< ယေဇကျေလ 39 >
1 ၁ သို့ဖြစ်၍၊ အချင်းလူသား၊ ဂေါဂတဘက်၌ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသောအိုဂေါဂမင်း၊ ငါသည်သင့်တဘက်၌ နေ၏။
၁အရှင်ထာဝရဘုရားက``အချင်းလူသား၊ မေရှက်နှင့်တုဗလလူမျိုးတို့၏အကြီး ဆုံးမင်းဖြစ်သူဂေါဂအားရှုတ်ချလော့။ ငါသည်သူ၏ရန်သူဖြစ်ကြောင်းဆင့်ဆို လော့။-
2 ၂ သင့်ကို ငါလှည့်၍ သွေးဆောင်မည်။ မြောက် မျက်နှာမှ ချီလာ၍ ဣသရေလတောင်တို့အပေါ်သို့ ရောက်စေမည်။
၂ငါသည်သူ့အားလှည့်စေ၍ဆွဲခေါ်လာမည်။ ဣသရေလတောင်များသို့ရောက်သည့်တိုင် အောင်မြောက်မျက်နှာစွန်းမှခေါ်ဆောင်လာ မည်။-
3 ၃ ထိုအခါ သင့်လက်ဝဲလက်မှ လေးကို၎င်း။ လက်ျာလက်မှ မြှားတို့ကို၎င်း၊ ငါရိုက်၍ကျစေမည်။
၃ထို့နောက်သူ၏လက်ဝဲလက်မှလေးနှင့် လက်ယာလက်မှမြားတို့ကိုပုတ်ချမည်။-
4 ၄ သင်နှင့်သင်၌ပါသော တပ်သား အပေါင်းတို့ သည် ဣသရေလတောင်တို့အပေါ်မှာ လဲ၍သေကြလိမ့် မည်။ သင့်ကို အမျိုးမျိုးသော ငှက်ရဲ၊ သားရဲတို့ကိုက်စား စရာဘို့ ငါအပ်မည်။
၄ဂေါဂနှင့်စစ်သည်အလုံးအရင်းတို့သည် လည်းကောင်း၊ သူ၏မဟာမိတ်တို့သည်လည်း ကောင်းဣသရေလတောင်များပေါ်တွင်ကျ ဆုံးကြလိမ့်မည်။ ငါသည်သင့်အားငှက်ရဲ များနှင့်တောတိရစ္ဆာန်တို့၏အစာဖြစ်စေ မည်။-
5 ၅ သင်သည် လွင်ပြင်၌ လဲ၍သေလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
၅သင်သည်ကွင်းပြင်ထဲတွင်ကျဆုံးလိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။-
6 ၆ မာဂေါဂပြည်နှင့် ပင်လယ်ကမ်းနားမှာ ငြိမ်ဝပ် စွာနေသော သူတို့အပေါ်သို့ မီးကိုငါလွှတ်လိုက်၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
၆ငါသည်မာဂေါဂပြည်နှင့်လူတို့ငြိမ်းချမ်း စွာနေထိုင်လျက်ရှိသည့်ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်ကိုမီးသင့်လောင်စေမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းလူတိုင်းသိရှိကြလိမ့်မည်။-
7 ၇ ထိုသို့ငါ၏ နာမမြတ်ကိုငါ၏ လူဣသရေလ အမျိုးသားတို့တွင် ထင်ရှားစေမည်။ နောက်တဖန်သူတို့ သည် ငါ၏နာမမြတ်ကိုမရှုတ်ချရကြ။ ငါသည်ဣသရေလ အမျိုး၏ သန့်ရှင်းသောဘုရား၊ ထာဝရဘုရားဖြစ်ကြောင်း ကို တပါးအမျိုးသားတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၇ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်ကို ငါ့လူမျိုးတော်ဣသရေလအမျိုး သားတို့သိရှိကြစေရန်ငါပြုမည်။ သူတို့ သည်ထိုသန့်ရှင်းသောနာမတော်ကိုနောက် တစ်ဖန်မရှုတ်ချရ။ ထိုအခါငါထာဝရ ဘုရားသည် ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်ဖြစ်တော်မူကြောင်းလူမျိုးတကာ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
