< ၂ ဓမ္မရာဇဝင် 10 >
1 ၁ ထိုနောက် အမ္မုန်ရှင်ဘုရင်သည် သေ၍ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
၁ကာလအနည်းငယ်ကြာသောအခါ အမ္မုန် ဘုရင်နာဟတ်မင်းကွယ်လွန်၍သူ၏သား တော်ဟာနုန်နန်းတက်၏။
2 ၂ ဒါဝိဒ်ကလည်း၊ ဟာနုန်အဘနာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်းငှါ ကျွန်တို့ကို စေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် အမ္မုန်ပြည်သို့ရောက်ကြ၏။
၂ဒါဝိဒ်က``သူ၏ဖခင်နာဟတ်သည် ငါ့အား ကျေးဇူးသစ္စာစောင့်ခဲ့သည့်နည်းတူ ငါသည် လည်းဟာနုန်အားကျေးဇူးသစ္စာစောင့်ရပေ မည်'' ဟုမိန့်တော်မူပြီးလျှင်ဟာနုန်ထံသို့ နှစ်သိမ့်စကားပြောကြားရန်စေတမန်များ ကိုလွှတ်လိုက်၏။ သို့ရာတွင်ထိုသူတို့ ရောက်ရှိကြသောအခါ၊-
3 ၃ အမ္မုန်အမျိုး မှူးမတ်တို့သည် မိမိတို့အရှင် ဟာနုန်ထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေ သော သူတို့ကိုစေလွှတ်ရာတွင် ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့တော်ကိုစစ်ဆေးစူစမ်း၍ ဖျက်ဆီးခြင်း ငှာသာသူ၏ကျွန်တို့ကိုစေလွှတ်သည် မဟုတ်လောဟု လျှောက်ကြ သော်။
၃အမ္မုန်ပြည်သားခေါင်းဆောင်များကမိမိတို့ ဘုရင်အား``ဒါဝိဒ်သည်အရှင့်ခမည်းတော်ကို ဂုဏ်ပြုရန်အတွက် ဤလူများကိုစေလွှတ် လိုက်သည်ဟုအရှင်ထင်မှတ်တော်မူပါ သလော။ အဘယ်နည်းနှင့်မျှမဟုတ်ပါ။ သူ သည်အကျွန်ုပ်တို့ကိုနှိမ်နင်းနိုင်ရန်ဤမြို့ အခြေအနေကိုစုံစမ်းလို၍ဤသူတို့ အားသူလျှိုအဖြစ်စေလွှတ်လိုက်ခြင်း ဖြစ်ပါ၏'' ဟုလျှောက်ထားကြ၏။
4 ၄ ဟာနုန်သည် ဒါဝိဒ်၏ကျွန်တို့ကို ယူပြီးလျှင်၊ မုတ်ဆိတ်တခြမ်းကိုရိတ်၍ အဝတ်ကိုတင်ပါးတိုင်အောင် ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။
၄ဟာနုန်သည်ဒါဝိဒ်၏စေတမန်များကို ဖမ်းဆီးကာမုတ်ဆိတ်တစ်ခြမ်းကိုရိတ်၍ အင်္ကျီအဝတ်များကိုခါးမှဖြတ်ပြီး လျှင်ပြန်၍လွှတ်လိုက်လေသည်။-
5 ၅ ထိုသိတင်းကို ဒါဝိဒ်သည်ကြားသောအခါ၊ ထိုလူတို့သည် အလွန်ရှက်သောကြောင့် သူတို့ကို ဆီးကြိုစေခြင်းငှါ စေလွှတ်၍၊ သင်တို့သည် မုတ်ဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှပြန်လာကြလော့ဟု မှာထားတော်မူ၏။
၅သူတို့သည်ပြန်လာရန်အလွန်ရှက်ကြ၏။ ထိုအကြောင်းကိုဒါဝိဒ်ကြားသောအခါ လူစေလွှတ်ပြီးလျှင်သူတို့အား မိမိတို့ မုတ်ဆိတ်များပြန်၍ရှည်လာသည့်တိုင်အောင် ယေရိခေါမြို့တွင်နေပြီးမှမြို့တော်သို့ ပြန်လာကြရန်မှာကြားတော်မူလိုက်၏။
6 ၆ အမ္မုန်အမျိုးသားတို့က၊ ငါတို့သည်ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ် ဖြစ်လိမ့်မည်ဟု သိလျှင်၊ လူကို စေလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသော ရှုရိလူခြေသည် သူရဲနှစ်သောင်း၊ မာခမင်းကြီး၏ လူ တထောင်၊ တောဘမြို့သား တသောင်းနှစ်ထောင်တို့ကို ငှားကြ၏။
