< ထွက်မြောက်ရာ 9 >
1 ၁ ထာဝရဘုရားကလည်း၊ သင်သည် ဖါရောဘုရင် ထံသို့ဝင်၍ ငါ၏လူတို့သည် ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကို လွှတ်လော့။
၁ထာဝရဘုရားက မောရှေအား``ဘုရင်ထံ သို့သွား၍ ဟေဗြဲအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားဤသို့မိန့်တော်မူ ၏။ `ငါ့အားဝတ်ပြုနိုင်စေရန်ငါ၏လူမျိုး တော်ကိုသွားခွင့်ပြုလော့။-
2 ၂ မလွှတ်ဘူးဟုငြင်း၍ ဆီးတားသေးလျှင်၊
၂သင်သည်သွားခွင့်မပြုဘဲနေဦးမည်ဆိုလျှင်၊-
3 ၃ ထာဝရဘုရား၏လက်တော်သည် လယ်ပြင်၌ ရှိသော တိရစ္ဆာန်၊ မြင်း၊ မြည်း၊ ကုလားအုပ်၊ သိုး၊ နွားတို့အပေါ်၌ ရောက်၍ အလွန်ပြင်းစွာသော ရောဂါ စွဲလိမ့်မည်။
၃ငါသည်သင်တို့၏မြင်း၊ မြည်း၊ ကုလားအုပ်၊ သိုး၊ နွား၊ ဆိတ်တို့ကိုရောဂါဆိုးဖြင့်သေကျေ ပျက်စီးစေမည်။-
4 ၄ ထာဝရဘုရားသည်၊ ဣသရေလလူတို့၏ တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို့၏ တိရစ္ဆာန်ကို ခြားနား စေသဖြင့်၊ ဣသရေလအမျိုးသားပိုင်သော တိရစ္ဆာန် တကောင်မျှမသေရ။
၄သို့ရာတွင်ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့၏တိရစ္ဆာန်နှင့် အီဂျစ်အမျိုး သားတို့၏တိရစ္ဆာန်တို့ကိုခွဲခြား၍ဣသရေလ အမျိုးသားတို့ပိုင်သောတိရစ္ဆာန်တစ်ကောင်မျှ မသေစေရ။-
5 ၅ နက်ဖြန်နေ့၊ အဲဂုတ္တုပြည်၌ ထိုအမှုကို ထာဝရ ဘုရားပြုတော်မူမည်ဟု မှန်သောအချိန်ကို ချိန်းချက် တော်မူပြီဟု ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် အကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
၅ငါသည်နက်ဖြန်နေ့၌ထိုအမှုကိုပြုမည်' ဟုထာဝရဘုရားအချိန်ကန့်သတ်တော်မူ ကြောင်းကိုပြောလော့'' ဟူ၍မိန့်တော်မူ၏။
6 ၆ နက်ဖြန်နေ့၌ ထိုအမှုကိုပြုတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ တိရစ္ဆာန်အမျိုးမျိုးသေကြ၏။ ဣသ ရေလလူတို့၏ တိရစ္ဆာန်တကောင်မျှမသေ။
၆နောက်တစ်နေ့တွင်ထာဝရဘုရားသည်မိန့် တော်မူသည့်အတိုင်းပြုတော်မူသဖြင့် အီဂျစ် အမျိုးသားတို့၏တိရစ္ဆာန်အားလုံးသေကျေ ကြကုန်၏။ သို့ရာတွင်ဣသရေလအမျိုး သားတို့၏တိရစ္ဆာန်တစ်ကောင်မျှမသေ။-
