< ဧသတာ 8 >
1 ၁ ထိုနေ့ခြင်းတွင်၊ ရှင်ဘုရင်အာရွှေရုသည် ယုဒ အမျိုး၏ ရန်သူဟာမန်အိမ်ကို မိဖုရားဧသတာအား ပေးတော်မူ၏။ ဧသတာသည် မော်ဒကဲနှင့် အဘယ်သို့ ပေါင်ဘော်တော်သည်ကို ဧသတာလျှောက်သဖြင့်၊ မော်ဒကဲသည် ရှင်ဘုရင်ထံတော်သို့ဝင်ရ၏။
၁ထိုနေ့၌ပင်လျှင်ဇေရဇ်မင်းသည်ယုဒ အမျိုးသားတို့၏ရန်သူဟာမန်ပိုင်သည့် အိမ်ရာပစ္စည်းမှန်သမျှကို မိဖုရားဧသတာ အားပေးတော်မူ၏။ ဧသတာကမိမိသည် မော်ဒကဲနှင့်ဆွေမျိုးတော်စပ်ကြောင်းကို မင်းကြီးအားလျှောက်ထားသဖြင့် မော်ဒကဲ သည်ထိုနေ့မှအစပြု၍မင်းကြီး၏ရှေ့ တော်သို့ဝင်ခွင့်ရရှိလေသည်။-
2 ၂ ရှင်ဘုရင်သည်လည်း၊ ဟာမန်လက်မှ နှုတ်သော လက်စွပ်တော်ကို တဖန်ချွတ်၍ မော်ဒကဲအား ပေးတော် မူ၏။ ဧသတာလည်း၊ ဟာမန်အိမ်ကို မော်ဒကဲ၌ အပ် လေ၏။
၂မင်းကြီးသည်ဟာမန်၏ထံမှပြန်သိမ်းသည့် တံဆိပ်လက်စွပ်တော်ကိုချွတ်၍မော်ဒကဲ အားပေးတော်မူ၏။ ဧသတာသည်လည်း ဟာမန်၏အိမ်ရာပစ္စည်းများကိုမော်ဒကဲ အားအုပ်ထိန်းစေ၏။
3 ၃ တဖန်ဧသတာသည် ရှင်ဘုရင်ခြေတော်ရင်း၌ ပြပ်ဝပ်၍၊ အာဂတ်အမျိုး ဟာမန်ပြုသောအပြစ်၊ ယုဒ အမျိုးတဘက်၌ ကြံစည်သော အကြံအစည်ကို ပယ်တော် မူမည်အကြောင်း၊ မျက်ရည်ကျလျက် တောင်းပန်လေ၏။
၃ထိုနောက်ဧသတာသည်မင်းကြီး၏ခြေ တော်ရင်းတွင်ပျပ်ဝပ်လျက်ငိုယိုကာ ယုဒ အမျိုးသားတို့အားကွပ်မျက်ရန်အတွက် အာဂတ်မှဆင်းသက်သူဟာမန်ကြံစည် ခဲ့သည့်ဘေးအန္တရာယ်ဆိုးကိုတားဆီး ပေးတော်မူရန်တောင်းပန်လေသည်။-
4 ၄ ရှင်ဘုရင်သည် ရွှေရာဇလှံတံကို ဧသတာသို့ ကမ်းတော်မူသဖြင့်၊ ဧသတာသည် ထ၍ရှင်ဘုရင် ရှေ့တော်၌ ရပ်လျက်၊
၄မင်းကြီးသည်သူ့အားရွှေရာဇလှံတံ ကိုကမ်းပေးတော်မူသဖြင့် ဧသတာ သည်ထ၍ရပ်ပြီးလျှင်၊-
5 ၅ အရှင်မင်းကြီးအလိုတော်ရှိ၍၊ ကျွန်တော်မကို စိတ်နှင့်တွေ့တော်မူလျှင်၎င်း၊ ကျွန်တော်မအမှုသည် ရှေ့တော်၌ လျောက်ပတ်၍ ကိုယ်တော်သည် ကျွန်တော်မ ကိုလည်း ချစ်တော်မူလျှင်၎င်း၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ၊ အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်စီရင်သောစာကို ပယ်မည်အကြောင်း၊ ထပ်၍ စာရေးစေတော်မူပါ။
