< ယေဇကျေလ 33 >
1 ၁ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ၍၊
၁ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
2 ၂ အချင်းလူသား၊ သင်၏ အမျိုးသားအချင်းတို့ အား ဟော်ပြော၍ ဆင့်ဆိုရမည်မှား၊ ငါသည် တစုံတခု သောပြည်သို့ ထားဘေးရောက်စေသောအခါ၊ ပြည်သား တို့သည် ပြည်သားတယောက်ကို ယူ၍ ကင်းစောင့် ထားပြီးမှ၊
၂ကိုယ်တော်က``တိုင်းပြည်တစ်ပြည်ကိုငါသည် စစ်ဘေးအန္တရာယ်ဆိုက်ရောက်စေသောအခါ ထိုပြည်၌အဘယ်သို့ဖြစ်သည်ကိုသင်၏ အမျိုးသားတို့အားပြောပြလော့။ ပြည်သူ ပြည်သားတို့သည်မိမိတို့အထဲမှလူ တစ်ယောက်ကိုကင်းစောင့်အဖြစ်ဖြင့်ရွေး ချယ်ရကြ၏။-
3 ၃ ထိုသူသည် ထားဘေးရောက်သည်ကို မြင်လျက် တံပိုးမှုတ်၍ သတိပေးသော်လည်း၊
၃သူသည်ရန်သူချဉ်းကပ်လာသည်ကိုမြင် လျှင် လူအပေါင်းတို့အားတံပိုးခရာမှုတ် ၍အချက်ပေးရ၏။-
4 ၄ တစုံတယောက်သောသူသည် တံပိုးမှုတ်သံကို ကြားလျက်နှင့် အမှုမထား၊ ထားဘေးရောက်၍ သူ၏ အသက်ဆုံးလျှင်၊ ထိုသူသည် ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရမည်။
၄အကယ်၍တစ်စုံတစ်ယောက်သောသူသည် ယင်းသို့အချက်ပေးသံကိုကြားလျက်နှင့် ဂရုမစိုက်ဘဲနေပါမူရန်သူသည်လာ ၍သူ့ကိုဋ္ဌားဘေးသင့်စေလျှင် ထိုသူအသက် ဆုံးရှုံးရမှုသည်သူ၏အပြစ်ပင်ဖြစ်၍ သူ့ သွေးသည်သူ၏ခေါင်းပေါ်ရောက်လေပြီ။-
5 ၅ တံပိုးမှုတ်သံကိုကြား၍ အမှုမထားသောကြောင့်၊ ကိုယ်အသက် ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရမည်။ အမှုထားသောသူမူကား၊ ကိုယ်အသက်ကို ကယ်တင် လိမ့်မည်။
၅သူသေရသည်မှာသူ၏ချို့ယွင်းမှုကြောင့် သူ့သွေးသည်သူ၏ခေါင်းပေါ်ရောက်ရပေ မည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူသည် သတိပေးချက်ကိုဂရုမစိုက်ခဲ့သော ကြောင့်ဖြစ်၏။ အကယ်၍ဂရုစိုက်မည် ဆိုပါကသူသည်သေဘေးမှလွတ် မြောက်နိုင်၏။-
6 ၆ သို့မဟုတ် ကင်းစောင့်ထားသောသူသည် ထားဘေး ရောက်ကြောင်းကိုမြင်လျက် တံပိုးမမှုတ်၊ ပြည်သားတို့ အား အသိမပေးသောကြောင့် ထားဘေးရောက်၍ တစုံတယောက်သောသူ အသက်ဆုံးလျှင်၊ ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သူ၏အသက် ကို ကင်းစောင့်သောသူ၌ ငါတောင်းမည်။
