< ထွက်မြောက်ရာ 4 >
1 ၁ မောရှေကလည်း၊ ထိုသူတို့သည် အကျွန်ုပ်ကို မယုံ၊ အကျွန်ုပ်စကားကို နားမထောင်ဘဲနေ၍၊ ထာဝရ ဘုရားသည် သင့်အားထင်ရှားတော်မမူဟု ဆိုကြပါ လိမ့်မည်ဟု ပြန်လျှောက်လေ၏။
၁မောရှေက``အကယ်၍ဣသရေလအမျိုးသား တို့က အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်၏စကားကို နားမထောင်ဘဲ`သင်သည်ထာဝရဘုရားကိုဖူး မြင်ခဲ့ရသည်ဟုဆိုသည်မှာမဖြစ်နိုင်' ဟုပြော ကြလျှင်အကျွန်ုပ်မည်သို့ပြုရပါမည်နည်း'' ဟု လျှောက်ထားလေ၏။
2 ၂ ထာဝရဘုရားကလည်း၊ သင်၏လက်၌ အဘယ်အရာရှိသနည်းဟု မေးတော်မူလျှင်၊ လှံတံရှိပါ၏ဟု လျှောက်၏။
၂ထာဝရဘုရားက``သင့်လက်ထဲတွင်မည်သည့် အရာရှိသနည်း'' ဟုမေးလျှင်၊ မောရှေက``တောင်ဝှေးရှိပါသည်'' ဟုလျှောက်၏။
3 ၃ မြေပေါ်မှာ ပစ်ချလော့ဟု မိန့်တော်မူသည်အတိုင်း ပစ်ချသဖြင့်၊ လှံတံသည် မြွေဖြစ်၍၊ မောရှေသည် သူ့ရှေ့မှ ပြေးလေ၏။
၃ထာဝရဘုရားက``တောင်ဝှေးကိုမြေပေါ်သို့ ပစ်ချလော့'' ဟုမိန့်တော်မူ၏။ မောရှေသည် တောင်ဝှေးကိုပစ်ချလိုက်သောအခါ၊ တောင် ဝှေးသည်မြွေဖြစ်လာသဖြင့်သူသည်လန့် ၍ထွက်ပြေးလေ၏။-
4 ၄ ထာဝရဘုရားကလည်း၊ သင့်လက်ကိုဆန့်၍ သူ့အမြီးကို ကိုင်ဘမ်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ မောရှေသည် လက်ကိုဆန့်၍ ဘမ်းမိသဖြင့်၊ သူ၏လက်၌ လှံတံဖြစ်ပြန်လေ၏။
၄ထိုအခါထာဝရဘုရားက မောရှေအား``သင် ၏လက်ကိုဆန့်၍မြွေအမြီးကိုကိုင်ဖမ်းလော့'' ဟုမိန့်တော်မူ၏။ မောရှေသည်လက်ကိုဆန့်၍ မြွေကိုကိုင်ဖမ်းလိုက်သောအခါ လက်ထဲ၌ တောင်ဝှေးတစ်ဖန်ဖြစ်လာပြန်လေသည်။-
5 ၅ သို့ပြုလျှင် သူတို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသော ထာဝရဘုရားသည် သင့်အား ထင်ရှားတော်မူကြောင်းကို ထိုသူတို့သည် ယုံကြလိမ့်မည်ဟု မိန့်တော်မူ၏။
၅ထာဝရဘုရားကဣသရေလအမျိုး သားတို့ရှေ့တွင် ထိုသို့ပြုလုပ်ပြလော့။ သို့ မှသာလျှင်သင်သည်သူတို့ဘိုးဘေးတို့၏ ထာဝရအရှင်ဘုရားသခင်၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ ဘုရားကိုဖူးမြင်ခဲ့ရကြောင်းသူတို့ယုံ ကြမည်'' ဟုမိန့်တော်မူ၏။
6 ၆ တဖန် ထာဝရဘုရားက၊ သင်၏လက်ကိုသင်၏ ရင်ခွင်သို့ သွင်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ လက်ကို ရင်ခွင်သို့သွင်း၍ ထုတ်ပြန်သောအခါ၊ လက်သည် မိုဃ်းပွင့်အဆင်းကဲ့သို့ နူလေ၏။
၆တစ်ဖန်ထာဝရဘုရားက မောရှေအား``သင် ၏လက်ကိုဝတ်ရုံအောက်သို့သွင်းလော့'' ဟုမိန့် တော်မူ၏။ မောရှေသည်မိန့်တော်မူသည့်အတိုင်း ပြုလုပ်၏။ လက်ကိုပြန်ထုတ်လိုက်သောအခါ လက်သည်အရေပြားရောဂါစွဲ၍မိုးပွင့် ကဲ့သို့ဖြူဆွတ်လာ၏။-
