< ၄ ဓမ္မရာဇဝင် 3 >
1 ၁ ယုဒရှင်ဘုရင်ယောရှဖတ်နန်းစံဆယ်ရှစ်နှစ် တွင်၊ အာဟပ်သား ယောရံသည်ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံ၏။
၁ယုဒပြည်ဘုရင်ယောရှဖတ်၏နန်းစံတစ်ဆယ့် ရှစ်နှစ်မြောက်၌ အာဟပ်၏သားတော်ယောရံသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်နှစ်နှစ်စိုးစံရ၏။-
2 ၂ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကို ပြု၏။ သို့ရာတွင် မိဘကဲ့သို့မပြု။ ခမည်းတော်လုပ် သော ဗာလရုပ်တုကို ပယ်ရှား၏။
၂သူသည်ဘုရားသခင်အားပြစ်မှားသော်လည်း မိမိ ၏ခမည်းတော်သို့မဟုတ်မယ်တော်ယေဇဗေလ လောက်မဆိုးချေ။ သူသည်ခမည်းတော်တည်လုပ် ခဲ့သောဗာလဘုရားကျောက်တိုင်ကိုပယ်ရှား လိုက်လေသည်။-
3 ၃ သို့သော်လည်း ဣသရေလအမျိုးကို ပြစ်မှားစေ သော နေဗတ်၏သား ယေရောဗောင်ပြုသော ဒုစရိုက် အပြစ်ကို မရှောင်မှီဝဲ၏။
၃သို့ရာတွင်မိမိအလျင်အုပ်စိုးခဲ့သည့်နေဗတ် ၏သားယေရောဗောင်မင်းကဲ့သို့ပင် ဣသရေလ အမျိုးသားတို့အားအပြစ်ကူးစေရန်ရှေ့ ဆောင်လမ်းပြပေးလေသည်။ ထိုသို့အပြစ် ကူးလွန်မှုကိုအမြဲပြု၏။
4 ၄ မောဘမင်းကြီး မေရှာသည် သိုးထိန်းကြီး ဖြစ်၍၊ ဣသရေလရှင်ဘုရင်အား သိုးသငယ်တသိန်းနှင့် အမွေး ပါသော သိုးထီးတသိန်းကို ဆက်ရ၏။
၄မောဘဘုရင်မေရှာသည်သိုးများကိုမွေးမြူကာ နှစ်စဉ်နှစ်တိုင်းဣသရေလဘုရင်အားသိုးငယ် အကောင်တစ်သိန်းကိုလည်းကောင်း၊ သိုးကြီးအ ကောင်တစ်သိန်းမှရရှိသောသိုးမွေးကိုလည်း ကောင်း အခွန်ဘဏ္ဍာအဖြစ်ဆက်သလေ့ရှိ၏။-
5 ၅ အာဟပ်သေသောအခါ၊ မောဘမင်းကြီးသည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။
၅သို့ရာတွင်ဣသရေလဘုရင်အာဟပ်ကွယ်လွန် သွားသောအခါ မေရှာသည်ဣသရေလပြည် ကိုပုန်ကန်လေ၏။-
6 ၆ ထိုအခါ ယောရံမင်းကြီးသည် ရှမာရိမြို့ထဲက ထွက်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို စာရင်း ယူ၏။
၆ယောရံမင်းသည်ချက်ချင်းပင်ရှမာရိမြို့မှ ထွက်၍ စစ်သည်တော်တို့ကိုစုရုံး၏။-
7 ၇ ယုဒရှင်ဘုရင် ယောရှဖတ်ထံသို့ လူကိုစေလွှတ် ၍၊ မောဘမင်း ကြီးသည် ငါ့ကိုပုန်ကန်ပြီ။ မောဘပြည်ကို စစ်တိုက်ခြင်းငှါ ငါနှင့်အတူ လိုက်မည်လောဟု မေးလျှင်၊ ယောရှဖတ်က ငါလိုက်မည်။ ငါသည် မင်းကြီး ကဲ့သို့ ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏ လူကဲ့သို့၎င်း၊ ငါ့မြင်းတို့သည် မင်းကြီး၏ မြင်းကဲ့သို့၎င်း ဖြစ်ကြသည်ဟု ပြန်ပြော၏။
