< ၂ ဓမ္မရာဇဝင် 7 >
1 ၁ ထာဝရဘုရားသည် အရပ်ရပ်တို့၌ရှိသော ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူသော ကျေးဇူးကို ရှင်ဘုရင်သည် ခံရ၍၊ နန်းတော်၌ငြိမ်ဝပ်စွာ နေရသောအခါ။
၁ယခုအခါဒါဝိဒ်မင်းသည်နန်းတော်တွင် ငြိမ်းချမ်းစွာနေရသောအခါ ထာဝရ ဘုရားသည်ဒါဝိဒ်မင်းအားရန်သူအပေါင်း တို့ဘေးမှကင်းဝေးစေတော်မူသဖြင့်၊-
2 ၂ ပရောဖက်နာသန်ကို ခေါ်၍၊ ကြည့်ရှုလော့။ ငါသည် အာရဇ်သစ်သားအိမ်နှင့်နေ၏။ ဘုရားသခင်၏ သေတ္တာတော်မူကား၊ ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော်၊
၂ပရောဖက်နာသန်အား`ကြည့်လော့။ ငါသည် သစ်ကတိုးသားနန်းတော်နှင့်နေထိုင်ရသော် လည်း ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်မူကားတဲတော်၌သာကျိန်းဝပ်တော် မူရပါသည်တကား'' ဟုဆို၏။
3 ၃ နာသန်က၊ အကြံတော်ရှိသမျှ အတွင်းပြုတော် မူပါ။ ထာဝရဘုရားသည် ကိုယ်တော်နှင့် အတူရှိတော်မူ သည်ဟု ပြန်လျှောက်၏။
၃နာသန်က`ဘုရားသခင်သည်အရှင်နှင့်အတူ ရှိတော်မူသည်ဖြစ်၍ အရှင်အလိုရှိသည့် အတိုင်းပြုတော်မူပါ'' ဟုလျှောက်၏။-
4 ၄ ထိုညဉ့်တွင် ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် နာသန်သို့ ရောက်၍၊
၄သို့ရာတွင်ထိုညဥ့်၌ထာဝရဘုရားသည် နာသန်အား၊-
5 ၅ ငါ့ကျွန်ဒါဝိဒ်ထံသို့ သွားလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါနေစရာဘို့ အိမ်ကို ဆောက်ရမည်လော။
၅``ငါ၏အစေခံဒါဝိဒ်ထံသို့သွား၍သူ့ အား`သင်သည်ငါကျိန်းဝပ်ရန်ဗိမာန်တော်ကို တည်ဆောက်ရမည်မဟုတ်။-
6 ၆ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောနေ့ကစ၍ယနေ့တိုင်အောင် အိမ်နှင့်ငါ မနေ။ တဲအမျိုးမျိုးနှင့်ငါလှည့်လည်ပြီ။
၆ဣသရေလအမျိုးသားတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှ ယနေ့တိုင်အောင်ငါသည် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မမူခဲ့။ တဲတော် ၌သာကျိန်းဝပ်လျက်ဒေသစာရီလှည့်လည် တော်မူခဲ့၏။-
7 ၇ ဣသရေလအမျိုးသားတို့နှင့် ငါလှည့်လည်ရာ အရပ်ရပ်တို့၌၊ ငါ၏လူဣသရေလအမျိုးကို ကျွေးမွေးစေ ခြင်းငှါ၊ ငါစေခိုင်းသော ဣသရေလတရားသူကြီး တစုံတယောက်အား၊ သင်သည် ငါ့အဘို့အာရဇ် သစ်သားအိမ် ကို အဘယ်ကြောင့် မဆောက်သနည်းဟု ငါဆိုဘူးသလော။
၇ယင်းသို့မိမိ၏လူမျိုးတော်နှင့်လှည့်လည်တော် မူခဲ့စဉ်အဘယ်အခါ၌မျှ ငါသည်မိမိခန့် ထားသောခေါင်းဆောင်တို့အား`သင်တို့အဘယ် ကြောင့်ငါ၏အတွက်သစ်ကတိုးသားဗိမာန် တော်ကိုဆောက်လုပ်၍မပေးကြသနည်း' ဟု မေးတော်မမူခဲ့။-
8 ၈ ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့်ကိုငါနှုတ်ယူ၍၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အုပ်စိုးသောမင်းအရာ၌ ငါခန့်ထားပြီ။
၈သို့ဖြစ်၍အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်မိမိ၏အစေခံဒါဝိဒ်အား`ငါသည်သင့် ကိုငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့၏ဘုရင်ဖြစ်စိမ့်သောငှာသိုးကျောင်းရာ ကွင်းထဲမှခေါ်ယူခဲ့၏။-
9 ၉ သင်သွားလေရာရာ၌ ငါလိုက်၍သင်၏ ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ပယ်ရှားသဖြင့်၊ မြေကြီးသား တို့တွင် လူကြီး၏ဂုဏ်အသရေကဲ့သို့ သင်၌ကြီးစွာသော ဂုဏ်အသရေကို ငါပေးပြီ။