7 ၇ ဖါရောဘုရင်သည် လူကိုစေလွှတ်၍၊ ဣသ ရေလအမျိုးသားတို့၏ တိရစ္ဆာန်တကောင်မျှ မသေ ကြောင်းကို သိရ၏။ သို့သော်လည်း နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။
၇ဘုရင်သည်ဣသရေလအမျိုးသားတို့၏ တိရစ္ဆာန် တစ်ကောင်မျှမသေကြောင်းကိုစုံစမ်း သိရှိရလေ၏။ သို့သော်ဘုရင်သည်ခေါင်းမာ မြဲခေါင်းမာလျက် ဣသရေလအမျိုးသား တို့ကိုသွားခွင့်မပြုဘဲနေလေ၏။
8 ၈ ထာဝရဘုရားကလည်း၊ မီးဖိုထဲကပြာကို လက် နှင့်ယူ၍ မောရှေသည် ဖါရောဘုရင်ရှေ့၌ မိုဃ်းကောင်း ကင်သို့ပစ်လွှင့်စေ။
၈ထိုနောက်ထာဝရဘုရားက မောရှေနှင့်အာရုန် တို့အား``မီးဖိုထဲကပြာကိုလက်နှင့်ဆုပ်ယူ လော့။ မောရှေသည်ဘုရင်ရှေ့တွင်ပြာကိုလေ ထဲသို့ပစ်လွှင့်ရမည်။-
9 ၉ ထိုပြာသည် အဲဂုတ္တုပြည်တရှောက်လုံး၌ နှံ့ပြား သော အမှုန့်ဖြစ်၍၊ ပြည်တရှောက်လုံးတွင် လူနှင့် တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သော အနာဆိုးဖြစ်လိမ့် မည်ဟု မောရှေနှင့် အာရုန်တို့အား မိန့်တော်မူသည်အ တိုင်း၊
၉ထိုပြာသည်အီဂျစ်တစ်ပြည်လုံးတွင် မြေမှုန့်ကဲ့ သို့ပျံ့နှံ့၍ လူနှင့်တိရစ္ဆာန်တို့၏ကိုယ်ပေါ်၌ အနာဆိုးများပေါက်စေလိမ့်မည်'' ဟုမိန့်တော် မူ၏။-
10 ၁၀ သူတို့သည် မီးဖိုထဲကပြာကိုယူ၍၊ ဖါရောဘုရင် ရှေ့မှာရပ်လျက်၊ မောရှေသည် မိုဃ်းကောင်းကင်သို့ ပစ် လွှင့်သဖြင့်၊ ထိုပြာသည် လူနှင့်တိရစ္ဆာန်တို့၌ အခဲ အကျိတ်ပြည့်သော အနာဆိုးဖြစ်လေ၏။
၁၀သို့ဖြစ်၍သူတို့သည်ပြာကိုယူ၍ဘုရင်ရှေ့ တွင်ရပ်နေကြ၏။ မောရှေသည်ပြာကိုလေထဲ သို့ပစ်လွှင့်လိုက်ရာ လူနှင့်တိရစ္ဆာန်တို့၏ကိုယ် ပေါ်၌အနာဆိုးများပေါက်စေလေ၏။-
11 ၁၁ ဝိဇ္ဇာဆရာတို့သည် အနာဆိုးကြောင့်၊ မောရှေ ရှေ့၌မရပ်မနေနိုင်။ ထိုအနာဆိုးသည် ဝိဇ္ဇာဆရာတို့၌၎င်း၊ အဲဂုတ္တုလူအပေါင်းတို့၌၎င်း စွဲသတည်း။
၁၁အခြားသောအီဂျစ်အမျိုးသားတို့ကဲ့သို့ မှော်ဆရာတို့ကိုယ်ပေါ်တွင်လည်းအနာဆိုး များပေါက်လျက်ရှိသဖြင့် သူတို့သည် မောရှေရှေ့သို့မလာနိုင်ကြတော့ချေ။-
12 ၁၂ ထာဝရဘုရားသည် ဖါရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသည်ဖြစ်၍၊ မောရှေအား မိန့်တော်မူ သည်အတိုင်း၊ သူတို့စကားကို နားမထောင်ဘဲ နေလေ၏။
၁၂သို့ရာတွင်ထာဝရဘုရားသည်ဘုရင်ကို ခေါင်းမာစေသဖြင့် မောရှေအားထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းဘုရင်သည် ဣသရေလအမျိုးသားတို့အားသွားခွင့် မပြုဘဲနေလေ၏။