၆သို့ရာတွင်အကယ်၍ကင်းစောင့်သည်ရန်သူ လာသည်ကိုမြင်လျက်နှင့် အချက်ပေးတံပိုး ခရာကိုမမှုတ်ဘဲနေခဲ့သော် ရန်သူလွန်လာ ၍တစ်စုံတစ်ယောက်သတ်ဖြတ်ခံရလျှင်ထို သူသည်မိမိအပြစ်ကြောင့်သေရသော်လည်း ထိုသို့သေဆုံးသူ၏သွေးအတွက်ကင်းစောင့် မှာတာဝန်ရှိစေမည်။''
7 ၇ ထိုအတူ၊ အချင်းလူသား၊ သင့်ကိုဣသရေလ အမျိုး၌ ကင်းစောင့်စေခြင်းငှါ ငါခန့်ထားသောကြောင့်၊ သင်သည်ငါ၏ နှုတ်ထွက်စကားကို နာခံ၍ သူတို့ကို သတိပေးရမည်။
၇``အချင်းလူသား၊ ယခုငါသည်သင့်အား ဣသရေလအမျိုးသားတို့အတွက် ကင်း စောင့်အဖြစ်ဖြင့်ခန့်ထားမည်။ သင်သည်ငါ ၏သတိပေးချက်များကိုသူတို့အား ဆင့်ဆိုရမည်။-
8 ၈ ငါသည် လူဆိုးအား၊ အိုလူဆိုး၊ အကယ်စင်စစ် သင်သည် အသေခံရမည်ဟုဆိုသောအခါ ဆိုးသောသူကို သူ၏လမ်းမှ လွှဲစေခြင်းငှါ သင်သည် သတိမပေးလျှင်၊ ထိုလူဆိုးသည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။ သို့ရာတွင်၊ သူ၏အသက်ကိုသင်၌ ငါတောင်းမည်။
၈အကယ်၍ငါကဆိုးယုတ်သူတစ်စုံတစ် ယောက်အားသေရလိမ့်မည်ဟုဆိုလျှင် သင် သည်ထိုသူအသက်မသေစေရန်သူ၏ အပြုအမူပြောင်းလဲဖို့သတိပေးရမည်။ မပေးဘဲနေပါမူသူသည်အပြစ်ကူး လွန်သူအဖြစ်ဖြင့်ပင်သေလိမ့်မည်။ ထို အခါငါသည်ထိုသေဆုံးသူ၏သွေး အတွက်သင့်မှာတာဝန်ရှိစေမည်။-
9 ၉ သို့မဟုတ်။ လူဆိုးကိုသူ၏ လမ်းမှလွှဲစေခြင်းငှါ သင်သည် သတိပေး၍ သူသည်မလွှဲဘဲနေလျှင်၊ မိမိ အပြစ်ကြောင့် အသက်ဆုံးသော်လည်း၊ သင်သည် ကိုယ် အသက်ကို ကယ်တင်ပြီ။
၉အကယ်၍သင်သည်ဆိုးယုတ်သူအားသတိ ပေးသော်လည်း သူသည်ဒုစရိုက်ကိုပြုမြဲ ပြုကာအပြစ်ကူးလွန်သူအဖြစ်ဖြင့်ပင် လျှင်သေသည်ဆိုပါမူ သင်၏အသက်ချမ်း သာရာရလိမ့်မည်''ဟုမိန့်တော်မူ၏။
10 ၁၀ သို့ဖြစ်၍၊ အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အား ဟောပြောရမည်မှား၊ ငါတို့သည် ကိုယ်ပြုမိသော ဒုစရိုက်အပြစ်ကို ခံရသဖြင့် အားလျော့ သည်ဖြစ်၍၊ အဘယ်သို့ အသက်ရှင်နိုင်ပါမည်နည်းဟု သင်တို့ဆိုကြသော်၊
၁၀ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။ ကိုယ်တော်က``အချင်း လူသား'' ``ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာသင်တို့က`ငါတို့သည်မိမိ တို့အပြစ်များ၊ မိမိတို့ပြုသောအမှားများ ဖြင့်ဝန်လေးပင်ပန်းလျက်ရှိကြ၏။ ငါတို့ သည်အားလျော့နွမ်းနယ်လျက်နေကြ၏။ အဘယ်သို့လျှင်ငါတို့အသက်ရှင်နိုင် ကြပါမည်နည်း' ဟုဆိုကြ၏။-
