< ယေဇကျေလ 47 >

1 ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကို ဆောင်ခဲ့၍၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင်၏။ အမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍၊ ရေသည်အိမ်တော်တံခါးခုံလက်ျာအောက်၊ ယဇ်ပလ္လင် တော် တောင်ဘက်မှ စီးသွားလေ၏။
ထို​လူ​သည်​ငါ့​အား​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး ဝ​သို့​ခေါ်​ဆောင်​သွား​၏။ တံ​ခါး​ခုံ​အောက်​မှ ရေ​သည်​ယဇ်​ပလ္လင်​၏​တောင်​ဘက်​ကို​ဖြတ်​ကာ ဗိ​မာန်​တော်​မျက်​နှာ​မူ​ရာ​အ​ရှေ့​ဘက်​သို့ စီး​ဆင်း​လျက်​နေ​၏။-
2 တဖန် မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ ပြင်၌ဝိုင်းသွားလျက်၊ အရှေ့သို့ မျက်နှာပြုသော ပြင်တံခါး လမ်းဝသို့ ရောက်သောအခါ၊ လက်ျာဘက်မှစီးသော ရေကို ငါမြင်၏။
ထို​လူ​သည်​ငါ့​အား​မြောက်​တံ​ခါး​ဖြင့် ဗိ​မာန်​တော်​နယ်​မြေ​မှ​ထုတ်​ဆောင်​ကာ​အ​ရှေ့ တံ​ခါး​သို့​ခေါ်​ယူ​သွား​၏။ ထို​တံ​ခါး​၏ တောင်​ဘက်​တွင်​ချောင်း​ငယ်​တစ်​ခု​စီး​ဆင်း လျက်​ရှိ​၏။-
3 ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင်၊ အတောင်တတောင်စေ့အောင်တိုင်း၍ ငါ့ကို ရေကူးစေ၏။ ရေသည် ဖမျက်သို့ မှီလေ၏။
ထို​သူ​သည်​ချောင်း​အောက်​ဘက်​မှ​အ​ရှေ့​ဘက် သို့​မိ​မိ​ကူ​တံ​ဖြင့်​ကိုက်​ငါး​ရာ​ခြောက်​ဆယ် တိုင်း​ပြီး​နောက်​ငါ့​အား​ချောင်း​ကို​ဖြတ်​၍ လျှောက်​သွား​စေ​၏။ ရေ​ကား​ငါ​၏​ခြေ မျက်​စိ​အ​ထိ​သာ​ရောက်​လေ​သည်။-
4 တဖန်အတောင်တထောင်စေ့အောင်တိုင်း၍ ရေးကူးစေပြန်လျှင်၊ ရေသည် ဒူးကိုမှီလေ၏။ တဖန် အတောင်တထောင်စေ့အောင်တိုင်း၍ ကူးစေပြန်လျှင်၊ ရေသည်ခါးကိုမှီလေ၏။
ထို့​နောက်​သူ​သည်​နောက်​ထပ်​ကိုက်​ငါး​ရာ ခြောက်​ဆယ်​တိုင်း​ပြန်​၏။ ထို​နေ​ရာ​တွင်​ရေ သည်​ငါ​၏​ဒူး​ဆစ်​အ​ထိ​ရောက်​ရှိ​လာ​၏။ နောက်​ကိုက်​ငါး​ရာ​ခြောက်​ဆယ်​အ​ကွာ​တွင် ရေ​သည်​ငါ​၏​ခါး​အ​ထိ​ရောက်​ရှိ​၏။-
5 တဖန် အတောင်တထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သော မြစ်ဖြစ်လေ၏။ ရေထ သောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမှီပဲ ကူးရသောမြစ်ဖြစ်၏။