7 ၇ တဖန်သင်၏လက်ကို သင့်ရင်ခွင်သို့ သွင်းဦးလော့ဟု မိန့်တော်မူသည်အတိုင်း၊ တဖန်လက်ကို ရင်ခွင် သို့သွင်း၍ ထုတ်ပြန်သောအခါ၊ ပကတိအသား ဖြစ်ပြန်လေ၏။
၇ထိုအခါထာဝရဘုရားက``သင်၏လက် ကိုဝတ်ရုံအောက်သို့တစ်ဖန်သွင်းလော့'' ဟု မိန့်တော်မူ၏။ မောရှေသည်လက်ကိုသွင်း၍ ပြန်ထုတ်သောအခါအခြားကိုယ်ခန္ဓာအစိတ် အပိုင်းများကဲ့သို့ပကတိအကောင်း အတိုင်းပြန်ဖြစ်လေ၏။-
8 ၈ ထိုသူတို့သည် သင့်ကိုမယုံ၊ ပဌမနိမိတ်သက်သေကို နားမထောင်လျှင်၊ နောက်ဖြစ်သော နိမိတ်သက်သေကို ယုံကြလိမ့်မည်။
၈``ဣသရေလအမျိုးသားတို့သည်သင့်ကို မယုံ၊ သင်ပထမဦးစွာပြသောသက်သေ ကိုလည်းလက်မခံလျှင်သင်၏ဒုတိယသက် သေကိုလက်ခံကြလိမ့်မည်။-
9 ၉ သို့မဟုတ် ထိုနိမိတ်နှစ်ပါးကို မယုံ၊ သင်၏ စကားကို နားမထောင်လျှင်၊ သင်သည် မြစ်ရေအချို့ကို ယူ၍ ကုန်းပေါ်မှာသွန်းလော့။ ထိုသို့ မြစ်ထဲက ယူသော ရေသည် ကုန်းပေါ်မှာအသွေးဖြစ်လိမ့်မည်ဟု မိန့်တော် မူ၏။
၉အကယ်၍သူတို့သည်ထိုသက်သေနှစ်မျိုးစလုံး ကိုလက်မခံ၊ သင်၏စကားကိုလည်းနားမထောင် ကြသေးလျှင်၊ သင်သည်နိုင်းမြစ်ထဲမှရေကိုယူ ၍ခြောက်သွေ့သောကုန်းပေါ်သို့လောင်းချလော့။ ထိုရေသည်သွေးအဖြစ်သို့ပြောင်းလဲသွား လိမ့်မည်'' ဟုမိန့်တော်မူ၏။
10 ၁၀ မောရှေကလည်း၊ အိုဘုရားရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်း မရှိပါ။ ကိုယ်တော် ကျွန်အား မိန့်တော်မူသောအခါ၌ပင် မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သော သူဖြစ်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။
၁၀သို့ရာတွင် မောရှေကလည်း``အို ထာဝရဘုရား၊ အကျွန်ုပ်အားစေလွှတ်တော်မမူပါနှင့်။ အကျွန်ုပ် သည်မည်သည့်အခါကမျှနှုတ်သတ္တိမရှိခဲ့ ပါ။ ကိုယ်တော်ရှင်ကအကျွန်ုပ်အားမိန့်ကြား ပြီးသည်အခါ၌ပင်၊ နှုတ်သတ္တိမရှိသေးပါ။ အကျွန်ုပ်သည်နှုတ်စ၊ လျှာစလေးသူ၊ စကား ပြောနှေးသူဖြစ်ပါသည်'' ဟုလျှောက်လေ၏။
11 ၁၁ ထာဝရဘုရားကလည်း၊ လူ၏နှုတ်ကို အဘယ်သူ ဖန်ဆင်းသနည်း။ စကားအသောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သောသူတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ငါထာဝရဘုရား ဖန်ဆင်းသည် မဟုတ် လော။
၁၁ထိုအခါထာဝရဘုရားက``လူကိုမည်သူ ကစကားပြောစေသနည်း။ လူကိုမည်သူက နားထိုင်းဆွံ့အစေသနည်း။ လူကိုမည်သူက စက္ခုအလင်းရစေသနည်း။ သို့မဟုတ်မျက်စိ ကွယ်စေသနည်း။ ငါထာဝရဘုရားပင် မဟုတ်ပါလော။-
12 ၁၂ သို့ဖြစ်၍ယခုသွားလော့။ သင်၏ နှုတ်၌ ငါရှိ၍၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟု မိန့်တော်မူ၏။
