< ၄ ဓမ္မရာဇဝင် 7 >
1 ၁ ဧလိရှဲက၊ ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ နက်ဖြန်နေ့ယခုအချိန်ရောက်လျှင်၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ်၊ မုယောဆန်တခွဲကို တကျပ်နှင့် ရှမာရိ မြို့တံခါးဝ၌ ရောင်းရလိမ့်မည်ဟု ဆင့်ဆို၏။
၁ဧလိရှဲက``ထာဝရဘုရားမိန့်တော်မူသော စကားကိုနားထောင်တော်မူပါ။ နက်ဖြန်ဤ အချိန်ရောက်သော် ရှမာရိမြို့စျေးထဲတွင် အကောင်းဆုံးဂျုံဆန်ဆယ်ပေါင် သို့မဟုတ် မုရောဆန်ပေါင်နှစ်ဆယ်ကိုငွေသားတစ်ကျပ် ဖြင့်ဝယ်ယူနိုင်လိမ့်မည်'' ဟုပြန်လည်လျှောက် ထား၏။
2 ၂ ရှင်ဘုရင်မှီခြင်းကို ခံရသောအမတ်က၊ ထာဝရ ဘုရားသည် မိုဃ်းကောင်းကင်၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရား သခင်၏လူအားဆိုသော်၊ ဘုရားသခင်၏လူက၊ သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟု ပြန်ပြော၏။
၂မင်းကြီး၏သက်တော်စောင့်အဖြစ်ဖြင့် လိုက်ပါ လာသည့်တပ်မှူးက``အကယ်၍ထာဝရဘုရား ကိုယ်တော်တိုင်ပင်လျှင်မိုးကိုချက်ချင်းရွာစေ ကာမူ ဤသို့ဖြစ်နိုင်လိမ့်မည်မဟုတ်'' ဟုပြော၏။ ဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက်သည်ကို တွေ့မြင်ရမည်ဖြစ်သော်လည်း စားရလိမ့်မည် မဟုတ်'' ဟုပြန်ပြောလေ၏။
3 ၃ ထိုအခါမြို့တံခါးဝ၌ ထိုင်လျက်ရှိသောလူနူ လေးယောက်တို့က၊ ငါတို့သည် သေသည်တိုင်အောင် အဘယ်ကြောင့် ဤအရပ်၌ ထိုင်ရမည်နည်း။
၃အရေပြားရောဂါစွဲကပ်သူလူလေးယောက်တို့ သည် မြို့တံခါးပြင်တွင်ထိုင်လျက်``ငါတို့သည် မသေမချင်းဤအရပ်တွင်အဘယ်ကြောင့် စောင့်နေရကြမည်နည်း။-
4 ၄ မြို့ထဲသို့ဝင်လျှင် အစာခေါင်းပါးသောကြောင့် သေရမည်။ ဤအရပ်၌ ထိုင်လျက်နေလျှင်လည်း သေရ မည်။ သို့ဖြစ်၍ ရှုရိတပ်သို့ ဝင်စားကြကုန်အံ့။ သူတို့သည် အသက်ရှင်စေလျှင်ရှင်ရမည်။ သတ်လျှင် သေရမည်ဟု တိုင်ပင်ပြီးလျှင်၊
၄မြို့ထဲသို့ဝင်လျှင်ငါတို့အစာငတ်၍သေရ မည်။ ဤအရပ်တွင်နေလျှင်လည်းသေရကြမည်။ ထို့ကြောင့်ရှုရိတပ်စခန်းသို့ငါတို့သွားကြ ကုန်အံ့။ သူတို့ထားလျှင်ရှင်ရမည်။ သတ်လျှင် သေရမည်'' ဟုအချင်းချင်းပြောဆိုကြ၏။-