၇ယုဒဘုရင်ယောရှဖတ်ထံသို့သံတမန်စေ လွှတ်၍``မောဘမင်းသည်အကျွန်ုပ်ကိုပုန်ကန် လေပြီ။ သို့ဖြစ်၍သူ့အားတိုက်ခိုက်ရန်အဆွေ တော်သည် အကျွန်ုပ်နှင့်အတူစစ်ပွဲဝင်ပါ မည်လော'' ဟုမေးမြန်း၏။ ယောရှဖတ်က``ကျွန်ုပ်ဝင်ပါမည်။ ကျွန်ုပ်သည် အဆွေတော်ခိုင်းရာကိုပြုရန်အသင့်ရှိပါ သည်။ ကျွန်ုပ်၏စစ်သည်တော်များ၊ မြင်းများ သည်လည်းအဆွေတော်၏စစ်သည်၊ မြင်းများ ကဲ့သို့ဖြစ်ပါ၏။-
8 ၈ အဘယ်လမ်းဖြင့် စစ်ချီရမည်နည်းဟုမေးသော်၊ ဧဒုံတောလမ်းဖြင့် ချီရမည်ဟုပြန်ပြော၏။
၈တိုက်ခိုက်ရန်အဘယ်လမ်းဖြင့်ချီတက်ကြပါမည် နည်း'' ဟုမေး၏။ ယောရံက``ကျွန်ုပ်တို့သည်ဧဒုံတောကန္တာရလမ်းကို ဖြတ်၍ လမ်းရှည်ဖြင့်ချီတက်ကြပါမည်'' ဟုဖြေ ကြား၏။
9 ၉ ထိုသို့ဣသရေလရှင်ဘုရင်၊ ယုဒရှင်ဘုရင်၊ ဧဒုံ ရှင်ဘုရင်တို့သည် ဝိုင်း၍ခုနှစ်ရက် ခရီးသွားကြ၏။ ဗိုလ်ခြေများ သောက်စရာ၊ ပါသော တိရစ္ဆာန် များသောက်စရာ ရေမရှိ။
၉သို့ဖြစ်၍ဣသရေလဘုရင်၊ ယုဒဘုရင်နှင့်ဧဒုံ ဘုရင်တို့သည်ထွက်ခွာသွားကြရာ ခုနစ်ရက်မျှ ကြာသောအခါတပ်သားများအတွက်သော် လည်းကောင်း၊ ဝန်တင်တိရစ္ဆာန်များအတွက်သော် လည်းကောင်းသောက်သုံးရန်ရေကုန်သွားသဖြင့်၊-
10 ၁၀ ဣသရေလရှင်ဘုရင်က၊ ခက်လှပြီ။ ထာဝရ ဘုရားသည် ဤရှင် ဘုရင်သုံးပါးတို့ကို မောဘလူတို့ လက်သို့အပ်ခြင်းငှါ စုဝေးစေတော်မူသည်တကားဟု ဆို၏။
၁၀ယောရံမင်းက``ငါတို့အခက်ကြုံပြီ။ ထာဝရ ဘုရားသည် ငါတို့မင်းသုံးပါးကိုမောဘဘုရင် ၏လက်သို့အပ်တော်မူလေပြီတကား'' ဟုဆို၏။
11 ၁၁ ယောရှဖတ်ကလည်း၊ ထာဝရဘုရား၌ မေး လျှောက်မည်အကြောင်း၊ ထာဝရဘုရား၏ ပရောဖက် တယောက်မျှမရှိသလောဟုမေးလျှင်၊ ဣသရေလ ရှင်ဘုရင်၏ ကျွန်တယောက်က၊ ဧလိယလက်ထောက် ရှာဖတ်သားဧလိရှဲရှိပါ၏ဟု လျှောက်သော်၊
၁၁ယောရှဖတ်မင်းက``ထာဝရဘုရားအားမေး လျှောက်ပေးမည့်ပရောဖက်တစ်ပါးမျှ ဤအရပ် တွင်မရှိပါသလော'' ဟုမေး၏။ ယောရံ၏တပ်များမှတပ်မှူးတစ်ယောက်က``ရှာ ဖတ်၏သားဧလိရှဲရှိပါသည်။ သူသည်ဧလိယ ၏လက်ထောက်ဖြစ်ခဲ့ဖူးပါ၏'' ဟုလျှောက်လေ၏။
12 ၁၂ ယောရှဖတ်က၊ ထာဝရဘုရား၏နှုတ်ကပတ် တော်သည် သူ၌ရှိတော်မူသည်ဟုဆိုလျက်၊ ရှင်ဘုရင် သုံးပါးတို့သည် ဧလိရှဲထံသို့သွားကြ၏။
၁၂ယောရှဖတ်မင်းက``ထိုသူသည်ပရောဖက်အစစ် အမှန်ဖြစ်ပေသည်'' ဟုဆိုသဖြင့်မင်းသုံးပါး တို့သည်ဧလိရှဲထံသို့သွားကြ၏။
