< ဒံယေလ 9 >
1 ၁ ယေရုရှလင်မြို့ပျက်စီး၍ အနှစ်ခုနစ်ဆယ် လွန် စေမည်ဟု၊
၁မေဒိလူမျိုးဖြစ်သူအာရွှေရု၏သားတော် ဒါရိသည် ဗာဗုလုန်နိုင်ငံတွင်မင်းပြုတော် မူ၏။-
2 ၂ ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ပရောဖက် ယေရမိ ခံဘူးသည်ဖြစ်၍၊ ခါလာဒဲနိုင်ငံကို အစိုးရသော မေဒိအမျိုး၊ အာရွှေရုသားဒါရိနန်းစံပဌမနှစ်တွင်၊ ငါ ဒံယေလသည် ထိုနှစ်ပေါင်းအရေအတွက်ကို ကျမ်းစာ အားဖြင့် သိရသောကြောင့်၊
၂သူ၏နန်းစံပထမနှစ်၌ငါဒံယေလသည် ကျမ်းစာတော်များကိုလေ့လာကာပရော ဖက်ယေရမိအား ဘုရားသခင်မိန့်တော်မူ သည်အတိုင်းအနှစ်ခုနစ်ဆယ်တိုင်တိုင် ယေရုရှလင်မြို့ပျက်စီးရမည်အကြောင်း ကိုစဉ်းစားဆင်ခြင်လျက်နေ၏။-
3 ၃ အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ် လျက်၊ ပြာနှင့်လူးလျက်၊ အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပဌနာပြု၏။
၃ထိုနောက်ငါသည်အစာရှောင်ပြီးလျှင်လျှော် တေကိုဝတ်၍ ပြာထဲတွင်ထိုင်ကာ ထာဝရ ဘုရားသခင်ထံတော်သို့ဆုတောင်းအသ နားခံ၏။-
4 ၄ ထိုသို့ အပြစ်ကို ဘော်ပြတောင်းပန်၍ ငါ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသော ပဌနာဟူမူကား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကို စောင့်သော သူတို့အား သစ္စာတော်မပျက်၊ ကရုဏာ တရားကိုစောင့်တော် မူထသော၊ အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဘွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင်၊
၄ငါသည်ငါ၏ဘုရားသခင်ထာဝရဘုရား အား ဆုတောင်းပတ္ထနာပြု၍ငါ့လူမျိုး၏ အပြစ်များကိုဖော်ပြဝန်ခံ၏။ ငါက``အို ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်သည်ကြီးမြတ်တော်မူသည်ဖြစ်၍ အကျွန်ုပ်တို့သည်ကိုယ်တော်ကိုချီးကူးကြ ပါ၏။ ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော် ကိုတည်မြဲစေတော်မူလျက် မိမိအားချစ် ၍ပညတ်တော်တို့ကိုစောင့်ထိန်းသူတို့အား ခိုင်မြဲသောမေတ္တာတော်ကိုပြတော်မူပါ၏။
5 ၅ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ ဒုစရိုက်ကို ပြုမိ ပါပြီ။ မတရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန်မိပါပြီ။ စီရင် ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။
၅``အကျွန်ုပ်တို့သည်အပြစ်ကူးမိကြပါ ပြီ။ အမှားကိုပြုမိကြပါပြီ။ ညစ်ညူးသူ များဖြစ်၍ပုန်ကန်မိကြပါပြီ။ အကျွန်ုပ် တို့သည်ကိုယ်တော်၏အမိန့်တော်တို့ကို ပစ်ပယ်၍ ကိုယ်တော်ပြတော်မူသောပညတ် များမှသွေဖည်မိကြပါပြီ။-
6 ၆ အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား အသက်ကြီး သူမှစ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော်၏ ကျွန်၊ ပရောဖက်တို့၏စကားများကို အကျွန်ုပ်တို့သည် နား မထောင်ပဲနေကြပါပြီ။
