< ၄ ဓမ္မရာဇဝင် 4 >
1 ၁ ပရောဖက်အမျိုးသား၏ မယားတယောက် သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါ လာပါပြီဟု ကြွေးကြော်လေ၏။
၁ပရောဖက်တစ်ဦး၏မုဆိုးမတစ်ယောက်သည် ဧလိရှဲထံလာ၍``အရှင်၊ ကျွန်မ၏ခင်ပွန်း သေဆုံးပါပြီ။ အရှင်သိသည့်အတိုင်းသူသည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသူဖြစ် ပါ၏။ သို့ရာတွင်သူ၏ကြွေးရှင်သည်ကျွန်မ ၏သားနှစ်ယောက်အား ဖခင်၏အကြွေးအတွက် ကျွန်ခံစေရန်လာ၍ခေါ်နေပါသည်'' ဟုပြော၏။
2 ၂ ဧလိရှဲကလည်း၊ သင့်အဘို့အဘယ်သို့ ငါပြုရ မည်နည်း။ သင့်အိမ်၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်မအိမ်၌ ဆီအိုးတလုံးမှတပါး အဘယ်ဥစ္စာမျှ မရှိပါဟု ပြောဆိုသော်၊
၂ဧလိရှဲက``သင်၏အတွက် ငါအဘယ်သို့ပြုရ ပါမည်နည်း။ သင်၏အိမ်တွင်အဘယ်ပစ္စည်းဥစ္စာ ရှိပါသနည်း။ ငါ့အားပြောလော့'' ဟုဆို၏။ မုဆိုးမက``သံလွင်ဆီအိုးကလေးတစ်လုံး မှတစ်ပါး အခြားအဘယ်အရာမျှမရှိပါ'' ဟုဖြေကြား၏။
3 ၃ ဧလိရှဲက သွားလော့။ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုးတို့ကို ငှါးယူလော့။ များစွာသော အိုးတို့ကို ငှားယူလော့။
၃ဧလိရှဲက``သင်၏အိမ်နီးချင်းများထံသို့ သွား၍ အိုးလွတ်ရနိုင်သမျှကိုငှားရမ်းလော့။-
4 ၄ ကိုယ်အိမ်သို့ ရောက်သောအခါ၊ သားတို့ကို ခေါ်၍ တံခါးကို ပိတ်ပြီးမှ ငှါးယူသော အိုးများအထဲသို့ ဆီကို အပြည့်လောင်း၍ ထားလော့ ဟုစီရင်သည်အတိုင်း၊
၄ထိုနောက်သင်နှင့်သင်၏သားတို့သည် အိမ်ထဲသို့ ဝင်၍တံခါးကိုပိတ်ပြီးလျှင် ငှားရမ်းထားသည့် အိုးများပြည့်အောင်ဆီကိုလောင်းထည့်ကြလော့။ ဆီပြည့်သည်နှင့်တစ်ပြိုင်နက် တစ်အိုးပြီးတစ် အိုးဖယ်၍ထားကြလော့'' ဟုဆို၏။
5 ၅ ထိုမိန်းမသည် သွား၍သားတို့သည် အိုးများကို ယူခဲ့ပြီးမှ၊ မိန်းမသည် သားတို့နှင့်အတူ အိမ်ထဲသို့ဝင်၍ တံခါးကိုပိတ်လျက် ဆီကို လောင်းလေ၏။
၅သို့ဖြစ်၍ထိုမုဆိုးမသည် မိမိ၏သားများကို ခေါ်၍ အိမ်ထဲသို့ဝင်ကာတံခါးကိုပိတ်ပြီးလျှင် သူ၏သားများယူဆောင်လာသောအိုးများ ထဲသို့ဆီလောင်းထည့်လေသည်။-
6 ၆ အိုးများ၌ ဆီပြည့်သောအခါ၊ အိုးတလုံးကို ယူခဲ့ဦးဟုသားအားဆိုလျှင်၊ အိုးလပ်မရှိပါဟု ပြန်ပြောသော်၊ ဆီသည် တန့်လျက် နေ၏။
