< ယေဇကျေလ 19 >

1 ထိုမှတပါး၊ ဣသရေလမင်းသားတို့အတွက် ငိုကြွေးမြည်တမ်းလျက်ပြောရမည်မှာ၊
ဣ​သ​ရေ​လ​မင်း​သား​တို့​အ​တွက်​ငို​ချင်း ကို​အောက်​ပါ​အ​တိုင်း​ဖွဲ့​ဆို​ရန် ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​အ​မိန့်​ပေး​တော်​မူ​၏။
2 သင်၏အမိကားအဘယ်သူနည်း။ ခြင်္သေ့မ ဖြစ်၏။ ခြင်္သေ့တို့တွင် အိပ်လျက်နေ၍၊ ခြင်္သေ့ပျိုတို့တွင် မိမိသားတို့ကို ကျွေးမွေး၏။
သင့်​အ​မိ​သည်​ခြင်္သေ့​မ​ပီ​သ​ပါ​ပေ​သည်။ သူ​သည်​ငယ်​ရွယ်​သော​ခြင်္သေ့​ဖို​တို့​ကြား​တွင် သား​ငယ်​များ​ကို​ကြီး​ပြင်း​အောင်​ကျွေး​မွေး စောင့်​ရှောက်​၏။
3 ကျွေးမွေးသောသားတကောင်သည် ခြင်္သေ့ပျို ဖြစ်၍၊ တောတိရစ္ဆာန်တို့ကိုဘမ်းဆီးခြင်းငှါ၊ သင်၏ လူတို့ကိုလည်း ကိုက်စားတတ်၏။
သား​ကောင်​များ​ဖမ်း​သည့်​အ​တတ်​ကို သင်​ကြား​ပေး​သ​ဖြင့်၊ ခြင်္သေ့​ငယ်​တစ်​ကောင်​သည်​သန်​စွမ်း​လာ​၍ လူ​သား​စား​ခြင်္သေ့​ဖြစ်​လာ​လေ​သည်။
4 လူမျိုးတို့သည် ကြား၍မြေတွင်း၌ ထိုခြင်္သေ့ပျို ကို ဘမ်းပြီးလျှင်၊ သံကြိုးနှင့် ချည်နှောင်၍ အဲဂုတ္တုပြည်သို့ ယူသွားကြ၏။
လူ​မျိုး​တ​ကာ​တို့​သည်​သူ​၏​အ​ကြောင်း​ကို ကြား​သော​အ​ခါ တွင်း​ဖြင့်​ထောင်​၍​ဖမ်း​ပြီး​လျှင်​နှာ​ဖား​ကြိုး ထိုး​လျက် အီ​ဂျစ်​ပြည်​သို့​ဆွဲ​ငင်​သွား​ကြ​၏။
5 သားဆုံးရှုံးကြောင်းကို အမိသည် မြင်၍ စိတ် ပျက်သောအခါ၊ သားတကောင်ကို ယူပြန်၍ ခြင်္သေ့ပျို ဖြစ်စေခြင်းငှါ ပြုသဖြင့်၊
ခြင်္သေ့​မ​သည်​မိ​မိ​၏​မျှော်​လင့်​ချက်​များ​မ​ရှိ တော့​ဘဲ မျှော်​မှန်း​ချက်​များ​ကုန်​ဆုံး​သည်​ကို သိ​မြင်​သော​အ​ခါ အ​ခြား​သား​ငယ်​တစ်​ကောင်​ကို​ကြီး​ပြင်း​အောင် ကျွေး​မွေး​စောင့်​ရှောက်​ပြန်​၏။ ထို​သား​ငယ်​သည်​လည်း ကြောက်​မက်​ဖွယ်​ကောင်း​သော​ခြင်္သေ့ ဖြစ်​လာ​လေ​သည်။
6 သူသည်လည်း၊ ခြင်္သေ့တို့နှင့်ပေါင်းဘော်၍ ခြင်္သေ့ပျိုဖြစ်လျက်၊ တောတိရစ္ဆာန်တို့ကို ဘမ်းဆီးခြင်းငှါ၊ သင်၏လူတို့ကိုလည်း ကိုက်စား၏။
