< ၂ ရာဇဝင်ချုပ် 9 >
1 ၁ ရှေဘပြည်ကိုအစိုးရသော မိဖုရားသည် ရှောလမုန်၏ သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿသနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှါ၊ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သောကျောက်တို့ကို ဆောင် သောကုလားအုပ်များ၊ လိုက်သောသူများနှင့်တကွ ယေရု ရှလင်မြို့သို့ လာ၏။
၁ရှေဘပြည်ဘုရင်မသည်ရှောလမုန်၏ဂုဏ် သတင်းကိုကြားသိရသဖြင့် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။ ဘုရင်မ သည်များစွာသောအခြွေအရံလိုက်ပါ လျက်နံ့သာမျိုးများ၊ ကျောက်မျက်ရတနာ များ၊ ရွှေအမြောက်အမြားတင်ဆောင်သည့် ကုလားအုတ်များနှင့်ရောက်ရှိလာလေသည်။ သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်ရှိ လာသောအခါမိမိစဉ်းစားရသမျှသော ပုစ္ဆာတို့ကိုမေးတော်မူ၏။-
2 ၂ ရှောလမုန်မင်းကြီးထံတော်သို့ ရောက်သော အခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွှေးမေးမြန်းလေ၏။ သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်သည် ဖြေလေ၏။ နားမလည်၍မဖြေနိုင်သော အရာတစုံတခုမျှ မရှိ။
၂မင်းကြီးသည်တစ်ခုမကျန်ဖြေကြားတော်မူ သည်။ မင်းကြီးမဖြေရှင်းနိုင်သောပုစ္ဆာဟူ၍ မရှိ။-
3 ၃ ရှေဘမိဖုရားသည် ရှောလမုန်၏ ပညာကို၎င်း၊ တည်ဆောက်သော အိမ်တော်ကို၎င်း၊
၃ရှေဘပြည်ဘုရင်မသည်ရှောလမုန်ထံမှ ဉာဏ်ပညာနှင့်ယှဉ်သောစကားများကိုကြား ၍ သူဆောက်လုပ်ထားသည့်နန်းတော်ကိုမြင် တော်မူ၏။-
4 ၄ စားပွဲတော်တန်ဆာကို၎င်း၊ အမှုတော်စောင့်တို့နေရာ ထိုင်ရာကို၎င်း၊ လုလင်တို့ခစားသည် အခြင်းအရာကို၎င်း၊ သူတို့ဝတ်သော အဝတ်တန်ဆာကို၎င်း၊ ဝန်စာရေးများ နှင့် သူတို့ဝတ်သောအဝတ်တန်ဆာကို၎င်း၊ ထာဝရ ဘုရား၏ အိမ်တော်၌မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို၎င်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊
၄ဘုရင်မသည်မင်းကြီးပွဲတော်တည်သော အစားအစာများ၊ မှူးမတ်တို့၏နေအိမ် များ၊ နန်းတော်အမှုထမ်းအရာထမ်းများ အားဖွဲ့စည်းပုံနှင့်သူတို့ဝတ်ဆင်ကြသည့် ဆင်တူဝတ်စုံများ၊ ပွဲလမ်းသဘင်အခါတွင် မင်းကြီးအားခစားရသူအစေခံများနှင့် သူတို့၏ဝတ်စုံများ၊ ဗိမာန်တော်တွင်မင်း ကြီးပူဇော်သည့်ယဇ်များကိုတွေ့မြင်သော အခါလွန်စွာအံ့သြလေသည်။
5 ၅ ကိုယ်တော်၏ အခြင်းအရာနှင့် ကိုယ်တော်၏ ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ကြားရသော သိတင်းစကား မှန်ပါ၏။
၅ဘုရင်မကမင်းကြီးအား``အကျွန်ုပ်သည် ကျွန်ုပ်၏တိုင်းပြည်တွင်ရှိစဉ်အခါကအဆွေ တော်နှင့်အဆွေတော်၏ဉာဏ်ပညာအကြောင်း ကိုကြားသိခဲ့ရသည့်သတင်းသည်မှန်ပါ သည်တကား။-
