟေသ အမျိုးသားရှေ့မှာ ဝယ်သတည်းဟု မှာထား၏။
၃၂ထိုမြေနှင့်ငါ့သင်္ချိုင်းကို ဟိတ္တိအမျိုးသား တို့ထံမှဝယ်ယူခဲ့၏။ ထိုသင်္ချိုင်းတွင်ငါ့ကို သင်္ဂြိုဟ်ကြလော့'' ဟုမှာကြားလေ၏။-
33 ၃၃ ထိုသို့ယာကုပ်သည် မိမိသားတို့ကို အကုန်အစင် မာထားပြီးလျှင်၊ မိမိခြေတို့ကို ခုတင်ပေါ်မှာ ရုပ်သိမ်း သဖြင့်၊ အသက်ချုပ်၍ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။
၃၃ယာကုပ်သည်သားတို့အားယင်းသို့မှာကြား ပြီးနောက်အိပ်ရာပေါ်တွင်လဲလျောင်း၍ကွယ် လွန်လေ၏။