သူ​သည်​အ​ရွယ်​ရောက်​၍​သန်​စွမ်း​သော​အ​ခါ၊ အ​ခြား​ခြင်္သေ့​များ​နှင့်​အ​တူ​အ​စာ​ရှာ​ရန် လှည့်​လည်​လျက်၊ သား​ကောင်​ဖမ်း​သည့်​အ​တတ်​ကို​သင်​ယူ ကာ လူ​သား​စား​ခြင်္သေ့​ဖြစ်​လာ​၏။
7 သူတို့ မုဆိုးများကိုသိ၍၊ သူတို့မြို့များကို သုတ်သင် ပယ်ရှင်းလေ၏။ ဟောက်သောအသံကြောင့် ပြည်နှင့်ပြည် ၌ ရှိသမျှတို့သည် ဆိတ်ညံလျက်ရှိကြ၏။
သူ​သည်​ခံ​တပ်​များ​ကို​ဖြို​ချ​၍​မြို့​တို့​ကို ဖျက်​ဆီး​နေ​၏။ သူ​ဟောက်​လိုက်​သည့်​အ​ခါ​တိုင်း၊ ပြည်​သူ​ပြည်​သား​တို့​သည်​ကြောက်​လန့်​တုန်​လှုပ် ကြ​၏။
8 ထိုအခါ လူမျိုးတို့သည် ကျေးလက်အရပ်ရပ်တို့ က တိုက်လာ၍ ပိုက်ကွန်နှင့်ဝိုင်းပြီးလျှင်၊ မြေတွင်း၌ ဘမ်းကြ၏။
ထို​အ​ခါ​အ​ရပ်​ရပ်​သူ​၏​ပတ်​ဝန်း​ကျင်​မှ လူ​မျိုး​တ​ကာ​တို့​သည်​စု​ရုံး​လာ​ကြ​လျက်၊ သူ့​အား​မု​ဆိုး​ပိုက်​ကွန်​များ​ဖြင့်​တွင်း​ထဲ​သို့ ထောင်​ဖမ်း​ကြ​၏။
9 သံကြိုးနှင့် ချည်လျက်ဗာဗုလုန် ရှင်ဘုရင်ထံသို့ ဆောင်သွား၍၊ သူ၏အသံသည် ဣသရေလတောင် ပေါ်မှာ နောက်တဖန်မမြည်စေခြင်းငှါ နှောင်အိမ်၌ လှောင်ထားကြ၏။
ထို​နောက်​သူ့​အား​သံ​ချိတ်​များ​နှင့်​ဆွဲ​ပြီး လှောင်​အိမ်​တစ်​ခု​တွင်​ထည့်​၍​ဗာ​ဗု​လုန်​မင်း​ထံ​သို့ ယူ​ဆောင်​သွား​ကြ​၏။ ဣ​သ​ရေ​လ​တောင်​များ​ပေါ်​တွင်​သူ​၏​အ​သံ ကို နောက်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြား​ရ​စေ​ရန် သူ့​အား အ​စောင့်​အ​ကြပ်​နှင့်​ထောင်​ချ​ထား​၏။
10 ၁၀ သင်၏အမိသည် သင်နှင့်တူလျက်၊ ရေနားမှာ စိုက်သော စပျစ်နွယ်ပင်ကဲ့သို့ ဖြစ်၏။ ရေများသော ကြောင့် အခက်အလက်နှင့် ပြည့်စုံ၍၊ များစွာသောအသီး ကို သီးတတ်၏။
၁၀သင့်​အ​မိ​သည်​စမ်း​ချောင်း​အ​နီး​တွင်​စိုက်​ထား သည့် စ​ပျစ်​ပင်​နှင့်​တူ​၏။ ရေ​အ​လုံ​အ​လောက်​ရှိ​သ​ဖြင့်​ထို​အ​ပင်​သည် အ​သီး​အ​ရွက်​များ​နှင့်​ဝေ​ဆာ​၍​နေ​၏။
11 ၁၁ မင်းတို့အသုံးအဆောင် ရာဇလှံတံဘို့ ခိုင်ခံ့သော တံဖျာတို့နှင့် ပြည့်စုံ၏။ ထူထပ်၍များပြားသော အခက် အလက်တို့နှင့် အရပ်မြင့်၍ ထင်ရှားလေ၏။