၆ထိုအိုးများအားလုံးဆီပြည့်သောအခါ မုဆိုးမက``အိုးလွတ်ကျန်သေးသလော'' ဟု သားတို့အားမေး၏။ သားတစ်ယောက်က``မကျန် တော့ပါ'' ဟုဆိုလိုက်သည်နှင့်ဆီထွက်ရပ်လေ၏။-
7 ၇ ထိုမိန်းမသည်လာ၍ ဘုရားသခင်၏ လူကို ကြားပြောလျှင်၊ သူက ထိုဆီကိုသွား၍ ရောင်းပြီးလျှင် ကြွေးကို ဆပ်လော့။ ကြွင်းသောဆီကို အမှီပြု၍ သင်နှင့် သားတို့သည် အသက်မွေးကြလော့ဟု ဆို၏။
၇မုဆိုးမသည်ပရောဖက်ဧလိရှဲထံသို့ပြန် လာသောအခါ ပရောဖက်က``ဆီကိုရောင်းချ၍ အကြွေးရှိသမျှကိုဆပ်ပြီးနောက် ကျန်ငွေဖြင့် သင်နှင့်သားများအသက်မွေးကြလော့'' ဟု ပြော၏။
8 ၈ တနေ့သ၌ ဧလိရှဲသည်ရှုနင်မြို့သို့ သွားရာတွင်၊ ထိုမြို့၌ ထင်ရှားသောမိန်းမတယောက်သည် ဧလိရှဲကို ကျွေးခြင်းငှါ ခေါ်ပင့်လေ၏။ နောက်မှထိုလမ်းသို့ သွား သောအခါ၊ ကျွေးခြင်းကို ခံအံ့သောငှါ ထိုအိမ်သို့ ဝင်တတ်၏။
၈တစ်နေ့သ၌ဧလိရှဲသည်ရှုနင်မြို့သို့သွား၏။ ထိုမြို့တွင်ချမ်းသာကြွယ်ဝသောအမျိုးသမီး တစ်ဦးရှိ၏။ သူသည်ဧလိရှဲအားဖိတ်ခေါ်၍ ကျွေးမွေးဧည့်ခံ၏။ ထိုကြောင့်ထိုအချိန်မှ အစပြု၍ဧလိရှဲသည် ထိုမြို့သို့ရောက်သည့် အခါတိုင်းထိုအမျိုးသမီး၏အိမ်တွင်စား သောက်လေသည်။-
9 ၉ မိန်းမကလည်း၊ ငါတို့နေရာလမ်းဖြင့် အစဉ် သွားလာသော ဤသူသည် ဘုရားသခင်၏ သန့်ရှင်းသူ ဖြစ်သည်ကို ကျွန်ုပ်ရိပ်မိ၏။
၉ထိုအမျိုးသမီးကမိမိ၏ခင်ပွန်းအား``ကျွန်မ တို့၏အိမ်သို့မကြာခဏလာရောက်တတ်သူသည် သန့်ရှင်းမြင့်မြတ်သူဧကန်အမှန်ဖြစ်ကြောင်း ကျွန်မသိပါ၏။-
10 ၁၀ ဝင်ရိုးအပေါ်မှာ အခန်းငယ်တခုကို လုပ်ကြ ကုန်အံ့။ သူ့အဘို့ ခုတင်၊ စားပွဲ၊ ထိုင်ခုံ၊ မီးခုံတို့ကို ထားကြ ကုန်အံ့။ သို့ဖြစ်၍၊ သူသည် ငါတို့ ဆီသို့ရောက်သောအခါ၊ ထိုအခန်းထဲသို့ ဝင်လိမ့်မည်ဟု မိမိခင်ပွန်းအား ဆို၏။
၁၀ကျွန်မတို့သည်အိမ်မိုးပေါ်တွင် အခန်းငယ်ကိုပြု လုပ်၍ကုတင်၊ စားပွဲ၊ ကုလားထိုင်နှင့်မီးခွက်တို့ ကိုထားလျှင် ထိုသူသည်ကျွန်မတို့ထံသို့ရောက် ရှိလာသည့်အခါတိုင်း ထိုအခန်းတွင်တည်းခို နိုင်ပါလိမ့်မည်'' ဟုပြော၏။
11 ၁၁ တနေ့သ၌ ဧလိရှဲသည် ရောက်သဖြင့်၊ ထိုအခန်း ထဲသို့ဝင်၍ အိပ်နေ၏။
၁၁တစ်နေ့သ၌ဧလိရှဲသည် ရှုနင်မြို့သို့ပြန်လာ ပြီးလျှင် နားနေရန်မိမိ၏အခန်းသို့သွား၏။-