၆အကျွန်ုပ်တို့သည်မိမိတို့၏ဘုရင်များ၊ မင်း ညီမင်းသားများ၊ ဘိုးဘေးများမှစ၍ပြည် သူပြည်သားအပေါင်းတို့အားနာမတော် ကိုအမှီပြု၍ ကိုယ်တော်၏အစေခံပရော ဖက်တို့ဟောကြားသည်ကိုအကျွန်ုပ်တို့မ လိုက်နာခဲ့ကြပါ။-
7 ၇ အိုဘုရားရှင်၊ ကိုယ်တော်သည် တရားနှင့် ဆိုင် တော်မူ၏။ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် နှင်ထုတ်တော်မူ၍ နီးသောပြည်၊ ဝေးသောပြည်၊ အရပ် ရပ်တို့၌နေရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားမှ စ၍ ဣသရေလလူအပေါင်းတည်းဟူသော အကျွန်ုပ်တို့ သည် ယနေ့၌ရှိသည်အတိုင်း၊ မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။
၇အို အရှင်ဘုရား၊ ကိုယ်တော်သည်အခါခပ် သိမ်းဖြောင့်မှန်ရာကိုပြုတော်မူပါ၏။ သို့ ရာတွင်အကျွန်ုပ်တို့သည်မိမိတို့ကိုယ်ကို အသရေပျက်စေကြပါ၏။ ယုဒပြည် ၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်း ကောင်း နေထိုင်သူများနှင့်ကိုယ်တော်အား သစ္စာဖောက်သဖြင့် ရပ်နီးရပ်ဝေးတိုင်းပြည် များသို့နှင်ထုတ်တော်မူခြင်းကိုခံရသော ဣသရေလအမျိုးသားအပေါင်းတို့သည် လည်းကောင်း ဤနည်းအတိုင်းပင်မိမိတို့ ကိုယ်ကိုအသရေပျက်စေကြပါ၏။-
8 ၈ အိုဘုရားရှင်၊ ကိုယ်တော်ကို ပြစ်မှားသော ကြောင့်၊ အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား၊ အသက်ကြီး သူမှစ၍ အကျွန်ုပ်တို့သည် မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြ ပါ၏။
၈အို အရှင်ဘုရားအကျွန်ုပ်တို့၏ဘုရင်များ၊ မင်းညီမင်းသားများနှင့်ဘိုးဘေးများသည် ရှက်ကြောက်ဖွယ်ရာအမှုတို့ကိုပြုကျင့် လျက်ကိုယ်တော်အားပြစ်မှားကြပါပြီ။-
9 ၉ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပုန်ကန်သော် လည်း၊ အကျွန်ုပ်တို့အရှင်ဘုရားသခင်သည် ကရုဏာကို ပြခြင်း၊ အပြစ်ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။
၉အကျွန်ုပ်တို့သည်ကိုယ်တော်အားပုန်ကန်ကြ သော်လည်း ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ကရုဏာထားတော်မူ၍အကျွန်ုပ် တို့၏အပြစ်များကိုဖြေလွှတ်တော်မူပါ၏။-
10 ၁၀ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကျွန်တော်ရင်း၊ ပရောဖက်တို့ဖြင့် အကျွန်ုပ်တို့၌ ထားတော် မူသော ပညတ်တရားတော်လမ်းသို့ လိုက်ခြင်းငှါ၊ ဗျာဒိတ် တော်အသံကို အကျွန်ုပ်တို့သည်နားမထောင်ဘဲ နေကြ ပါပြီ။
၁၀အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အား မိမိ၏အစေခံပရောဖက်များမှတစ်ဆင့် ပေးအပ်တော်မူသောပညတ်တော်များ အတိုင်းလိုက်နာရန်မိန့်ကြားသော်လည်း အကျွန်ုပ်တို့သည်နားမထောင်ခဲ့ကြပါ။-
11 ၁၁ အကယ်စင်စစ် ဣသရေလအမျိုးသားအပေါင်းတို့ သည် ဗျာဒိတ်တော်အသံကို နားမထောင်၊ လွှဲသွား၍ ပညတ်တရားတော်ကို လွန်ကျူးကြပါပြီ။ သို့ဖြစ်၍၊ ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့်၊ ကျိန်ဆိုတော် မူခြင်းတည်းဟူသော ဘုရားသခင်၏ ကျွန်မောရှေ၏ ပညတ္တိကျမ်း၌ မှတ်သားသော အကျိန်ကို အကျွန်ုပ်တို့ အပေါ်သို့ သွန်းလောင်းတော်မူ၏။