၅``အရှင်မင်းကြီးသဘောတူတော်မူလျှင် လည်းကောင်း၊ ကျွန်တော်မကိုစိတ်တော်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ လျောက်ပတ် သည်ဟုယူဆတော်မူလျှင်လည်းကောင်း အင်ပါယာနိုင်ငံတော်အတွင်းရှိယုဒ အမျိုးသားအပေါင်းတို့အားကွပ်မျက် ရန်အာဂတ် မှဆင်းသက်သူဟမ္မေဒါသ၏သားဟာမန် စီရင်ခဲ့သည့်အမိန့်စာများကိုပယ်ဖျက် သည့်အမိန့်ကြေငြာချက်ကိုထုတ်ပြန် တော်မူပါ။-
6 ၆ ကျွန်တော်မအမျိုးအပေါ်သို့ ရောက်ရသော ဘေးကို၎င်း၊ ကျွန်တော်မအမျိုးသားချင်းပျက်စီးသော အမှုကို၎င်း၊ ကျွန်တော်မသည် ကြည့်ရှုခြင်းငှါ၊ အဘယ်သို့ တတ်နိုင်ပါအံ့နည်းဟု လျှောက်ဆို၏။
၆ကျွန်တော်မ၏အမျိုးသားချင်းများသည် ဤဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရလျက် ကျွန်တော်မ၏ဆွေမျိုးအရင်းအချာများ သည်လည်းအသတ်ခံကြရပါမူကျွန်တော် မသည်အဘယ်သို့ရှုစိမ့်နိုင်ပါအံ့နည်း'' ဟုလျှောက်လေ၏။
7 ၇ ရှင်ဘုရင် အာရွှေရုကလည်း၊ ဟာမန်သည် ယုဒလူတို့ကို ထိခိုက်သောကြောင့်၊ သူ၏အိမ်ကို ဖိဖုရား ဧသတာအားငါပေးပြီ။ ထိုသူကိုလည်း လည်ဆွဲချတိုင်၌ ကွပ်မျက်စေပြီ။
၇ထိုအခါဇေရဇ်မင်းသည်ဧသတာနှင့် ယုဒအမျိုးသားမော်ဒကဲအား``ငါသည် ဟာမန်အားယုဒအမျိုးသားများကို သတ်ဖြတ်ရန်ကြံစည်သည့်အတွက်လည်ဆွဲ တိုင်၌ကွပ်မျက်စေခဲ့ပြီ။ သူ၏အိမ်ရာပစ္စည်း များကိုလည်းဧသတာအားပေးခဲ့ပြီ။-
8 ၈ သို့ရာတွင် ရှင်ဘုရင်လက်စွပ်နှင့် တံဆိပ်ခတ် သော ရှင်ဘုရင် မိန့်တော်စာကို အဘယ်သူမျှ မပယ်ရ သည်ဖြစ်၍၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဘို့ အမိန့် တော်စာကို တဖန်ရေး၍၊ လက်စွပ်တော်နှင့် တံဆိပ်ခတ် ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။
၈သို့ရာတွင်ဘုရင့်အမည်ဖြင့်ရေး၍လက်စွပ် တော်တံဆိပ်ခတ်နှိပ်ထားသည့်အမိန့်တော် စာကိုမူမဖျက်မပယ်နိုင်။ သို့သော်လည်း သင်တို့အလိုရှိသည့်အတိုင်းယုဒအမျိုး သားများထံသို့ငါ၏နာမည်ဖြင့်စာရေး ၍ဘုရင့်လက်စွပ်တော်တံဆိပ်ကိုခတ်နှိပ် လော့'' ဟုမိန့်တော်မူ၏။
9 ၉ ထိုအခါ ဝိဝန်အမည်ရှိသော တတိယလနှစ် ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကိုခေါ်၍၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင် တိုင်းပြည်တရာ နှစ်ဆယ်ခုနစ်ပြည်တို့၌ ရှိသော ယုဒလူ၊ ကိုယ်စားတော် မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ မြို့သူကြီးတို့ကို မော်ဒကဲမှာထားသမျှအတိုင်း၊ ယုဒဘာသာစကားမှစ၍ လူအမျိုးမျိုး ပြောသောစကားအသီး အသီးအားဖြင့်၊