12 ၁၂ ထိုရှုနင်မြို့သူမိန်းမကို ခေါ်လော့ဟု မိမိကျွန် ဂေဟာဇိအားဆိုသည်အတိုင်းခေါ်၍၊ မိန်းမသည် ဧလိရှဲ ရှေ့မှာ ရပ်နေ၏။
၁၂သူသည်မိမိ၏အစေခံဂေဟာဇိအား အိမ်ရှင် အမျိုးသမီးကိုအခေါ်ခိုင်းလေသည်။ ထို အမျိုးသမီးရောက်ရှိလာသောအခါ၊-
13 ၁၃ ဧလိရှဲက၊ သင်သည်ငါတို့အဘို့ ဤမျှလောက် လုပ်ကြွေးပြုစုသည်အတွက်၊ သင့်အဘို့အဘယ်သို့ ပြုရ မည်နည်း။ သင့်အဘို့ ရှင်ဘုရင်ထံ၊ ဗိုလ်ချုပ်မင်းထံ၌ ငါပြောရမည်လောဟု ဂေဟာဇိမေးမည်အကြောင်း စီရင် သော်၊ မိန်းမက၊ ကျွန်မသည် ကိုယ်အဆွေအမျိုးတို့တွင် နေပါဦးမည်ဟု ပြန်ပြော၏။
၁၃ဂေဟာဇိအား``ဤအမျိုးသမီးသည် ငါတို့ အားဤမျှဒုက္ခခံ၍လုပ်ကျွေးပြုစုသည့် အတွက် ငါတို့အဘယ်သို့ကျေးဇူးတုံ့ပြန် ရပါမည်နည်း။ သူ့အားမေးကြည့်ပါလော့။ သူသည်မိမိ၏အတွက်ငါ့အားဘုရင့်ထံ တော်သို့သော်လည်းကောင်း၊ တပ်မတော်ဗိုလ်ချုပ် ထံသို့သော်လည်းကောင်း သွားရောက်ပြောကြား ပေးရန်အလိုရှိကောင်းရှိပေလိမ့်မည်'' ဟု ဆို၏။ ထိုအခါအမျိုးသမီးက``ကျွန်မသည်ဤ အရပ်တွင် ဆွေမျိုးများနှင့်နေရသဖြင့်ကျွန်မ မှာလိုလေသေးမရှိပါ'' ဟုပြန်ပြော၏။
14 ၁၄ ဧလိရှဲကလည်း၊ ဤမိန်းမအဘို့ အဘယ်သို့ ပြုစရာရှိသနည်းဟု မေးပြန်လျှင်၊ ဂေဟာဇိက၊ ဤမိန်းမ ၌ သားသမီးမရှိပါ။ သူ့ခင်ပွန်းလည်း အိုလှပြီဟု ဆိုသော်၊
၁၄ထိုနောက်ဧလိရှဲသည်ဂေဟာဇိအား``ထိုအမျိုး သမီးကို ငါတို့အဘယ်သို့ကျေးဇူးပြုပါမည် နည်း'' ဟုမေးပြန်၏။ ဂေဟာဇိက``သူမှာသားသမီးမရှိပါ။ သူ၏ ခင်ပွန်းသည်လည်းအိုမင်းပါပြီ'' ဟုဆို၏။
15 ၁၅ တဖန်ခေါ်ဦးလော့ဟုဆိုသည်အတိုင်း ခေါ်၍၊ မိန်းမသည် တံခါးဝမှာရပ်နေ၏။
၁၅ဧလိရှဲက``ထိုအမျိုးသမီးကို ဤနေရာသို့ ခေါ်ခဲ့လော့'' ဟုအမိန့်ရှိသည့်အတိုင်း အမျိုး သမီးသည်လာ၍တံခါးဝတွင်ရပ်လျက်နေ၏။-
16 ၁၆ ဧလိရှဲကလည်း၊ သင်သည် နောင်နှစ်အချိန် အရွယ်စေ့သောအခါ သားကို ဘက်ယမ်းရလိမ့်မည်ဟု ဆိုလျှင်၊ မိန်းမက အိုအရှင်၊ဘုရားသခင်၏လူ၊ ကိုယ်တော် ကျွန်မကို မုသာမသုံးပါနှင့်ဟု ပြန်ပြော၏။
၁၆ထိုအခါဧလိရှဲက``သင်သည်နောင်နှစ်ခါ ဤအချိန်၌သားကိုချီပိုက်ရလိမ့်မည်'' ဟုပြော၏။ အမျိုးသမီးက``အို အရှင်၊ ကျွန်မအားလိမ် လည်၍မပြောပါနှင့်။ အရှင်သည်ဘုရားသခင် ၏အစေခံဖြစ်ပါ၏'' ဟုပြန်ပြော၏။
