< ယေဇကျေလ 24 >
1 ၁ သက္ကရာဇ်ကိုးခု၊ ဒသမလဆယ်ရက်နေ့တွင်၊ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
၁ငါတို့ပြည်နှင်ဒဏ်ခံစဉ်ကိုးနှစ်မြောက်ဒသမ လ၊ လဆန်းဆယ်ရက်နေ့၌ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ငါ့ထံသို့ရောက်လာ၏။-
2 ၂ အချင်းလူသား၊ ဤမည်သောနေ့၊ ယခုနေ့ရက် ကိုမှတ်လော့။ ယခုနေ့၌ ဗာဗုလုန်ရှင်ဘုရင်သည် ယေရု ရှလင်မြို့ကို ဝိုင်းထားစပြု၏။
၂ကိုယ်တော်က``အချင်းလူသား၊ ယနေ့နေ့စွဲကို ရေးမှတ်လော့။ အဘယ်ကြောင့်ဆိုသော်ဤနေ့ သည်ယေရုရှလင်မြို့ကိုဗာဗုလုန်မင်းစတင် ဝိုင်းရံသည့်နေ့ဖြစ်သောကြောင့်တည်း။-
3 ၃ ပုန်ကန်တတ်သော အမျိုးအားလည်း ပုံစကား တည်းဟူသော၊ အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ အိုးကင်းကို မီးဖို၌ တင်ထား၍ ရေကိုလောင်းလော့။
၃ပုန်ကန်တတ်သောငါ၏လူမျိုးတော်အားသူတို့ အတွက် ငါအရှင်ထာဝရဘုရားဖော်ပြသည့် ပုံဥပမာကိုပြောပြလော့။ ယင်းပုံဥပမာမှာ ``ကြေးအိုးကိုမီးဖိုပေါ်တွင်တင်၍ရေထည့် ပြီးလျှင်
4 ၄ အမဲသားတစ်များ၊ ကောင်းသောအတစ်တို့ကို စုထား၍၊ ပေါင်၊ ပခုံး၊ အစရှိသော အကောင်းဆုံးသော အရိုးတို့ကို အိုးကင်း၌အပြည့်ထည့်လော့။
၄အသားတုံးများကိုအိုးထဲသို့ထည့်လော့။ လက်ရင်းပိုင်းနှင့်ပေါင်များမှအကောင်းဆုံးသော အသားတစ်များကိုလည်းကောင်း လက်ရွေးစင်အရိုးတို့ကိုလည်းကောင်း ကြေးအိုးပြည့်အောင်ထည့်လော့။
5 ၅ သိုးအကောင်းဆုံးတို့ကို ယူပြီးလျှင်၊ အရိုးအချို့ တို့ကို အိုးကင်းအောက်မှာပုံ၍၊ အိုးကင်းထဲမှာ အရိုးတို့ကို ကျက်စေခြင်းငှါ၊ ကျပ်ကျပ်ဆူစေလော့။
၅အဆူဖြိုးဆုံးသောသိုးကိုသာလျှင်အသုံး ပြုလော့။ ကြေးအိုးအောက်တွင်မီးထင်းထည့်ကာ ရေကိုပွက်ပွက်ဆူစေ၍အရိုးများကိုပြုတ်လော့'' ဟုမိန့်တော်မူပါ၏။
6 ၆ ဤအမှု၌ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား၊ လူအသက်ကိုသတ်တတ်သောမြို့၊ သံချေးတက်၍ ရှိသေး သောအိုးကင်းသည် အမင်္ဂလာရှိ၏။ သားတစ်တို့ကို တခုနောက်တခုထုတ်လော့။ စာရေးတံမပြုနှင့်။