၁၁ဣသရေလအမျိုးသားတစ်ရပ်လုံးပင် လျှင် ကိုယ်တော်ရှင်ပညတ်တော်တို့ကိုချိုး ဖောက်၍အမိန့်တော်ကိုမလိုက်နာကြပါ။ အကျွန်ုပ်တို့သည်ကိုယ်တော်ကိုပြစ်မှား ကြသည်ဖြစ်၍ ကိုယ်တော့်အစေခံမောရှေ ၏ပညတ်ကျမ်းတွင်ရေးသားဖော်ပြထား သည့်ကျိန်စာများသင့်စေတော်မူပါ၏။-
12 ၁၂ အကျွန်ုပ်တို့တဘက်၊ အကျွန်ုပ်တို့ကို အုပ်သော တရားသူကြီးတို့ တဘက်၌ မိန့်တော်မူသော စကားတော် ကို တည်စေ၍၊ အကျွန်ုပ်တို့အပေါ်မှာ ကြီးစွာသော ဘေး ဥပဒ်ကို ရောက်စေတော်မူပြီ။ အကြောင်းမူကား၊ ယေရု ရှလင်မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင်အောက် တွင် အဘယ်အရပ်၌မျှ မရောက်စဖူးပါ။
၁၂ကိုယ်တော်သည်မိမိမိန့်တော်မူခဲ့သည် အတိုင်း အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ကို အုပ်စိုးသူတို့အား အပြစ်ဒဏ်ပေးတော် မူပါပြီ။ ယေရုရှလင်မြို့အားကမ္ဘာပေါ် ရှိအခြားမြို့များထက်ပို၍ ပြင်းထန်စွာ အပြစ်ပေးတော်မူပါ၏။-
13 ၁၃ မောရှေ၏ ပညတ္တိကျမ်းစာ၌ မှတ်သားသည် အတိုင်း၊ ဤဘေးဥပဒ်ရှိသမျှသည် အကျွန်ုပ်တို့အပေါ်မှာ ရောက်ပါပြီ။ အကျွန်ုပ်တို့သည် ဒုစရိုက်များကိုရှောင်၍ သမ္မာတရားတော်ကို နားလည်ခြင်းအလိုငှါ၊ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားထံတော်၌ မတောင်းပန်ဘဲ နေကြပါပြီတကား။
၁၃အကျွန်ုပ်တို့သည်မောရှေ၏ပညတ်တရား တွင် ဖော်ပြပါရှိသမျှသောအပြစ်ဒဏ် များကိုခံရကြပါ၏။ သို့ရာတွင်အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရား၊ ယခု အခါ၌ပင်လျှင်အကျွန်ုပ်တို့သည်ကိုယ် တော်နှစ်သက်တော်မူစေရန်ကြိုးစား၍ အပြစ်ဒုစရိုက်ကိုရှောင်ခြင်း၊ သမ္မာတရား တော်ကိုလိုက်လျှောက်ကျင့်သုံးခြင်းအမှု တို့ကိုမပြုမလုပ်ကြသေးပါ။-
14 ၁၄ ထို့ကြောင့် ထာဝရဘုရားသည် ဘေးဥပဒ်ကို စောင့်၍ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ပြုတော်မူသမျှတို့၌ ဖြောင့်မတ်တော်မူ၏။ အကျွန်ုပ်တို့ သည် ဗျာဒိတ်တော်အသံကို နားမထောင်ဘဲ နေကြပါပြီ တကား။
၁၄အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားဒဏ်ပေးရန် အသင့်ရှိသည်အတိုင်းဒဏ်ပေးတော်မူပါ၏။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အစဉ်ဖြောင့်မှန် ရာကိုပြုတော်မူတတ်သော်လည်း အကျွန်ုပ် တို့သည်ကိုယ်တော်၏စကားကိုနားမ ထောင်ခဲ့ကြသောကြောင့်ဖြစ်ပါ၏။
15 ၁၅ တန်ခိုးကြီးသောလက်တော်ဖြင့် ကိုယ်တော်၏ လူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ ယနေ့၌ရှိသည် အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသော အကျွန်ုပ်တို့၏ အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ မတရားသဖြင့်ပြုမိပါပြီ။