17 ၁၇ ထိုနောက်မိန်းမသည် ပဋိသန္ဓေယူ၍ ဧလိရှဲ ချိန်းချက်သော အချိန်အရွယ်စေ့သောအခါ သားကို ဘွားမြင်လေ၏။
၁၇သို့ရာတွင်နောင်တစ်နှစ်ဤအချိန်လောက်၌ အမျိုး သမီးသည်သားယောကျာ်းကိုဖွားမြင်လေသည်။
18 ၁၈ ထိုသားသည် နို့ကွာပြီးမှ၊ တနေ့သ၌ စပါးရိတ် သောသူတို့ရှိရာ မိမိအဘထံသို့သွား၍၊
၁၈နှစ်အနည်းငယ်ကြာသောအခါကောက်ရိတ်ချိန် တစ်ခုသောနံနက်ခင်း၌ သူငယ်သည်လယ်ထဲ တွင်ကောက်ရိတ်သမားများနှင့်အတူရှိသည့် ဖခင်ထံသို့သွားရောက်ပြီးနောက်၊-
19 ၁၉ ငါသည်ခေါင်းနာ၏။ ခေါင်းနာ၏ဟု အဘအား ပြောဆိုလျှင်၊ အဘက၊ သူငယ်ကို အမိထံသို့ ယူသွားဟု လုလင်အားပြော၏။
၁၉ရုတ်တရက်``ခေါင်းကိုက်သည်၊ ခေါင်းကိုက်သည်၊'' ဟု ဆို၏။ သို့ဖြစ်၍ဖခင်သည် အစေခံတစ်ယောက်အား``ဤ သူငယ်ကိုချီ၍သူ၏မိခင်ထံသို့ပို့လော့'' ဟု အမိန့်ပေး၏။-
20 ၂၀ လုလင်သည်အမိထံသို့ယူသွား၍၊ သူငယ်သည် အမိရင်ခွင်၌ ထိုင်၍မွန်းတည့်အချိန်ရှိပြီးမှ သေ၏။
၂၀အစေခံသည်လည်းသူငယ်ကိုချီ၍ သူ၏မိခင် ထံသို့ပို့၏။ မိခင်သည်သားငယ်ကိုမွန်းတည့်ချိန် တိုင်အောင် မိမိ၏ပေါင်ပေါ်တွင်တင်ထား၏။ ထို အချိန်၌သူငယ်သေဆုံးသွားလေသည်။-
21 ၂၁ အမိသည် မြို့ရိုးပေါ်သို့တက်၍ အလောင်းကို ဘုရားသခင့် လူ၏ခုတင်ပေါ်မှာ ထားပြီးလျှင်၊ တံခါးကို ပိတ်ခဲ့၍ သွားလေ၏။
၂၁ထို့ကြောင့်မိခင်သည်သူ့ကိုဧလိရှဲ၏အခန်း သို့ပွေ့ချီကာ ကုတင်ပေါ်မှာတင်ပြီးနောက် တံခါးကိုပိတ်ထား၏။-
22 ၂၂ ခင်ပွန်းကိုလည်းခေါ်၍၊ ကျွန်ုပ်သည် ဘုရား သခင်၏လူထံသို့ ပြေး၍ တဖန်ပြန်လာဦးမည်။ လုလင် တယောက်နှင့်မြည်းတစီးကိုထည့် လိုက်ပါဟုဆိုလျှင်၊
၂၂ထိုနောက်မိမိ၏ခင်ပွန်းကိုခေါ်၍``ပရောဖက် ဧလိရှဲထံသို့ကျွန်မသွားရပါမည်။ အစေခံ တစ်ယောက်နှင့်မြည်းတစ်ကောင်ကိုကျွန်မထံ သို့စေလွှတ်ပေးပါ'' ဟုပြော၏။
23 ၂၃ ခင်ပွန်းက၊ အဘယ်ကြောင့် ယနေ့သွားချင် သနည်း။ လဆန်းနေ့မဟုတ်၊ ဥပုသ်နေ့လည်းမဟုတ်ဟု ဆိုသော်၊ မိန်းမက၊ ကောင်းပါလိမ့်မည်ဟု ပြန်ပြော၏။
၂၃ခင်ပွန်းဖြစ်သူက``အဘယ်ကြောင့်ယနေ့သွား လိုပါသနည်း။ ယနေ့သည်ဥပုသ်နေ့မဟုတ်။ လဆန်းပွဲနေ့လည်းမဟုတ်'' ဟုဆို၏။ ဇနီးဖြစ်သူက``ယင်းသို့ပင်မဟုတ်သော်လည်း ကိစ္စမရှိပါ'' ဟုပြန်ပြော၏။-
24 ၂၄ မြည်းကို ကုန်းနှီးတင်ပြီးမှ ကျွန်ကိုခေါ်၍ နှင်သွားလော့။ ငါမပြောလျှင် ငါ့ကြောင့်အသွား မနှေးစေ နှင့်ဟု ကျွန်အား မှာထားသဖြင့်၊