8 ၈ တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ အမှုရောက်လေပြီ။ ပြည့်စုံလေပြီ။ ယခုနေ့ရက် သည် ငါမိန့်မြွက်နှင့်ပြီးသော နေ့ရက်ဖြစ်၏။
၈အရှင်ထာဝရဘုရားက``ငါဖော်ပြခဲ့ သည့်နေ့ရက်ကာလသည်ဧကန်မုချ ကျရောက်အံ့။-
9 ၉ ဣသရေလမြို့တို့၌ နေသောသူတို့သည် ထွက် သွား၍၊ စစ်တိုက်လက်နက်၊ ဒိုင်း၊ လွှား၊ လေး၊ မြှား၊ တုတ်၊ လှံများကို ခုနစ်နှစ်ပတ်လုံး မီးရှို့ကြလိမ့်မည်။
၉ဣသရေလမြို့များတွင်နေထိုင်သူတို့သည် မြို့ပြင်သို့ထွက်၍ ရန်သူများစွန့်ပစ်ထား ခဲ့သည့်လက်နက်များကိုထင်းအဖြစ်စု သိမ်းကြလိမ့်မည်။ သူတို့သည်ခုနစ်နှစ်တိုင် တိုင်မီးဆိုက်နိုင်လောက်အောင် ဒိုင်းလွှား၊ လေး၊ မြား၊ တင်းပုတ်နှင့်လှံများကိုရရှိကြလိမ့် မည်။-
10 ၁၀ ထိုကာတွင် ဥယျာဉ်တော်၌ထင်းမခွေ၊ တော၌ ထင်းမခုတ်မလှဲ၊ စစ်တိုက်လက်နက်တို့နှင့် မီးမွေးကြလိမ့် မည်။ ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးကြလိမ့်မည်။ လုယူသောသူတို့၏ ဥစ္စာကိုလည်းလုယူကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၁၀ရန်သူတို့စွန့်ပစ်ထားခဲ့သည့်လက်နက်များ ကိုရရှိကြမည်ဖြစ်၍သူတို့သည်လွင်ပြင် ၌ထင်းခွေရန်၊ တော၌သစ်ပင်များခုတ်လှဲ ရန်လိုလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့ အားလုယက်သတ်ဖြတ်ကြသူတို့ကိုပြန် ၍တိုက်ခိုက်လုယက်ကြလိမ့်မည်'' ဟုမိန့် တော်မူ၏။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
11 ၁၁ ထိုကာလတွင် ဣသရေလပြည်၊ အိုင်အရှေ့၊ ခရီးသွားရာချိုင့်၌ ထင်ရှားသော သင်္ချိုင်းကိုဂေါဂအား ငါပေးမည်။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရ ကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂ နှင့်သူ၏လူ အလုံးအရင်းရှိသမျှကိုမြေ၌ မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂ ချိုင့်အမည်ဖြင့် တွင်လိမ့်မည်။
၁၁ထာဝရဘုရားက``ဤအမှုအရာအပေါင်း ဖြစ်ပျက်လာသောအခါဂေါဂအား ဣသရေလ ပြည်ပင်လယ်သေအရှေ့ဘက်တွင်ရှိသော ခရီးသည် ချိုင့်ဝှမ်းတွင်သင်္ချိုင်းမြေယာ တစ်ကွက်ကိုငါပေးမည်။ ထိုအရပ်တွင် ဂေါဂနှင့်သူ၏တပ်မတော်တစ်ခုလုံးကို မြှုပ်နှံရသဖြင့် ခရီးသွားရန်လမ်းပိတ် နေလိမ့်မည်။ သို့ဖြစ်၍ထိုချိုင့်ဝှမ်းသည် ဂေါဂတပ်မတော်ချိုင့်ဝှမ်းဟုနာမည် တွင်လိမ့်မည်။-
12 ၁၂ ဣသရေလ အမျိုးသားတို့သည် ပြည်ကို သန့်ရှင်းစေခြင်းငှါ ခုနစ်နှစ်ပတ်လုံး မြေ၌မြှုပ်ကြ လိမ့်မည်။
၁၂ဣသရေလအမျိုးသားတို့သည်ပြည်ရွာ သန့်ရှင်းမှုအတွက် လူသေအလောင်းများ ကိုခုနစ်လပတ်လုံးသင်္ဂြိုဟ်ရကြလိမ့်မည်။-