13 ၁၃ တဖန်ထာဝရဘုရားက၊ နံနက်စောစောထ၍၊ ဖါရောဘုရင်ရှေ့မှာရပ်လျက်၊ ဟေဗြဲလူတို့၏ ဘုရား သခင် ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အား ဝတ်ပြု မည်အကြောင်း၊ သွားရသောအခွင့်ကိုပေးလော့။
၁၃ထိုနောက်ထာဝရဘုရားကမောရှေအား ဟေဗြဲ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူကြောင်းပြောကြားလော့။ ``နံ နက်စောစောတွင် ဘုရင်နှင့်သွားရောက်တွေ့ဆုံ ပြီးလျှင်`ငါ့အားဝတ်ပြုနိုင်ရန်ငါ၏လူမျိုး တော်ကိုသွားခွင့်ပြုလော့။-
14 ၁၄ သို့မဟုတ် ယခုကာလအခါ သင်၏နှလုံး၌၎င်း၊ သင်၏ကျွန်များ၊ လူများ၌၎င်း၊ ငါ၏ဘေးဒဏ်အလုံးစုံ တို့ကို သင့်ရောက်စေမည်။ မြေကြီးတရှောက်လုံး၌ ငါကဲ့သို့သောသူ မရှိကြောင်းကိုသင်သည် သိရလိမ့်မည်။
၁၄ကမ္ဘာလောကတစ်ခုလုံး၌ငါကဲ့သို့သော ဘုရားမရှိကြောင်း သင်သိစေရန်ယခုအကြိမ် တွင်သင်နှင့်သင်၏မှူးမတ်ပြည်သူတို့အား ငါ ကိုယ်တိုင်ကပ်သင့်စေမည်။-
15 ၁၅ ငါ့လက်ကို ငါဆန့်၍ သင်နှင့်သင်၏လူတို့ကို ကာလနာဖြင့် ဒဏ်ခတ်မည်။သင့်ကိုလည်း မြေကြီးပေါ် က သုတ်သင်ပယ်ရှင်းမည်။
၁၅အကယ်၍ငါသည်တန်ခိုးတော်ဖြင့် သင်နှင့် သင်၏လူမျိုးကိုရောဂါဘေးသင့်စေခဲ့ပါမူ သင်တို့အားလုံးပင်သေကျေပျက်စီးကုန် မည်ဖြစ်သည်။-
16 ၁၆ အကယ်စင်စစ် ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှါ၎င်း၊ ငါ့နာမကို မြေကြီးတပြင်လုံးတွင် ကျော်စောစေခြင်း ငှါ၎င်း၊ သင့်ကို ငါချီးမြှောက်ခဲ့ပြီ။
၁၆သို့ရာတွင်ကမ္ဘာသူကမ္ဘာသားတို့သည် ငါ ၏ဘုန်းတန်ခိုးကိုတွေ့မြင်ကြစေရန် ငါ သည်သင်တို့ကိုအသက်ချမ်းသာခွင့်ပေး ခဲ့၏။-
17 ၁၇ သင်သည် ငါ၏လူတို့ကိုမလွှတ်ဘဲ၊ သူတို့ကို စော်ကားသေးသလော။
၁၇သို့သော်လည်းသင်သည်မောက်မာမြဲမောက်မာ လျက် ငါ၏လူမျိုးတော်ကိုသွားခွင့်မပြုဘဲ နေသေး၏။-
18 ၁၈ ကြည့်ရှုလော့။ အဲဂုတ္တုပြည် တည်သည်ကာလမှ စ၍ ယခုတိုင်အောင် မရွာဘူးသော အလွန်ကြီးစွာသော မိုဃ်းသီးရွာခြင်းကို နက်ဖြန်နေ့ ဤအချိန်၌ ငါဖြစ်စေ မည်။
၁၈နက်ဖြန်နေ့ဤအချိန်တွင်အီဂျစ်ပြည်၌ တစ်ကြိမ်တစ်ခါမျှမရွာဘူးသောမိုးသီး မိုးကိုသည်းထန်စွာရွာသွန်းစေမည်။-