၂၄ထိုနောက်သူသည်မြည်းကိုကုန်းနှီးတင်စေပြီး လျှင် အစေခံအား``မြည်းကိုအမြန်ဆုံးမောင်း နှင်ပေးပါ။ ငါအမိန့်မပေးဘဲအသွားမနှေး စေနှင့်'' ဟုမှာကြားထား၏။-
25 ၂၅ ခရီးသွား၍ ဘုရားသခင်၏ လူရှိရာ၊ ကရမေလ တောင်ပေါ်သို့ ရောက်သည်ကို ဘုရားသခင်၏ လူသည် အဝေးကမြင်သောအခါ၊ မိမိကျွန် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူမိန်းမလာ၏။
၂၅သို့ဖြစ်၍အမျိုးသမီးသည်ဧလိရှဲရှိရာ ကာရ မေလတောင်ထိပ်သို့ထွက်ခွာသွားလေသည်။ သူ့ကိုအဝေးမှလာနေသည်ကိုဧလိရှဲမြင်နေ သဖြင့် မိမိ၏အစေခံဂေဟာဇိအား``ရှုနင်မြို့ သူလာနေပါသည်တကား။-
26 ၂၆ သင်ပြေး၍ ခရီးဦးကြိုပြုပြီးလျှင်၊ ကိုယ်တိုင်မာ ၏လော။ ခင်ပွန်းမာ၏လော။ သူငယ်မာ၏လောဟု စေလွှတ်၍ မေးစေသော်၊ မိန်းမ ကမာပါ၏ ဟုဆို၏။
၂၆သူ့ထံသို့အလျင်အမြန်သွား၍`ကိုယ်တိုင်မာ ၏လော၊ ခင်ပွန်းမာ၏လော၊ သားငယ်မာ၏လော၊' ဟုမေးမြန်းလော့'' ဟုဆို၏။ အမျိုးသမီးသည်ဂေဟာဇိအား``ကျန်းမာပါ သည်'' ဟုပြန်ပြော၏။-
27 ၂၇ ဘုရားသခင်၏ လူရှိရာတောင်ပေါ်သို့ ရောက် သောအခါ၊ သူ၏ ခြေတို့ကို ဘက်လေ၏။ ဂေဟာဇိသည် ဆီးတားခြင်းငှါ ချဉ်းလာလျှင်၊ ဘုရားသခင်၏ လူကသူ့ကို မဆီးတားနှင့်။ သူသည် စိတ်ညှိုးငယ်ခြင်းရှိ၏။ ထို အကြောင်းကို ထာဝရဘုရားသည် ငါ့အားမပြ၊ ဝှက်ထား တော်မူပြီဟုဆို၏။
၂၇သို့ရာတွင်ဧလိရှဲထံသို့ရောက်သောအခါဦး ညွှတ်ပျပ်ဝပ်ပြီးလျှင် ဧလိရှဲ၏ခြေကိုဖက်၏။ ဂေဟာဇိသည်အမျိုးသမီးအားတွန်းဖယ်မည် ပြုသောအခါ ဧလိရှဲက``သူ့အားရှိစေတော့။ သူသည်အလွန်စိတ်ဆင်းရဲလျက်နေသည်ကို မမြင်သလော။ ဤအမှုနှင့်ပတ်သက်၍ ထာဝရ ဘုရားသည်ငါ့အားဖော်ပြတော်မမူခဲ့'' ဟု ဆို၏။
28 ၂၈ မိန်းမကလည်း၊ ကျွန်မသည် ကျွန်မသခင်ထံမှာ သားဆုကို တောင်းပါသလော။ ကျွန်မကိုမုသာမသုံးပါ နှင့်ဟု လျှောက်ဆိုသည်မဟုတ်လောဟု ဆို၏။
၂၈အမျိုးသမီးက``အရှင်၊ ကျွန်မသည်အရှင့်ထံ တွင်သားဆုကိုတောင်းပါသလော။`အချည်းနှီး ကျွန်မမျှော်လင့်၍မနေပါရစေနှင့်' ဟုအရှင့် အားပြောကြားခဲ့သည်မဟုတ်ပါလော'' ဟု ဆို၏။