၆အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``လူ သတ်သမားတို့၏မြို့သည်အမင်္ဂလာရှိပါ သည်တကား။ ယင်းသည်အဘယ်အခါ၌မျှ မတိုက်မချွတ်ဘဲထားသဖြင့်ချေးတက်နေ သည့်ကြေးအိုးနှင့်တူ၏။ ကြေးအိုးထဲမှ အသားတစ်များကိုမဲချနေစရာမလို ဘဲ တစ်တုံးပြီးတစ်တုံးအကုန်အစင်ထုတ် လော့။-
7 ၇ အကြောင်းမူကား၊ ထိုမြို့သတ်သော သူ၏ အသွေးသည် မြို့အလယ်၌ ရှိ၏။ ထိုအသွေးကိုမြေမှုန့်နှင့် ဖုံးခြင်းငှါ မြေပေါ်မှာသွန်းသည်မဟုတ်၊ ရှင်းလင်းသော ကျောက်ပေါ်မှာတင်ထားပြီ။
၇ထိုမြို့ထဲ၌လူသတ်မှုဖြစ်ပွားခဲ့၏။ သို့ ရာတွင်သွေးသည်မြေပေါ်သို့မကျ။ ရှင်း လင်းသောကျောက်သားပေါ်သို့ကျသဖြင့် မြေမှုန့်နှင့်ဖုံးအုပ်ထားရန်မဖြစ်နိုင်။-
8 ၈ ငါသည်လည်း အပြစ်ဒဏ်ပေးမည်အကြောင်း၊ ဒေါသအမြတ်ထွက်စေခြင်းငှါ၊ ထိုအသွေကိုမဖုံးဘဲ ရှင်းလင်းသောကျောက်ပေါ်မှာ တင်ထားပြီ။
၈ထိုသွေးကအမျက်နှင့်လက်စားချေစေရန် ငါ သည်ယင်းကိုဖုံးအုပ်၍မထားနိုင်သည့်နေရာ တွင်ကျစေခြင်းဖြစ်၏'' ဟူ၍တည်း။
9 ၉ ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ လူအသက် ကိုသတ်တတ်သောမြို့သည် အမင်္ဂလာရှိ၏။ ကြီးစွာသော မီးပုံကို ငါစီရင်မည်။
၉ထိုနောက်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား``လူသတ်သမားတို့၏မြို့သည် အမင်္ဂလာ ရှိပါသည်တကား။ ငါကိုယ်တိုင်ပင်ထင်းများ ကိုထည့်မည်။-
10 ၁၀ ထင်းများကို ပုံထား၍မီးရှို့လော့။ အမဲသား လျော့၍ မြိန်စွာသော စားဘွယ်ဖြစ်စေလော့။ အရိုးတို့ကို လည်း ကျွမ်းစေ။
၁၀ထင်းများကိုထပ်မံ၍ယူလာလော့။ မီးတောက် ကိုယပ်ခပ်ပေးလော့။ အသားများကိုချက်၍ ဟင်းခပ်အမွှေးအကြိုင်တို့ဖြင့် ဟင်းချိုကို ဆူအောင်ကျိုချက်လော့။ အရိုးတို့ကိုကျွမ်း လောင်စေလော့။-
11 ၁၁ ထိုနောက်၊ အဘယ်အရာမျှမပါဘဲ မီးခဲပေါ်မှာ မီးခဲပေါ်မှာ တင်ထားလော့။ ကြေးနီပူ၍ မီးတောက်စေ။ အိုးကင်း၌ပါသော အညစ်အကြေးကို အရည်ကျို၍ သံချေးကုန်စေ။
၁၁ထိုနောက်အိုးလွတ်ကိုနီရဲလာအောင် မီးကျီး ခဲများအပေါ်တွင်တင်ထားလော့။ ထိုအခါ ချေးကိုမီးစားသဖြင့် အိုးသည်ဘာသာရေး ထုံးနည်းနှင့်အညီသန့်စင်လာလိမ့်မည်။-
12 ၁၂ ကြိုးစား၍ ပင်ပန်းသော်လည်း၊ များစွာသော သံချေးမထွက်တတ်။ မီးအားဖြင့် မကုန်တတ်။
၁၂သို့ရာတွင်ချေးညှိအားလုံးသည်မီးတောက် ထဲတွင်ပင်လောင်ကျွမ်းလိမ့်မည်မဟုတ်။-