11 ၁၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည် အသေ ခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုသော လမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အိုဣသရေလအမျိုးသားတို့၊ သင်တို့လိုက် သောလမ်းဆိုးမှ လွှဲကြလော့။ လွှဲကြလော့။ အဘယ် ကြောင့်အသေခံလိုကြသနည်း။
၁၁ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ ငါမိန့်တော်မူသည်ကားအပြစ်ကူး လွန်သူတစ်စုံတစ်ယောက်သေသည်ကိုမ မြင်လို ထိုသူအပြစ်ကူးလွန်မှုကိုရပ်စဲ ၍အသက်ရှင်သည်ကိုသာလျှင်တွေ့မြင် လိုသည်။ အချင်းဣသရေလအမျိုးသား တို့၊ သင်တို့ပြုလျက်ရှိသည့်အပြစ်ဒု စရိုက်ကိုရပ်စဲကြလော့။ ရပ်စဲသောသင် တို့သည်အဘယ်ကြောင့်သေချင်ကြ သနည်း။
12 ၁၂ သို့ဖြစ်၍၊ အချင်းလူသား၊ သင်၏အမျိုးသား ချင်းတို့အား ဟောပြောရမည်မှာ၊ ဖြောင့်မတ်သော သူသည် ဖေါက်ပြန်လျှင်၊ အရင်ဖြောင့်မတ်ခြင်း အမှုသည် သူ့ကို ကယ်တင်ရမည်မဟုတ်။ ဆိုးသောသူသည် ဆိုးသောအမှုကိုရှောင်လျှင်၊ အရင်ဆိုးသောအမှုကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်မဟုတ်။ ဖြောင့်မတ်သော သူသည်ပြစ်မှားသောနေ့၌ အသက်ရှင်ရသော အခွင့် မရှိရ။
၁၂``အချင်းလူသား၊ သူတော်ကောင်းအပြစ် ကူးလွန်သောအခါသူပြုခဲ့သောကောင်း မှုများကသူ့ကိုကယ်လိမ့်မည်မဟုတ် ကြောင်း ဣသရေလအမျိုးသားတို့အား ပြောကြားလော့။ အကယ်၍ဆိုးညစ်သူ သည်မိမိ၏ဆိုးညစ်မှုကိုရပ်စဲလိုက်ပါ မူသူသည်အပြစ်ဒဏ်ကိုခံရတော့မည် မဟုတ်။ သူတော်ကောင်းသည်အပြစ်ကူး လွန်သောအခါသူသည်အသက်ချမ်း သာရာရမည်မဟုတ်။-
13 ၁၃ ဖြောင့်မတ်သောသူသည် စင်စစ်အသက်ရှင်ရ လိမ့်မည်ဟု ငါဆိုသော်လည်း၊ သူသည် မိမိဖြောင့်မတ် ခြင်းကို ကိုးစား၍ ဒုစရိုက်ကိုပြုမိလျှင်၊ အရင်ဖြောင့်မတ် ခြင်း အမှုတစုံတခုကိုမျှ မအောက်မေ့ရ။ ပြုမိသော ဒုစရိုက်ကြောင့် အသေခံရလိမ့်မည်။
၁၃ငါသည်သူတော်ကောင်းအားအသက်ရှင်စေ မည်ဟုကတိပေးထားသော်လည်း သူသည် မိမိပြုခဲ့သောကောင်းမှုကိုအားကိုးကာ အပြစ်စ၍ကူးလွန်သည်ဆိုပါမူ ငါသည် သူပြုခဲ့သောအဘယ်ကောင်းမှုကိုမျှသတိ ရလိမ့်မည်မဟုတ်။ သူသည်မိမိ၏အပြစ် ကြောင့်သေရမည်ဖြစ်၏။-