29 ၂၉ ဧလိရှဲသည် ဂေဟာဇိကို ခေါ်၍သင်၏ခါးကို စည်းလော့။ ငါ့တောင်ဝေးကို ကိုင်၍ သွားလော့။ လမ်းမှာ သူတပါးတွေ့လျှင် နှုတ်မဆက်နှင့်။ သင့်ကို သူတပါး နှုတ်ဆက်လျှင် ပြန်၍ မပြောနှင့်။ ငါ့တောင်ဝေးကို သူငယ် ၏မျက်နှာပေါ်မှာ တင်လော့ဟု မှာထားလေ၏။
၂၉ဧလိရှဲသည်ဂေဟာဇိ၏ဘက်သို့လှည့်၍``ငါ ၏တောင်ဝှေးကိုယူ၍အလျင်အမြန်သွားလော့။ လမ်းတွင်မည်သူ့ကိုမျှနှုတ်မဆက်နှင့်။ သင့်အား နှုတ်ဆက်သူရှိလျှင်လည်းပြန်၍ဖြေမနေနှင့်။ အိမ်သို့အရောက်သွား၍သူငယ်၏အပေါ်တွင် ငါ၏တောင်ဝှေးကိုတင်ထားလော့'' ဟုစေခိုင်း လေသည်။
30 ၃၀ အမိကလည်း၊ ထာဝရဘုရားအသက်၊ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ကျွန်မသည် ကိုယ်တော် နှင့်ကွာ၍ မသွားနိုင်ပါဟု ဆိုလျှင်၊ ဧလိရှဲသည် ထ၍ လိုက် လေ၏။
၃၀အမျိုးသမီးကဧလိရှဲအား``အသက်ရှင် တော်မူသောထာဝရဘုရားနှင့်အရှင်၏အပေါ် တွင်ကျွန်မထားရှိသောကျေးဇူးသစ္စာကိုတိုင် တည်၍ အရှင်မပါကကျွန်မသွားမည်မဟုတ် ပါ'' ဟုပြော၏။ သို့ဖြစ်၍ဧလိရှဲသည်ထ၍ သူနှင့်အတူလိုက်သွားလေသည်။-
31 ၃၁ ဂေဟာဇိသည်အရင်သွား၍၊ တောင်ဝေးကို သူငယ်၏မျက်နှာပေါ်မှာတင်သော်လည်း၊ သူငယ်သည် အသံမပြုအမှုမထား။ ထိုကြောင့် ဂေဟာဇိသည်ဧလိရှဲကို ခရီးဦးကြိုပြု၍၊ သူငယ်သည် မနိုးပါဟု ပြန်ပြော၏။
၃၁ဂေဟာဇိသည်ရှေ့မှသွားနှင့်ပြီးလျှင်ဧလိရှဲ ၏တောင်ဝှေးကိုကလေး၏အပေါ်တွင်တင်ထား၏။ သို့ရာတွင်သူငယ်ထံမှအသံကိုမကြားရ။ အသက်ရှင်သည့်လက္ခဏာကိုလည်းမတွေ့ရ သဖြင့်ဂေဟာဇိသည်ဧလိရှဲကိုပြန်၍ ကြိုဆိုကာ``သူငယ်မနိုးပါ'' ဟုပြော၏။
32 ၃၂ ဧလိရှဲသည် အိမ်သို့ရောက်သောအခါ၊ သူငယ် သေလျက်၊ မိမိခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့်၊
၃၂ဧလိရှဲသည်အိမ်သို့ရောက်သောအခါတစ်ကိုယ် တည်းအခန်းထဲသို့ဝင်၍ ကုတင်ပေါ်တွင်သေနေ သောသူငယ်ကိုတွေ့လေ၏။-
33 ၃၃ အထဲသို့ဝင်၍ နှစ်ယောက်တည်းရှိစေခြင်းငှါ တံခါးကိုပိတ်လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။
၃၃သူသည်တံခါးကိုပိတ်ပြီးလျှင်ထာဝရဘုရား အားဆုတောင်းလေ၏။-
34 ၃၄ သူငယ်၏အနီးအပါးသို့ ချဉ်း၍၊ သူ့အပေါ်မှာအိပ်လျက်နှုတ်ချင်း၊ မျက်လုံးချင်း၊လက်ချင်းထပ်လျက်၊ သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ် အသားသည် နွေးစရှိ၏။