13 ၁၃ သင်၏အညစ်အကြေး၌ အဓမ္မအမှုပါ၏။ ငါဆေးကြော၍ သင်သည်ဆေးကြောခြင်းကို မခံသော ကြောင့်၊ ငါ၏အမျက်အရှိန်သည် သင့်အပေါ်သို့ မရောက် မချင်းတိုင်အောင်၊ သင်၏အညစ်အကြေးကို မဆေး ကြောရ။
၁၃အို ယေရုရှင်လင်မြို့၊ သင်သည်အကျင့်ပျက်မှု များဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေလေပြီ။ ငါ သည်သင့်အားသန့်စင်အောင်ပြုသော်လည်း သင်သည်ညစ်ညမ်း၍နေ၏။ ငါ၏အမျက်တော် ဒဏ်ကိုမခံရမချင်းသင်သည်သန့်စင်လာ လိမ့်မည်မဟုတ်။-
14 ၁၄ ငါထာဝရဘုရားပြောပြီ။ ပြောသည်အတိုင်း ငါပြု၍ပြည့်စုံစေမည်။ နောက်သို့မဆုတ်၊ မနှမြော၊ နောင်တမရ၊ သင်ကျင့်ကြံပြုမူသမျှ အတိုင်း၊ ငါစီရင်မည် ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
၁၄ဤကားထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါအရေးယူဆောင်ရွက်ရမည့် အချိန်ကျပြီ။ ငါသည်သင်၏အပြစ်များ ကိုလျစ်လူရှုလိမ့်မည်မဟုတ်။ သနားကြင် နာမည်မဟုတ်။ ကရုဏာထားမည်မဟုတ်။ သင်ပြုခဲ့သည့်အမှုအတွက်အပြစ်ဒဏ် ခံရမည်'' ဟူ၍တည်း။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
15 ၁၅ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
၁၅ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ ထံသို့ရောက်လာ၏။-
16 ၁၆ အချင်းလူသား၊ သင်ကြည့်ရှုလိုဘွယ်သော သူကိုငါသည် ဒဏ်ခတ်၍ ပယ်ရှားမည်။ သို့ရာတွင်၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ မျက်ရည် မကျရ။
၁၆ကိုယ်တော်က``အချင်းလူသား၊ သင်အချစ်ဆုံးသော သူကိုငါသည်ရုတ်တရက်ရုပ်သိမ်းမည်။ သင်သည် မညည်းညူရ။ မငိုရ။ မျက်ရည်မကျရ။-
17 ၁၇ တိုးတိုးညည်းတွားလော့။ သေသောသူအတွက် မြည်တမ်းခြင်းကို မပြုနှင့်။ ခေါင်းပေါင်းပေါင်း၍ ခြေနင်း ကိုစီးလော့။ နှုတ်ကိုမဖုံးနှင့်။ ဆင်းရဲသောသူ၏ အစာကို မစားနှင့်ဟု မိန့်တော်မူ၏။
၁၇သင်ရှိုက်သည့်အသံကိုလူတို့မကြားပါစေနှင့်။ ဝမ်းနည်းပူဆွေးသည့်လက္ခဏာဖြင့်ခေါင်းပေါင်း မပေါင်းဘဲ၊ ဖိနပ်မစီးဘဲမသွားမလာနှင့်။ သင်၏မျက်နှာကိုမဖုံးမအုပ်နှင့်။ ဝမ်းနည်း ပူဆွေးသူတို့စားသည့်အစားအစာကို လည်းမစားနှင့်'' ဟုမိန့်တော်မူ၏။