၉သင်သွားလေရာရာ၌သင်နှင့်အတူငါပါရှိ လျက် သင်၏ရန်သူရှိသမျှတို့ကိုနှိမ်နင်းပေး ခဲ့၏။ ငါသည်သင့်အားကမ္ဘာပေါ်တွင်အကျော် စောဆုံးသောခေါင်းဆောင်တစ်ဦးဖြစ်စေမည်။-
10 ၁၀ ထိုမှတပါး ငါ၏လူ ဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည် နောက်တဖန် မပြောင်းမလဲ မိမိတို့နေရာ၌ နေစေခြင်းငှါ ငါမြဲမြံစေမည်။ မတရားသောသူတို့သည် ရှေးကာလ၌၎င်း၊
၁၀ငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့အတွက်နေရာအရပ်ကိုရွေးချယ်၍ နောက် တစ်ဖန်ညှင်းဆဲခြင်းကိုမခံရတော့ဘဲ အတည်တကျနေထိုင်စေပြီ။ ဤပြည် သို့ဝင်ရောက်လာချိန်မှအစပြု၍ သူတို့ သည်အကြမ်းဖက်သူလူစုတို့၏တိုက်ခိုက် မှုကိုခံခဲ့ရကြသော်လည်းနောက်တစ်ဖန် ခံရကြတော့မည်မဟုတ်။ သင့်အားရန်သူ အပေါင်းတို့၏ဘေးမှလုံခြုံစေ၍ သား မြေးများဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ငါထာဝရဘုရားမြွက်ဆို၏။-
11 ၁၁ ငါ၏လူဣသရေလအမျိုးတွင် တရားသူကြီး တို့ကို ခန့်ထားသောကာလ၌၎င်း၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန်မညှဉ်းဆဲရ။ သင့်ကိုလည်း ရန်သူအပေါင်းတို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုး အနွယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။
၁၁
12 ၁၂ သင်သည် အသက်ကာလစေ့၍ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင်၏ရင်သွေး၊ သင်မှ ဆင်းသက်သော သားကိုငါချီးမြှောက်၍ သူ၏နိုင်ငံကို တည်ထောင်မည်။
၁၂သင်ကွယ်လွန်၍ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ် ခြင်းကိုခံရသောအခါ ငါသည်သင်၏သား တစ်ယောက်ကိုမင်းမြှောက်ကာသူ၏နိုင်ငံ ကိုတည်တံ့ခိုင်မြဲစေမည်။-
13 ၁၃ ထိုသားသည် ငါ၏နာမအဘို့ အိမ်ကို ဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည်။
၁၃သူသည်ငါ၏အတွက်ဗိမာန်တော်ကိုတည် ဆောက်ရမည်။ ငါသည်သူ၏ရာဇပလ္လင်ကို ထာဝစဉ်တည်မြဲစေမည်။-
14 ၁၄ ငါသည် သူ၏အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သူသည် ဒုစရိုက်ကိုပြုလျှင် လူသုံးတတ်သော ကြိမ်လုံးနှင့် ငါဆုံးမမည်။
၁၄ငါသည်သူ၏အဖဖြစ်၍သူသည်လည်းငါ ၏သားဖြစ်ရလိမ့်မည်။ သူသည်အမှားကို ပြုသောအခါအဖကသားကိုဆုံးမ သကဲ့သို့သူ့ကိုဆုံးမမည်။-
15 ၁၅ သို့ရာတွင် သင့်ရှေ့မှာ ငါပယ်ရှားသော ရှောလု၌ ငါ၏ကရုဏာကို နှုတ်သကဲ့သို့ သင်၏သား၌ ငါမနှုတ်။
၁၅သင့်အားထီးနန်းအပ်နှင်းနိုင်ရန်ငါဖယ်ရှား လိုက်သည့်ရှောလု၏ထံမှ ငါ၏ထောက်ခံမှု ကိုရုပ်သိမ်းသကဲ့သို့သင်၏ထံမှရုပ်သိမ်း မည်မဟုတ်။-
16 ၁၆ သင်၏အမျိုးအနွယ်နှင့်၊ သင်၏နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည်။ သင်၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော်မူ၏။
၁၆သင်၏အမျိုးအနွယ်သည်အဘယ်အခါ ၌မျှမတိမ်ကောဘဲ သင်၏နိုင်ငံသည်ထာဝ စဉ်တည်လိမ့်မည်။ သင်၏ရာဇအာဏာစက် သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်း သွားလိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
17 ၁၇ ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသန် သည် ဒါဝိဒ်အား ပြန်ပြောလေ၏။
၁၇နာသန်သည်မိမိအားဘုရားသခင်မိန့် ကြားတော်မူသမျှတို့ကို ဒါဝိဒ်အားဆင့် ဆိုလေ၏။