19 ၁၉ ထိုကြောင့်ယခုစေလွှတ်၍၊ လယ်ပြင်၌ရှိသော တိရစ္ဆာန်များနှင့် ရှိလေသမျှတို့ကို သိမ်းယူလော့။ အိမ်သို့ မဆောင်လျင်၊ လယ်ပြင်၌ တွေ့သမျှသောလူနှင့် တိရစ္ဆာန်တို့အပေါ်မှာ မိုဃ်းသီးကျ၍၊ သူတို့သည် သေကြလိမ့်မည်အကြောင်းကို ပြောလော့ဟု မောရှေ အား မိန့်တော်မူ၏။
၁၉ယခုသင်သည်သင်၏တိရစ္ဆာန်များနှင့်ကွင်း ပြင်၌ရှိသမျှတို့ကို အမိုးအကာအောက်သို့ သွင်းစေလော့။ အကာအကွယ်မရှိသောလူ နှင့်တိရစ္ဆာန်ရှိသမျှတို့အပေါ်သို့ မိုးရွာချ သဖြင့်သေကျေပျက်စီးကြလိမ့်မည်။''
20 ၂၀ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော ဖာရောဘုရင်၏ ကျွန်တို့သည်၊ မိမိကျွန်နှင့် မိမိတိရစ္ဆာန်တို့ကို အိမ်သို့ ပြေးစေကြ၏။
၂၀ဘုရင်၏မှူးမတ်အချို့တို့သည်ထာဝရ ဘုရား၏မိန့်တော်မူချက်ကိုယုံ၍ကြောက် ရွံ့သဖြင့် မိမိတို့၏ကျေးကျွန်နှင့်တိရစ္ဆာန် များကိုအမိုးအကာအောက်သို့သွင်းထား ကြ၏။-
21 ၂၁ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ပမာဏမပြုသောသူတို့သည်၊ မိမိကျွန်၊ မိမိတိရစ္ဆာန်တို့ကို လယ်ပြင်၌ ထားကြ၏။
၂၁အခြားသောသူများကမူထာဝရဘုရား ၏မိန့်တော်မူချက်ကိုပမာဏမပြုဘဲ မိမိ တို့၏ကျေးကျွန်နှင့်တိရစ္ဆာန်များကိုအမိုး အကာအောက်သို့မသွင်းဘဲနေကြ၏။
22 ၂၂ ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်တရှောက်လုံး၌ လူတို့အပေါ်မှာ၎င်း၊ တိရစ္ဆာန်တို့အပေါ်မှာ၎င်း၊ လယ်ပြင်၌ရှိလေသမျှသော အပင်များအပေါ်မှာ၎င်း၊ မိုဃ်းသီးရွာစေခြင်းငှာ၊ သင်၏လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူ၏။
၂၂ထိုနောက်ထာဝရဘုရားကမောရှေအား ``အီဂျစ်ပြည်တစ်လျှောက်လုံးတွင်လူများ၊ တိရစ္ဆာန်များ၊ လယ်ကွင်းရှိအပင်များပေါ်သို့ မိုးရွာချစေရန်သင်၏လက်ကိုကောင်းကင် သို့မြှောက်လော့'' ဟုမိန့်တော်မူ၏။-
23 ၂၃ မောရှေသည် မိမိလှံတံကို မိုဃ်းကောင်းကင်သို့ ဆန့်၍၊ ထာဝရဘုရားသည် မိုဃ်းကြိုးနှင့် မိုဃ်းသီးကို လွှတ်တော်မူ၏။ မီးသည်လည်း မြေပေါ်မှာပြေးလေ၏။ ထိုသို့ ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်၌ မိုဃ်းသီးရွာစေ တော်မူသဖြင့်၊
၂၃မောရှေသည်မိမိ၏တောင်ဝှေးကိုကောင်းကင် သို့မြှောက်လိုက်ရာ ထာဝရဘုရားသည်မိုး ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်တကွ မိုးသီးမိုးရွာသွန်းစေလေ၏။ ထာဝရ ဘုရားစေလွှတ်တော်မူသော-