၁၅အို အကျွန်ုပ်တို့၏အရှင်ဘုရားသခင်၊ ကိုယ် တော်သည်မိမိ၏လူမျိုးတော်အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့ခြင်းအားဖြင့် တန်ခိုးတော်ကိုပြတော်မူပါ၏။ အကျွန်ုပ် တို့သည်ကိုယ်တော်၏တန်ခိုးတော်ကို ယခု ထက်တိုင်အောက်မေ့သတိရလျက်နေကြ ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ကူးမိ ကြပါပြီ။ အမှားကိုပြုမိကြပါပြီ။-
16 ၁၆ အိုဘုရားရှင်၊ ဖြောင့်မတ်တော်မူခြင်း တရား တော်ရှိသမျှတို့နှင့်အညီ၊ သန့်ရှင်းသော တောင်တော် တည်းဟူသော ကိုယ်တော်၏ ယေရုရှလင်မြို့မှ ပြင်းစွာ သော ဒေါသမျက်တော်ကို လွှဲတော်မူပါဟု အကျွန်ုပ် တောင်းပန်ပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့ အပြစ် များမှစ၍ ဘိုးဘေးတို့၏ အပြစ်များကြောင့်၊ ယေရုရှလင် မြို့နှင့် ကိုယ်တော်၏လူစုသည် ပတ်ဝန်းကျင်၌ရှိသော သူတို့တွင် ကဲ့ရဲ့စရာအကြောင်း ဖြစ်ပါ၏။
၁၆အို အရှင်ဘုရား၊ ကိုယ်တော်သည်အတိတ် ကာလက အကျွန်ုပ်တို့အားကာကွယ်စောင့် ရှောက်တော်မူခဲ့ပါ၏။ သို့ဖြစ်၍ယေရုရှလင် မြို့ကိုဆက်လက်၍ အမျက်ဒေါသထွက်တော် မမူပါနှင့်။ ထိုမြို့သည်ကိုယ်တော်၏မြို့တော်၊ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်ဖြစ် ပါ၏။ အကျွန်ုတို့၏အပြစ်ဒုစရိုက်များ နှင့်ဘိုးဘေးတို့ပြုခဲ့သည့်မကောင်းမှုများ ကြောင့် အိမ်နီးချင်းတိုင်းပြည်များရှိလူ အပေါင်းတို့သည် ယေရုရှလင်မြို့နှင့်ကိုယ် တော်၏လူမျိုးတော်အားအထင်အမြင် သေးကြပါ၏။-
17 ၁၇ ယခုမူကား၊ အကျွန်ုပ်တို့ဘုရားသခင်၊ ကိုယ် တော်၏ ကျွန်ပြုသော ပဌနာစကားကို နားထောင်တော် မူပါ။ ဆိတ်ညံလျက်ရှိသော သန့်ရှင်းရာဌာနတော်ကို ဘုရားရှင်၏ အကျိုးတော်ကြောင့်၊ မျက်နှာတော် ရောင်ခြည်ကို ထွန်းလင်းစေတော်မူပါ။
၁၇အို ကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်၏ ကျွန်တို့၏ဆုတောင်းပတ္ထနာနှင့်အသနား ခံချက်ကိုနားထောင်တော်မူပါ။ ကိုယ်တော် သည်ဘုရားသခင်ဖြစ်တော်မူကြောင်း လူ တိုင်းသိကြစေရန် ဖြိုဖျက်ခြင်းခံရသည့် ကိုယ်တော်၏ဗိမာန်တော်ကိုပြန်လည်တည် ဆောက်တော်မူပါ။-
18 ၁၈ အကျွန်ုပ်၏ဘုရားသခင်၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ကိုဖွင့်၍ အကျွန်ုပ်တို့ ပျက်စီးရာများကို၎င်း၊ နာမတော်ဖြင့် သမုတ်သောမြို့ကို ၎င်းကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်ကုသိုလ်ကို အမှီမပြု၊ မဟာကရုဏာတော်ကိုသာ အမှီပြု၍ ပဌနာ စကားကို ရှေ့တော်၌ ဆက်ကပ်ပါ၏။
၁၈အို ဘုရားသခင်၊ အကျွန်ုပ်တို့၏လျှောက် ထားချက်ကိုနားထောင်တော်မူပါ။ အကျွန်ုပ် တို့အားကြည့်တော်မူ၍ကိုယ်တော်ရှင့်နာမ တော်ကိုခံယူထားသည့်မြို့၏ဝေဒနာကို ရှုမှတ်တော်မူပါ။ အကျွန်ုပ်တို့သည်မိမိတို့ ကောင်းမွန်၊ မှန်ကန်မှုကိုအမှီမပြု၊ ကိုယ် တော်၏ကြီးမြတ်သောကရုဏာကို အမှီပြု၍ဆုတောင်းပါ၏။-