18 ၁၈ ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ ထိုင်နေလျက်၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်ကို ဤမျှလောက်ချီးမြှောက်တော် မူမည်အကြောင်း၊ အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ်ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုး ဖြစ်ပါသနည်း။
၁၈ဒါဝိဒ်မင်းသည်တဲတော်သို့ဝင်ပြီးလျှင်ထိုင် ၍``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်နှင့် အကျွန်ုပ်၏မိသားစုသည်အကျွန်ုပ်အတွက် ကိုယ်တော်ရှင်ပြုတော်မူသောကျေးဇူး တော်နှင့်မထိုက်မတန်ပါ။-
19 ၁၉ သို့ရာတွင် အိုအရှင်ထာဝရဘုရား၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသော ကြောင့်၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်ကို ကြာမြင့်စွာသောကာလနှင့် ယှဉ်လျက်မိန့်တော်မူပါသည်တကား။ အိုအရှင်ထာဝရဘုရား၊ လူတို့သည် ထိုသို့စီရင်လေ့ရှိပါ သလော။
၁၉အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အကျွန်ုပ်အား ယခင်ကထက်ပင်ပို၍ကျေးဇူး ပြုတော်မူပါသည်တကား။ လာလတ္တံ့သော ကာလ၌အကျွန်ုပ်၏သားမြေးတို့အတွက် ကတိတော်ပေးတော်မူပါပြီ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အကြောင်းကိုလူတစ်ယောက်အားအသိ ပေးတော်မူပါသည်တကား။-
20 ၂၀ ဒါဝိဒ်သည် အဘယ်သို့တိုးတက်၍ လျှောက်ရပါမည်နည်း။ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏ ကျွန်ကို သိတော်မူ၏။
၂၀အကျွန်ုပ်သည်အဘယ်သို့ကိုယ်တော်ရှင်အား ထပ်မံလျှောက်ထားနိုင်ပါမည်နည်း။ ကိုယ်တော် ရှင်၏အစေခံအကျွန်ုပ်အကြောင်းကိုကိုယ် တော်ရှင်သိတော်မူပါ၏။-
21 ၂၁ နှုတ်ကပတ်တော်ကို ထောက်၍၊ အလိုတော်ရှိသည်အတိုင်း ကိုယ်တော်၏ ကျွန်သိရမည်အကြောင်း၊ ဤကြီးစွာသော အမှုအလုံးစုံတို့ ကိုပြုတော်မူပြီ။
၂၁ကိုယ်တော်ရှင်သည်မိမိ၏အလိုတော်နှင့် အကြံအစည်တော်အရ ဤသို့ပြုတော်မူ ခြင်းဖြစ်ပါ၏။ အကျွန်ုပ်အားသွန်သင်စေရန် ဤကြီးမြတ်သည့်အမှုအရာများကိုပြု တော်မူပါပြီ။-
22 ၂၂ သို့ဖြစ်၍ အိုထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့်တူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော ဘုရားမည်မျှမရှိပါ။
၂၂အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အလွန်ကြီးမြတ်တော်မူပါသည်တကား။ အကျွန်ုပ်တို့ကြားသိသမျှအတိုင်းကိုယ် တော်ရှင်နှင့်တူသောဘုရား၊ ကိုယ်တော်ရှင် မှတစ်ပါးအခြားဘုရားမရှိပါ။-
23 ၂၃ နာမတော်ကို ထင်ရှားစေ၍ အဲဂုတ္တုပြည်အစ ရှိသော အခြားသောပြည်များ၊ သူတို့ဘုရားများတို့မှ ရွေးနှုတ်တော်မူသော ကိုယ်တော်၏ လူမျိုးရှေ့တွင် လူမျိုးတော်အဘို့နှင့်ပြည်တော်အဘို့ ကြောက်မက်ဘွယ် သော အမှုကြီးတို့ကို ပြုခြင်းငှါ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဘို့ရွေး နှုတ်တော်မူသော ကိုယ်တော်၏လူ ဣသရေလအမျိုးနှင့်တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော။
၂၃အဘယ်လူမျိုးမျှကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလလူမျိုးနှင့်နှိုင်းယှဉ်၍မရ ပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော် စစ်ချီလာချိန်၌အခြားလူမျိုးတို့နှင့် သူ တို့၏ဘုရားများအားနှင်ထုတ်တော်မူခဲ့ ပါ၏။ အီဂျစ်ပြည်တွင်ကျွန်ခံရာမှကယ် ဆယ်တော်မူခဲ့သောလူတို့ကိုမိမိ၏လူ မျိုးတော်ဖြစ်စေတော်မူပါ၏။-