5 ၅ မိုဃ်းမလင်းမှီထ၍ ရှုရိတပ်သို့သွားကြ၏။ တပ်ဦးသို့ ရောက်သောအခါ အဘယ်သူကိုမျှ မတွေ့ကြ။
၅ထိုနောက်သူတို့သည်မှောင်စပြုချိန်၌ရှုရိတပ် စခန်းသို့သွားကြ၏။ သို့ရာတွင်ထိုအရပ်သို့ ရောက်သောအခါ လူတစ်စုံတစ်ယောက်ကိုမျှ မတွေ့ရကြ။-
6 ၆ အကြောင်းမူကား၊ ရှုရိလူတို့သည်ရထားစီးသူရဲ၊ မြင်းစီးသူရဲ၊ များစွာသော ဗိုလ်ခြေအသံကိုကြားစေခြင်း ငှါ၊ ထာဝရဘုရားပြုတော်မူသဖြင့် သူတို့ကဣသရေလ ရှင်ဘုရင်သည် ငါတို့ကိုတိုက်စေခြင်းငှါ၊ ဟိတ္တိမင်းများ၊ အဲဂုတ္တုမင်းများတို့ကို ငှါးပြီဟု တယောက်ကိုတယောက် ဆိုလျက်၊
၆ထာဝရဘုရားသည်ရှုရိအမျိုးသားတို့ အားမြင်းစီးသူရဲများ၊ စစ်ရထားများဖြင့် တပ်မတော်ကြီးချီတက်လာသောအသံကို ကြားစေတော်မူသဖြင့် ရှုရိအမျိုးသားတို့ က``ငါတို့ကိုတိုက်ခိုက်ရန်ဣသရေလဘုရင် သည် ဟိတ္တိဘုရင်နှင့်အီဂျစ်ဘုရင်တို့ကိုစစ် ကူတောင်းလေပြီ'' ဟုအချင်းချင်းပြောဆို ကြ၏။-
7 ၇ မိုဃ်းမလင်းမှီထ၍သူတို့တဲ၊ မြင်း၊ မြည်းအစ ရှိသော တတပ်လုံးကို စွန့်ပစ်၍ ကိုယ်အသက်လွတ် အောင် ပြေးကြ၏။
၇သို့ဖြစ်၍ထိုညဦး၌သူတို့သည်မိမိတို့၏ တဲများ၊ မြင်းများနှင့်မြည်းတို့ကိုစွန့်ကာ အ သက်ဘေးမှလွတ်ရန်ထွက်ပြေးကြကုန်၏။ သူ တို့၏တပ်စခန်းကိုမူရှိမြဲအတိုင်းထားခဲ့ ကြ၏။
8 ၈ လူနူတို့သည် တပ်ဦးသို့ ရောက်သောအခါ၊ တဲတခုထဲသို့ဝင်၍ စားသောက်ပြီးမှ၊ ရွှေငွေအဝတ် တန်ဆာများကို ယူသွားပြီးလျှင် ဝှက်ထားကြ၏။ နောက် တဖန် အခြားသောတဲသို့ဝင်၍၊ ဥစ္စာများကို ယူသွားပြီး လျှင် ဝှက်ထားကြ၏။
၈ထိုသူလေးယောက်တို့သည်တပ်စခန်းအစပ် သို့ရောက်သောအခါ တဲတစ်ခုကိုဝင်၍ထို တဲတွင်ရှိသောအစားအစာများကိုစား သောက်ကြ၏။ ထိုနောက်မိမိတို့တွေ့ရှိသည့် ရွှေ၊ ငွေ၊ အဝတ်အစားများကိုယူ၍ထွက်သွား ပြီးလျှင် ထိုပစ္စည်းများကိုဝှက်ထားကြ၏။ သူ တို့သည်နောက်တစ်ဖန်ပြန်လာ၍ အခြားတဲ တစ်ခုသို့ဝင်ကာရှေးနည်းတူပြုကြပြန်၏။-