13 ၁၃ ဧလိရှဲသည် ဣသရေလရှင်ဘုရင်အားလည်း၊ ငါသည်သင်နှင့် အဘယ်သို့ ဆိုင်သနည်း။ သင့်အဘ၏ ပရောဖက်၊ သင့်အမိ၏ ပရောဖက်တို့ထံသို့ သွားလော့ဟု ဆိုလျှင်၊ ဣသရေလရှင်ဘုရင်က၊ မဆိုပါနှင့်။ ထာဝရ ဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့ လက်သို့ အပ်ခြင်းငှါ စုဝေးစေတော်မူသည်တကားဟု ဆိုသော်၊
၁၃ဧလိရှဲကဣသရေလဘုရင်အား``အဘယ် ကြောင့်သင့်အား ငါကူညီရပါမည်နည်း။ သင် ၏ခမည်းတော်၊ မယ်တော်တို့၏အတိုင်ပင်ခံ ပရောဖက်များထံသို့သွား၍တိုင်ပင်ပါလော့'' ဟုဆို၏။ ယောရံက``ဤသို့မဆိုပါနှင့်။ ငါတို့မင်းသုံး ပါးကို မောဘဘုရင်၏လက်သို့အပ်တော်မူ သောအရှင်မှာ ထာဝရဘုရားပင်ဖြစ်တော် မူပါ၏'' ဟုဆို၏။
14 ၁၄ ဧလိရှဲက၊ ငါကိုးကွယ်သော ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်း၊ အကယ်၍ ယုဒရှင်ဘုရင်ယောရှဖတ်၏ မျက်နှာ ကို ငါမထောက်လျှင်၊ သင့်ကို ငါမကြည့်မမြင်လို။
၁၄ဧလိရှဲက``ငါကိုးကွယ်လျက်နေသောအနန္တ တန်ခိုးရှင်ထာဝရဘုရား အသက်ရှင်တော်မူ သည့်အတိုင်းအကယ်၍ငါသည်ယုဒဘုရင် ယောရှဖတ်၏မျက်နှာတော်ကိုသာမထောက် ခဲ့သော်သင့်အားလှည့်၍ပင်ကြည့်မည်မဟုတ် ပါ။-
15 ၁၅ စောင်းသမားကို ခေါ်ခဲ့ဟုဆို၍ စောင်းသမား သည် တီးသော အခါ၊ ထာဝရဘုရား၏ လက်တော်သည် ဧလိရှဲအပေါ်သို့ ရောက်၍၊
၁၅ယခုငါ့ထံသို့စောင်းသမားတစ်ဦးကို ခေါ်ခဲ့ပါလော့'' ဟုဆို၏။ စောင်းသမားသည်စောင်းတီး၍နေစဉ် ဘုရားသခင် ၏တန်ခိုးတော်သည်ဧလိရှဲအပေါ်သို့သက်ရောက် လာ၏။-
16 ၁၆ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤချိုင့်ပတ် လည်၌ ဆယ်ပေါင်းတို့ကို လုပ်ကြလော့။
၁၆သို့ဖြစ်၍ဧလိရှဲက``ထာဝရဘုရားက`ခြောက် သွေ့လျက်ရှိသည့်ဤချောင်းတွင်မြောင်းများကို တူးလော့။-
17 ၁၇ အကြောင်းမူကား၊ သင်တို့နှင့်တိရစ္ဆာန်တို့သည် သောက်စရာဘို့ လေမလာ၊ မိုဃ်းမရွာဘဲ ဤချိုင့်သည် ရေနှင့်ပြည့်လိမ့်မည်။
၁၇သင်တို့သည်မိုးနှင့်လေကိုမတွေ့မမြင်ရသော် လည်း ဤချောင်းသည်ရေပြည့်လိမ့်မည်။ သင်တို့နှင့် သင်တို့၏သိုးနွားများဝန်တင်တိရစ္ဆာန်များ အတွက် သောက်သုံးရန်ရေအလုံအလောက်ရရှိ လိမ့်မည်' ဟုဘုရားသခင်မိန့်တော်မူပြီ'' ဟု ဆို၏။-
18 ၁၈ ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ သာမည အမှုဖြစ်သေး၏။ မောဘလူတို့ကိုလည်း သင်တို့လက်သို့ အပ်တော်မူမည်။
