< ၂ ရာဇဝင်ချုပ် 18 >
1 ၁ ယောရှဖတ်မင်းသည် ဂုဏ်အသရေနှင့် စည်းစိမ် ဥစ္စာများ၍၊ အာဟပ်မင်းနှင့် အမျိုးဆက်လေ၏။
၁ယောရှဖတ်မင်းသည်ချမ်းသာကြွယ်ဝ၍ဂုဏ် သတင်းကျော်စောလာသောအခါ ဣသရေလ ဘုရင်အာဟပ်မင်းနှင့်အမျိုးဆက်တော်မူ၏။-
2 ၂ နောက်တဖန်ရှမာရိမြို့၊ အာဟပ်မင်းထံသို့ ကိုယ်တိုင်သွား၍၊ ဣသရေလရှင်ဘုရင်အာဟပ်သည် ယုဒရှင်ဘုရင်ယောရှဖတ်နှင့်၊ သူ၏လူတို့အဘို့ များစွာ သော သိုးနွားတို့ကိုစီရင်၍၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ လိုက်စေခြင်းငှါ၊
၂နှစ်အနည်းငယ်ကြာသောအခါယောရှဖတ် သည် အာဟပ်ထံလည်ပတ်ရန်ရှမာရိမြို့သို့ ရောက်ရှိလာလေသည်။ အာဟပ်သည်ယောရှ ဖတ်နှင့်တကွသူနှင့်လိုက်ပါလာသူတို့ကို ဂုဏ်ပြုရန် သိုးနွားအမြောက်အမြားကိုသတ် ၍ဧည့်ခံပွဲကျင်းပတော်မူ၏။ သူသည်ယော ရှဖတ်အားမိမိနှင့်အတူဂိလဒ်ပြည်ရာ မုတ်မြို့ကိုတိုက်ခိုက်ရန်သွေးဆောင်လေ၏။-
3 ၃ ဂိလဒ်ပြည်ရာမုတ်မြို့သို့ ငါနှင့်အတူ လိုက်မည် လောဟုမေးလျှင်၊ ယောရှုဖတ်က၊ ငါသည် မင်းကြီးကဲ့သို့ ၎င်း၊ ငါသူတို့သည် မင်းကြီး၏လူကဲ့သို့ဖြစ်လျက်၊ မင်းကြီး နှင့်ဝိုင်း၍ စစ်တိုက်မည်ဟု ပြန်ပြော၏။
၃သူက``အဆွေတော်သည်ရာမုတ်မြို့ကိုတိုက် ခိုက်ရန်ကျွန်ုပ်နှင့်အတူလိုက်မည်လော'' ဟု မေး၏။ ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိ ချိန်၌ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏တပ်မတော်သည်လည်းထိုနည်းတူ ပင်ဖြစ်ပါ၏။ ကျွန်ုပ်တို့သည်သင်နှင့်အတူ လိုက်ပါမည်'' ဟုပြန်ပြောတော်မူ၏။-
4 ၄ တဖန်ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော်၊
၄ထိုနောက်သူသည်ဆက်၍``သို့ရာတွင်ဤ ကိစ္စကိုထာဝရဘုရားအားဦးစွာမေး မြန်းလျှောက်ထားပါလော့'' ဟုဆို၏။
5 ၅ ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာ တို့ကို စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲနေ ကောင်းသလောဟု မေးသော်၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက် ကြ၏။
၅သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုသွားရောက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားကြလော့'' ဟုမိန့်တော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ဘုရားသခင်သည်အရှင့်အားအောင်ပွဲခံစေတော် မူပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
6 ၆ ယောရှဖတ်ကလည်း၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ ပရောဖက်တစုံတပါးမျှမရှိသလောဟု မေးသော်၊