၆အမ္မုန်ပြည်သားတို့သည်ဒါဝိဒ်အားမိမိတို့ ရန်ဘက်ပြုမိကြပြီဖြစ်ကြောင်းသိရှိလာ သဖြင့် ဗက်ရဟောဘမြို့နှင့်ဇောဘမြို့တို့ မှရှုရိစစ်သည်နှစ်သောင်းကိုလည်းကောင်း၊ တောဘမြို့မှလူတစ်သောင်းနှစ်ထောင်အပြင် မာခါမင်းနှင့်လူတစ်ထောင်ကိုလည်းကောင်း ငှားရမ်းကြ၏။-
7 ၇ ထိုသိတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသောသူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏။
၇ထိုသတင်းကိုကြားသိသောအခါဒါဝိဒ်သည် ယွာဘနှင့်တပ်မတော်တစ်ခုလုံးကိုချီတက် စေ၏။-
8 ၈ အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ ဇောဘမြို့၊ ရဟောဘမြို့၊ တောဘ မြို့မှလာသော ရှုရိလူနှင့် မာခါမင်းကြီး၏ လူတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။
၈အမ္မုန်ပြည်သားတို့သည်ရဗ္ဗာမြို့မှထွက်ပြီး လျှင် မြို့တံခါးအနီးတွင်နေရာယူကြ၏။ ရှုရိပြည်သားများ၊ တောဘမြို့သားများ နှင့်မာခါ၏လူများအစရှိသောအခြား သူတို့မူကားလွင်ပြင်၌နေရာယူကြ လေသည်။
9 ၉ ယွာဘသည်လည်း၊ ရှေ့၌၎င်း၊ နောက်၌၎င်း စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူ တို့ တဘက်၌စစ်ခင်းကျင်း၏။
၉ရန်သူတပ်များသည်မိမိတို့အားရှေ့နှင့်နောက် မှတိုက်ခိုက်ကြမည်ကိုသိသဖြင့် ယွာဘသည် လက်ရွေးစင်ဣသရေလစစ်သည်များကိုရှုရိ အမျိုးသားတို့ဘက်သို့မျက်နှာမူ၍နေစေ၏။-
10 ၁၀ ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့တဘက်၌ စစ်ခင်းကျင်း စေခြင်းငှါ၊ ညီအဘိရှဲလက်သို့ အပ်လျက်၊
၁၀အခြားတပ်သားများကိုမူမိမိ၏ညီအဘိရှဲ အားကွပ်ကဲစေ၏။ အဘိရှဲသည်လည်းသူတို့အား အမ္မုန်ပြည်သားတို့ဘက်သို့မျက်နှာမူ၍နေရာ ယူစေ၏။-
11 ၁၁ ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါအားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည်။
၁၁အဘိရှဲအားယွာဘက``အကယ်၍ရှုရိပြည် သားတို့သည်ငါ့ကိုအနိုင်ရလျက်နေသည် ကိုတွေ့ရှိရလျှင် သင်သည်ငါ့ထံစစ်ကူလာ လော့။ အကယ်၍သင့်ကိုအမ္မုန်ပြည်သားတို့ အနိုင်ရနေခဲ့သော်ငါသည်သင့်ထံသို့စစ် ကူလာမည်။-
12 ၁၂ ရဲရင့်သောစိတ်ရှိ၍ ငါတို့လူမျိုး၊ ငါတို့ဘုရားသခင့်မြို့ရွာတို့အဘို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည် အတိုင်းစီရင်တော် မူစေသတည်းဟု ဆိုပြီးမှ၊
၁၂ငါတို့သည်ရဲရင့်စွာငါတို့အမျိုးသားများ နှင့်ငါတို့ဘုရားသခင်၏မြို့များအတွက် အားကြိုးမာန်တက်တိုက်ခိုက်ကြကုန်အံ့။ ထာဝရဘုရားသည်မိမိအလိုတော်ရှိသည့် အတိုင်းစီရင်တော်မူပါစေသော'' ဟုဆို၏။
13 ၁၃ သူ၌ပါသောလူများနှင့်တကွ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။
၁၃ယွာဘနှင့်သူ၏လူတို့သည်တိုက်ခိုက်ရန် ရှေ့သို့ချီတက်ကြလျှင် ရှုရိပြည်သား တို့သည်ထွက်ပြေးကြ၏။-