9 ၉ သို့ရာတွင်၊ ငါတို့သည်ကောင်းမွန်စွာ မပြုပါ တကား။ ယခုနေ့သည် ကောင်းသော သိတင်းကို ကြားပြောရသော နေ့ဖြစ်လျက်၊ ငါတို့သည် မကြားမပြော ဘဲ နေပါပြီတကား။ မိုဃ်းလင်းသည်တိုင်အောင် မပြောဘဲ နေလျှင် အမှုတစုံတခုရောက်လိမ့်မည်။ သို့ဖြစ်၍ နန်းတော်၌ သိတင်းကြားပြောအံ့သောငှါ ငါတို့သည် သွားကြကုန်အံ့ဟု တိုင်ပင်ပြီးမှ၊
၉သို့ရာတွင်သူတို့က``ငါတို့ဤသို့ပြုနေကြ ရန်မသင့်။ ငါတို့မှာသတင်းကောင်းရှိသည် ဖြစ်၍ ထိုသတင်းကိုမျိုသိပ်မထားသင့်ကြ။ အကယ်၍ငါတို့သည်ထိုသတင်းကိုမိုး လင်းချိန်တိုင်အောင်မပြောဘဲနေလျှင် ဧကန် မုချအပြစ်ဒဏ်သင့်ရကြပေမည်။ သို့ဖြစ် ၍ယခုပင်မင်းကြီး၏မှူးမတ်တို့ထံသွား ရောက်ပြောကြားကုန်အံ့'' ဟုအချင်းချင်း ပြောဆိုကြ၏။-
10 ၁၀ မြို့သို့သွား၍ တံခါးပြင်၌ ဟစ်ခေါ်လျက်၊ ငါတို့ သည် ရှုရိတပ်သို့ ရောက်၍ အဘယ်သူကိုမျှ မတွေ့။ လူသံကိုမကြား။ မြင်း၊ မြည်းတို့ကို ချည်နှောင်လျက်၊ တဲများလည်း တတ်တိုင်းရှိသည်ကိုတွေ့ပါ၏ဟု ကြားပြော သည်အတိုင်း၊
၁၀ထိုနောက်သူတို့သည်ရှုရိတပ်စခန်းမှထွက် ခွာ၍မြို့သို့သွားပြီးလျှင် မြို့တံခါးရှိအစောင့် တပ်သားတို့အား``ငါတို့သည်ရှုရိတပ်စခန်း သို့သွားရောက်ရာလူတစ်စုံတစ်ယောက်ကိုမျှ မမြင်ခဲ့ပါ။ လူသံကိုလည်းမကြားခဲ့ပါ။ မြင်းများနှင့်မြည်းများသည်ချည်လျက်ပင် ရှိပါသည်။ တဲများမှာလည်းရှုရိအမျိုးသား တို့ထားခဲ့သည့်အတိုင်းပင်ရှိနေပါသည်'' ဟု အော်ဟစ်၍ပြောကြားကြ၏။
11 ၁၁ တံခါးစောင့်တို့သည် တယောက်ကိုတယောက် ဟစ်၍၊ ထိုသိတင်းသည် နန်းတော်ထဲသို့ ရောက်လေ၏။
၁၁တံခါးစောင့်တို့သည်ထိုသတင်းကိုကြေညာ ၍ နန်းတော်သို့သတင်းရောက်ရှိသွား၏။-
12 ၁၂ မိုဃ်းမလင်းမှီ ရှင်ဘုရင်သည်ထ၍၊ ရှုရိလူတို့ သည် ငါတို့၌ အဘယ်သို့ ပြုလိုသည်ကို ငါပြောမည်။ သူတို့က မြို့ပြင်သို့ထွက်သော မြို့သားတို့ကို အရှင် ဘမ်းပြီးမှ၊ မြို့ထဲသို့ ဝင်မည်အကြံရှိ၍၊ ငါတို့ငတ်မွတ် ကြောင်းကို သိသောကြောင့်၊ မိမိတို့တပ်ပြင်သို့ထွက်၍ တော၌ ပုန်းရှောင်လျက် နေကြသည်ဟုဆိုလျှင်၊