6 ၆ သို့သော်လည်း ကိုယ်တိုင်ရောက်၍ မမြင်မှီ ထိုစကားကိုမယုံ။ ယခုမူကား၊ ကိုယ်တော်ပညာကျယ်ခြင်း အရာမှာ၊ အရင်ကြားရသော စကားသည် တဝက်ကိုမျှမမှီ။ အကျွန်ုပ် ကြားရသော သိတင်းကို ကိုယ်တော် လွန်ကဲပါ၏။
၆ကိုယ်တိုင်မျက်မြင်ဒိဌမတွေ့မမြင်ရမီ အခါကထိုသတင်းကိုကျွန်ုပ်မယုံပါ။ အဆွေ တော်သည်လူတို့ပြောဆိုနေကြသည်ထက်ပင် ပို၍ဉာဏ်ပညာရှိတော်မူပါ၏။-
7 ၇ ရှေ့တော်၌အစဉ်နေ၍ ပညာတော်ကို ကြားရ သော ကိုယ်တော် ၏လူနှင့် ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။
၇အဆွေတော်၏အပါးတော်တွင်အစဉ်ခစား လျက် အဆွေတော်ထံမှဉာဏ်ပညာနှင့်ယှဉ် သောစကားများကိုကြားရသူတို့သည် အလွန်မင်္ဂလာရှိကြပါသည်တကား။-
8 ၈ ကိုယ်တော်ကိုနှစ်သက်၍ ကိုယ်တော်၏ ဘုရား သခင် ထာဝရဘုရား ကိုယ်စားတော်ရှင်ဘုရင်နှင့် ရာဇ ပလ္လင်တော်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ ကိုယ်တော်၏ဘုရားသခင်သည် ဣသရေလ အမျိုးကို ချစ်၍ အစဉ်အမြဲတည်စေချင်သောကြောင့်၊ ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၍၊
၈အဆွေတော်၏ဘုရားသခင်ထာဝရဘုရား အားထောမနာပြုကြပါစေသတည်း။ ကိုယ် တော်သည်အဆွေတော်ကိုလွန်စွာနှစ်သက် မြတ်နိုးတော်မူသည်ဖြစ်၍ မိမိ၏ကိုယ်စား အုပ်စိုးနိုင်ရန်ဣသရေလဘုရင်အဖြစ်ချီး မြှောက်တော်မူပြီ။ ကိုယ်တော်သည်မိမိလူမျိုး တော်ဣသရေလအမျိုးသားတို့အားချစ် တော်မူ၍ထာဝစဉ်စောင့်ရှောက်တော်မူလို သဖြင့်တရားဥပဒေစိုးမိုးမှုနှင့်တရား မျှတမှုရှိနိုင်စေရန်အဆွေတော်အား သူတို့၏ဘုရင်အဖြစ်ဖြင့်ချီးမြှောက် တော်မူပြီ'' ဟုပြော၏။
9 ၉ ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအားဆက်သော နံ့သာမျိုးနှင့် တူသော နံ့သာမျိုးသည် မရှိ။
၉ဘုရင်မသည်ရှောလမုန်မင်းအားရွှေချိန် ငါးတန်၊ နံ့သာမျိုးနှင့်ကျောက်မျက်ရတနာ အမြောက်အမြားကိုလက်ဆောင်အဖြစ်ပေး ဆက်တော်မူ၏။ ရှောလမုန်မင်းအားရှေဘ ပြည်ဘုရင်မပေးဆက်သည့်နံ့သာမျိုး ကဲ့သို့ကောင်းသည့်နံ့သာမျိုးကိုနောင် အဘယ်အခါ၌မျှမတွေ့ရတော့ချေ။
10 ၁၀ ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံကျွန်နှင့် ရှောလမုန်ကျွန်တို့သည်၊ အာလဂုံသစ်သားများ၊ ကျောက် မြတ်များတို့ကိုလည်း ဆောင်ခဲ့ကြ၏။
၁၀(သြဖိရမြို့မှရွှေကိုယူဆောင်လာသော ဟိရံမင်းနှင့်ရှောလမုန်မင်း၏လူတို့သည် ထင်းရှူးသားနှင့်ကျောက်မျက်ရတနာများ ကိုလည်းယူဆောင်လာကြ၏။-
11 ၁၁ ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန် တော် ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသောသူဘို့ စောင်းနှင့်တယောတို့ကို၎င်း၊ လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် ယုဒပြည် ၌ တခါမျှ မပေါ်လာ။