၃၄ထိုနောက်သူငယ်၏အပေါ်တွင်မှောက်လျက်နှုတ်ချင်း၊ မျက်စိချင်း၊ လက်ချင်းထပ်၍ထား၏။ ယင်းသို့ သူငယ်၏အပေါ်တွင်မှောက်၍နေသောအခါ သူငယ်၏ကိုယ်ခန္ဓာသည်နွေးစပြုလာ၏။-
35 ၃၅ တဖန်ဆင်း၍ အခန်းထဲမှာစင်္ကြံသွားပြီးလျှင်၊ ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကို လှသဖြင့်၊ သူငယ် သည် ခုနစ်ကြိမ် ချောဆေး၍ မျက်စိကိုဖွင့်၏။
၃၅ဧလိရှဲသည်ထ၍အခန်းထဲတွင်စင်္ကြံလျှောက် ပြီးနောက် သူငယ်၏အပေါ်တွင်တစ်ဖန်မှောက်၍ နေပြန်၏။ သူငယ်သည်ခုနစ်ကြိမ်ချေဆတ်ပြီး နောက်မျက်စိဖွင့်၏။-
36 ၃၆ ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍၊ ရှုနင်မြို့သူ မိန်းမကို ခေါ်လိုက်ဟုဆိုသည်အတိုင်းခေါ်၍ သူသည် ရောက်လာသောအခါ၊ ဧလိရှဲက သင်၏သားကို ချီယူ လော့ဟု ဆို၏။
၃၆ဧလိရှဲသည်ဂေဟာဇိအားသူငယ်၏မိခင်ကို အခေါ်ခိုင်း၏။ အမျိုးသမီးရောက်လာသောအခါ ဧလိရှဲကသူ့အား``ဤမှာသင်၏သား'' ဟုဆို၏။-
37 ၃၇ မိန်းမသည်အထဲသို့ဝင်၍၊ မြေပေါ်မှာ ပြပ်ဝပ် ဦးချပြီးလျှင် သားကိုချီယူ၍ထွက်သွား၏။
၃၇အမျိုးသမီးသည်ဧလိရှဲ၏ခြေရင်းတွင်ပျပ်ဝပ် ပြီးလျှင် မိမိ၏သားကိုချီ၍ထွက်ခွာသွားလေ သည်။
38 ၃၈ တဖန်ဧလိရှဲသည် ဂိလဂါလမြို့သို့သွား၍၊ ထိုပြည်၌ အစာခေါင်းပါး၏။ ပရောဖက်အမျိုးသားတို့ သည် ဧလိရှဲရှေ့မှာထိုင်ကြစဉ်၊ ပရောဖက်အမျိုးသားတို့ အဘို့ကြီးသော အိုးကင်းကိုပြင်၍ ဟင်းချက်လော့ဟု မိမိ ကျွန်အားဆို၏။
၃၈အခါတစ်ပါး၌နိုင်ငံတစ်ဝှမ်းလုံးတွင် အစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်နေချိန် ၌ ဧလိရှဲသည်ဂိလဂါလမြို့သို့ပြန်လေသည်။ သူသည်ပရောဖက်တစ်စုကိုသွန်သင်လျက်နေ စဉ် ထိုသူတို့အတွက်အိုးကြီးတစ်လုံးဖြင့် ဟင်းချက်ရန် မိမိ၏အစေခံအားပြော ကြား၏။-
39 ၃၉ တစုံတယောက်သော သူသည် ဟင်းသီး ဟင်းရွက်ကို ဆွတ်ခြင်းငှါ လယ်ပြင်သို့သွား၍ တောနွယ် ပင်ကို တွေ့လျှင်၊ တောဘူးသီးပိုက်နိုင်သမျှကို ဆွတ်ယူ ပြီးမှ၊
၃၉ပရောဖက်တစ်ပါးသည်ဟင်းသီးဟင်းရွက်များ ခူးရန် လယ်တောသို့သွားရာဘူးပင်ရိုင်းတစ်ပင် ကိုတွေ့သဖြင့် သယ်နိုင်သမျှသောဘူးသီးတို့ ကိုခူးဆွတ်ပြီးသော် ဘူးရိုင်းမှန်းမသိဘဲခွဲ စိတ်၍ဟင်းအိုးတွင်ခတ်လေသည်။-
40 ၄၀ ထိုဘူးမျိုးကို မသိဘဲဟင်းအိုးထဲသို့ ခတ်လေ၏။ ဟင်းအိုးစားအံ့ဟု လောင်းပြီးမှ ဝိုင်း၍စားကြစဉ်တွင်၊ အိုဘုရားသခင်၏လူ၊ အိုးထဲ၌သေဘေးရှိပါသည်ဟု အော်ဟစ်၍ မစားနိုင်ဘဲ နေကြ၏။