၆သို့ရာတွင် ယောရှဖတ်က``ကျွန်ုပ်တို့အတွက် ထာဝရဘုရားအားလျှောက်ထားမေးမြန်း ပေးမည့်အခြားပရောဖတ်တစ်ပါးရှိ ပါသေးသလော'' ဟုမေး၏။
7 ၇ ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသော သူတယောက်၊ ဣမလသားမိက္ခာ ရှိသေး၏။ သို့ရာတွင်။ ထိုသူကိုငါမုန်း၏။ ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ အစဉ်ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က၊ ထိုသို့မင်းကြီး မပြောပါနှင့်ဟု ပြန်ဆို၏။
၇အာဟပ်က``အခြားပရောဖတ်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော။ အဆိုး ကိုသာလျှင်အစဉ်ဟောတတ်သဖြင့်သူ့ ကိုကျွန်ုပ်မုန်းပါ၏'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``အဆွေတော်ဤသို့ မပြောသင့်ပါ'' ဟုဆို၏။
8 ၈ ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိ တယောက်ကိုခေါ်၍၊ ဣမလသားမိက္ခာကို အလျင် အမြန်ခေါ်ခဲ့ဟု မိန့်တော်မူ၏။
၈သို့ဖြစ်၍အာဟပ်မင်းသည်နန်းတွင်းအရာရှိ တစ်ဦးကိုခေါ်ပြီးလျှင် မိက္ခာအားချက်ချင်း ခေါ်ဆောင်ခဲ့ရန်အမိန့်ပေးတော်မူ၏။
9 ၉ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယော ရှဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက်၊ ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသောအရပ်၌ ရာဇပလ္လင် တို့အပေါ်မှာ ထိုင်၍၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော်၌ ဟောပြောကြ၏။
၉ဘုရင်နှစ်ပါးတို့သည်မင်းမြောက်တန်ဆာများ ကိုဝတ်ဆင်ကာရှမာရိမြို့၊ မြို့တံခါးပြင် ကောက်နယ်တလင်း၌ရာဇပလ္လင်များပေါ် တွင်ထိုင်လျက်နေကြ၏။ သူတို့၏ရှေ့၌ ပရောဖက်အပေါင်းသည်ဟောလျက်နေ ကြ၏။-
10 ၁၀ ခေနာနာသားဇေဒကိသည် သံဦးချိုတို့ကို လုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော် သည် ရှုရိပြည်ကို မဖျက်ဆီးမှီတိုင်အောင်၊ ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
၁၀ပရောဖက်တစ်ပါးဖြစ်သူ၊ ခေနာနာ၏သား ဇေဒကိသည်သံဦးချိုများကိုပြုလုပ်ပြီး လျှင်အာဟပ်အား``ထာဝရဘုရားက`သင်သည် ဤဦးချိုများဖြင့်ရှုရိတပ်အားချေမှုန်း လိမ့်မည်' ဟုမိန့်တော်မူပါသည်'' ဟုလျှောက်၏။-
11 ၁၁ ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့စစ်ချီ၍ အောင်တော်မူပါ၊ ထာဝရ ဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော် မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။
၁၁အခြားပရောဖက်အပေါင်းတို့သည်လည်း ဤအတိုင်းပင်မင်းကြီးအားလျှောက်ထား ကြ၏။ သူတို့က``ရာမုတ်မြို့ကိုချီတက် တော်မူပါ။ ထာဝရဘုရားသည်အရှင့်အား အောင်ပွဲခံစေတော်မူပါလိမ့်မည်'' ဟု ဟောကြ၏။