သူ​သည်​ထပ်​မံ​၍​ကိုက်​ငါး​ရာ​ခြောက်​ဆယ် တိုင်း​လိုက်​သော​အ​ခါ ငါ​ဖြတ်​ကူး​၍​မ​ရ သော​မြစ်​တစ်​စင်း​သို့​ရောက်​လာ​၏။ ရေ​အ​လွန် နက်​သ​ဖြင့်​ငါ​သည်​ခြေ​ထောက်​၍​မ​မီ​ဘဲ လက်​ပစ်​ကူး​ရ​လေ​သည်။-
6 ထိုသူက၊ အချင်းလူကား၊ ဤအရာကို မြင်သည် မဟုတ်လောဟု ပြောပြီးမှ တဖန်ငါ့ကိုခေါ်သွား၍ မြစ်နားသို့ပြန်စေ၏။
ထို​သူ​က``အ​ချင်း​လူ​သား၊ ဤ​အ​ချင်း အ​ရာ​အ​လုံး​စုံ​ကို​သေ​ချာ​စွာ​မှတ်​သား လော့'' ဟု​ငါ့​အား​ပြော​၏။ ထို​နောက်​သူ​သည်​ငါ့​အား​မြစ်​ကမ်း​ပါး​သို့ ပြန်​လည်​ခေါ်​ဆောင်​သွား​၏။-
7 ပြန်စဉ်အခါ မြစ်နားနှစ်ဘက်၌ များစွာသော အပင်တို့ကို ငါမြင် ၏။
မြစ်​ကမ်း​ပါး​သို့​ရောက်​သော​အ​ခါ​ငါ သည်​မြစ်​ကမ်း​နှစ်​ဖက်​တွင်​သစ်​ပင်​များ စွာ​ပေါက်​လျက်​နေ​သည်​ကို​မြင်​ရ​၏။-
8 ထိုသူကလည်း၊ ဤရေသည် အရှေ့သို့စီး၍ တောကို ရှောက်ပြီးမှ၊ အိုင်ထဲသို့ဝင်တတ်သော အားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။
ထို​လူ​က ``ဤ​ရေ​သည်​မြေ​ပြင်​ကို​ဖြတ်​၍ အ​ရှေ့​ဘက်​သို့​စီး​ဆင်း​ရာ​ယော်​ဒန်​ချိုင့်​ဝှမ်း နှင့်​ပင်​လယ်​သေ​ထဲ​သို့​စီး​ဆင်း​သွား​ကာ ထို​ပင်​လယ်​ရေ​ငန်​ကို​ရေ​ချို​ဖြစ်​စေ​၏။-
9 အသက်ရှင်၍လှုပ်ရှားတတ်သော သတ္တဝါ အမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍၊ အလွန်များစွာသော ငါတို့လည်း ရှိကြ လိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့်၊ ရောက်သမျှ သော အရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင် ကြလိမ့်မည်။
ထို​ချောင်း​စီး​ဆင်း​ရာ​အ​ရပ်​တိုင်း​၌​တိ​ရစ္ဆာန် နှင့်​ငါး​အ​မျိုး​မျိုး​တို့​ကို​တွေ့​ရှိ​ရ​လိမ့်​မည်။ ယင်း​သည်​ပင်​လယ်​သေ​၏​ရေ​ကို​ရေ​ချို ဖြစ်​စေ​လိမ့်​မည်။ မိ​မိ​စီး​ဆင်း​ရာ​အ​ရပ် တိုင်း​၌​သက်​ရှိ​သတ္တဝါ​များ​အား​အ​သက် ရှင်​သန်​စေ​လိမ့်​မည်။-
10 ၁၀ အိုင်နားမှာတံငါတို့သည် ရပ်၍၊ အင်္ဂေဒိရွာမှ စ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာ အရပ် ဖြစ်လိမ့်မည်။ ငါအမျိုးမျိုးတို့သည် မဟာပင်လယ်ငါးကဲ့သို့ အလွန်များပြားကြလိမ့်မည်။
၁၀အင်္ဂေ​ဒိ​စိမ့်​စမ်း​မှ​အ​စ​ပြု​၍​ဧ​နေ​ဂ​လိမ် စိမ့်​စမ်း​တိုင်​အောင်​ပင်​လယ်​နား​တစ်​လျှောက် လုံး​တွင်​ရေ​လုပ်​သား​တို့​နေ​ထိုင်​ကြ​လျက် မိ​မိ​တို့​ပိုက်​ကွန်​များ​ကို​လှန်း​ကြ​လိမ့်​မည်။ မြေ​ထဲ​ပင်​လယ်​တွင်​တွေ့​ရှိ​ရ​သည့်​ငါး အ​မျိုး​မျိုး​တို့​ကို​ဤ​အ​ရပ်​တွင်​လည်း တွေ့​ရှိ​ရ​လိမ့်​မည်။-