၉ဤသို့ဖြစ်ပျက်သည်မှာသိဝန်ခေါ်တတိယ လ၊ နှစ်ဆယ့်သုံးရက်နေ့၌ဖြစ်၏။ မော်ဒကဲ သည်မင်းကြီး၏အတွင်းဝန်များကိုခေါ် ယူကာယုဒအမျိုးသားတို့ထံသို့လည်း ကောင်း၊ အိန္ဒိယပြည်မှအဲသရောပိပြည် တိုင်အောင်တစ်ရာ့နှစ်ဆယ့်ခုနစ်ပြည်နယ် ရှိဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများ နှင့်မင်းအရာရှိများထံသို့အမှာစာ များရေးသားရန်နှုတ်တိုက်ချပေးလေ သည်။ ထိုစာများကိုပြည်နယ်အသီးသီး တွင်အသုံးပြုသည့်ဘာသာစကား များဖြင့်လည်းကောင်း၊ ယုဒအမျိုးသား တို့အတွက်ယုဒဘာသာဖြင့်လည်း ကောင်းရေးသားထားသတည်း။-
10 ၁၀ ရှင်ဘုရင် အာရွှေရု၏ အမိန့်တော်စာကိုရေး၍ ရှင်ဘုရင်လက် စွပ်တော်နှင့် တံဆိပ်ခတ်ပြီးမှ၊ မြင်း၊ လား၊ ကုလားအုပ်၊ မြည်းစီးသော စာပို့လုလင်တို့ဖြင့် ပေးလိုက် လေ၏။
၁၀မော်ဒကဲသည်ထိုစာတို့ကိုဇေရဇ်မင်း၏ အမည်ဖြင့်ရေးလျက် ဘုရင့်လက်စွပ်တော် တံဆိပ်ခတ်နှိပ်ပြီးလျှင်စာပို့လုလင်တို့ အား ဘုရင့်မြင်းဇောင်းမှလျင်မြန်သည့် မြင်းများဖြင့်သွားရောက်ပေးပို့စေ၏။
11 ၁၁ အမိန့်တော်စာချက်ဟူမူကား၊ အာဒါအမည် ရှိသော ဒွါဒသမလ တဆယ်သုံးရက် တနေ့ခြင်းတွင်၊
၁၁ထိုအမိန့်စာများတွင်မင်းကြီးသည်ယုဒ အမျိုးသားတို့အား မိမိတို့၏အသက် ဘေးကိုကာကွယ်ရန်အတွက်စုရုံးခွင့်ပြု တော်မူကြောင်းပါရှိလေသည်။ မည်သည့် ပြည်နယ်၌မဆိုယုဒယောကျာ်းနှင့်ဇနီး သားသမီးများကိုလက်နက်စွဲကိုင်တိုက် ခိုက်လာသောအဘယ်လူမျိုးကိုမဆို ပြန်လည်တိုက်ခိုက်နိုင်ခွင့်ရှိကြ၏။ သူ တို့အားတစ်ယောက်မကျန်သတ်ဖြတ် ပြီးလျှင်သူတို့၏ပစ္စည်းများကိုလုယူ နိုင်လေသည်။-
12 ၁၂ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်အမြို့မြို့ ၌ရှိသော ယုဒလူတို့သည် စုဝေး၍၊ မိမိတို့အသက်ကို စောင့်ရသောအခွင့်၊ တိုက်လာသောပြည်သူ၊ စစ်သူရ အပေါင်းတို့ကို မိန်းမသူငယ်နှင့်တကွ သတ်ဖြတ်သုတ် သင်ပယ်ရှင်း၍၊ သူတို့ဥစ္စာကို လုယူ သိမ်းရုံးရသောအခွင့် ကို ရှင်ဘုရင်ပေးတော်မူ၏။
၁၂ထိုအမိန့်တော်သည်ပေရသိအင်ပါယာ နိုင်ငံတစ်ဝှန်းလုံး၌ယုဒအမျိုးသား တို့အား သတ်ဖြတ်ရန်သတ်မှတ်ထားသည့် အာဒါခေါ်ဒွါဒသမလဆယ့်သုံးရက် နေ့မှအစပြု၍အတည်ဖြစ်စေရမည်။-
13 ၁၃ ဤရွေ့ကား၊ ယုဒလူတို့သည် ထိုနေ့ရက်တွင် ရန်သူတို့ကို ရန်တုံ့ပြုစေခြင်းငှါ၊ အတိုင်းတိုင်း အပြည် ပြည်၌နေသော လူမျိုးအပေါင်းတို့အား ကြော်ရသော အမိန့်တော်စာချက်ဖြစ်သတည်း။