24 ၂၄ အကြောင်းမူကား၊ ကိုယ်တော်၏ လူဣသရေလအမျိုးကို အစဉ်အမြဲ ကိုယ်တော်၏လူ ဖြစ်စေခြင်းငှါ၊ သူတို့ကို ကိုယ်တော်အဘို့ ခိုင်ခံ့မြဲမြံစေ၍၊ ကိုယ်တော် ထာဝရဘုရားသည် သူတို့၏ဘုရားသခင်ဖြစ်တော်မူ၏။
၂၄ကိုယ်တော်ရှင်သည်ဣသရေလလူမျိုးအား မိမိထာဝစဉ်ပိုင်ရာလူမျိုးတော်ဖြစ်စေ တော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်လည်းသူတို့၏ဘုရားဖြစ်တော် မူပြီ။''
25 ၂၅ ယခုမှာအိုထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ကျွန်၌၎င်း၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်၌၎င်း၊ မိန့်တော်မူသော စကားတော်ကို အစဉ်အမြဲ တည်စေတော်မူပါ။ မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ။
၂၅``အို ဘုရားသခင်၊ ထာဝရဘုရား၊ ကိုယ်တော့် ကျွန်နှင့်အိမ်ထောင်အတွက်ပေးတော်မူသော ကတိတော်ကိုထာဝစဉ်တည်မြဲစေတော် မူ၍ ကိုယ်တော်ရှင်မိန့်တော်မူသည့်အတိုင်း ပြုတော်မူပါ။-
26 ၂၆ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုးကို အစိုးရသောဘုရားသခင် ဖြစ်တော်မူ သည်ဟူ၍ နာမတော်သည် အစဉ်အမြဲချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်ကျွန်ဒါဝိဒ်၏ အမျိုးအနွယ် သည် ရှေ့တော်၌တည်ပါစေသော။
၂၆ကိုယ်တော်ရှင်၏နာမတော်သည်အစဉ် အမြဲထင်ပေါ်ကျော်ကြားပါလိမ့်မည်။ လူ တို့က`အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူ၏' ဟုအစဉ်အမြဲပြောဆို ကြပါလိမ့်မည်။ ကိုယ်တော်ရှင်၏အစေခံ ဒါဝိဒ်၏မင်းဆက်ကိုလည်းတည်မြဲစေ တော်မူပါ။-
27 ၂၇ အကြောင်းမူကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်က၊ သင်၏အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ဤပဌနာကို ရှေ့တော်၌ ပြုချင် သောစိတ်ရှိပါ၏။
၂၇ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော့် ကျွန်အားဤအမှုအရာများကိုဖော်ပြ၍ ကိုယ်တော့်ကျွန်၏သားမြေးများကိုမင်း မြှောက်တော်မူမည်ဖြစ်ကြောင်းမိန့်တော်မူ သောကြောင့် ကိုယ်တော့်ကျွန်သည်ဤဆုတောင်း ပတ္ထနာကိုအထံတော်သို့တင်လျှောက်ဝံ့ ပါ၏။''
28 ၂၈ ယခုလည်းအိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင် မှန်တော်မူ၏။ စကားတော်လည်း မှန်ပါ၏။ ဤကျေးဇူးကိုကိုယ်တော်ကျွန်၌ ဂတိထားတော်မူပြီ။
၂၈``အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ဘုရားဖြစ်တော်မူပါ၏။ ကတိတော် တို့ကိုလည်းအစဉ်တည်မြဲစေတော်မူပါ၏။ ကိုယ်တော့်ကျွန်အားဤအံ့သြဖွယ်သော ကတိတော်ကိုပေးတော်မူပါပြီ။-
29 ၂၉ သို့ဖြစ်၍ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် ရှေ့တော်၌ အစဉ်အမြဲတည်ပါမည်အကြောင်း၊ ကောင်း ကြီးပေးခြင်းငှါ နူးညွတ်သောစိတ်ရှိတော်မူပါ။ အိုအရှင် ထာဝရဘုရား၊အမိန့်တော်ရှိသည်အတိုင်းကောင်းကြီးပေး တော်မူသောမင်္ဂလာကို၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် အစဉ်အမြဲခံရပါစေသောဟု ဆုတောင်းသတည်း။
၂၉ကိုယ်တော့်ကျွန်၏သားမြေးတို့သည်ရှေ့ တော်၌ ဆက်လက်၍မျက်နှာရစေရန်သူ တို့အားကောင်းချီးပေးတော်မူပါ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကတိ ထားတော်မူပါပြီ။ ကိုယ်တော်ရှင်၏ကောင်း ချီးမင်္ဂလာကိုကိုယ်တော့်ကျွန်၏သားမြေး တို့ထာဝစဉ်ခံစားစေတော်မူပါ'' ဟူ၍ တောင်းလျှောက်သတည်း။