11 ၁၁ ရွံ့ပွက်ရည်နှင့် ရွံ့အိုင်ရေမူကား မချိုရ၊ အစဉ် ငန်ရလိမ့်မည်။
၁၁သို့​ရာ​တွင်​ပင်​လယ်​သေ​ကမ်း​ခြေ​ဒေ​သ​ရှိ ရွှံ့​ဗွက်​များ​နှင့်​ရေ​အိုင်​များ​၌​မူ​ကား​ရေ မ​ချို​ဘဲ​ဆား​ထွက်​လိမ့်​မည်။-
12 ၁၂ မြစ်ကမ်းနားနှစ်ဖက်၌ စားစရာကောင်းသော အပင်အမျိုးမျိုး ပေါက်ကျလိမ့်မည်။ အရွက်လည်း မညှိုး မနွမ်းရ အသီးလည်းမပျက်ရ။ လတိုင်းအစဉ်နုသော အသီးကို သီးလိမ့်မည်။ အကြောင်းမူကား၊ သန့်ရှင်းရာ ဌာနထဲကထွက်သတည်း။ အသီးသည် စားစရာ အပိုဖြစ် ၏။ အရွက်သည် အနာရောဂါငြိမ်းစရာဘို့ဖြစ်သည်ဟု ငါ့အားပြောဆို၏။
၁၂ထို​ချောင်း​ကမ်း​နှစ်​ဘက်​တို့​တွင်​စား​စ​ရာ အ​ပင်​အ​မျိုး​မျိုး​ပေါက်​လိမ့်​မည်။ ထို​သစ်​ပင် များ​သည်​အ​ဘယ်​အ​ခါ​မျှ​အ​ရွက်​ညှိုး နွမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​သီး​လည်း အ​ဘယ်​အ​ခါ​မျှ​ပြတ်​လပ်​ကြ​လိမ့်​မည် မ​ဟုတ်။ ထို​အ​ပင်​တို့​သည်​ဗိ​မာန်​တော်​မှ စီး​ဆင်း​လာ​သည့်​ချောင်း​မှ​ရေ​ကို​ရ​ရှိ ကြ​သ​ဖြင့်​လ​စဉ်​လတိုင်း​အ​သီး​သစ် များ​ကို​သီး​ကြ​လိမ့်​မည်။ ထို​အ​ပင်​များ ၏​အ​သီး​သည်​စား​ဖွယ်​ဖြစ်​၍​ယင်း တို့​၏​အ​ရွက်​များ​ကို​လူ​တို့​၏​အ​နာ ပျောက်​ကင်း​စေ​ရန်​အ​သုံး​ပြု​လိမ့်​မည်'' ဟု​ငါ့​အား​ပြော​၏။
13 ၁၃ အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအမွေခံရသော မြေ အပိုင်းအခြားမူကား၊ ယောသပ်သည် မြေအပိုင်းအခြား နှစ်ခုကို ယူရမည်။
၁၃အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ လူ​မျိုး​ဆယ့်​နှစ်​ပါး​အ​တွက်​မြေ​ယာ​နယ် နိ​မိတ်​သတ်​မှတ်​ပေး​ရ​မည်။ မြေ​ယာ​နယ် နိ​မိတ်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ယော​သပ်​အ​နွယ်​ဝင်​တို့​သည်​အ​ခြား အ​နွယ်​အ​သီး​သီး​တို့​ထက်​နှစ်​ဆ​ပို​၍ ရ​ရှိ​စေ​ရ​မည်။-
14 ၁၄ ဘိုးဘေးတို့အား ငါကျိန်ဆိုသည်အတိုင်း ငါပေး ရသော ထိုမြေသည် သင်တို့အမွေဖြစ်၍၊ သင်တို့သည် အချင်းချင်းအမွေခံရကြမည်။