၁၃ထိုနေ့ကျရောက်လာသောအခါယုဒအမျိုး သားတို့သည်ရန်သူများအားလက်စားချေ ရန်အသင့်ရှိနိုင်ကြစေရန် ထိုအမိန့်တော် ကိုဥပဒေအဖြစ်ပြဋ္ဌာန်းကာပြည်နယ် တိုင်းတွင်လူအပေါင်းတို့အားကြေညာရန် ဖြစ်သည်။-
14 ၁၄ ထိုအမိန့်တော်စာကို ရှုရှန်နန်းတော်၌ ကြော်ပြီး မှ၊ ရှင်ဘုရင် ကျပ်တည်းစွာ စီရင်သည်အတိုင်း၊ စာပို့ လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ၏။
၁၄သို့ဖြစ်၍မြင်းစီးစာပို့လုလင်တို့သည်မင်း ကြီး၏အမိန့်တော်အရ ဘုရင့်မြင်းတော် များကိုစီး၍ခရီးပြင်းနှင်ကြကုန်၏။ မြို့ တော်ရှုရှန်၌လည်းထိုအမိန့်ကိုကြေညာ ကြလေသည်။
15 ၁၅ မော်ဒကဲသည်လည်း၊ မင်းမြောက်တန်ဆာ တည်းဟူသော အဝတ်အဖြူအပြာကို ဝတ်ဆင်လျက်၊ ကြီးစွာသော ရွှေသရဖူကို ဆောင်းလျက်၊ ပိတ်ချောနှင့် မောင်းသော အထည်ဖြင့် ပြီးသောဝတ်လုံကို ခြုံလျက်၊ ရှင်ဘုရင်ထံတော်မှ ထွက်သွား၍၊
၁၅မော်ဒကဲသည်မင်းမြောက်တန်ဆာတည်းဟူ သောဝတ်လဲအဖြူနှင့်အပြာကိုလည်းကောင်း၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုလည်းကောင်း ဝတ်ဆင်ကာခန့်ညားသည်ရွှေသရဖူကို ဆောင်း၍ နန်းတော်မှထွက်ခွာသွားလေသည်။ ထိုအခါရှုရှန်မြို့တစ်မြို့လုံးသည်သြဘာ သံများ၊ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော် သံများနှင့်ဆူညံသွား၏။-
16 ၁၆ ရှုရှန်မြို့တော်သည် ဝမ်းမြောက်ရွှင်လန်းခြင်းသို့ ရောက်လေ၏။ ယုဒလူတို့သည်လည်း၊ သက်သာရွှင်လန်း ၍ ဝမ်းမြောက်ခြင်း၊ အသရေထွန်းလင်းခြင်းသို့ ရောက် ကြ၏။
၁၆ယုဒအမျိုးသားတို့သည်စိတ်သက်သာ ရွှင်လန်းဝမ်းမြောက်လျက်အသရေမြင့် လာကြ၏။-
17 ၁၇ ရှင်ဘုရင်အမိန့်တော်စာရောက်လေသော အပြည်ပြည်အမြို့မြို့၌၊ ယုဒလူတို့သည် ဝမ်းမြောက် ရွှင်လန်းခြင်း၊ ပွဲခံခြင်း၊ မင်္ဂလာနေ့စောင်းခြင်းကို ပြု၍၊ ပြည်သူပြည်သားအများတို့သည် ယုဒလူတို့ကို ကြောက်ရွံ သောကြောင့် ယုဒဘာသာကို ဝင်ကြ၏။
၁၇မင်းကြီး၏အမိန့်ကြေညာချက်ရောက်ရှိ သည့်ပြည်နယ်နှင့်မြို့အပေါင်းတို့တွင် ယုဒအမျိုးသားတို့သည် ဝမ်းမြောက်စွာ စားသောက်လျက်ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြကုန်၏။ အခြားအမျိုးသား အမြောက်အမြားသည်ယုဒအမျိုး သားတို့ကိုကြောက်သောကြောင့်ယုဒ ဘာသာသို့ကူးပြောင်းလာကြလေ သည်။