18 ၁၈ ထိုသို့ငါသည် နံနက်အချိန်၌ လူများတို့အား ကြားပြော၏။ ညဦးအချိန်၌ ငါ့ခင်ပွန်းသည် သေ၏။ မှာထားတော်မူသည်အတိုင်း နက်ဖြန်နံနက်မှငါပြု၏။
၁၈ငါသည်နံနက်ပိုင်း၌လူတို့နှင့်စကားစမြည် ပြောဆိုနေခဲ့၏။ ထိုနေ့ညနေ၌ငါ၏ဇနီး သည်ကွယ်လွန်သွားသော်လည်း နောက်တစ်နေ့၌ ငါသည်ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း ပြု၏။-
19 ၁၉ လူများတို့ကလည်း ဤသို့သင်ပြုသောအမှုသည် ငါတို့နှင့်အဘယ်သို့ ဆိုင်သနည်း။ ငါတို့အားမပြော သလောဟု ငါ့အားမေးကြသော်၊
၁၉လူတို့က``သင်သည်အဘယ်ကြောင့်ဤသို့ပြု သနည်း။ အကျွန်ုပ်တို့နှင့်ဆိုင်သလော။ ပြော ပါလော့'' ဟုငါ့အားမေးကြ၏။
20 ၂၀ ငါက၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက် လာ၍၊
၂၀ထို့ကြောင့်ငါက``ငါ့ထံသို့ထာဝရဘုရား နှုတ်ကပတ်တော်ရောက်လာ၏။-
21 ၂၁ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသား ဆင့်ဆိုရမည်မှာ၊ ငါ၏သန့်ရှင်းရာ ဌာန၊ သင်တို့အစွမ်းသတ္တိအထွဋ်အမြတ်၊ သင်တို့ကြည့်ရှု လိုဘွယ်သောအရာ၊ အလွန်နှမြောသော အရာကို ငါရှုတ်ချမည်။ သင်တို့ဘွားမြင်သောသားသမီးတို့သည် ထားဖြင့်ဆုံးကြလိမ့်မည်။
၂၁ကိုယ်တော်သည်မိမိ၏အမိန့်တော်ကို အသင် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရန် ငါ့ကိုစေခိုင်းတော်မူ၏။ သင်တို့သည်ဗိမာန် တော်ခိုင်ခံ့မှုကိုဂုဏ်ယူဝါကြွားကြ၏။ ဗိမာန် တော်ကိုကြည့်ရှုလိုကြ၏။ ဗိမာန်တော်သို့ သွားရောက်လိုကြ၏။ သို့ရာတွင်ထာဝရ ဘုရားသည်ထိုဗိမာန်တော်ကိုညစ်ညမ်းစေ တော်မူလိမ့်မည်။ ယေရုရှလင်မြို့တွင်ကျန် ရစ်ခဲ့သောသင်တို့၏အိမ်ထောင်စုသားလူ ငယ်များသည်လည်းစစ်ပွဲတွင်ကျဆုံးကြ လိမ့်မည်။-
22 ၂၂ ထိုအခါ သင်တို့သည် ငါပြုသကဲ့သို့ ပြုကြ ရလိမ့်မည်။ နှုတ်ကိုမဖုံး၊ ဆင်းရဲသောသူတို့၏ အစာကို မစားရကြ။
၂၂ထိုအခါသင်တို့သည်ငါပြုခဲ့သည့်အတိုင်း ပြုကြလိမ့်မည်။ သင်တို့၏မျက်နှာများကိုဖုံး အုပ်လိမ့်မည်မဟုတ်။ ဝမ်းနည်းပူဆွေးသူတို့ သည်အစားအစာကိုစားလိမ့်မည်မဟုတ်။-
23 ၂၃ ခေါင်းပေါင်းပေါင်း၍ ခြေနင်းကို စီးရကြလိမ့် မည်။ ငိုကြွေးမြည်တမ်းခြင်းကိုမပြုရကြ။ ကိုယ်အပြစ် ကြောင့် ပိန်ကြုံး၍ တယောက်ကိုတယောက် ညည်းတွား ရကြလိမ့်မည်။