၁၄ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား​ဤ ပြည်​ကို​ပေး​အပ်​မည်​ဟု​ကျိန်​ဆို​က​တိ ထား​ခဲ့​သည့်​အ​တိုင်း ယ​ခု​သင်​တို့​သည် ယင်း​ကို​ညီ​မျှ​စွာ​ခွဲ​ဝေ​ယူ​ကြ​လော့။
15 ၁၅ မြေမြောက်ဘက်အပိုင်းအခြားသည် မဟာ ပင်လယ်တဘက်တချက်၊ ဟေသလုန်လမ်း၊ ဇေဒဒ်လမ်းသို့ လိုက်လျက်၊
၁၅``မြောက်​ဘက်​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင်​လယ် မှ​အ​စ​ပြု​၍​အ​ရှေ့​ဘက်​ဟေ​သ​လုန်​မြို့၊ ဟာ​မတ်​တောင်​ကြား​လမ်း၊ ဇေ​ဒဒ်​မြို့။-
16 ၁၆ ဟာမတ်မြို့နှင့် ဗေရောသာမြို့ကို၎င်း၊ ဒမာသက်နယ်နှင့်ဟာမတ်နယ်ဆက်ကြားမှာ သိဗရိမ် မြို့ကို၎င်း၊ ဟောရန်မြို့အနားမှာ၊ ဟာဇာဟတ္တိကုန်းမြို့ကို ၎င်း ဝိုင်း၍၊
၁၆ဗေ​ရော​သာ​မြို့၊ သိ​ဗ​ရိမ်​မြို့​တို့​ကို​ဖြတ်​၍ တိ​ကုန်​မြို့​တွင်​ဆုံး​လေ​သည်။ (ဗေ​ရော​သာ နှင့်​သိ​ဗ​ရိမ်​မြို့​တို့​သည်​ဒ​မာ​သက်​ပြည် နှင့်​ဟာ​မတ်​ပြည်​စပ်​ကြား​တွင်​ရှိ​၍ ဟာ​လာ ဟတ္တိ​ကုန်​မြို့​မှာ​ဟော​ရန်​နယ်​စပ်​တွင်​ရှိ​၏။-)
17 ၁၇ တဖန်ပင်လယ်နှင့်ကွာပြီးမှ ဒမာသက်နယ် အနား၌ ဟာဇရေနန်မြို့၊ မြောက်ဘက်၌ ဇိဖြုန်မြို့၊ ဟာမတ်မြို့ပါရမည်။ ဤရွေ့ကား မြောက်ဘက် အပိုင်း အခြားဖြစ်သတည်း။
၁၇သို့​ဖြစ်​၍​မြောက်​ဘက်​နယ်​နိ​မိတ်​သည်​မြေ ထဲ​ပင်​လယ်​မှ​အ​ရှေ့​ဘက် ဟာ​ဇ​ရေ​နုန်​မြို့ အ​ထိ​ရှိ​၍​ဒ​မာ​သက်​နှင့်​ဟာ​မတ်​ပြည် နယ်​ခြား​ဒေသ​များ​၏​တောင်​ဘက်​တွင်​တည် ရှိ​သ​တည်း။
18 ၁၈ အရှေ့ဘက်အပိုင်းအခြားသည် ဟောရန်မြို့၊ ဒမာသက်မြို့၊ ဂိလဒ်ပြည်၊ ရောဒန်မြစ်နား ဣသရေလ ပြည်နယ်ကိုရှောက်၍၊ အရှေ့ပင်လယ်၌ ဆုံးရမည်။ ဤရွေ့ကား၊ အရှေ့ဘက်အပိုင်းအခြား ဖြစ်သတည်း။
၁၈``အ​ရှေ့​ဘက်​နယ်​နိ​မိတ်​ကား​ဒ​မာ​သက် ပြည်​နှင့်​ဟော​ရန်​ပြည်​စပ်​ကြား​မှ​ပင်​လယ် သေ​ကမ်း​ပေါ်​ရှိ​တာ​မာ​မြို့​အ​ထိ​ဖြစ်​၍ ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​ရှိ​သော ဣ​သ​ရေ​လ​ပြည်​နှင့်​အ​ရှေ့​ဘက်​တွင်​ရှိ သော​ဂိ​လဒ်​ပြည်​တို့​၏​နယ်​ခြား​အ​မှတ် အ​သား​ဖြစ်​၏။
19 ၁၉ တောင်ဘက်အပိုင်းအခြားသည် တာမာမြို့မှ စ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်၎င်း၊ မဟာ ပင်လယ်ထဲသို့ ဝင်သောမြစ်တိုင်အောင်၎င်း၊ ရှောက်သွား ရမည်။ ဤရွေ့ကား၊ တောင်ဘက်အပိုင်းအခြားဖြစ်သ တည်း။