၁၂သင်ယခုသွားလော့။ သင့်အားနှုတ်သတ္တိကို ငါပေးမည်။ သင်မည်ကဲ့သို့ပြောရမည်ကို ငါသွန်သင်မည်'' ဟုမိန့်တော်မူ၏။
13 ၁၃ မောရှေကလည်း၊ အိုဘုရားရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေးလိုက်တော်မူပါဟု လျှောက် သော်၊
၁၃သို့သော်လည်းမောရှေက``အရှင်ဘုရား၊ အခြား သူတစ်ဦးကိုစေလွှတ်တော်မူပါ'' ဟုတောင်းပန် လေ၏။
14 ၁၄ ထာဝရဘုရားသည် မောရှေအား အမျက်တော်ထွက်၍၊ လေဝိလူ အာရုန်သည် သင်၏အစ်ကိုဖြစ်သည် မဟုတ်လော။ သူသည် ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ၏။ သူသည်လည်း သင့်ကိုခရီးဦးကြိုပြုခြင်းငှါ ယခုလာ၏။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည်။
၁၄ထိုအခါထာဝရဘုရားသည်မောရှေအား အမျက်ထွက်၍``သင်၌လေဝိအမျိုးသား အစ်ကိုအာရုန်ရှိသည်မဟုတ်လော။ သူသည် နှုတ်သတ္တိကောင်းသူဖြစ်ကြောင်းငါသိ၏။ သူ သည်သင်နှင့်အလွန်တွေ့လို၍ ယခုပင်လျှင် သင့်ထံသို့လာနေပြီ။-
15 ၁၅ သင်သည် သူနှင့်စကားပြော၍၊ သူပြောစရာစကားကို ပေးရမည်။ သင်၏နှုတ်၌၎င်း၊ သူ၏နှုတ်၌၎င်း ငါရှိ၍၊ သင်တို့သည် အဘယ်သို့ပြုရမည်ကို သွန်သင်မည်။
၁၅သင်ပြောရမည့်စကားကိုသူ့အားပြောပြ လော့။ ငါသည်သင်တို့နှစ်ဦးမည်သို့ပြောဆို ပြုလုပ်ရမည်ကိုသွန်သင်မည်။-
16 ၁၆ သူသည်လည်း လူတို့ရှေ့မှာ သင်၏စကားပြန်လုပ်၍၊ သင်၏ နှုတ်ကိုယ်စားဖြစ်လိမ့်မည်။ သင်သည် လည်း သူ၏ဘုရားသခင်ကိုယ်စား ဖြစ်လိမ့်မည်။
၁၆သူသည်ဣသရေလအမျိုးသားတို့အားပြော ပြစရာရှိသမျှကို သင့်ကိုယ်စားပြောလိမ့်မည်။ သူသည်သင်၏ပြောရေးဆိုခွင့်ရှိသူဖြစ်လိမ့် မည်။ သူသည်လည်းသင်ပြောသမျှကိုဘုရား အမိန့်ကဲ့သို့ခံယူလိမ့်မည်။-
17 ၁၇ သင်သည် နိမိတ်သက်သေတို့ကို ပြလတံ့သော ဤလှံတံကိုလည်း၊ သင်၏လက်၌ကိုင်ရမည်ဟု မိန့်တော် မူ၏။
၁၇တောင်ဝှေးကိုသင့်လက်ထဲ၌ဆောင်ထားလော့။ ထိုတောင်ဝှေးဖြင့်သင်သည်အံ့သြဖွယ်သော အမှုတို့ကိုပြုလိမ့်မည်'' ဟုမိန့်တော်မူ၏။
18 ၁၈ မောရှေသည်လည်း ယောက္ခမ ယေသရောထသို့ ပြန်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော ကျွန်ုပ်အမျိုးသား ချင်းတို့သည် အသက်ရှင်သေးသလောဟု ကြည့်ရှုခြင်းငှါ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွားရသောအခွင့်ကို ပေးပါလော့ဟု ဆိုသော်၊ ယေသရောက၊ ငြိမ်ဝပ်စွာသွားလော့ဟု ပြန်ဆိုလေ၏။
၁၈မောရှေသည်သူ၏ယောက္ခမယေသရောထံသို့ ပြန်လာ၍``အီဂျစ်ပြည်၌ရှိသောကျွန်တော် ၏ဆွေမျိုးများအသက်ရှင်လျက်ရှိသေး သလောဟုစုံစမ်းရန် ထိုပြည်သို့ပြန်ခွင့်ပေး ပါ'' ဟုအခွင့်တောင်းလေ၏။ ယေသရောက မောရှေအားကြည်ဖြူစွာသွားခွင့်ပြုလေ၏။