၂၃သင်တို့သည်ခေါင်းပေါင်းမပေါင်းဘဲဖိနပ်မစီး ဘဲသွားလာကြလိမ့်မည်မဟုတ်။ မြည်တမ်းငို ကြွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ မိမိတို့၏ အပြစ်များကြောင့်သင်တို့သည်ကြုံလှီသွားကာ တစ်ဦးရှေ့တွင်တစ်ဦးညည်းတွားကြလိမ့်မည်။-
24 ၂၄ ထိုသို့ဇေကျေလသည် သင်တို့အား ပုပ္ပနိမိတ် ဖြစ်ရ၏။ သူပြုသမျှအတိုင်း သင်တို့သည်၊ အမှုရောက် သောအခါ ပြု၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိရကြလိမ့်မည်။
၂၄ထိုအခါငါသည်သင်တို့၏ပုဗ္ဗနိမိတ်ဖြစ်၍ သင်တို့သည်ငါပြုခဲ့သမျှသောအမှုတို့ကို ပြုကြလိမ့်မည်။ ဤသို့ဖြစ်ပျက်လာသောအခါ ကိုယ်တော်သည်အရှင်ထာဝရဘုရားဖြစ်တော် မူကြောင်း သင်တို့သိရှိကြလိမ့်မည်ဟုထာဝရ ဘုရားမိန့်တော်မူ၏'' ဟုဆို၏။
25 ၂၅ အချင်းလူသား၊ သင်၏အမှုမူကား၊ သူတို့ အစွမ်းသတ္တိ၊ ဝါကြွားစရာဘုန်း၊ ကြည့်ရှုလိုဘွယ်သော အရာ၊ စိတ်စွဲလမ်းသောအရာကို၎င်း၊ သားသမီးတို့ကို၎င်း ငါပယ်ရှားသောအခါ၊
၂၅ထာဝရဘုရားက``အချင်းလူသား၊ ယခုငါ သည်သူတို့ဂုဏ်ယူဝါကြွားစရာ၊ စိတ်ကြည်နူး စရာဖြစ်သောခိုင်ခံ့လှသည့်ဗိမာန်တော်ကို ဖယ်ရှားမည်။ သူတို့သည်ထိုဗိမာန်တော်ကို ကြည့်ရှုလိုကြ၏။ ထိုဗိမာန်တော်သို့သွား ရောက်လိုကြ၏။ သူတို့၏သားသမီးများ ကိုလည်းငါသည်ရုပ်သိမ်းမည်။-
26 ၂၆ လွတ်သောသူ တစုံတယောက်သည် သင်ရှိရာသို့ရောက်လာ၍ ကြားပြောလိမ့်မည်။
၂၆ထိုသို့ငါပြုသောနေ့၌သေဘေးမှလွတ်မြောက် လာသူတစ်စုံတစ်ယောက်သည် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာတို့ကိုသင့်ထံသို့လာ၍ ပြောကြားလိမ့်မည်။-
27 ၂၇ ထိုအခါ လွတ်လပ်သောသူနှင့်တွေ့သဖြင့် သင်၏နှုတ်ပွင့်လိမ့် မည်။ စကားမပြောဘဲနေချိန်လွန်၍ ဟောပြောရလိမ့်မည်။ ထိုသို့သင်သည် သူတို့အား ပုပ္ပနိမိတ်ဖြစ်၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၂၇ထိုနေ့၌ပင်လျှင်သင့်နှုတ်သည်လည်းပွင့်လျက် ထိုသူနှင့်စကားပြောနိုင်လိမ့်မည်။ တိတ်ဆိတ် နေတော့မည်မဟုတ်။ ဤနည်းအားဖြင့်သင်သည် လူတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းကိုလည်း သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။