၁၁အ​ကိုင်း​များ​သည်​သန်​မာ​ခိုင်​ခံ့​သ​ဖြင့် ရာ​ဇ​လှံ​တံ အ​ဖြစ်​အ​သုံး​ဝင်​လာ​လေ​သည်။ စ​ပျစ်​ပင်​သည်​သစ်​ပင်​အ​ရွက်​အ​လက်​များ အ​ထက်​ထိ​အောင်​မြင့်​မား​လာ​၏။ ထို​အ​ပင်​အ​ဘယ်​မျှ​မြင့်​မား​၍​အ​ရွက် အ​လက်​များ ထူ​ထပ်​သည်​ကို​ထင်​ရှား​စွာ​မြင်​ရ​ကြ​၏။
12 ၁၂ သို့ရာတွင်၊ ဒေါသအရှိန်အားဖြင့် နှုတ်၍ မြေပေါ်မှာ လှဲချလေပြီ။ အရှေ့လေသည် တိုက်၍အသီး ကို ပိတ်ခြောက်စေ၏။ ခိုင်ခံ့သောတံဖျာတို့သည် ကျိုး၍ သွေ့ခြောက်သဖြင့်၊ မီးလောင်ခြင်းကို ခံရကြပြီ။
၁၂သို့​ရာ​တွင်​ထို​စ​ပျစ်​ပင်​သည်​အ​မျက်​ထွက်​သူ​တို့ လက်​ဖြင့်​အ​မြစ်​မှ​ဆွဲ​နုတ်​ခြင်း​ကို​ခံ​ရ​ကာ မြေ​ပေါ်​သို့​လဲ​ကျ​လေ​၏။ အ​ရှေ့​လေ​ကြောင့်​စ​ပျစ်​သီး​များ​ပိန်​ခြောက်​ကုန်​၏။ စ​ပျစ်​ကိုင်း​တို့​သည်​လည်း​ကျိုး​ပဲ့​ခြောက်​သွေ့​ကာ မီး​ရှို့​ခြင်း​ကို​ခံ​ရ​ကြ​၏။
13 ၁၃ ယခုမူကား ရေမရှိ၊ သွေ့ခြောက်သောလွင်ပြင် အရပ်၌ စိုက်လျက်ရှိ၏။
၁၃ယ​ခု​အ​ခါ​ထို​အ​ပင်​ကို​ခြောက်​သွေ့​၍ ရေ​မ​ရှိ​ရာ​အ​ရပ်​ဖြစ်​သော​တော​ကန္တာ​ရ​တွင် စိုက်​ထား​လေ​သည်။
14 ၁၄ အခက်အလက်တံဖျာတခုထဲက မီးထွက်၍ အသီးကို ကျွမ်းလောင်ပြီး။ အစိုးရသော ရာဇလှံတံဘို့ ခိုင်ခံ့သောတံဖျာတစုံ တခုမျှမကျန်ကြွင်း။ ဤရွှေကား၊ ငိုကြွေးမြည်တမ်းခြင်း အကြောင်းဖြစ်၏။ ငိုကြွေးမည် တမ်းစရာ အကြောင်းလည်း ဖြစ်လိမ့်မည်။
၁၄ယင်း​၏​ပင်​စည်​ကို​မီး​သင့်​လောင်​သ​ဖြင့် အ​ကိုင်း​အ​ခက်​နှင့်​အ​သီး​များ​သည်​လည်း လောင်​ကျွမ်း​သွား​လေ​သည်။ ထို​အ​ပင်​၏​အ​ကိုင်း​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပြန်​လည်​ခိုင်​ခံ့​သန်​မာ​လာ​ကြ​တော့​မည်​မ​ဟုတ်။ အ​ဘယ်​အ​ခါ​၌​မျှ​ရာ​ဇ​လှံ​တံ​အ​ဖြစ် အ​သုံး​ဝင်​ကြ​တော့​မည်​မ​ဟုတ်။ ဤ​ကား​စပ်​ဆို​ထား​သည့်​ငို​ချင်း​ဖြစ်​၏။ ထို ငို​ချင်း​ကို​အ​ဖန်​တစ်​လဲ​လဲ​သီ​ဆို​ကြ ရ​မည်။

< ယေဇကျေလ 19 >