< ၂ ရာဇဝင်ချုပ် 36 >
1 ၁ ပြည်သူပြည်သားတို့သည် ယောရှိသား ယော ခတ်ကို ယူ၍၊ ယေရုရှလင်မြို့မှာ ခမည်းတော်အရာ၌ နန်းတင်ကြ၏။
၁ယုဒပြည်သူတို့သည်ယောရှိ၏သားတော် ယောခတ်ကိုရွေးချယ်၍ ယေရုရှလင်မြို့ တွင်မင်းအဖြစ်ဘိသိက်ပေးကြ၏။-
2 ၂ ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။
၂ယောခတ်သည်အသက်နှစ်ဆယ့်သုံးနှစ်ရှိ သောအခါယုဒပြည်ဘုရင်အဖြစ်နန်း တက်၍ ယေရုရှလင်မြို့တွင်သုံးလမျှ နန်းစံရလေသည်။-
3 ၃ ထိုမင်းကို အဲဂုတ္တုရှင်ဘုရင်သည် ယေရုရှလင် မြို့မှာ နန်းချ၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက်တဆယ်ကို အခွန်တောင်းလေ၏။
၃အီဂျစ်ဘုရင်နေခေါသည်သူ့ကိုဖမ်းဆီးထား ပြီးနောက်ယုဒပြည်သူတို့ထံမှ လက်ဆောင် ပဏ္ဏာအဖြစ်ဖြင့်ငွေအလေးချိန်ပေါင်ခုနစ် ထောင့်ငါးရာနှင့်ရွှေပေါင်ချိန်ခုနစ်ဆယ့် ငါးပေါင်ကိုတောင်းခံတော်မူ၏။-
4 ၄ အဲဂုတ္တုရှင်ဘုရင် နေခေါသည်လည်း၊ ယောခတ် ၏ နောင်တော်ဧလျာကိမ်ကို ယုဒပြည်ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်၍။ ယောယကိမ်အမည်သစ်ကို ပေးပြီးလျှင်၊ ညီတော်ယောခတ်ကို အဲဂုတ္တုပြည်သို့ ယူသွား၏။
၄နေခေါသည်ယောခတ်၏ညီဧလျာကိမ်ကို ယုဒပြည်ဘုရင်အဖြစ်နန်းတင်ပြီးလျှင် ယောယကိမ်ဟူသောနာမည်သစ်ကိုပေး လေသည်။ ယောခတ်ကိုမူအီဂျစ်ပြည်သို့ ခေါ်ဆောင်သွားတော်မူ၏။
5 ၅ ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံ လေ၏။ ထိုမင်းသည် မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
၅ယောယကိမ်သည်အသက်နှစ်ဆယ့်ငါးနှစ် ရှိသောအခါယုဒပြည်ဘုရင်အဖြစ်နန်း တက်၍ ယေရုရှလင်မြို့၌တစ်ဆယ့်တစ်နှစ် နန်းစံရလေသည်။ သူသည်မိမိ၏ဘုရားသခင်ထာဝရဘုရားကိုပြစ်မှား၏။-
6 ၆ ထိုကြောင့်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီလာ၍၊ ဗာဗုလုန်မြို့သို့ယူသွားခြင်းငှါ၊ သံကြိုးဖြင့် ချည်နှောင်လေ၏။
၆ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယုဒ ပြည်သို့ချင်းနင်းဝင်ရောက်ပြီးလျှင် ယောယ ကိမ်ကိုဖမ်းဆီး၍သံကြိုးနှင့်ချည်နှောင်ကာ ဗာဗုလုန်ပြည်သို့ခေါ်ဆောင်သွားလေ သည်။-
7 ၇ ဗိမာန်တော်တန်ဆာ အချို့တို့ကိုလည်း ယူသွား ၍၊ ဗာဗုလုန်မြို့ ဗိမာန်၌ ထားလေ၏။
၇ဗိမာန်တော်ဘဏ္ဍာအချို့ကိုလည်းယူ၍ မိမိ၏ဗာဗုလုန်နန်းတော်တွင်ထားတော် မူ၏။-
8 ၈ ယောယကိမ်ပြုမူသော အမှုအရာ ကြွင်းလေ သမျှတို့နှင့် ပြုမိသော ရွံရှာဘွယ်အမှု၊ ထင်ရှာသော စိတ်သဘောသည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