၁၁ရှောလမုန်သည်ထင်းရှူးသားကိုဗိမာန်တော်နှင့် မိမိ၏နန်းတော်လှေကားများပြုလုပ်ရာတွင် လည်းကောင်း၊ ဂီတဆရာများအတွက်စောင်း ကြီးစောင်းငယ်များပြုလုပ်ရာတွင်လည်း ကောင်းအသုံးပြုတော်မူ၏။ ထိုမျှကောင်း သောထင်းရှူးသားမျိုးကို ယခင်အဘယ်အခါ ကမျှယုဒပြည်တွင်မတွေ့မမြင်ဘူးကြ။)
12 ၁၂ ရှောလမုန်မင်းကြီးသည် ရှေဘမိဖုရား ဆက် သည်အတွက် ပြန်ပေးသာလက်ဆောင်မှတပါး၊ မိဖုရား၏ အလိုဆန္ဒပြည့်စုံစေခြင်းငှါ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့် တကွ မိမိပြည်သို့ပြန်သွားလေ၏။
၁၂ရှောလမုန်မင်းသည်ဘုရင်မထံမှရရှိသည့် လက်ဆောင်များအတွက် မိမိပြန်လည်ပေးသည့် လက်ဆောင်များအပြင်ဘုရင်မအလိုရှိ သမျှသောအရာများကိုပေးတော်မူ၏။ ထို နောက်ဘုရင်မနှင့်အခြွေအရံတို့သည် ရှေဘပြည်သို့ပြန်သွားကြ၏။
13 ၁၃ ရှေလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေချိန်ကား အခွက်ခြောက်ရာ ခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။
၁၃ကုန်သည်တို့ပေးသွင်းသည့်အခွန်တော်များ အပြင်နှစ်စဉ်နှစ်တိုင်းရှောလမုန်မင်းထံဆက် သွင်းရသောရွှေချိန်မှာနှစ်ဆယ့်ငါးတန်ကျော် ကျော်ဖြစ်၏။ အာရပ်ဘုရင်များနှင့်ဣသရေလ နယ်မြေဘုရင်ခံများကလည်းမင်းကြီးထံ ရွှေ၊ နှင့်ငွေများကိုဆက်သွင်းရကြသည်။-
14 ၁၄ ထိုမှတပါး၊ ကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ။ မြို့ဝန်များဆက်သော ရွှေရှိသေး ၏။
၁၄
15 ၁၅ ရှေလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းနှစ်ရာ၊
၁၅ရှောလမုန်သည်တစ်ဆယ့်ငါးပေါင်နီးပါး စီရှိသည့်ရွှေပြားများဖြင့်မွမ်းမံထားသည့် ဒိုင်းကြီးနှစ်ရာ၊-
16 ၁၆ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုလုပ်၍၊ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သော နန်း တော်၌ ထားတော်မူ၏။
၁၆ရှစ်ပေါင်နီးပါးစီရှိသည့်ရွှေပြားများဖြင့် မွမ်းမံထားသောဒိုင်းငယ်သုံးရာကိုပြုလုပ် တော်မူသည်။ သူသည်ထိုဒိုင်းအားလုံးကို လေဗနုန်တောခန်းမဆောင်တွင်ထားရှိ စေ၏။
17 ၁၇ ရှင်ဘုရင်သည်လည်း ဆင်စွယ်ရာဇပလ္လင်ကြီး ကို လုပ်၍ ရွှေစင်နှင့်မွမ်းမံလေ၏။
၁၇မင်းကြီးသည်တစ်ပိုင်းကိုဆင်စွယ်ဖြင့်လည်း ကောင်း၊ ကျန်တစ်ပိုင်းကိုရွှေစင်ဖြင့်လည်း ကောင်းမွမ်းမံထားသောရာဇပလ္လင်ကြီး ကိုပြုလုပ်စေတော်မူ၏။-
18 ၁၈ လှေကားခြောက်ထစ်နှင့် ရွှေဘိနပ်သည် ရာဇ ပလ္လင်တော်နှင့် တဆက်တည်းရှိ၏။ ထိုင်ရာတဘက် တချက်၌ မှီစရာလက်ရုံးတန်းနှင့် ပြည့်စုံ၍။ လက်ရုံးတန်း အနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ၏။