၁၈ထို့နောက်ဧလိရှဲသည်ဆက်၍``ဤအမှုသည် ထာဝရဘုရားပြုရန်လွယ်ကူသောအမှု ဖြစ်၏။ ကိုယ်တော်သည်မောဘပြည်သားတို့ အား သင်တို့၏လက်သို့အပ်တော်မူလိမ့်မည်။-
19 ၁၉ သင်တို့သည် ခိုင်ခံ့ထူးဆန်းသော မြို့ရှိသမျှတို့ကို လုပ်ကြံကြလိမ့်မည်။ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြလိမ့်မည်။ ရေတွင်းရှိသမျှတို့ကို မြေဖို့ကြလိမ့်မည်။ ကောင်း သော မြေကွက် ရှိသမျှတို့ကို ကျောက်ခဲနှင့် ဖျက်ကြလိမ့် မည်ဟု မိန့်တော်မူ၏။
၁၉သင်တို့သည်ထိုသူတို့၏လှပသည့်ခံတပ်မြို့ များကိုသိမ်းယူ၍ သစ်သီးပင်ရှိသမျှကိုခုတ် လှဲပစ်ကြလိမ့်မည်။ သူတို့၏စမ်းရေတွင်းရှိသမျှ ကိုပိတ်ဆို့ကာ မြေကောင်းမြေသန့်ရှိသမျှတို့ ကိုကျောက်ခဲများနှင့်ဖုံး၍ဖျက်ဆီးကြလိမ့် မည်'' ဟုဆင့်ဆို၏။
20 ၂၀ နံနက်အချိန် ဘောဇဉ်ပူဇော်သက္ကာကို ပူဇော် သောအခါ၊ ရေသည် ဧဒုံလမ်းဖြင့်လာ၍ တပြည်လုံးကို လွှမ်းလေ၏။
၂၀နောက်တစ်နေ့နံနက်ယဇ်ပူဇော်နေကျအချိန်၌ ရေသည်ဧဒုံပြည်ဘက်မှစီးဆင်းလာပြီးလျှင် မြေပြင်ကိုဖုံးလွှမ်းလေ၏။
21 ၂၁ ရှင်ဘုရင်တို့သည် စစ်ချီ၍ လာကြောင်းကို မောဘပြည်သားအပေါင်းတို့သည် ကြားသောအခါ၊ လက်နက်ဆောင်သောသူ အကြီးအငယ်ရှိသမျှတို့ကို စုဝေးစေ၍၊ ပြည်စွန်းနားမှာ တပ်ချကြ၏။
၂၁ဘုရင်သုံးပါးတို့စစ်ချီလာကြကြောင်းမောဘ ပြည်သားတို့သိရှိလာကြသောအခါ သူတို့သည် လက်နက်ကိုင်ဆောင်နိုင်သူအကြီးဆုံးမှအငယ် ဆုံးတိုင်အောင် ရှိသမျှသောလူတို့ကိုစုရုံးစေ ၍ နယ်စပ်တွင်နေရာယူစေကြ၏။-
22 ၂၂ နံနက်စောစောထသောအခါ၊ ရေပေါ်မှာ နေရောင်ထင်၍၊ ပြည် တဘက်၌ ရေသည်အသွေးကဲ့သို့ နီသည်ကို မောဘပြည်သားတို့သည် မြင်ကြလျှင်၊
၂၂နောက်တစ်နေ့နံနက်သူတို့အိပ်ယာမှနိုးထချိန်၌ နေသည်ရေပေါ်တွင်အရောင်ဟပ်သဖြင့် ရေကို သွေးကဲ့သို့နီမြန်းသောအသွင်ကိုဆောင်စေ၏။-
23 ၂၃ အသွေးဖြစ်၏။ စင်စစ်ရှင်ဘုရင်တို့သည် တယောက်ကိုတယောက်လုပ်ကြံ၍ သေကြပြီ။ သို့ဖြစ်၍ မောဘပြည်သားတို့၊ လုယူကြလော့ဟု ဆိုကြ၏။
၂၃မောဘပြည်သားတို့က``သွေးတွေပါတကား။ ရန်သူ့ တပ်မတော်သုံးခုသည်အချင်းချင်းတိုက်ခိုက်သတ် ဖြတ်ကြလေပြီ။ ငါတို့သွား၍သူတို့၏တပ်စခန်း ကိုလုယက်ကြကုန်အံ့'' ဟုကြွေးကြော်ကြ၏။
24 ၂၄ ဣသရေလတပ်သို့ ရောက်သောအခါ၊ ဣသ ရေလလူတို့သည် ထ၍ မောဘပြည်သားတို့ကို လိုက် သဖြင့် သူတို့သည် ပြေးကြ၏။ ဣသရေလလူတို့သည် မောဘပြည်ထဲသို့တိုင်အောင် လိုက်၍ လုပ်ကြံကြ၏။