၈ယောယကိမ်၏စက်ဆုပ်ဖွယ်ကောင်းသည့် အပြုအမူများနှင့်ကူးလွန်သည့်ဒုစရိုက် များအပါအဝင်သူဆောင်ရွက်ခဲ့သည့် အခြား အမှုအရာအလုံးစုံကိုယုဒရာဇဝင်တွင် မှတ်တမ်းတင်ထားသတည်း။ သူ၏သားတော် ယေခေါနိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
9 ၉ ယေခေါနိသည် အသက်တဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလနှင့် ဆယ်ရက်စိုးစံ လေ၏။ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၏။
၉ယေခေါနိသည်အသက်တစ်ဆယ့်ရှစ်နှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက် ၍ယေရုရှလင်မြို့တွင်သုံးလမျှနန်းစံ ရလေသည်။ သူသည်လည်းထာဝရဘုရား ကိုပြစ်မှား၏။-
10 ၁၀ နှစ်လည်သောအခါ၊ နေဗုခဒ်နေဇာမင်းကြီး သည် စစ်ချီစေ၍၊ ထိုမင်းနှင့်တကွ ကောင်းမွန်သော ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွား၍၊ ဘထွေးတော် ဇေဒကိကို၊ ယုဒပြည် ယေရုရှလင်မြို့ နန်းတော်ပေါ်မှာ တင်လေ၏။
၁၀နွေဦးပေါက်သောအခါနေဗုခဒ်နေဇာမင်း သည်ယေခေါနိကိုဖမ်းဆီးပြီးလျှင်ဗာဗု လုန်ပြည်သို့ခေါ်ဆောင်သွား၏။ နန်းတော်ဘဏ္ဍာ များကိုလည်းသိမ်းယူသွားလေသည်။ ထို နောက်နေဗုခဒ်နေဇာသည်ယေခေါနိ၏ ဘထွေးတော် ဇေဒကိကိုယုဒဘုရင်အဖြစ်ဖြင့်ယေရု ရှလင်မြို့တွင်နန်းတင်တော်မူ၏။
11 ၁၁ ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ်စိုးစံလေ၏။
၁၁ဇေဒကိသည်အသက်နှစ်ဆယ့်တစ်နှစ်ရှိသော အခါယုဒဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်တစ်ဆယ့်တစ်နှစ်နန်းစံရလေ သည်။-
12 ၁၂ ထိုမင်းသည်လည်း၊ မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ပြု၏။ ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက်ယေရမိရှေ့မှာ ကိုယ်ကို မနှိမ့်ချ။
၁၂သူသည်ထာဝရဘုရားကိုပြစ်မှား၍ထာဝရ ဘုရား၏ဗျာဒိတ်တော်ကိုဆင့်ဆိုသူ ပရော ဖက်ယေရမိ၏စကားကိုနှိမ့်ချသောစိတ် ဖြင့်နားမထောင်ဘဲနေ၏။
13 ၁၃ ဘုရားသခင် အကျိန်တိုက်ပြီးသော နေဗုခဒ် နေဇာမင်းကြီးကို ပုန်ကန်လေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ မပြန်မည် အကြောင်း၊ မိမိလည်ပင်းကို၎င်း၊ မိမိနှလုံးကို၎င်း ခိုင်မာစေ၏။
၁၃ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-