14 ၁၄ တဖန်ဆိုးသော သူအား သင်သည် စင်စစ် အသေခံရလိမ့်မည်ဟု ငါဆိုသော်လည်း၊ ထိုသူသည် မိမိဒုစရိုက်ကို ရှောင်၍၊ တရားသောအမှု၊ ဖြောင့်မတ် သောအမှုကို ပြုလျက်၊
၁၄အကယ်၍ငါသည်ဆိုးယုတ်သူအားသေရ လိမ့်မည်ဟုသတိပေးသဖြင့် သူသည်မိမိ ၏အပြစ်ဒုစရိုက်ကိုရပ်စဲကာမှန်ရာ ကောင်းရာကိုပြုကျင့်လျှင်၊-
15 ၁၅ ပေါင်ထားသောဥစ္စာကို မသိုထား၊ လုယူသော ဥစ္စာကို ပြန်ပေးလျက်၊ အဓမ္မအမှုကို မပြုဘဲအသက် ရှင်ရာပညတ်တရားလမ်းသို့လိုက်လျှင်၊ အသေမခံရဘဲ စင်စစ်အသက်ရှင်ရလိမ့်မည်။
၁၅ဥပမာအားဖြင့်မိမိအပေါင်ခံထားသည့် ပစ္စည်း၊ ခိုးဝှက်ထားသည့်ဥစ္စာတို့ကိုပြန်၍ ပေးအပ်ပြီးလျှင်အပြစ်ကူးလွန်မှုကို ရပ်စဲကာအသက်ရှင်စေတတ်သောပြဋ္ဌာန်း ချက်တို့ကိုစောင့်ထိန်းသည်ဆိုအံ့၊ ထိုသူ သည်မသေဘဲအသက်ရှင်လိမ့်မည်။-
16 ၁၆ ပြုမိသော ဒုစရိုက်အပြစ်တစုံတခုကိုမျှ သူ၌ မတင်။ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုသောကြောင့် စင်စစ်အသက်ရှင်ရလိမ့်မည်။
၁၆သူကူးလွန်ခဲ့သည့်အပြစ်များကိုလည်း ငါသည်ဖြေလွှတ်မည်။ မှန်ရာကောင်းရာကို ပြုကျင့်သည့်အတွက်သူသည်အသက်ရှင် လိမ့်မည်။
17 ၁၇ သို့သော်လည်း၊ သင်၏အမျိုးသားချင်းတို့က၊ ထာဝရဘုရား စီရင်ချက်မဖြောင့်ဟု ဆိုကြသည်ဖြစ်၍၊ သူတို့စီရင်ချက်မဖြောင့်ပါတကား။
၁၇``သို့ရာတွင်သင်၏အမျိုးသားချင်းတို့က ထာဝရဘုရားသည် ဖြောင့်မတ်စွာမစီရင် ဟုဆိုကြ၏။ သူတို့သာလျှင်ဖြောင့်မတ် စွာမပြုကြ။-
18 ၁၈ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းကို စွန့်၍ ဒုစရိုက်ကိုပြုမိလျှင်၊ ထိုဒုစရိုက်အပြစ်ကြောင့် အသေခံရလိမ့်မည်။
၁၈သူတော်ကောင်းသည်ကောင်းမှုကိုရပ်စဲ၍ မကောင်းမှုကိုပြုသောအခါ ထိုမကောင်း မှုအတွက်သူသည်သေရလိမ့်မည်။-
19 ၁၉ ဆိုးသောသူမူကား၊ မိမိဒုစရိုက်ကိုရှောင်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကို ပြုလျှင်၊ ထိုအမှုကြောင့် အသက်ရှင်ရလိမ့်မည်။
၁၉ဆိုးယုတ်သူသည်အပြစ်ဒုစရိုက်ကိုစွန့် လွှတ်၍မှန်ရာကောင်းရာကိုပြုကျင့်သော အခါ အသက်ရှင်ခွင့်ကိုရရှိလိမ့်မည်။-
20 ၂၀ သို့သော်လည်း၊ သင်တို့က၊ ထာဝရဘုရား စီရင် ချက်မဖြောင့်ဟု ဆိုကြသည်တကား။ အိုဣသရေလ အမျိုးသားတို့၊ သင်တို့ အသီးသီးပြုကြသည်အတိုင်း ငါစီရင်မည်ဟုမိန့်တော်မူ၏။