12 ၁၂ မိက္ခာကိုခေါ်သောတမန်က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ၊ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟုဆိုလျှင်၊
၁၂ဤအတောအတွင်း၌မိက္ခာထံသို့သွားသော နန်းတွင်းအရာရှိကမိက္ခာအား``ပရောဖက်အား လုံးကပင်မင်းကြီးသည်အောင်မြင်လိမ့်မည် ဖြစ်ကြောင်းဟောကြပါပြီ။ ကိုယ်တော်သည် လည်းဤအတိုင်းဟောသင့်ပါသည်'' ဟုဆို၏။
13 ၁၃ မိက္ခာက၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊ ငါ၏ဘုရားသခင်မိန့်တော်မူသော စကားကိုသာ ငါပြန်ပြောရမည်ဟုဆို၏။
၁၃သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်းဖော်ပြရလိမ့်မည်ဖြစ် ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါဆို၏'' ဟုပြော၏။
14 ၁၄ ရှင်ဘုရင်ထံသို့ရောက်သောအခါ၊ ရှင်ဘုရင်က၊ အချင်းမိက္ခာ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော။ မချီဘဲနေ ကောင်းသလောဟုမေးလျှင်၊ မိက္ခာကစစ်ချီ၍ အောင်တော်မူပါ။ ရန်သူတို့ကို လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက်၏။
၁၄သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်သော အခါမင်းကြီးက``အချင်းမိက္ခာ၊ ယောရှဖတ် မင်းနှင့်ငါသည်ရာမုတ်မြို့သို့ချီတက်တိုက် ခိုက်သင့်သလော၊ မသင့်သလော'' ဟုမေး တော်မူ၏။ မိက္ခာကလည်း``တိုက်ခိုက်တော်မူပါ၊ အောင်မြင် တော်မူပါလိမ့်မည်။ ထာဝရဘုရားသည် အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟု ပြန်လည်လျှောက်ထား၏။
15 ၁၅ ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း၊ ငါသည်ဘယ်နှစ်ကြိမ် တိုင်အောင် သင့်အား အကျိန်ပေးရမည်နည်းဟု မေးသော်၊
၁၅သို့ရာတွင်အာဟပ်က``ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍ဟောရာတွင်ဟုတ်မှန်သည် ကိုသာဟောရန်သင့်အားငါဘယ်နှစ်ကြိမ် သတိပေးရပါမည်နည်း'' ဟုဆို၏။
16 ၁၆ မိက္ခာက၊ ဣသရေလအမျိုးသားအပေါင်းတို့ သည် သိုးထိန်းမရှိသောသိုးကဲ့သို့ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက်ရှိကြသည်ကို ငါမြင်ပြီ။ ထာဝရ ဘုရားကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသော ကြောင့်၊ အသီးသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
၁၆ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့သည် သိုးထိန်းမဲ့သည့်သိုးများကဲ့သို့တောင်ကုန်း များပေါ်တွင်ကွဲလွင့်လျက်နေသည်ကိုငါ မြင်၏။ ထာဝရဘုရားကလည်း`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့အေးချမ်းစွာပြန်ခွင့်ပြုလော့' ဟုမိန့် တော်မူပါသည်''ဟုဆို၏။