၁၉``တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ အ​နောက်​တောင်​ဘက်​ရှိ​ကာ​ဒေ​ရှ​မေ​ရိ​ဘ စိမ့်​စမ်း​သို့​လည်း​ကောင်း၊ ထို​နောက်​အ​နောက် မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​စပ်​ကို​လိုက် ၍​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း​ရောက် ရှိ​၏။
20 ၂၀ အနောက်ဘက်၌ မဟာပင်လယ်သည် တောင် ဘက်မှစ၍၊ ဟာမတ်မြို့တဘက်တချက်တိုင်အောင် ပိုင်းခြားလျက်ရှိရမည်။ ဤ၍ကား၊ အနောက်ဘက်အပိုင်း အခြားဖြစ်သတည်း။
၂၀``အ​နောက်​ဘက်​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင် လယ်​ဖြစ်​၍ မြောက်​ဘက်​ရှိ​ဟာ​မတ်​တောင် ကြား​လမ်း​၏​အ​နောက်​ဘက်​သို့​တိုင်​အောင် ဖြစ်​၏။
21 ၂၁ ထိုမြေကိုဣသရေလအမျိုး အသီးအသီးတို့အား ဝေရမည်။
၂၁``ထို​နယ်​မြေ​ကို​သင်​တို့​အ​နွယ်​စု​များ ခွဲ ဝေ​ယူ​ကြ​လော့။-
22 ၂၂ အမျိုးသားချင်းအမွေခံဘို့၎င်း၊ သင်တို့တွင်နေ၍ သားသမီးဘွားမြင်သော တပါးအမျိုးသားချင်း အမွေခံ ဘို့၎င်း စာရေးတံချ၍ မြေကို ဝေရမည်။ ထိုတပါး အမျိုးသားတို့ကို ပြည်၌ဘွားမြင်သော ဣသရေလ အမျိုးသားကဲ့သို့မှတ်ရမည်။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့် အတူမြေကိုအမွေခံ ရကြလိမ့်မည်။
၂၂ယင်း​သည်​သင်​တို့​အ​စဉ်​အ​မြဲ​ပိုင်​ဆိုင်​ကြ ရ​မည့်​မြေ​ယာ​ဖြစ်​၏။ ထို​အ​ရပ်​တွင်​သင်​တို့ နှင့်​အ​တူ​နေ​ထိုင်​လျက်​သား​သ​မီး​များ ရ​ရှိ​နေ​ကြ​သူ​လူ​မျိုး​ခြား​များ​သည်​လည်း သင်​တို့​မြေ​ယာ​ခွဲ​ဝေ​ရာ​တွင်​ဝေ​စု​ခံ​ယူ ရ​ကြ​မည်။ သူ​တို့​အား​တင်း​ပြည့်​ဣ​သ​ရေ​လ ပြည်​သား​များ​အ​ဖြစ်​ဖြင့်​မှတ်​ယူ​ကာ ဣ​သ​ရေ​လ​အ​နွယ်​တို့​နှင့်​အ​တူ​မြေ​ယာ ဝေ​စု​များ​ကို​ခံ​ယူ​စေ​ရ​မည်။-
23 ၂၃ တပါးအမျိုးသား နေလေရာရာခရိုင်၌ သူ့အမွေ ခံစရာမြေကို ပေးရမည်ဟု အရှင်ထာဝရဘုရား မိန့်တော် မူ၏။
၂၃ယင်း​သို့​သော​လူ​မျိုး​ခြား​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ထိုင်​ရာ​အ​ရပ်​အ​သီး​သီး​မှ အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​မြေ​ယာ​ဝေ​စု များ​ကို​ခံ​ယူ​ခွင့်​ရှိ​စေ​ရ​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော် မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

< ယေဇကျေလ 47 >