19 ၁၉ အိုဘုရားရှင်၊ နားထောင်တော်မူပါ။ အိုဘုရား ရှင်၊ နားထောင်၍ ပြုတော်မူပါ။ အိုဘုရားရှင် နားထောင် ၍ပြုတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော် အတွက် ဖင့်နွှဲတော်မမူပါနှင့်။ ကိုယ်တော်၏ လူစုသည် နာမတော်ဖြင့် သမုတ်ခြင်းရှိပါသည်ဟု ဆုတောင်းပဌနာ ပြု၏။
၁၉အို အရှင်ဘုရား၊ နားထောင်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့လျှောက်ထားချက်ကိုနား ထောင်တော်မူ၍အရေးယူတော်မူပါ။ အို အကျွန်ုပ်တို့၏ဘုရားသခင်ဖင့်နွဲ တော်မမူပါနှင့်။ သို့မှသာလျှင်ကိုယ်တော် သည်ဘုရားသခင်ဖြစ်တော်မူကြောင်း ကိုလူတိုင်းသိရှိပါလိမ့်မည်။ ဤမြို့ နှင့်ဤလူမျိုးတော်ကိုကိုယ်တော်ပိုင် တော်မူပါ၏'' ဟုဆုတောင်းပတ္ထနာပြု၏။
20 ၂၀ ထိုသို့ဆုတောင်းပဌနာပြု၍၊ ကိုယ်အပြစ်ကို၎င်း၊ အမျိုးသားချင်း ဣသရေလလူတို့၏ အပြစ်ကို၎င်း ဘော်ပြတောင်းပန်၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ သန့်ရှင်းသော တောင်တော်အဘို့ ငါပြုသော ပဌနာ စကားကို၊ ငါ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ဆက်ကပ် လျက်နေ၍၊
၂၀ငါသည်ဆက်လက်၍ဆုတောင်းပတ္ထနာပြု ကာ မိမိ၏အပြစ်များကိုလည်းကောင်း၊ မိမိ ၏လူမျိုးဖြစ်သောဣသရေလအမျိုးသား တို့၏အပြစ်များကိုလည်းကောင်းဖော်ပြ ဝန်ခံလျက် ကိုယ်တော်၏သန့်ရှင်းမြင့်မြတ် သောဗိမာန်တော်ကိုပြန်လည်တည်ဆောက် ပေးတော်မူရန် ငါ၏ဘုရားသခင်ထာဝရ ဘုရားအားအသနားခံလျက်နေ၏။-
21 ၂၁ ဆုတောင်းသော အမှုမပြီးမှီ မြွက်ဆိုစဉ်တွင် ယခင်ဗျာဒိတ် ရူပါရုံ၌ ထင်ရှားသောသူ၊ ဂါဗေလသည် လျင်မြန်စွာ ပျံ၍လာသဖြင့် ညဦးယံ ပူဇော်ချိန်၌ ရှိရာသို့ ရောက်၍
၂၁ယင်းသို့ငါဆုတောင်းပတ္ထနာပြုလျက်နေ စဉ် ယခင်ဗျာဒိတ်ရူပါရုံတွင်ငါတွေ့မြင် ခဲ့သူ၊ ဂါဗြေလသည်ငါရှိရာသို့ပျံဝဲ ဆင်းသက်လာ၏။ ထိုအချိန်ကားညဥ့်ဦး ယံယဇ်ပူဇော်ရာအချိန်ဖြစ်၏။-
22 ၂၂ နှုတ်ဆက်လျက်၊ အချင်းဒံယေလ၊ ငါသည် သင် ၌ ဥာဏ်ပညာတိုးပွားစေမည်အကြောင်း ထွက်လာပြီ။
၂၂ဂါဗြေလက``ဒံယေလ၊ ငါသည်ဗျာဒိတ် ရူပါရုံကိုသင်သိရှိနားလည်နိုင်ရေး အတွက်အကူအညီပေးရန် ဤအရပ် သို့ရောက်ရှိလာခြင်းဖြစ်၏။-
23 ၂၃ သင်သည် ဆုတောင်းစပြုသောအခါ အမိန့် တော်ရှိသည်ဖြစ်၍ သင့်အားကြားပြောခြင်းငှါ ငါရောက် လာပြီ။ သင်သည် အလွန်ချစ်အပ်သောသူဖြစ်၏။ ထိုကြောင့် ဗျာဒိတ်တော်အချက်ကို ဆင်ခြင်၍ နားလည် ရသော အခွင့်ရှိ၏။
၂၃သင်သည်ဘုရားသခင်အားစတင်အသ နားခံသောအခါ ကိုယ်တော်သည်သင့်ပတ္ထနာ ကိုနားထောင်တော်မူ၏။ ကိုယ်တော်သည်သင့် အားချစ်မြတ်နိုးတော်မူသည်ဖြစ်၍ ကိုယ် တော်၏ဖြေကြားချက်ကိုသင့်အားဖော် ပြရန် ငါ့ကိုစေလွှတ်တော်မူသည်။ ဗျာဒိတ် ရူပါရုံအကြောင်းကိုငါရှင်းလင်းဖော်ပြ နေစဉ်ဂရုပြု၍နားထောင်လော့။