14 ၁၄ ထိုမှတပါး၊ ယဇ်ပုရောဟိတ်အကြီးများနှင့် ပြည်သူပြည်သား ရှိသမျှတို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ်ပြုသည်အတိုင်း၊ အလွန်ပြစ်မှားကြ၏။ ယေရုရှလင်မြို့၌ ထာဝရဘုရား သန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ၏။
၁၄ယုဒအမျိုးသားခေါင်းဆောင်များ၊ ယဇ် ပုရောဟိတ်များနှင့်ပြည်သူတို့သည်လည်း မိမိတို့ပတ်ဝန်းကျင်ရှိလူမျိုးတို့၏အကျင့် ကိုလိုက်၍ ရုပ်တုများကိုဝတ်ပြုကိုးကွယ် ကာထာဝရဘုရားကိုယ်တော်တိုင်သီးသန့် ထားတော်မူသောဗိမာန်တော်ကိုညစ်ညမ်း စေကြ၏။-
15 ၁၅ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိလူမျိုးနှင့် မိမိနေတော်မူရာ အရပ်ကိုသနား သောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
၁၅သူတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရ ဘုရားသည် မိမိ၏လူမျိုးတော်နှင့်ဗိမာန်တော် ကိုချမ်းသာပေးတော်မူလိုသဖြင့် သူတို့အား သတိပေးရန်စေတမန်များကိုဆက်လက် စေလွှတ်တော်မူခဲ့၏။-
16 ၁၆ ဘုရားသခင်၏ တမန်တို့ကို ပြက်ယယ်ပြု၍ အမိန့်တော်ကို နားမထောင်၊ ပရောဖက်တို့ကို ညှဉ်းဆဲ သောကြောင့်၊ ထာဝရဘုရား၏အမျက်တော် မငြိမ်း နိုင်အောင်၊ မိမိလူမျိုးကို တွက်သဖြင့်၊
၁၆သို့ရာတွင်သူတို့သည်ဘုရားသခင်၏စေတမန် တို့အားပြက်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင် ကြ။ ပရောဖက်တို့အားပြောင်လှောင်ကြ၏။ သို့ ဖြစ်၍နောက်ဆုံး၌ထာဝရဘုရားသည်ပြင်း စွာအမျက်ထွက်တော်မူသဖြင့် သူတို့အား ချမ်းသာမပေးတော့ချေ။
17 ၁၇ ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာန အိမ်တော်၌ လူပျိုတို့ ကို ထားနှင့်သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသော သူတို့ကိုပင် မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင် လက်သို့အပ်တော်မူ၏။
၁၇ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်ကိုခေါ် ဆောင်တော်မူခဲ့၏။ ထိုဘုရင်သည်လည်းယုဒ လူငယ်လူရွယ်များကိုဗိမာန်တော်ထဲ၌ပင် သတ်ဖြတ်လေသည်။ ဘုရားသခင်သည်အသက် ကြီးသူ၊ ငယ်သူ၊ ယောကျာ်းမိန်းမ၊ ဖျားနာသူ၊ ကျန်းမာသူတို့ကိုမသနားဘဲရှိရှိသမျှ သောသူတို့ကိုဗာဗုလုန်ဘုရင်၏လက်သို့ အပ်တော်မူ၏။-
18 ၁၈ ဗိမာန်တော်တန်ဆာ အကြီးအငယ်ရှိသမျှတို့ကို၎င်း၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာ၊ မှူးမတ် ဘဏ္ဍာရှိသမျှတို့ကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွား၏။
၁၈ဗာဗုလုန်ဘုရင်သည်ဗိမာန်တော်ရှိအသုံး အဆောင်၊ ဗိမာန်တော်ဘဏ္ဍာ၊ မင်းကြီးနှင့်မှူး မတ်တို့၏ဘဏ္ဍာရှိသမျှကိုသိမ်းသွားလေ သည်။-