၁၈ထိုရာဇပလ္လင်သို့တတ်ရန်လှေကားခြောက် ထစ်ရှိလေသည်။ ရာဇပလ္လင်နှင့်တစ်စပ်တည်း ရွှေဖြင့်မွမ်းမံထားသောခြေတော်တင်ခုံရှိ၏။ ရာဇပလ္လင်၏တစ်ဖက်တစ်ချက်တွင်လက်ရုံး တန်းတစ်ခုစီရှိ၍ယင်းတို့၏နံဘေးတွင် ရပ်လျက်နေသောခြင်္သေ့ရုပ်တစ်ကောင်စီ ရှိ၏။-
19 ၁၉ လှေကားခြောက်ထစ်အပေါ်တွင်၊ တဘက်တချက် ၌လည်း ခြင်္သေ့တဆယ်နှစ်ကောင်ရပ်နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌မျှမရှိ။
၁၉လှေကားထစ်များ၏အစွန်းတစ်ဖက်တစ်ချက် စီတွင်ခြင်္သေ့ရုပ်တစ်ကောင်စီဖြင့်ခြင်္သေ့ရုပ်တစ် ဆယ့်နှစ်ကောင်ရှိလေသည်။ အခြားအဘယ် တိုင်းပြည်တွင်မျှဤကဲ့သို့သောရာဇပလ္လင် မျိုးမရှိခဲ့ဘူးချေ။
20 ၂၀ ရှေလမုန်မင်းကြီးသောက်သော ဖလားတော် ရှိသမျှနှင့် လေဗနုန်နန်းတော်၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ်၊ ရွှေဖလားသက်သက် ဖြစ်၏။ ရှောလမုန်လက်ထက်၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ။
၂၀ရှောလမုန်မင်း၏သောက်တော်ရေဖလားမှန် သမျှသည်ရွှေဖြင့်ပြီး၍ လေဗနုန်တောခန်း မဆောင်တွင်ရှိသမျှသောခွက်ယောက်အသုံး အဆောင်များသည်လည်းရွှေစင်ဖြင့်ပြီး သတည်း။ ရှောလမုန်၏ခေတ်၌ငွေကိုတန် ဖိုးမထားကြ။-
21 ၂၁ ရှင်ဘုရင်၏သင်္ဘောသည် ဟိရံမင်းကျွန်တို့နှင့် တာရှုမြို့သို့သွားတတ်သဖြင့်၊ သုံးနှစ်တခါ တာရှုသင်္ဘော သည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့၏။
၂၁မင်းကြီး၌ဟိရံမင်း၏သင်္ဘောစုနှင့်အတူပင် လယ်သွားသင်္ဘောများရှိ၏။ သူ၏သင်္ဘောတို့ သည် ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များကို တင်ဆောင်၍သုံးနှစ်တစ်ကြိမ်ပြန်လည်ရောက် ရှိလေသည်။-
22 ၂၂ ထိုသို့ရှောလမုန်သည် မြေကြီးပေါ်မှာရှိသမျှ သော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်အားဖြင့် လွန်ကဲ၏။
၂၂ရှောလမုန်မင်းသည်ကမ္ဘာပေါ်ရှိဘုရင်တကာ တို့ထက်ချမ်းသာကြွယ်ဝ၍ဉာဏ်ပညာရှိ တော်မူ၏။-
23 ၂၃ ရှောလမုန်၏ နှလုံး၌ဘုရားသခင်သွင်းပေး တော်မူသော ပညာကို အတိုင်းတိုင်းအပြည်ပြည် ရှင်ဘုရင်တို့သည် ကြားရအံ့သောငှါ၊ မျက်နှာတော်ကို ဖူးလာကြ၏။
၂၃သူတို့သည်ရှောလမုန်အားထာဝရဘုရား ပေးတော်မူသောဉာဏ်ပညာတော်နှင့် ယှဉ် သည့်စကားများကြားနာရန်သူ့ထံသို့ လာရောက်ကြ၏။-
24 ၂၄ လာသောသူအသီးအသီးတို့သည် ရွှေဖလား၊ ငွေဖလား၊ အဝတ်တန်ဆာ၊ စစ်တိုက်လက်နက်၊ နံ့သာမျိုး၊ မြင်းလားတို့ကို နှစ်တိုင်းအခွန်ဆက်ရကြ၏။
၂၄ထိုသူအသီးသီးတို့သည်ရွှေထည်၊ ငွေထည်၊ အဝတ်ထည်၊ လက်နက်၊ နံ့သာမျိုး၊ မြင်းနှင့် လားတို့ကိုလက်ဆောင်အဖြစ်ဖြင့်ရှောလမုန် ထံနှစ်စဉ်ဆက်သကြလေသည်။