၁၂ထိုအချိန်၌မိုးမလင်းသေးသော်လည်း မင်းကြီး သည်အိပ်ယာမှထ၍မှူးမတ်တို့အား``ရှုရိ အမျိုးသားတို့၏ပရိယာယ်ကိုငါပြောမည်။ ဤမြို့တွင်ငါတို့အစာငတ်လျက်နေကြ ကြောင်းသိသဖြင့်သူတို့သည် မိမိတို့တပ် စခန်းမှထွက်ခွာ၍တပ်ပုန်းချထားလေပြီ။ မြို့ပြင်သို့ငါတို့ထွက်၍အစားအစာရှာဖွေ ကြသောအခါမှ ငါတို့အားလက်ရဖမ်းဆီး ကာမြို့ကိုသိမ်းယူကြလိမ့်မည်'' ဟုဆို၏။
13 ၁၃ ကျွန်တယောက်က၊ မြို့၌ ကျန်ကြွင်းသော မြင်း ငါးစီးကို ပေးတော်မူပါ။ ထိုမြင်းမူကား ပျက်စီးခြင်းသို့ ရောက်သော ဣသရေလအမျိုးအလုံးအရင်းကဲ့သို့ ဖြစ်ပါ ၏။ ထိုမြင်းတို့ကို စီးလျက်သွား၍ ကြည့်ရှုရသော အခွင့်ကို ပေးတော်မူပါဟုလျှောက်ပြီးမှ၊
၁၃အမတ်တစ်ဦးက``ဤမြို့ရှိလူတို့သည်သေ ဆုံးသွားကြသူတို့နည်းတူသေရကြမည် ဖြစ်ပါသည်။ သို့ဖြစ်၍အဖြစ်မှန်ကိုသိရှိ နိုင်ရန် အကျွန်ုပ်တို့တွင်ကျန်ရှိနေသေးသော မြင်းငါးကောင်နှင့်လူအချို့ကိုစေလွှတ် တော်မူပါ'' ဟုလျှောက်၏။-
14 ၁၄ ရထားမြင်းနှစ်စီးကို ယူပြီးလျှင် သွား၍ကြည့်ရှု လော့ဟု ရှင်ဘုရင်သည် ရှုရိဗိုလ်ခြေနောက်သို့ စေလွှတ် သည်အတိုင်း၊
၁၄ထို့နောက်သူတို့သည်လူအချို့ကိုရွေးချယ် ကြ၏။ မင်းကြီးသည်ထိုသူတို့အားရှုရိတပ် မတော်၏ဖြစ်ရပ်ကို စုံစမ်းရန်စစ်ရထားနှစ် စီးနှင့်စေလွှတ်တော်မူ၏။-
15 ၁၅ ယော်ဒန်မြစ်တိုင်အောင် လိုက်ကြ၏။ ရှုရိလူတို့ သည် အလျင်အမြန်၊ ပြေးရာတွင်၊ ပစ်ခဲ့သော အဝတ် တန်ဆာတို့သည် လမ်း၌ပြည့်လျက် ရှိကြ၏။ စေလွှတ် သူတို့သည် ပြန်လာ၍ နားတော်လျှောက်ကြ၏။
၁၅သူတို့သည်ယော်ဒန်မြစ်တိုင်အောင်သွားရောက် ကြရာ ရှုရိအမျိုးသားတို့ထွက်ပြေးစဉ်အခါ က စွန့်ထားခဲ့သည့်အဝတ်အစားများနှင့်လက် နက်ပစ္စည်းများကို လမ်းတစ်လျှောက်လုံးတွင်တွေ့ မြင်ရကြ၏။ ထိုနောက်သူတို့သည်မင်းကြီး ထံပြန်၍အစီရင်ခံကြ၏။-
16 ၁၆ ထိုအခါမြို့သားတို့သည် ထွက်၍ ရှုရိတဲတို့ကို လုယူကြ၏။ ထာဝရဘုရား၏ စကားတော်အတိုင်း၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ်၊ မုယောဆန်တခွဲကို တကျပ်နှင့် ရောင်းကြ၏။
၁၆ရှမာရိမြို့သားတို့သည်ပြေး၍ထွက်လာပြီး လျှင် ရှုရိတပ်စခန်းကိုလုယက်ကြကုန်၏။ ထို့ နောက်ထာဝရဘုရားမိန့်တော်မူခဲ့သည်အတိုင်း အကောင်းဆုံးဂျုံဆန်ဆယ်ပေါင်သို့မဟုတ် မုယောဆန်ပေါင်နှစ်ဆယ်ကို ငွေသားတစ်ကျပ် ဖြင့်ရောင်းချကြလေသည်။