24 ၂၄ အဲဂုတ္တုပြည် တည်ထောင်သည်ကာလမှစ၍ တခါမျှမဖြစ်ဘူးသော မိုဃ်းသီး၊ မီးနှင့်ရော၍ အလွန် ပြင်းထန်စွာသော မိုဃ်းသီး ဖြစ်လေ၏။
၂၄ထိုမုန်တိုင်းသည် အလွန်ဆိုးရွားသောမုန် တိုင်းဖြစ်သဖြင့် အီဂျစ်ပြည်သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှမကြုံဘူးသော အဆိုးရွားဆုံးမုန်တိုင်းဖြစ်၏။-
25 ၂၅ အဲဂုတ္တုပြည် တရှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသော လူနှင့်တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များ တို့ကို မိုဃ်းသီးထိလေ၏။
၂၅အီဂျစ်ပြည်တစ်လျှောက်လုံးတွင်အကာ အကွယ်မရှိသော လူနှင့်တိရစ္ဆာန်အပေါင်း တို့သည်မိုးသီးဒဏ်ကြောင့်သေကျေကြ ကုန်၏။ လယ်ကွင်းထဲ၌ရှိသောသီးနှံများ နှင့်သစ်ပင်အားလုံးတို့သည်လည်းပျက်စီး ကုန်၏။-
26 ၂၆ သို့ရာတွင် ဣသရေလအမျိုးသားနေရာဂေါရှင်ပြည်၌ မိုဃ်းသီးမကျမရွာ။
၂၆ဣသရေလအမျိုးသားတို့နေထိုင်ရာ ဂေါရှင်ဒေသသည်သာလျှင် မိုးသီးမိုး ဒဏ်မှလွတ်ကင်းသည်။
27 ၂၇ ထိုအခါ ဖါရောဘုရင်သည် လူကိုစေလွှတ်၍၊ မောရှေနှင့် အာရုန်ကို ခေါ်ပြီးလျှင်၊ ဤအမှု၌ ငါပြစ်မှားပြီ။ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါနှင့် ငါ၏လူတို့သည် အပြစ်များပါ၏။
၂၇ဘုရင်သည်မောရှေနှင့်အာရုန်တို့ကိုခေါ်ပြီး လျှင်``ဤတစ်ကြိမ်ငါပြစ်မှားမိပါပြီ။ ထာဝရ ဘုရားသည်မှန်ကန်၍ ငါနှင့်ငါ၏လူမျိုးတို့ သည်မှားပါ၏။-
28 ၂၈ တန်ပါပြီ။ အားကြီးသော မိုဃ်းကြိုးနှင့် မိုဃ်းသီးစဲမည်အကြောင်း၊ ထာဝရဘုရားကို တောင်းပန်ပါ။ သင်တို့ကို ငါမဆီးမတား အလျင်အမြန်လွှတ်မည်ဟု ဆိုလေ၏။
၂၈ငါတို့သည်မိုးသီးနှင့်မိုးကြိုးဒဏ်ကိုမခံ နိုင်တော့ပြီဖြစ်၍ ထာဝရဘုရားထံဆု တောင်းပေးပါလော့။ ငါသည်သင်တို့အား ချက်ခြင်းသွားခွင့်ပေးပါမည်'' ဟုဆိုလေ၏။
29 ၂၉ မောရှေကလည်း၊ မြို့ထဲက ကျွန်ုပ်ထွက်သွားသောအခါ၊ ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်လက်ဝါးတို့ကို ဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကို အစိုးရတော်မူကြောင်းကို ကိုယ်တော်သိစေခြင်းငှာ မိုဃ်းကြိုးစဲလိမ့် မည်။ မိုဃ်းသီးလည်း မကျမရွာရ။