၄၀ထိုဟင်းကိုလူတို့စားသောက်ရန်လောင်းထည့် လိုက်သောအခါ သူတို့သည်မြည်းစမ်းမိသည် နှင့်တစ်ပြိုင်နက်ဧလိရှဲအား``ဤဟင်းတွင် အဆိပ်ခတ်ထားပါသည်တကား'' ဟုဟစ် အော်ကာမစားဘဲနေကြ၏။-
41 ၄၁ ဧလိရှဲကလည်း၊ မုန့်ညက်ကို ယူခဲ့ဟုဆို၍ အိုးထဲ မှာ ခတ်ပြီးလျှင်၊ လူများစားစရာဘို့လောင်းဦးလော့ဟု ဆိုပြန်သော်၊ အိုး၌ဘေးမရှိ။
၄၁ဧလိရှဲသည်မုန့်ညက်အနည်းငယ်ကိုတောင်းယူ ကာအိုးထဲသို့ပစ်ထည့်လိုက်၏။ ထိုနောက်``ဤသူ တို့စားသောက်ရန်လောင်းထည့်လော့'' ဟုဆိုသည့် အတိုင်းလောင်းထည့်သောအခါအဆိပ်မရှိ တော့ချေ။
42 ၄၂ တဖန်ဗာလရှလိရှမြို့မှ လူတယောက်သည် လာ၍၊ အဦးသီးသော မုယောဆန်ဖြင့် လုပ်သော မုန့်လုံး နှစ်ဆယ်နှင့် အိတ်၌ထည့်သော အသီးအနှံများကို ဘုရား သခင်၏ လူထံသို့ ဆောင်ခဲ့၏။ ဧလိရှဲကလည်း၊ ဤလူများ ကို ကျွေးလော့ဟုဆိုလျှင်၊
၄၂အခြားအခါတစ်ပါး၌လည်းလူတစ်ယောက်သည် ထိုနှစ်ပေါ်မုယောကောက်ဦးနှင့်လုပ်သောမုန့်အလုံး နှစ်ဆယ်ကိုဧလိရှဲအတွက် ဗာလရှလိရှမြို့မှ ယူဆောင်လာ၏။ ဧလိရှဲသည်ပရောဖက်တို့ကို ထိုအစားအစာဖြင့်ဧည့်ခံရန်မိမိ၏အစေခံ အားပြော၏။-
43 ၄၃ ကျွန်ကအဘယ်သို့နည်း။ ကျွန်တော်သည် လူတရာကို ဤမျှနှင့် ကျွေးနိုင်ပါမည်လောဟုမေးလျှင်၊ ဧလိရှဲက ဤလူများကို ကျွေးလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသူတို့သည် ဝစွာ စားကြသော် လည်း စားစရာကျန်ကြွင်းလိမ့်မည်ဟု မိန့်တော်မူကြောင်း ကို ပြောဆိုသော်၊
၄၃သို့ရာတွင်အစေခံက``လူတစ်ရာကိုဤမျှလောက် နှင့်ကျွေးနိုင်ပါမည်လော'' ဟုဆို၏။ ဧလိရှဲက``ထို အစားအစာကို ဤသူတို့ကိုကျွေးလော့။ ထာဝရ ဘုရားက`သူတို့သည်ဝစွာစားရကြသည့်အပြင် စားစရာအချို့ပင်ကျန်ကြွင်းလိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုပြန်ပြောလေသည်။-
44 ၄၄ ကျွန်သည်လူများရှေ့မှာထည့်၍ ထာဝရဘုရား ၏ စကားတော်နှင့်အညီ ထိုသူတို့သည် ဝစွာစားကြ၍၊ စားစရာကျန်ကြွင်းလျက်ရှိ၏။
၄၄သို့ဖြစ်၍အစေခံသည်ပရောဖက်တို့အား ထို အစားအစာကိုတည်ခင်းကျွေးမွေးရာထာဝရ ဘုရားဗျာဒိတ်တော်နှင့်အညီ ထိုသူတို့အား လုံးဝစွာစားရကြပြီးနောက်စားစရာ အချို့ပင်ကျန်ကြွင်းသေးသည်။