17 ၁၇ ဣသရေလရှင်ဘုရင်ကလည်း၊ သူသည် ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟုမင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို၏။
၁၇အာဟပ်သည်ယောရှဖတ်အား``ဤသူသည် အဘယ်အခါ၌မျှကျွန်ုပ်အတွက်အကောင်း ကိုမဟော။ အဆိုးကိုသာအစဉ်ဟောတတ် ကြောင်းအဆွေတော်အားကျွန်ုပ်ဖော်ပြပြီး လေပြီ'' ဟုဆို၏။
18 ၁၈ မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင် တော်ပေါ်မှာ ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ျာတော်ဘက်၊ လက်ဝဲ တော်ဘက်၌ရပ်နေကြသည်ကို၎င်း၊ ငါမြင်ပြီ။
၁၈မိက္ခာကဆက်လက်၍အာဟပ်အား``ထာဝရ ဘုရားမိန့်တော်မူသောစကားကို ယခုနား ထောင်ပါလော့။ ထာဝရဘုရားသည်ကောင်းကင် ဘုံရှိပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏အပါး တော်တွင် ကောင်းကင်တမန်များရပ်လျက်နေ ကြသည်ကိုလည်းကောင်းငါမြင်၏။-
19 ၁၉ ထာဝရဘုရားကလည်း၊ အာဟပ်သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ၍ဆုံးစေခြင်းငှါ၊ အဘယ်သူ သွေးဆောင်မည်နည်းဟု မေးတော်မူလျှင်၊ အခြံအရံ တော်တို့သည် တယောက်တနည်းစီ ပြန်လျှောက်ကြ၏။
၁၉ထာဝရဘုရားက`အာဟပ်သည်ရာမုတ်မြို့ကို သွား၍အသတ်ခံရစေရန်သူ့အားအဘယ်သူ လိမ်လည်လှည့်စားပါမည်နည်း' ဟုမေးတော်မူ လျှင်ကောင်းကင်တမန်တို့သည်အမျိုးမျိုး အဖုံဖုံလျှောက်ထားကြ၏။-
20 ၂၀ တဖန်ဝိညာဉ်တပါးသည်လာ၍ ထာဝရဘုရား ရှေ့တော်၌ ရပ်လျက်၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟု လျှောက်လျှင်၊
၂၀နောက်ဆုံး၌ဝိညာဉ်တစ်ပါးသည်ထာဝရဘုရား ၏ရှေ့တော်သို့လာ၍`ဤသူအားအကျွန်ုပ်လိမ် လည်လှည့်စားပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားက`အဘယ်သို့နည်း' ဟုမေးတော်မူသော်၊-
21 ၂၁ ထာဝရဘုရားက၊ အဘယ်သို့သွေးဆောင်မည် နည်းဟု မေးတော်မူသော်၊ အကျွန်ုပ်သွား၍ ထိုမင်းကြီး ၏ပရောဖက်အပေါင်းတို့ထဲမှာ၊ မုသားစကားကို ပြော တတ်သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော် သင်သည်သွေးဆောင်၍ နိုင်လိမ့်မည်။ ထိုသို့သွား၍ ပြုလော့ဟု မိန့်တော်မူ၏။
၂၁ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရောဖက် များထံသို့သွား၍သူတို့အားလိမ်လည်ဟောပြော စေပါမည်' ဟုလျှောက်၏။ ထာဝရဘုရားကလည်း`သင် သွား၍အာဟပ်အားလိမ်လည်လှည့်စားလော့။ အောင်မြင်ခွင့်ရလိမ့်မည်' ဟုမိန့်တော်မူပါ၏'' ဟုဆင့်ဆိုလေ၏။