25 ၂၅ ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ထိုင်သောမြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်း ထား၏။
၂၅ရှောလမုန်မင်းတွင်စစ်ရထားများနှင့်မြင်းများ အတွက်မြင်းစောင်းလေးထောင်ရှိ၍တိုက်မြင်း တစ်သောင်းနှစ်ထောင်လည်းရှိလေသည်။ ထိုမြင်း အချို့တို့ကိုယေရုရှလင်မြို့၌လည်းကောင်း၊ အချို့တို့ကိုအခြားမြို့များ၌လည်းကောင်း ထားရှိတော်မူ၏။-
26 ၂၆ မြစ်ကြီးမှ စ၍ဖိလိတ္တိပြည်နှင့် အဲဂုတ္တုပြည်စွန်း တိုင်အောင် ရှိသောရှင်ဘုရင်အပေါင်းတို့ကို အစိုးရ၏။
၂၆ရှောလမုန်သည်ဥဖရတ်မြစ်မှသည်ဖိလိတ္တိ ပြည်နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် အရပ် ရပ်ရှိဘုရင်တို့ကိုအုပ်စိုးရ၏။-
27 ၂၇ ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ငွေကို ကျောက် ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ပေါက်သော သဖန်းပင်ကဲ့သို့၎င်း များပြားစေ၏။
၂၇သူ၏လက်တော်၌ယေရုရှလင်မြို့တွင်ငွေသည် ကျောက်ခဲကဲ့သို့လည်းကောင်း၊ သစ်ကတိုးသား သည်ယုဒတောင်ခြေတွင်အလေ့ကျပေါက် သောသဖန်းပင်ကဲ့သို့လည်းကောင်းပေါများ လေသည်။-
28 ၂၈ ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တပြည်အစ ရှိသော ခပ်သိမ်းသော ပြည်မှ ဆောင်ခဲ့ကြ၏။
၂၈ရှောလမုန်သည်မြင်းများကိုမုသရိ ခေါ်အီဂျစ်နှင့်အခြားတိုင်းပြည်များမှ တင်သွင်းခဲ့သည်။
29 ၂၉ ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှ အစဆုံးတို့သည်၊ ပရောဖက်နာသန်၏ကျမ်း၊ ရှိလောမြို့ သား အဟိယ၏အနာဂတ္တိကျမ်း၊ နေဗတ်သား ယေရော ဗောင်တဘက်၌ ပရောဖက်ဣဒ္ဒေါ၏ ဗျာဒိတ်ကျမ်း၌ ရေးထားလျက်ရှိ၏။
၂၉ကြွင်းကျန်သောရှောလမုန်၏အကြောင်းကို အစမှအဆုံးတိုင်အောင်ပရောဖက်နာသန် ၏ကျမ်း၊ ရှိလောမြို့သားအဟိယ၏ပရောဖက် ကျမ်း၊ ဣသရေလဘုရင်ယေရောဗောင်၏နန်း ဆက်အကြောင်းကိုလည်းဖော်ပြပါရှိသည့် ပရောဖက်ဣဒ္ဒေါ၏ဗျာဒိတ်ရူပါရုံကျမ်းများ တွင်မှတ်တမ်းတင်ထားသတည်း။-
30 ၃၀ ရှောလမုန်သည် ယေရုရှလင်မြို့က၌ နေ၍ ဣသ ရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ၊
၃၀ရှောလမုန်သည်ယေရုရှလင်မြို့တွင်နန်းစံ တော်မူ၍ဣသရေလတစ်နိုင်ငံလုံးကို အနှစ်လေးဆယ်အုပ်စိုးတော်မူ၏။-
31 ၃၁ ဘိုးဘေးတို့နှင့် အိပ်ပျော်၍ခမည်းတော် ဒါဝိဒ် မြို့၌ သင်္ဂြိဟ်ခြင်းကို ခံလေ၏။ သားတော် ရောဗောင် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
၃၁သူကွယ်လွန်သောအခါသားတော်ရောဗောင် သည်ခမည်းတော်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။