၂၀သို့ရာတွင်အချင်းဣသရေလအမျိုး သားတို့၊ သင်တို့ကထာဝရဘုရားပြု သောအမှုသည်မဖြောင့်မတ်ဟုဆိုကြ ၏။ ငါသည်သင်တို့ပြုသောအမှုကိုထောက် ၍ သင်တို့အားတရားစီရင်မည်'' ဟုမိန့် တော်မူ၏။
21 ၂၁ သိမ်းသွားရာ သက္ကရာဇ်တဆယ်နှစ်ခု၊ ဒသမလ ငါးရက်နေ့တွင်၊ ယေရုရှလင်မြို့မှ ပြေး၍လွတ်သော သူတယောက်သည် ငါ့ထံသို့ရောက်လာ၍၊ မြို့ကိုလုပ်ကြံပြီ ဟု သိတင်းကြားပြော၏။
၂၁ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်နှစ်နှစ် မြောက်၊ ဒသမလ၊ လဆန်းငါးရက်နေ့၌ ယေရုရှလင်မြို့မှလွတ်မြောက်လာသူတစ် ယောက်သည်လာ၍ငါ့အားယေရုရှလင် မြို့ရန်သူလက်သို့ကျရောက်သွားသည့် အကြောင်းကိုပြောပြ၏။-
22 ၂၂ ထိုသူမရောက်မှီ ညဦးမှစ၍ သူရောက်သော နံနက်အချိန်တိုင်အောင်၊ ထာဝရဘုရားသည် လက်တော် ကို ငါ့အပေါ်၌တင်၍ ငါ့နှုတ်ကိုဖွင့်တော်မူသဖြင့်၊ ငါသည် စကားမပြောဘဲနေရသော အချိန်လွန်၍ ဟောပြောရ၏။
၂၂ထိုသူမရောက်မီညနေချမ်းအချိန်၌ ထာဝရဘုရား၏တန်ခိုးတော်သည် ငါ့ကို လွှမ်းမိုး၍နေ၏။ နောက်တစ်နေ့နံနက်ထို သူရောက်ရှိလာချိန်၌ စကားပြောနိုင်စွမ်း ရည်ကိုငါ့အားပြန်၍ပေးတော်မူ၏။ သို့ ဖြစ်၍ငါသည်တိတ်ဆိတ်စွာမနေရ တော့ဘဲစကားပြောနိုင်၏။
23 ၂၃ ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊
၂၃ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
24 ၂၄ အချင်းလူသား၊ ပျက်စီးသော ဣသရေလပြည်၌ နေသေးသော သူတို့က၊ အာဗြဟံသည် လူတဦးတည်း ဖြစ်သော်လည်း ဤပြည်ကို အမွေခံရ၏။ ငါတို့မူကား အများဖြစ်ကြ၏။ ငါတို့အမွေခံရာဘို့ ပေးတော်မူပြီဟု ဆိုကြသော်၊
၂၄ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်ရှိပျက်စီးယိုယွင်းနေသောမြို့များတွင် နေထိုင်သူတို့က`အာဗြဟံသည်လူတစ်ဦး မျှသာဖြစ်သော်လည်းဤပြည်တစ်ပြည်လုံး ကိုအပိုင်ရရှိခဲ့၏။ ယခုငါတို့သည်ကား အရေအတွက်အားဖြင့်များသည်ဖြစ်၍ဤ ပြည်ကိုငါတို့အပိုင်ရကြပြီ' ဟုပြောဆို နေကြ၏။
25 ၂၅ သင်သည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သွေးနှင့်တကွ အမဲသားကို စားလျက်၊ ရုပ်တုတို့ကို ဖူးမြော်လျက်၊ လူအသက်ကိုလည်း သက်လျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။