၂၉ထိုအခါမောရှေက``ကျွန်ုပ်သည်မြို့ပြင်သို့ ရောက်လျှင် ထာဝရဘုရားထံသို့လက်များ ကိုမြှောက်၍ဆုတောင်းပေးပါမည်။ ထာဝရ ဘုရားသည်ကမ္ဘာမြေကြီးကိုအစိုးရတော် မူကြောင်း ကိုယ်တော်သိစေခြင်းငှာမိုးကြိုး သံနှင့်မိုးသီးမိုးရပ်စဲလိမ့်မည်။-
30 ၃၀ သို့သော်လည်း ကိုယ်တော်နှင့် ကိုယ်တော်၏ကျွန်တို့သည်၊ ထာဝရအရှင် ဘုရားသခင်ကို မကြောက်သေး ကြောင်းကို အကျွန်ုပ်သိပါသည်ဟု လျှောက်ဆို၏။
၃၀သို့သော်လည်းသင်နှင့်သင်၏မှူးမတ်တို့သည် ထာဝရအရှင်ဘုရားသခင်ကိုကြောက်ရွံ့ ခြင်းမရှိသေးကြောင်းကျွန်ုပ်သိပါသည်'' ဟုလျှောက်လေ၏။
31 ၃၁ ပိုက်ဆန်ပင်၊ မုယောပင်ကို မိုဃ်းသီးထိ၏။ မုယောပင်သည် အသီးအနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆံပင်လည်း အသီးမှည့်ပြီ။
၃၁မုယောစပါးတို့သည်မှည့်၍ပိုက်ဆံပင်တို့ သည် အဖူးထွက်လျက်ရှိသဖြင့်၎င်းအပင် တို့သည်ပျက်စီးကုန်၏။-
32 ၃၂ ဂျုံစပါး၊ ကောက်စပါးပင်ကိုကား မထိ။ ထိုအပင်တို့သည် မပေါက်ကြသေး။
၃၂သို့ရာတွင်ဂျုံစပါးပင်တို့သည် အမှည့် နောက်ကျသဖြင့်မပျက်စီးကြချေ။
33 ၃၃ မောရှေသည် ဖာရောဘုရင်ထံမှထွက်၍ မြို့ပြင်သို့သွားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ လက်ဝါးတို့ကို ဖြန့်သဖြင့်၊ မိုဃ်းကြိုးနှင့် မိုဃ်းသီးစဲလေ၏။ မြေပေါ်၌လည်း မိုဃ်းမရွာ။
၃၃မောရှေသည်ဘုရင်ထံမှထွက်၍ မြို့ပြင်သို့ သွားပြီးလျှင်လက်များကိုမြှောက်၍ ထာဝရ ဘုရားထံဆုတောင်းသဖြင့်မိုးကြိုးသံနှင့် မိုးသီးများစဲလေ၏။ မိုးလည်းရပ်စဲသွား၏။-
34 ၃၄ ထိုသို့ မိုဃ်းမရွာ၍ မိုဃ်းသီးနှင့် မိုဃ်းကြိုးစဲသည်ကို ဖာရောဘုရင်မြင်လျှင်၊ တဖန်ပြစ်မှား၍၊ ကျွန်များနှင့်တကွ နှလုံးခိုင်မာလျက်နေ၏။
၃၄ထိုသို့မိုးမရွာ၊ မိုးကြိုးသံနှင့်မိုးသီးများ ရပ်စဲသည်ကိုဘုရင်မြင်သောအခါ သူနှင့် တကွသူ၏မှူးမတ်တို့သည်ကတိမတည် ဘဲ ခေါင်းမာမြဲခေါင်းမာလျက်ရှိကြ၏။-
35 ၃၅ ထိုသို့ ဖာရောဘုရင်သည် နှလုံးခိုင်မာသည်ဖြစ်၍၊ မောရှေ၌ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေပြန်သတည်း။
၃၅ထာဝရဘုရားသည်မောရှေအားမိန့်တော် မူခဲ့သည့်အတိုင်း ဘုရင်သည်ဣသရေလ အမျိုးသားတို့အားသွားခွင့်မပြုဘဲနေ ပြန်၏။