22 ၂၂ သို့ဖြစ်၍ ထာဝရဘုရားသည် မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ပရောဖက် အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ၏။
၂၂ထိုနောက်မိက္ခာက``ထာဝရဘုရားသည်ဤပရော ဖက်တို့ကိုအရှင့်အားလိမ်လည်ဟောပြောစေ တော်မူ၏။ သို့ရာတွင်အရှင်တွေ့ကြုံရမည့်ဘေး အန္တရာယ်ကိုမူထာဝရဘုရားကိုယ်တော်တိုင် စီရင်ခွဲခန့်ထားတော်မူ၏'' ဟုဆိုလေသည်။
23 ၂၃ ထိုအခါ ခေနာနာသားဇေဒကိသည် ချဉ်းလာ၍ မိက္ခာ၏ပါးကို ပုတ်လျက်၊ ထာဝရဘုရား၏ ဝိညာဉ်တော် သည် သင်နှင့်နှုတ်ဆက်ခြင်းငှါ၊ အဘယ်လမ်းဖြင့် ငါမှ ထွက်တော်မူသနည်းဟု မေးလျှင်၊
၂၃ထိုအခါပရောဖက်ဇေဒကိသည်မိက္ခာအနီး သို့ချဉ်းကပ်၍ပါးကိုရိုက်လျက်``ထာဝရဘုရား ၏ဝိညာဉ်တော်သည်သင့်အားမိန့်မြွက်တော်မူရန် ဘယ်အချိန်တွင်ငါ့ထံမှထွက်ခွာသွားတော် မူပါသနည်း'' ဟုမေး၏။
24 ၂၄ မိက္ခာက၊ သင်သည်ပုန်းရှောင်၍နေခြင်းငှါ၊ အတွင်းခန်းထဲသို့ ဝင်သောနေ့၌ သင်မြင်လိမ့်မည်ဟု ဆို၏။
၂၄မိက္ခာက``သင်ပုန်းအောင်းရန်အတွင်းခန်းသို့ ဝင်သောအခါသိရလိမ့်မည်'' ဟုပြန်ပြော လေသည်။
25 ၂၅ ဣသရေလရှင်ဘုရင်က၊ မိက္ခာကို မြို့ဝန်မင်း အာမုန်ထံ၊ သားတော်ယောရှထံသို့ ယူသွား၍၊
၂၅ထိုနောက်အာဟပ်သည်မိမိ၏နန်းတွင်းအရာ ရှိတစ်ယောက်အား``မိက္ခာကိုဖမ်းဆီး၍မြို့ဝန် အာမုန်နှင့်ယောရှမင်းသားထံသို့ခေါ်ဆောင် သွားလော့။-
26 ၂၆ ဤသူကို ထောင်ထဲမှာလှောင်ထားကြ။ ငါသည် ငြိမ်ဝပ်စွာပြန်၍ မလာမှီတိုင်အောင်၊ ဆင်းရဲစွာ စားသောက်စေဟု အမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့ ဟု စီရင်၏။
၂၆သူ့အားအကျဉ်းချကာငါကောင်းမွန်ချော မောစွာပြန်လည်ရောက်ရှိလာချိန်တိုင်အောင် မုန့်နှင့်ရေကိုသာကျွေးမွေးထားရန်သူတို့ အားပြောကြားလော့'' ဟုအမိန့်ပေးတော် မူ၏။
27 ၂၇ မိက္ခာကလည်း၊ မင်းကြီးသည် ငြိမ်စပ်စွာ ပြန်လာရလျှင်၊ ထာဝရဘုရားသည် ငါ့အားဖြင့်မိန့်တော် မမူ၊ အိုလူများအပေါင်းတို့၊ နားထောင်ကြလော့ဟုဆို၏။
၂၇မိက္ခာက``အကယ်၍ဘုရင်မင်းကောင်းမွန်ချော မောစွာပြန်လာရလျှင်ငါဆင့်ဆိုသောစကား သည်ထာဝရဘုရားမိန့်တော်မူသောစကား မဟုတ်'' ဟုပြောပြီးနောက်ဆက်လက်၍``အို လူ အပေါင်းတို့၊ ငါပြောသည်ကိုနားထောင်ကြ လော့'' ဟုဆို၏။
28 ၂၈ ထိုသို့ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည်၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ၏။
၂၈ထိုနောက်ဣသရေလဘုရင်အာဟပ်နှင့်ယုဒ ဘုရင်ယောရှဖတ်တို့သည်ဂိလဒ်ပြည်၊ ရာမုတ် မြို့သို့ချီတက်ကြ၏။-