24 ၂၄ လွန်ကျူးခြင်းအမှုကို ဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း ထာဝရကုသိုလ်ကို သွင်းစေခြင်းငှါ၎င်း ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန် သန့်ရှင်းသော အရပ်ဌာနကိုလိမ်းစေခြင်းငှါ၎င်း၊ သိတင်း ခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းအဘို့နှင့် သင်၏ သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏။
၂၄``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-
25 ၂၅ ထိုကြောင့်၊ ယေရုရှလင်မြို့ကိုတဖန် တည်ထောင်ပြုစုစေခြင်းငှါ အမိန့်တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထပ်တိုင်အောင် ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်း ကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။ အနှောင့်အရှက် ခံရသောကာလ၌ မြို့လမ်းကို တဖန် တည်ထောင်ပြုစုရမည်ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။
၂၅ယခုဖော်ပြမည့်အချက်ကိုသတိပြု ၍နားလည်လော့။ ယေရုရှလင်မြို့ကိုပြန် လည်တည်ထောင်ရန်အမိန့်ပေးချိန်မှစ၍ ဘုရားသခင်ရွေးချယ်သည့်ခေါင်းဆောင် ပေါ်လာချိန်အထိ နှစ်ပေါင်းခုနစ်နှစ်နှင့် ခုနစ်လီရှိလိမ့်မည်။ ယေရုရှလင်မြို့သည် လမ်းများ၊ ခိုင်ခံ့သောမြို့ရိုးများနှင့်ပြန် လည်တည်ထောင်ခြင်းကိုခံရလိမ့်မည်။ ခုနစ်လီကြာအောင်တည်လိမ့်မည်။ သို့ ရာတွင်ထိုကာလသည်ဒုက္ခများရာ ကာလဖြစ်လိမ့်မည်။-
26 ၂၆ ထိုသိတင်းခြောက်ဆယ်နှစ်သိတင်းလွန်ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲအသေသတ်ခြင်းကို ခံရလိမ့် မည်။ ထိုနောက်မှလာသော သခင်၏ လူတို့သည် မြို့တော်ကို၎င်း၊ သန့်ရှင်းရာဌာနကို၎င်း ဖြိုဖျက်ကြလိမ့် မည်။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့်ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။
၂၆ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-
27 ၂၇ တသိတင်းတွင် လူအများတို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍ ထိုသိတင်းတဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံ့ရှာဘွယ် သောအရာ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသော သူသည် ရောက်၍ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။
၂၇ထိုမင်းသည်ခုနစ်နှစ်တိုင်တိုင်များစွာ သောလူတို့နှင့် အခိုင်အမာသဘောတူ စာချုပ်ချုပ်ဆိုလိမ့်မည်။ သုံးနှစ်ခွဲမျှ ကြာသောအခါသူသည် ယဇ်နှင့်ပူဇော် သကာများဆက်ကပ်မှုကိုရပ်စဲစေ လိမ့်မည်။ ထိုနောက်ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသည့်အရာ ကို ဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားလိမ့်မည်။ ထိုအရာသည်မြှောက်တင်သူ အတွက် ဘုရားသခင်ပြင်ဆင်စီရင်ထား တော်မူသောဆုံးပါးပျက်စီးချိန်တိုင် အောင် ဗိမာန်တော်တွင်တည်ရှိနေလိမ့်မည်'' ဟုဆို၏။