19 ၁၉ ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်သို့ ပြန်သွားလော့။ သင်၏အသက်ကို ရှာသောသူအပေါင်း တို့သည် သေကြပြီဟု မိဒျန်ပြည်၌ မောရှေအား မိန့်တော်မူ၏။
၁၉မောရှေသည်မိဒျန်ပြည်၌ရှိစဉ်၊ ထာဝရ ဘုရားသည် သူ့အား``အီဂျစ်ပြည်သို့ပြန် လော့။ သင့်ကိုသတ်လိုသူအပေါင်းတို့သည် အနိစ္စရောက်ကြကုန်ပြီ'' ဟုမိန့်တော်မူ၏။-
20 ၂၀ ထိုအခါ၊ မောရှသည် မယားနှင့်သား နှစ်ယောက်တို့ကို ယူ၍ မြည်းကိုစီးစေသဖြင့်၊ ဘုရားသခင်၏ လှံတံတော်ကိုလက်စွဲလျက်၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။
၂၀သို့ဖြစ်၍မောရှေသည်သူ၏မယားနှင့်သား တို့ကိုမြည်းပေါ်တွင်တင်၍၊ ထာဝရဘုရား ဆောင်ထားစေသောတောင်ဝှေးကိုလက်ထဲတွင် ကိုင်ဆောင်လျက်အီဂျစ်ပြည်သို့ထွက်ခွာခဲ့ လေသည်။
21 ၂၁ ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့သွား၍ ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဘွယ် သော အမှုအလုံးစုံတို့ကို ဖါရောဘုရင်ရှေ့မှာ ပြလော့။ ထိုသို့ပြသော်လည်း သူ၏နှလုံးကို ငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲ နေလိမ့်မည်။
၂၁ထာဝရဘုရားကမောရှေအား``သင်သည် ယခုအီဂျစ်ပြည်သို့ပြန်မည်ဖြစ်ရာ၊ သင့် အားငါပေးထားသောတန်ခိုးဖြင့်ဖာရော ဘုရင်ရှေ့၌အံ့သြဖွယ်သောအမှုတို့ကို ပြုလော့။ ငါသည်သူ့စိတ်ကိုခိုင်မာစေသဖြင့်၊ သူသည်ဣသရေလအမျိုးသားတို့ကိုသွား ခွင့်ပြုလိမ့်မည်မဟုတ်။-
22 ၂၂ ဖါရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည် ငါ့သားဖြစ်၏။ ငါ့သားဦးဖြစ်၏။
၂၂ထိုအခါ၌သင်သည်ဖာရောဘုရင်အား`ထာ ဝရဘုရားကဣသရေလအမျိုးသားတို့ သည်ငါ၏သားဦးဖြစ်၏။-
23 ၂၃ ငါ့သားသည် ငါ့အားဝတ်ပြုသောအခွင့် ရှိစေခြင်းငှါ လွှတ်လော့။ မလွှတ်ဘူးဟု ငြင်းလျှင်၊ သင်၏သား၊ သင်၏သားဦးကိုပင် ငါကွပ်မျက်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မောရှအား မှာထားတော်မူ၏။
၂၃ငါ၏သားသည်ငါ့အားဝတ်ပြုကိုးကွယ်နိုင်စေ ရန် သူ့ကိုသွားခွင့်ပြုရန်အမိန့်ရှိသော်လည်း သင်သည်သွားခွင့်မပေး။ ထို့ကြောင့်ငါသည်သင် ၏သားဦးကိုသေစေမည်' ဟုဆင့်ဆိုလော့'' ဟူ ၍မိန့်တော်မူ၏။
24 ၂၄ ခရီးသွားစဉ်တွင်၊ စားခန်းစရပ်၌ ထာဝရဘုရားသည် မောရှေကိုတွေ့၍ ကွပ်မျက်ခြင်းငှါ ရှာကြံတော် မူ၏။
၂၄လမ်းခရီးတို့တွင်စခန်းချရာတစ်နေရာ၌ ထာဝရဘုရားသည်မောရှေနှင့်တွေ့ဆုံ၍ သူ့အားအဆုံးစီရင်ရန်ပြုတော်မူ၏။-
25 ၂၅ ထိုအခါ၊ ဇိပေါရသည် ထားကိုယူ၍ သား၏ အရေဖျားကို လှီးဖြတ်ပြီးမှ၊ လင်၏ခြေရင်း၌ပြပ်ဝပ်လျက်၊ အကယ်စင်စစ်သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သော လင်ဖြစ်သည်ဟု ဆို၏။