၂၄သို့ရာတွင်ထိုတပ်စခန်းသို့သူတို့ရောက်ရှိလာ ကြသောအခါ ဣသရေလအမျိုးသားတို့က သူတို့အားတိုက်ခိုက်နှင်ထုတ်ကြလေသည်။ ဣသရေလအမျိုးသားတို့သည်မောဘပြည် သားတို့အား ဆက်လက်လိုက်လံသတ်ဖြတ်ပြီး လျှင်သူတို့၏မြို့များကိုဖျက်ဆီးကြ၏။-
25 ၂၅ မြို့တို့ကိုဖြိုဖျက်ကြ၏။ ကောင်းသော မြေကွက် ရှိသမျှတို့အပေါ်မှာ လူအပေါင်းတို့သည် ကျောက်ခဲ ပစ်ချ၍ ဖုံးလွှမ်းကြ၏။ ရေတွင်းရှိသမျှတို့ကိုလည်း မြေဖို့ ၍၊ အသုံးဝင်သော သစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြ၏။ ကိရဟရက်မြို့၌သာ မြို့ရိုးကို ချန်ထားရာတွင်၊လောက်လွှဲ သမားတို့သည် ဝိုင်း၍ ပစ်ကြ၏။
၂၅မြေကောင်းမြေသန့်ကိုတွေ့ရှိသည့်အခါတိုင်း ဣသရေလအမျိုးသားတို့သည်ကိုယ်စီကိုယ်ငှ ကျောက်ခဲတစ်လုံးစီပစ်ချကြသဖြင့် နောက်ဆုံး ၌ထိုမြေတို့ကိုကျောက်ခဲများဖြင့်ဖုံးအုပ်စေ ကြ၏။ စမ်းရေတွင်းရှိသမျှကိုလည်းပိတ်ဆို့၍ သစ်သီးပင်များကိုလည်းခုတ်လှဲကြ၏။ နောက် ဆုံး၌ကိရဟရက်မြို့တော်သာလျှင်ကျန်တော့ သဖြင့် လောက်လွှဲတပ်သားတို့သည်ထိုမြို့ကို ဝိုင်းရံတိုက်ခိုက်ကြ၏။
26 ၂၆ မောဘမင်းကြီးသည် အတိုက်မခံနိုင်သည်ကို သိသောအခါ၊ ထားကိုင်သောသူခုနစ်ရာကို ခေါ်၍ ဧဒုံရှင်ဘုရင်၏ တပ်ကိုဖျက်မည်ဟု အားထုတ်သော် လည်း မဖျက်နိုင်။
၂၆မောဘဘုရင်သည်မိမိရှုံးနိမ့်လျက်ရှိကြောင်း ကိုသိသောအခါ ဋ္ဌားကိုင်စစ်သူရဲခုနစ်ရာကို ခေါ်၍ရန်သူ၏တပ်ကိုထိုးဖောက်ပြီးလျှင် ရှုရိ ဘုရင်ထံသို့ထွက်ပြေးရန်အားထုတ်လေသည်။ သို့ရာတွင်မအောင်မြင်ချေ။-
27 ၂၇ နောက်မှမိမိကိုယ်စား နန်းထိုင်ထိုက်သော သားဦးကို ယူ၍ မြို့ရိုးပေါ်မှာ မီးရှို့ရာယဇ်ပြုလေ၏။ ဣသရေလအမျိုးသားတို့သည် သူတပါးအမျက်ထွက်ခြင်း ကို ခံရသောကြောင့်၊ ထိုပြည်ကို ထား၍ ကိုယ်ပြည်သို့ ပြန်သွားကြ၏။
၂၇ထို့ကြောင့်သူသည်မိမိ၏အရိုက်အရာဆက်ခံ မည့်သားဦးကိုမြို့ရိုးပေါ်တွင် မောဘဘုရားအား ယဇ်ပူဇော်လေ၏။ ထိုအခါဣသရေလအမျိုး သားတို့သည်ကြောက်လန့်၍ မောဘအမျိုးသား တို့၏ဘုရားတစ်ခုခုပြုလုပ်မည်ကိုကြောက် သောကြောင့်လည်းကောင်း၊ သို့မဟုတ်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား တစ်ခုခုပြုလုပ်မည်ကိုကြောက်ကြသဖြင့် လည်းကောင်း ထိုမြို့မှဆုတ်ခွာ၍မိမိတို့ပြည် သို့ပြန်ကြကုန်၏။