13 ၁၃ ပြည်သားအပေါင်းတို့သည် ဝိုင်း၍မြေ၌မြှုပ်သဖြင့်၊ ငါ၏ဘုန်းပွင့်သော ထိုနေ့ရက်၌ သူတို့သည်လည်း ကျော်စောခြင်းသို့ ရောက်ကြလိမ့်မည် ဟုအရှင်ထာဝရ ဘုရား မိန့်တော်မူ၏။
၁၃ပြည်သူပြည်သားအပေါင်းတို့သည်ကူညီ ၍သင်္ဂြိုဟ်ကြလိမ့်မည်။ သို့ဖြစ်၍သူတို့သည် ငါ၏ဘုန်းတော်ထင်ရှားသည့်နေ့၌ ဂုဏ်ပြု ချီးမြှင့်ခြင်းကိုခံရကြလိမ့်မည်။ ဤကား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။-
14 ၁၄ အရပ်ရပ်လှည့်လည်၍ အခြားသောခရီးသည် တို့နှင့် ဝိုင်းလျက်၊ မြေပေါ်၌ကြွင်းသေးသော အသေ ကောင်တို့ကို မြှုပ်၍၊ ထိုပြည်ကို သန့်ရှင်းစေခြင်းငှါ အစဉ်အမှုစောင့်သော သူတို့ကိုရွေးကောက်၍ ခန့်ထား ရကြလိမ့်မည်။ ထိုသူတို့သည် ခုနစ်လမက ရှာဖွေ ကြစဉ်တွင်၊
၁၄ခုနစ်လကာလကုန်ဆုံးသွားသောအခါ အရပ်ရပ်သို့လှည့်လည်၍ ကြွင်းကျန်နေသေး သောလူသေအလောင်းများကိုရှာဖွေသင်္ဂြိုဟ် စေရန်အတွက် လူတို့ကိုရွေးချယ်ခန့်ထား ကြလိမ့်မည်။ ဤနည်းအားဖြင့်ပြည်ရွာကို စင်ကြယ်စေကြလိမ့်မည်။-
15 ၁၅ လှည့်လည်၍ ခရီးသွားသောသူတို့သည် အသေ ကောင်၏ အရိုးကိုတွေ့မြင်လျှင်၊ မြေ၌မြှုပ်သော သူတို့သည် ဟာမုန်ဂေါဂချိုင့်၌ မမြှုပ်မှီတိုင်အောင်၊ အရိုး၏အနားမှာမှတ်တိုင်ကို စိုက်ရကြမည်။
၁၅ထိုသူတို့သည်ပြည်ရွာကိုအစုန်အဆန် သွားလာလျက်လူရိုးများကိုတွေ့ရှိသည့် အခါတိုင်း ဂေါဂတပ်မတော်ချိုင့်ဝှမ်းတွင် မြှုပ်နှံမည့်သူများရောက်ရှိလာချိန်တိုင် အောင်မှတ်တိုင်များကိုစိုက်ထားကြလိမ့် မည်။-
16 ၁၆ ထိုအရပ်၌ တည်သောမြို့သည်လည်း ဟာမုန် မြို့ဟူ၍တွင်သဖြင့်၊ ထိုသို့ပြည်တော်ကို သန့်ရှင်းစေကြ လိမ့်မည်။
၁၆(ထိုချိုင့်ဝှမ်းအနီးတွင်တပ်မတော်နာမည် ကိုယူ၍မှည့်ခေါ်ထားသည့်မြို့ရှိသတည်း။) သို့ဖြစ်၍ပြည်ရွာပြန်လည်စင်ကြယ်လာ လိမ့်မည်'' ဟုမိန့်တော်မူ၏။
17 ၁၇ အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို ငှက်အမျိုးမျိုးတို့နှင့် မြေတိရစ္ဆာန်ခပ်သိမ်တို့အား၊ ဆင့်ဆိုရမည်မှာ၊ စည်ဝေး၍လာကြလော့။ ဣသရေလ တောင်တို့အပေါ်၌ သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲကြီး သို့ အရပ်ရပ်တို့က စည်းဝေး၍၊ အသားအသွေးကို သောက်စားခြင်းငှါ လာကြလော့။
၁၇အရှင်ထာဝရဘုရားကငါ့အား``အချင်း လူသား၊ ပတ်ဝန်းကျင်အရပ်ရပ်မှငှက်များ နှင့်တိရစ္ဆာန်များအား သူတို့အတွက်ငါပြင် ဆင်ပေးမည့်ယဇ်ပူဇော်ပွဲသို့လာ၍စား သောက်ကြရန်ခေါ်ဖိတ်လော့။ ဣသရေလ တောင်ပေါ်မှကြီးမြတ်သောယဇ်ပူဇော်ပွဲ ကြီးဖြစ်၏။-
18 ၁၈ သင်တို့သည် အားကြီးသောသူတို့၏ အသား၊ လောကီမင်းတို့၏အသွေး၊ ဗာရှန်ပြည်၌ ဆူအောင်ကျွေး သော သိုးထီး၊ ဆိတ်ထီး၊ နွားလားဥဿဘတို့၏ အသား အသွေးကို သောက်စားရကြလိမ့်မည်။