၂၅ထိုအခါသူ၏မယားဇိပေါရသည်ကျောက် စောင်းတစ်ခုကိုယူ၍ သား၏အရေဖျားကို ဖြတ်ပြီးလျှင်ထိုအရေဖျားဖြင့် မောရှေ၏ ခြေတို့ကိုတို့လေ၏။ ထိုနောက်အရေဖျား လှီးဖြတ်ခြင်းမင်္ဂလာကြောင့် ဇိပေါရက``သင် သည်ကျွန်မ၏တရားဝင်လင်ယောကျာ်းပင် ဖြစ်၏'' ဟုဆိုလေ၏။-
26 ၂၆ ထိုအခါ မောရှေကို လွှတ်တော်မူ၏။ မယားကလည်း၊ အရေဖျားလှီးမင်္ဂလာကြောင့်၊ သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သောလင်ဖြစ်၏ဟု ဆိုသတည်း။
၂၆ထို့ကြောင့်ထာဝရဘုရားသည်မောရှေအား အသက်ချမ်းသာခွင့်ပေးတော်မူ၏။
27 ၂၇ ထာဝရဘုရားကလည်း၊ မောရှေကို ခရီးဦးကြိုပြုခြင်းငှါ တောသို့သွားလော့ဟု အာရုန်အား မိန့်တော်မူ သည်အတိုင်း၊ အာရုန်သည်သွားလျှင်၊ ဘုရားသခင်၏ တောင်ပေါ်၌ မောရှေကို တွေ့၍နမ်းခြင်းကို ပြု၏။
၂၇ထာဝရဘုရားကအာရုန်အား``မောရှေနှင့် တွေ့ဆုံရန်တောကန္တာရသို့သွားလော့'' ဟု အမိန့်ရှိတော်မူသည်အတိုင်းသူသွားလေ၏။ သူသည်မောရှေကို ထာဝရဘုရား၏တောင် ပေါ်၌တွေ့ဆုံလျှင်သူ့ကိုနမ်း၍နှုတ်ဆက်၏။-
28 ၂၈ မောရှေသည်လည်း၊ မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို၎င်း၊ မှာထားတော်မူသမျှသော နိမိတ်သက်သေတို့ကို၎င်း၊ အာရုန်အားကြားပြောလေ၏။
၂၈မောရှေသည်မိမိအားစေလွှတ်သောထာဝရ ဘုရားမိန့်မှာသမျှတို့နှင့် ပြုလုပ်ရမည့် အံ့သြဖွယ်သောအမှုတို့ကိုအာရုန်အား ပြောလေ၏။-
29 ၂၉ ထိုသူညီနောင်နှစ်ပါးတို့သည် သွား၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့ကို စုဝေးစေပြီးလျင်၊
၂၉ထိုနောက်မောရှေနှင့်အာရုန်တို့သည် ဣသရေလ အမျိုးသားတို့ထံသို့သွား၍ခေါင်းဆောင်များ ကိုစုရုံးစေ၏။-
30 ၃၀ အာရုန်သည် မောရှေအား ထာဝရဘုရား မိန့်တော်မူသော စကားတော်အလုံးစုံတို့ကို ပြန်ပြော၍၊ လူတို့ရှေ့မှာ နိမိတ်သက်သေတို့ကိုပြလေ၏။
၃၀အာရုန်သည်ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလအမျိုး သားတို့အားပြော၍သူတို့ရှေ့တွင်အံ့သြ ဖွယ်သောနိမိတ်လက္ခဏာတို့ကိုပြသဖြင့်၊-
31 ၃၁ ထိုလူများတို့သည် ယုံကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အကြည့်အရှုကြွတော်မူ သည်ကို၎င်း၊ သူတို့ခံရသော ဆင်းရဲခြင်းကို မှတ်တော်မူသည်ကို၎င်း ကြားသောအခါ၊ ဦးညွှတ်ချ၍ ကိုးကွယ် ကြ၏။
၃၁သူတို့သည်ပြောပြသမျှကိုယုံကြ၏။ ထာဝရဘုရားသည်သူတို့ထံသို့ကြွလာ ၍ သူတို့ခံရသောဆင်းရဲခြင်းကိုသိမှတ်တော် မူပြီဖြစ်ကြောင်းကို ကြားသိရသောအခါသူ တို့သည်ထာဝရဘုရားအားဦးညွှတ်ရှိခိုး ကြ၏။