19 ၁၉ ဗိမာန်တော်ကိုလည်း မီးရှို့၍ ယေရုရှလင်မြို့ရိုး ကို ဖြိုဖျက်ကြ၏။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့၍ မြို့တန်ဆာအကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ၏။
၁၉သူသည်ဗိမာန်တော်နှင့်မြို့တော်ကိုမီးရှို့ လျက်ယေရုရှလင်မြို့ရိုးတို့ကိုဖြိုဖျက်၍ နန်းတော်အဆောက်အအုံများကိုအဖိုး တန်ပစ္စည်းများနှင့်အတူမီးရှို့ဖျက်ဆီး တော်မူ၏။-
20 ၂၀ ထားဘေးနှင့် လွတ်သောသူတို့ကို၊ ဗာဗုလုန်မြို့ သို့ သိမ်းသွား၍၊ သူတို့သည် ပေရသိနိုင်ငံ မတည်မှီ တိုင်အောင် ရှင်ဘုရင်ထံ၊ သားတော် မြေးတော်ထံ၌ ကျွန်ခံလျက်နေရကြ၏။
၂၀အသတ်မခံရဘဲကျန်ရှိနေသူတို့ကိုဗာဗု လုန်ပြည်သို့ခေါ်ယူသွားပြီးလျှင် ပေရသိ အင်ပါယာနိုင်ငံပေါ်ထွန်းချိန်တိုင်အောင် မိမိ နှင့်မိမိ၏သားမြေးများထံကျွန်ခံစေလေ သည်။-
21 ၂၁ ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိဆင့်ဆိုသော ထားဝရ ဘုရား၏ အမိန့်တော်သည် ပြည့်စုံရ၏။ ထိုပြည်သည် လူဆိတ်ညံလျက်နေသော ကာလ၊ အနှစ်ခုနစ်ဆယ် စေ့အောင် ဥပုသ်နေ့တို့ကို စောင့်သောအခွင့်ရှိသတည်း။
၂၁သို့ဖြစ်၍ပရောဖက်ယေရမိအားဖြင့်``ဥပုသ် နေ့အလုပ်ရပ်နားမှု မပြုခဲ့ကြသည်ကိုပြန်လည်အစားထိုး သည့်အနေဖြင့် ပြည်တော်တွင်အနှစ်ခုနစ် ဆယ်တိုင်တိုင်လူသူဆိတ်ညံလျက်နေလိမ့် မည်'' ဟုထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်တော်သည်အကောင်အထည်ပေါ် လာတော့၏။
၂၂ပေရသိဘုရင်ကုရု နန်းစံပထမနှစ်၌ထာဝရဘုရားသည် သူ့အား အမိန့်တော်တစ်ရပ်ထုတ်ဆင့်စေတော်မူ၍သူ ၏အင်ပါယာနိုင်ငံတစ်ဝန်းလုံးတွင်ဖတ်ကြား ကြေညာစေတော်မူ၏။ ဤသို့ပြုတော်မူခြင်း မှာပရောဖက်ယေရမိအားဖြင့်ထာဝရ ဘုရားပေးတော်မူသောဗျာဒိတ်တော်အတိုင်း ဖြစ်ပျက်လာစေရန်ပင်ဖြစ်သတည်း။
၂၃ထိုအမိန့်တော်တွင်``ဤအမိန့်ကားပေရသိ ဧကရာဇ်ကုရု၏အမိန့်တော်ဖြစ်၏။ ကောင်း ကင်ဗိုလ်ခြေဘုရင်ဘုရားသခင်ထာဝရ ဘုရားသည်ငါ့အားကမ္ဘာတစ်ဝှမ်းလုံးကို အုပ်စိုးစေတော်မူ၍ ယုဒပြည်ယေရုရှလင် မြို့၌ကိုယ်တော်၏အတွက် ဗိမာန်တော်ကို တည်ဆောက်ရန်တာဝန်ကိုငါ့အားပေးအပ် တော်မူလေပြီ။ ဘုရားသခင်၏လူမျိုး တော်ဖြစ်ကြကုန်သောသူအပေါင်းတို့သည် ယေရုရှလင်မြို့သို့သွားကြလော့။ ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ ပါစေသော'' ဟုဖော်ပြပါရှိလေသည်။ ရာဇဝင်ချုပ်ဒုတိယစောင်ပြီး၏။