၁၈ထိုပွဲသည်ကြီးကျယ်သောစားသောက်ပွဲ ဖြစ်၍သူတို့သည် စစ်သူရဲတို့၏အသား ကိုစား၍ပြည်ရှင်မင်းတို့၏သွေးကိုသောက် ရကြလိမ့်မည်။ ထိုစစ်သူရဲများနှင့်ပြည် ရှင်မင်းတို့သည်ဘာရှန်ပြည်မှဆူဖြိုးသော တိရစ္ဆာန်များဖြစ်သည့် သိုးထီး၊ သိုးငယ်၊ ဆိတ် များ၊ နွားများကဲ့သို့အသတ်ခံရကြ လိမ့်မည်။-
19 ၁၉ သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲ၌ ဆီဥကိုဝစွာ စားရကြလိမ့်မည်။ အသွေးနှင့်ယစ်မူးသည်တိုင်အောင် သောက်ရကြလိမ့်မည်။
၁၉ထိုသူတို့သည်ယင်းသို့ယဇ်ကောင်များ သဖွယ်အသတ်ခံရကြသောအခါ ငှက် နှင့်တိရစ္ဆာန်များသည်အဆီကိုဝစွာစား ၍သွေးကိုမူးယစ်သည့်တိုင်အောင်သောက် ရကြလိမ့်မည်။-
20 ၂၀ ထိုသို့စားပွဲ၌မြင်း၊ မြင်းစီးသူရဲ၊ ခွန်အားကြီး သောသူ၊ စစ်တိုက်သောသူ အမျိုးမျိုးတို့ကို ဝစွာစားရကြ လိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၂၀ငါပြင်ဆင်သောစားပွဲတွင်သူတို့သည် မြင်းများနှင့်မြင်းစီးသူရဲများ၊ တပ်မ တော်သားများနှင့်စစ်ပွဲဝင်သူတို့၏အ သားကိုစားရကြလိမ့်မည်။ ဤကားငါ အရှင်ထာဝရဘုရားမြွက်ဟတော်မူ သောစကားဖြစ်၏'' ဟုမိန့်တော်မူ၏။
21 ၂၁ ငါ့ဘုန်းကိုလည်း တပါးအမျိုးသားတို့တွင် ငါထင်ရှားစေ၍၊ ငါစီဂရင်သောတရားမှုနှင့်၊ သူတို့၌ ငါတင်သောလက်ကို တပါးအမျိုးသားအပေါင်းတို့သည် မြင်ရကြလိမ့်မည်။
၂၁ထာဝရဘုရားက``လူမျိုးတကာတို့သည် ငါ၏ဘုန်းအသရေတော်ကိုမြင်ရကြလိမ့် မည်။ ငါ၏တရားမျှတသောစီရင်ချက်များ ကိုအကောင်အထည်ဖော်ရာတွင် ငါသည် မိမိ၏တန်ခိုးတော်ကိုအဘယ်သို့အသုံး ပြုတော်မူကြောင်းသူတို့အားပြမည်။-
22 ၂၂ ငါသည်သူတို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို ဣသရေလအမျိုးသားတို့သည် ထိုနေ့မှ စ၍ သိရကြလိမ့်မည်။
၂၂ထိုအချိန်မှအစပြု၍ဣသရေလအမျိုး သားတို့သည် မိမိတို့၏ဘုရားသခင်ထာဝရ ဘုရားကားငါပင်ဖြစ်သည်ကိုသိရှိကြ လိမ့်မည်။-
23 ၂၃ ဣသရေလအမျိုးသားတို့သည် မိမိအမျိုးတို့ အပြစ်ကြောင့် သိမ်းသွားခြင်းခံရကြောင်းကို တပါး အမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါ့ကိုပြစ်မှားသော ကြောင့်၊ ငါသည် မျက်နှာလွှဲ၍ ရန်သူတို့လက်သို့ အပ် သဖြင့်၊ ထိုသူအပေါင်းတို့သည် ထားဖြင့် လဲ၍ သေရ ကြပြီ။
၂၃ဣသရေလအမျိုးသားတို့သည်ငါ့အား ပြစ်မှားသည့်အပြစ်များကြောင့်ပြည်နှင် ဒဏ်သင့်ရကြကြောင်းကိုလည်း လူမျိုး တကာတို့သိရှိကြလိမ့်မည်။ ငါသည်သူ တို့အားကျောခိုင်းတော်မူ၍ရန်သူတို့ ၏လက်သို့ရောက်စေလျက်စစ်ပွဲတွင်ကျ ဆုံးစေတော်မူခဲ့၏။-
24 ၂၄ သူတို့ညစ်ညူးသောအမှု၊ လွန်ကျူးခြင်းအမှုတို့ အတိုင်း ငါသည် ပြု၍ မျက်နှာကိုလွှဲပြီ။