17 ၁၇ ရှင်ဘုရင်မှီခြင်းကိုခံရသော အမတ်သည်၊ အမိန့်တော်တိုင်း တံခါးတော်ကို စောင့်သည်တွင်၊ ထွက်ဝင်သောသူတို့ နင်းမိ၍ ဘုရားသခင်၏လူသည် ရှင်ဘုရင် ရောက်လာသောအခါ ပြောဆိုနှင့်သည် အတိုင်း၊ ထိုအမတ်သေလေ၏။
၁၇မင်းကြီး၏သက်တော်စောင့်အဖြစ်ဆောင်ရွက် ခဲ့သူတပ်မှူးသည် ထိုအချိန်၌မြို့တံခါး အစောင့်တပ်ကိုကြီးကြပ်အုပ်ချုပ်နေရစဉ် လူတို့တိုးကြိတ်ထွက်ဝင်ရာတွင် သူ့အားနင်း မိကြသဖြင့်သေလေ၏။ ဧလိရှဲအားတွေ့ဆုံ ရန်မင်းကြီးလာရောက်စဉ်အခါက ဧလိရှဲ ကြိုတင်ဟောကြားခဲ့သည်အတိုင်းဖြစ်ပျက် လေသည်။-
18 ၁၈ ဘုရားသခင်၏ လူက၊ နက်ဖြန်နေ့ယခုအချိန် ရောက်လျှင်၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ်၊ မုယော ဆန်တခွဲကို တကျပ်နှင့် ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့် မည်ဟု ရှင်ဘုရင်အား ဆင့်ဆိုသည်အတိုင်း ဖြစ်၏။
၁၈ဧလိရှဲက``နောက်တစ်နေ့ဤအချိန်ရောက် လျှင် ရှမာရိမြို့စျေးထဲတွင်အကောင်းဆုံး ဂျုံဆန်ဆယ်ပေါင် သို့မဟုတ်မုယောဆန်ပေါင် နှစ်ဆယ်ကိုငွေသားတစ်ကျပ်နှင့်ရောင်းချ ကြလိမ့်မည်'' ဟုမင်းကြီးအားလျှောက်ထား သောအခါ၊-
19 ၁၉ အမတ်ကလည်း၊ ထာဝရဘုရားသည် မိုဃ်း ကောင်းကင်၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု ဘုရားသခင်၏ လူအား ဆို၍၊ ဘုရားသခင်၏လူက သင်သည်ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟုပြန်ပြောသည် အတိုင်း၊
၁၉ထိုတပ်မှူးက``ထာဝရဘုရားကိုယ်တော်တိုင်ပင် မိုးကိုချက်ချင်းရွာစေကာမူဤသို့ဖြစ်နိုင် လိမ့်မည်မဟုတ်ပါ'' ဟုပြောကြားခဲ့လေသည်။ ထိုအခါဧလိရှဲက``သင်သည်ဤသို့ဖြစ်ပျက် သည်ကိုတွေ့မြင်ရမည်ဖြစ်သော်လည်းစားရ လိမ့်မည်မဟုတ်'' ဟုဆိုခဲ့၏။-
20 ၂၀ ထိုအမတ်၌ ဖြစ်၏။ မြို့တံခါးဝမှာမြို့သားတို့ နင်းခြင်းကို ခံရ၍သေလေ၏။
၂၀ဧလိရှဲပြောကြားခဲ့သည့်အတိုင်းပင်တပ် မှူးသည် မြို့တံခါးဝတွင်လူတို့နင်းမိကြ သဖြင့်သေလေသတည်း။