14 ၁၄ ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း အဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ ဝင်ကြ၏။ ယွာဘသည်လည်း အမ္မုန်ပြည်မှ ထွက်၍ ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
၁၄ဤသို့ရှုရိပြည်သားတို့ဆုတ်ပြေးကြသည် ကိုအမ္မုန်ပြည်သားတို့မြင်သောအခါ အဘိ ရှဲထံမှထွက်ပြေးကာမြို့ထဲသို့ပြန်၍ဝင် သွားကြ၏။ ထိုအခါယွာဘသည်အမ္မုန်ပြည် သားနှင့်တိုက်ပွဲမှတပ်ခေါက်၍ယေရုရှလင် မြို့သို့ပြန်လေ၏။
15 ၁၅ ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင် တဖန်စည်းဝေးကြ၏။
၁၅ဣသရေလအမျိုးသားတို့၏လက်တွင် အ ရေးရှုံးနိမ့်ခဲ့ကြောင်းရှုရိပြည်သားတို့သိ ရှိကြသောအခါ မိမိတို့၏တပ်အပေါင်း တို့အားတစ်ဖန်စုရုံးစေကြ၏။-
16 ၁၆ ဟာဒဒေဇာမင်းသည်လည်း စေလွှတ်၍၊ မြစ်တဘက်၌နေသော ရှုရိလူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဟေလံမြို့သို့ရောက်လာကြ၏။ ဟာဒဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။
၁၆ဟာဒဒေဇာမင်းသည်ဥဖရတ်မြစ်အရှေ့ ဘက်ရှိရှုရိပြည်သားတို့ကိုဆင့်ခေါ်သဖြင့် သူတို့သည်ဟာဒဒေဇာမင်း၏ဗိုလ်ချုပ် ရှောဗက်ကွပ်ကဲလျက်ဟေလံမြို့သို့ရောက် ရှိလာလေသည်။-
17 ၁၇ ထိုသိတင်းကိုကြားလျှင်၊ ဒါဝိဒ်သည် ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍၊ ယော်ဒန်မြစ် ကို ကူးသဖြင့် ဟေလံမြို့သို့ ရောက်လေ၏။ ရှုရိလူတို့သည် ဒါဝိဒ်တဘက်၌ စစ်ခင်းကျင်း၍ တိုက်သောအခါ၊
၁၇ဤအကြောင်းကိုကြားသောအခါ ဒါဝိဒ်သည် ဣသရေလတပ်များကိုစုရုံးစေ၍ ယော်ဒန် မြစ်ကိုကူးပြီးလျှင်ဟေလံမြို့သို့ချီတက် လေ၏။ ထိုမြို့တွင်ရှုရိပြည်သားတို့သည် ဒါဝိဒ်ရှိရာသို့မျက်နှာမူလျက်နေရာယူ ကြ၏။ စစ်ပွဲစတင်သည်နှင့်၊-
18 ၁၈ ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ်၍၊ ဗိုလ်ချုပ်မင်းရှောဗက် ကိုလည်း ထိခိုက်သဖြင့် သူသည် ထိုအရပ်၌ သေ၏။
၁၈ဣသရေလအမျိုးသားတို့သည်ရှုရိပြည် သားတို့အားတိုက်ထုတ်လိုက်ကြ၏။ ဒါဝိဒ် ၏လူတို့ကရှုရိစစ်ရထားမှူးခုနစ်ရာ နှင့်မြင်းစီးသူရဲလေးသောင်းတို့ကိုသုတ် သင်ပြီးလျှင် ရန်သူဗိုလ်ချုပ်ရှောဗက်ကို လည်းဒဏ်ရာရစေ၏။ ထို့ကြောင့်သူသည် စစ်မြေပြင်၌ပင်သေဆုံးလေသည်။-
19 ၁၉ ဟာဒဒေဇာ၌ ကျွန်ခံသောမင်းကြီးအပေါင်းတို့သည် ဣသရေလအမျိုးနှင့် မိဿဟာယဖွဲ့၍ ကျွန်ခံ ကြ၏။ ထိုသို့ ရှုရိလူတို့သည် နောက်တဖန် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့ကြ။
၁၉ဟာဒဒေဇာ၏လက်အောက်ခံဘုရင်များသည် ဣသရေလအမျိုးသားတို့၏လက်တွင် မိမိ တို့အရေးရှုံးနိမ့်ကြပြီဖြစ်ကြောင်းသိရှိ ကြသောအခါ ဣသရေလအမျိုးသားတို့ နှင့်စစ်ပြေငြိမ်းရန်စေ့စပ်၍သူတို့၏လက် အောက်ခံဖြစ်လာကြ၏။ ရှုရိပြည်သားတို့ သည်လည်းအမ္မုန်ပြည်သားတို့အားနောက် တစ်ဖန်စစ်မကူဝံ့ကြတော့ချေ။