၂၅``သူတို့အားငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား သင်တို့သည်အမဲသားနှင့် အတူသွေးကိုလည်းစားကြ၏။ ရုပ်တုများ ကိုဝတ်ပြုရှိခိုးကြ၏။ လူ၏အသက်ကို သတ်ကြ၏။ သို့ပါလျက်ဤပြည်ကိုသင်တို့ အပိုင်ရပြီဟုအဘယ်ကြောင့်ထင်မှတ် ကြသနည်း။-
26 ၂၆ ထားကို ခိုလှုံလျက်၊ စက်ဆုပ်ဘွယ်သော အမှုကို ပြုလျက်၊ အိမ်နီးချင်းမယားကို ပြစ်မှားလျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။
၂၆သင်တို့သည်မိမိတို့၏ဋ္ဌားကိုအားကိုး ကြ၏။ သင်တို့အကျင့်များသည်လည်းစက် ဆုပ်ဖွယ်ကောင်း၏။ လူတိုင်းပင်သူတစ်ပါး ၏အိမ်ရာကိုပြစ်မှားကြ၏။ သို့ပါလျက် ဤပြည်ကိုသင်တို့အပိုင်ရပြီဟုအဘယ် ကြောင့်ထင်မှတ်ကြသနည်း။
27 ၂၇ တဖန်အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါအသက်ရှင်သည်အတိုင်း၊ ပျက်စီး သော အရပ်၌နေသော သူတို့သည် ထားဖြင့် လဲ၍ သေရ ကြလိမ့်မည်။ လွင်ပြင်၌ရှိသော သူတို့ကို ငါသည်သားရဲ ၌အပ်၍ ကိုက်စားစေမည်။ ရဲတိုက်ဥမင်၌ရှိသော သူတို့ သည် ကာလနာနှင့် သေရကြလိမ့်မည်။
၂၇``ပျက်စီးယိုယွင်းလျက်ရှိသောမြို့များတွင် နေထိုင်ကြသူတို့သည်သတ်ဖြတ်ခြင်းခံရ ကြလိမ့်မည်ဖြစ်ကြောင်း၊ ငါအရှင်ထာဝရ ဘုရားသည်အသက်ရှင်တော်မူသောဘုရား အမှန်ပင်ဖြစ်သည့်အတိုင်းသူတို့အားသတိ ပေးလိုက်ကြောင်းပြောကြားလော့။ ကျေးလက် တို့တွင်နေထိုင်သူများသည်တောတိရစ္ဆာန် တို့၏အစာဖြစ်ရကြလိမ့်မည်။ တောင်များ၊ လိုဏ်ဂူများတွင်ပုန်းအောင်းနေကြသူတို့ သည်ရောဂါကြောင့်သေရကြလိမ့်မည်။-
28 ၂၈ တပြည်လုံးကို ငါသုတ်သင်ပယ်ရှင်းသဖြင့်၊ သူ့အစွမ်းသတ္တိ၏ ဂုဏ်အသရေကုန်၍၊ အဘယ်သူမျှ မရှောက်မသွားရေအောင်၊ ဣသရေလတောင်တို့သည် လူဆိတ်ညံလျက် ရှိရကြလိမ့်မည်။
၂၈ငါသည်ထိုပြည်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေမည်။ ပြည်သူတို့ဂုဏ်ယူဝါ ကြွားရာဖြစ်သည့်တန်ခိုးအာဏာသည် လည်းဆိတ်သုဉ်းသွားလိမ့်မည်။ မည်သူမျှ ဖြတ်သန်းသွားလာမှုမပြုနိုင်လောက်အောင် ဣသရေလတောင်တို့သည်တောရိုင်းဖြစ် လိမ့်မည်။-
29 ၂၉ ပြည်သားတို့သည် ပြုမိသောစက်ဆုပ်ဘွယ် အမှုအလုံးစုံတို့ကြောင့်၊ ထိုပြည်ကို ငါသုတ်သင်ပယ်ရှင်း သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်း သူတို့ သိရကြလိမ့်မည်။