၂၄ငါသည်သူတို့အားမိမိတို့၏ဆိုးညစ် ယုတ်မာမှုများနှင့်ထိုက်လျောက်သည့် အတိုင်းစီရင်တော်မူပြီးလျှင်ကျော ခိုင်းနေတော်မူ၏'' ဟုမိန့်တော်မူ၏။
25 ၂၅ ဤအမှုတွင် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သိမ်းသွားခြင်းကို ခံရသောယာကုပ် အမျိုးကို ငါတဖန်ဆောင်ခဲ့၍၊ ဣသရေလအမျိုးသားအပေါင်းတို့ကို ကယ်မသနားသဖြင့်၊ ငါ၏နာမမြတ်အဘို့ အလိုငှါ စိတ်အားကြီးမည်။
၂၅အရှင်ထာဝရဘုရားက``သို့ဖြစ်၍ယခု ငါသည် ယာကုပ်၏သားမြေးဖြစ်သူ ဣသရေလအမျိုးသားတို့အားကရုဏာ သက်၍ တစ်ဖန်ပြန်လည်ကောင်းစားလာ စေမည်။ ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်ကိုကာကွယ်မည်။-
26 ၂၆ သူတို့ကို လူအမျိုးမျိုးထဲက ငါခေါ်ခဲ့၍၊
၂၆သူတို့သည်မိမိတို့၏ပြည်တွင်ခြိမ်းခြောက် မည့်သူမရှိဘဲဘေးမဲ့လုံခြုံစွာနေထိုင်ရ ကြသောအခါ ငါ့အားသစ္စာဖောက်ခြင်း ကြောင့်အသရေပျက်ခဲ့ရကြောင်းကိုမေ့ ပျောက်နိုင်ကြလိမ့်မည်။-
27 ၂၇ ရန်သူနေရာပြည်တို့မှ စုဝေးစေလျက်၊ သူတို့ အားဖြင့်များစွားသော လူမျိုးတို့ရှေ့မှာ ငါသည်ချီးမြှောက် ခြင်းသို့ရောက်သောအခါ၊ သူတို့သည် ကြောက်စေသော သူမရှိ၊ ငြိမ်ဝပ်စွာနေကြစဉ်တွင် ခံရဘူးသောအရှက်ကွဲ ခြင်းနှင့်၊ ငါအားပြစ်မှားခြင်းအပြစ်များကို အောက်မေ့ကြ ရလိမ့်မည်။
၂၇ငါသည်သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား ဖြစ်သည်ကိုလူမျိုးတကာတို့သိရှိကြစေ ရန် ငါ၏လူမျိုးတော်အားရန်သူတို့နေထိုင် ရာတိုင်းပြည်နိုင်ငံအသီးသီးမှငါပြန် လည်ခေါ်ဆောင်ခဲ့မည်။-
28 ၂၈ ငါသည်သူတို့ကို တပါးအမျိုးသားတို့၏ သိမ်း သွားခြင်းကို ခံစေသောကြောင့်၎င်း၊ နောက်တဖန် နေရင်းပြည်၌ စုဝေးစေ၍ နေရာချသောကြောင့်၎င်း၊ သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။
၂၈ထိုအခါငါ၏လူမျိုးတော်သည်ငါ့အား မိမိတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းသိရှိကြလိမ့်မည်။ အ ဘယ်ကြောင့်ဆိုသော်ငါသည်ယခင်ကသူ တို့အားဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံစေ တော်မူခဲ့သော်လည်း ယခုအခါ၌တစ် ယောက်မကျန်ပြန်လည်စုသိမ်းကာမိမိ တို့ပြည်သို့ပို့ဆောင်တော်မူသောကြောင့် တည်း။-
29 ၂၉ ငါသည် ကိုယ်ဝိညာဉ်ကို ဣသရေလအမျိုးသား အပေါ်သို့ သွန်းလောင်းသောအခါ၊ သူတို့တွင် တယောက် ကိုမျှ နောက်တဖန်ငါမစွန့်ပစ်၊ ငါ့မျက်နှာကိုလည်းမလွှဲဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၂၉ငါသည်မိမိ၏လူမျိုးတော်ဣသရေလအမျိုး သားတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုသွန်း လောင်းမည်။ သူတို့အားနောင်အဘယ်အခါ ၌မျှငါကျောခိုင်းမည်မဟုတ်။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။