29 ၂၉ ဣသရေလရှင်ဘုရင်က၊ ငါသည် ခြားနားသော အယောင်ကို ဆောင်၍စစ်ပွဲထဲသို့ ဝင်မည်။ မင်းကြီးမူ ကား၊ မင်မြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှ ဖတ်အားဆိုပြီးမှ၊ ဣသရေလရှင်ဘုရင်သည် ခြားနား သော အယောင်ကိုဆောင်လျက် စစ်ပွဲထဲသို့ဝင်၏။
၂၉အာဟပ်ကယောရှဖတ်အား``စစ်ပွဲသို့ဝင်ရောက် သောအခါကျွန်ုပ်သည်ကိုယ်ကိုရုပ်ဖျက်၍သွား ပါမည်။ အဆွေတော်မူကားမင်းမြောက်တန်ဆာ ကိုဝတ်ဆင်လျက်သွားပါလော့'' ဟုဆိုလေသည်။ ဤသို့ဆိုပြီးနောက်ဣသရေလဘုရင်သည် ရုပ်ဖျက်၍တိုက်ပွဲဝင်လေ၏။
30 ၃၀ ရှုရိရှင်ဘုရင်က၊ ဣသရေလရှင်ဘုရင်မှတပါး၊ အခြားသော လူကြီးလူငယ်ကို မတိုက်နှင့်ဟု ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့ကိုမှာထားနှင့်သောကြောင့်၊
၃၀ရှုရိဘုရင်သည်မိမိ၏ရထားတပ်မှူးတို့ အားဣသရေလဘုရင်မှတစ်ပါးအခြား အဘယ်သူကိုမျှမတိုက်ခိုက်ရန်အမိန့်ပေး ထားလေသည်။-
31 ၃၁ ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင်သောအခါ၊ ထိုသူသည် ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်ဟုဆိုလျက်၊ သူ့ကို တိုက်အံ့သောငှါ ဝိုင်းလာ ကြ၍၊ ယောရှဖတ်လည်း ကြွေးကြော်လေ၏။ ထာဝရ ဘုရားလည်းမစ၍ သူတို့ကိုလွှဲသွားစေခြင်းငှါ၊ ဘုရား သခင်သွေးဆောင်တော်မူ၏။
၃၁ထိုကြောင့်သူတို့သည်ယောရှဖတ်မင်းကိုမြင် သောအခါ ဣသရေလဘုရင်ဟုထင်မှတ်ကာ ပြန်လှည့်၍တိုက်ခိုက်ကြ၏။ သို့ရာတွင်ယောရှ ဖတ်ဟစ်အော်လိုက်သောအခါဘုရားသခင် ထာဝရဘုရားသည်သူ့ကိုကယ်ဆယ်၍ ရန်သူ တို့သည်အခြားတစ်ဖက်သို့လှည့်၍တိုက်ခိုက် ကြ၏။-
32 ၃၂ ဣသရေလရှင်ဘုရင်မဟုတ်ကြောင်းကို၊ ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ၊ မလိုက်ဘဲ အခြားသို့ ရှောင်သွားကြ၏။
၃၂ရထားတပ်မှူးတို့သည်ဣသရေလဘုရင် မဟုတ်ကြောင်းသိသော်လွှဲရှောင်သွားကြ၏။-
33 ၃၃ လူတယောက်သည် မရွယ်ဘဲလေးနှင့်ပစ်၍၊ ဣသရေလရှင်ဘုရင်ကို၊ သံချပ်အင်္ကျီအဆစ်ကြားမှာ မှန်လေသော်၊ ငါ့ကိုစစ်ပွဲထဲက လှည့်၍ ထုတ်ဆောင် လော့။ ငါနာသည်ဟု မိမိရထားတော်ထိန်းကိုဆို၏။
၃၃သို့ရာတွင်ရှုရိတပ်သားတစ်ယောက်သည်မြား တစ်စင်းကိုပစ်လွှတ်လိုက်ရာ အမှတ်မထင် အာဟပ်၏သံချပ်အင်္ကျီအဆက်ကြားကို ထိမှန်သွားလေသည်။ မင်းကြီးသည်မိမိကို မြားချက်ထိပြီဖြစ်ကြောင်းပြောပြီးနောက် ရထားမှူးအားတိုက်ပွဲမှထွက်ခွာသွားရန် အမိန့်ပေးတော်မူ၏။-
34 ၃၄ ထိုနေ့၌တိုး၍တိုက်ကြ၏။ ဣသရေလရှင်ဘုရင် သည် ညဦးယံတိုင်အောင်၊ ရှုရိလူတဘက်တချက်၌ ရထားတော်ထဲမှာ လူကိုမှီ၍ထိုင်နေ၏။ နေဝင်ချိန်နီး သောအခါ အသက်တော်ကုန်၏။
၃၄တိုက်ပွဲဖြစ်လျက်နေချိန်၌အာဟပ်မင်းသည် ရှုရိတပ်ကိုမျက်နှာမူလျက် မိမိရထားပေါ် တွင်မှီ၍ထိုင်နေ၏။ နေဝင်ချိန်၌ကွယ်လွန် လေ၏။