၂၉ငါသည်လူတို့အားအပြစ်များအတွက်ဒဏ် ခတ်၍ သူတို့၏ပြည်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေသောအခါ ငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
30 ၃၀ ထိုမှတပါး၊ အချင်းလူသား၊ သင်၏အမျိုးသား ချင်းတို့က၊ ငါတို့သွားကြကုန်အံ့။ ထာဝရဘုရားသည် အဘယ်သို့ဗျာဒိတ်ပေးတော်မူသည်ကို ကြာကြကုန်အံ့ဟု၊ ထရံနား၊ အိမ်တံခါးနားမှာ သင့်ကိုရည်မှတ်၍ တယောက် ကိုတယောက် ပြောတတ်ကြ၏။
၃၀ထာဝရဘုရားက``အချင်းလူသား၊ သင် ၏အမျိုးသားတို့သည်မြို့တံတိုင်းများ အနီး၌သော်လည်းကောင်း၊ မိမိတို့အိမ် တံခါးဝများ၌သော်လည်းကောင်း တွေ့ဆုံ မိကြသောအခါသင်၏အကြောင်းကို ပြောဆိုနေကြ၏။ သူတို့ကထာဝရ ဘုရားအဘယ်သို့အမိန့်တော်ရှိသည်ကို ယခုငါတို့သွား၍နားထောင်ကြကုန် အံ့'' ဟု အချင်းချင်းပြောဆိုကြ၏။-
31 ၃၁ ငါ၏လူကဲ့သို့ သင့်ထံသို့လာ၍၊ ငါ၏လူကဲ့သို့ သင့်ရှေ့မှာထိုင်လျက်၊ သင်၏စကားကိုကြာသော်လည်း၊ နားမထောင်ဘဲနေကြ၏။ အလွန်ချစ်ဘွယ်သော လက္ခဏာကို နှုန်နှင့်ပြသော်လည်း၊ စိတ်နှလုံးမူကား လောကီ ဥစ္စာကိုစွဲလမ်းလျက်ရှိ၏။
၃၁သို့ဖြစ်၍ငါ၏လူမျိုးတော်သည်သင်ပြန် ကြားရန် ရှိသည့်အမိန့်တော်ကိုနားထောင် ရန်သင့်ရှေ့သို့စုရုံးလာကြ၏။ သို့ရာတွင် သူတို့သည်သင်ပြောသည့်အတိုင်းမလုပ် ကြ။ ချစ်ဖွယ်သောစကားများပြောဆိုနေ ကြသော်လည်းလောဘစိတ်အတိုင်းကျင့် ကြံကြ၏။-
32 ၃၂ သင်၏စကားသည်၊ ကောင်းမွန်စွာတီး၍ သာယာသောအသံနှင့် ပြည့်စုံသောသူဆိုသော၊ နှစ်သက် ဘွယ်သော သီချင်းကဲ့သို့ သူတို့၌ဖြစ်၍၊ သူတို့သည် ကြားရ သော်လည်း နားမထောင်တတ်ကြ။
၃၂သူတို့အဖို့မှာသင်သည်အချစ်သီချင်း များကိုသီဆိုတီးမှုတ်ဖြေဖျော်သူကဲ့ သို့ဖြစ်ပေသည်။ သူတို့သည်သင်ပြောသမျှ သောစကားတို့ကိုနားထောင်ကြသော်လည်း တစ်လုံးတစ်ပါဒကိုမျှမလိုက်နာကြ။-
33 ၃၃ သို့ရာတွင်၊ အမှုရောက်လိမ့်မည်။ အမှုရောက် သောအခါ သူတို့တွင် ပရောဖက်ရှိဘူးသည်ကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၃၃သို့ရာတွင်သင်၏ဟောကြားချက်မှန်သမျှ သည်မှန်ကန်လာရမည်ဖြစ်သည့်အတိုင်း အကောင်အထည်ပေါ်လာသောအခါ မိမိ တို့အလယ်တွင်ပရောဖက်တစ်ပါးရောက် ရှိနေကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။