< ၁ ဓမ္မရာဇဝင် 26 >
1 ၁ တဖန်ဇိဖသားတို့သည် ရှောလုရှိရာ ဂိဗာမြို့သို့လာ၍၊ ဒါဝိဒ်သည် ယေရှိမုန်မြို့ရှေ့မှာ ဟခိလတောင်၌ ပုန်းရှောင်၍ နေပါသည်မဟုတ်လောဟု လျှောက်လျှင်၊
၁ဇိဖမြို့မှလူအချို့တို့သည်ရှောလုရှိရာဂိဗာ မြို့သို့လာရောက်၍ ဒါဝိဒ်သည်ယုဒတောကန္တာရ အစွန်နားရှိဟခိလတောင်ပေါ်တွင်ပုန်းအောင်း နေပါသည်ဟုလျှောက်ထားကြ၏။-
2 ၂ ရှောလုသည် ထ၍ ရွေးကောက်သော ဣသရေလလူသုံးထောင်ပါလျက်၊ ဇိဖတော၌ ဒါဝိဒ်ကို ရှာခြင်းငှါသွားလေ၏။
၂ရှောလုသည်ချက်ချင်းပင်မိမိ၏လက်ရွေး စင်စစ်သည်တော်သုံးထောင်နှင့်အတူ ဒါဝိဒ် ကိုရှာရန်ဇိဖတောကန္တာရသို့ချီတက်ပြီး လျှင်၊-
3 ၃ ရှောလုသည် ယေရှိမုန်မြို့ရှေ့၊ ဟခိလတောင်ပေါ်လမ်းနားမှာ တပ်ချ၏။ ဒါဝိဒ်သည် တော၌နေ၍ ရှောလုလိုက်ရှာကြောင်းကို သိမြင်သောအခါ၊
၃ဟခိလတောင်ပေါ်လမ်းအနီးတွင်တပ်စခန်း ချ၏။ ထိုအချိန်၌ဒါဝိဒ်သည်တောကန္တာရ တွင်ပင်ရှိ၍ မိမိအားရှာဖွေရန်ရှောလုတော ကန္တာရထဲသို့ရောက်ရှိလာသည့်သတင်း ကိုကြားသောအခါ၊-
4 ၄ သူလျှိုတို့ကို စေလွှတ်၍ ရှောလုရောက်ကြောင်းကို အတပ်သိ၏။
၄သူလျှိုများကိုစေလွှတ်စုံစမ်းစေရာအကယ် ပင်ရှောလုရောက်ရှိနေကြောင်းသိရှိရလေ သည်။-
5 ၅ ထိုအခါ ဒါဝိဒ်သည် ထသွား၍၊ ရှောလု တပ်ချရာအရပ်သို့ရောက်သဖြင့်၊ ရှောလုနှင့် ဗိုလ်ချုပ်မင်း နေရ၏သား အာဗနာ အိပ်ရာအရပ်ကို ကြည့်ရှုလေ၏။ ရှောလုသည် ရထားတပ်အလယ်၌ အိပ်လျက်၊ တပ်သားတို့သည် ပတ်လည်၌ နေရာကျကြ၏။
၅သူသည်ရှောလုတပ်ချရာသို့ချက်ချင်းသွား ၍ရှောလုနှင့်နေရ၏သား၊ ရှောလု၏ဗိုလ်ချုပ် အာဗနာတို့အိပ်စက်သည့်နေရာကိုကြည့်ရှု ၏။ ရှောလုသည်တပ်စခန်းအလယ်တွင်အိပ်၍ သူ၏လူတို့မူကားသူ့ကိုဝိုင်းရံလျက်အိပ် ကြ၏။
6 ၆ ဒါဝိဒ်ကလည်း၊ ရှောလုရှိရာ တပ်သို့ ငါနှင့် အတူ အဘယ်သူလိုက်မည်နည်းဟု ဟိတ္တိအမျိုးသား အဟိမလက်နှင့် ဇေရုယာ၏သား ယွာဘညီ အဘိရှဲတို့ကို မေးလျှင်၊ အဘိရှဲက ကျွန်တော် လိုက်ပါမည်ဟု လျှောက်သည်အတိုင်း၊
၆ထိုနောက်ဒါဝိဒ်သည်ဟိတ္တိအမျိုးသားအဟိ မလက်နှင့်ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား``သင်တို့နှစ်ဦးအနက် အဘယ်သူသည်ရှောလု၏တပ်စခန်းသို့ ငါနှင့်အတူ လိုက်ပါမည်နည်း'' ဟုမေး၏။ အဘိရှဲက``အကျွန်ုပ်လိုက်ပါမည်'' ဟုဆို၏။
7 ၇ ဒါဝိဒ်နှင့် အဘိရှဲတို့သည် ညဉ့်အခါ တပ်သားများရှိရာသို့ သွား၍ ရှောလုသည် ရထားတပ်အလယ်၌ အိပ်ပျော်လျက်၊ လှံတော်သည် ခေါင်းရင်းအနား မြေ၌ စိုက်လျက်၊ အာဗနာနှင့် တပ်သားများတို့သည် ပတ်လည်၌အိပ်လျက်ရှိကြ၏။
၇သို့ဖြစ်၍ထိုညဥ့်၌ဒါဝိဒ်နှင့်အဘိရှဲတို့ သည်ရှောလု၏တပ်စခန်းသို့ဝင်ရောက်ကြ ရာတပ်စခန်းအလယ်တွင် ရှောလုသည်မိမိ ၏လှံကိုခေါင်းရင်းတွင်စိုက်၍အိပ်ပျော်နေ သည်ကိုတွေ့ရှိကြ၏။ အာဗနာနှင့်စစ်သည် တပ်သားတို့ကမူရှောလုပတ်လည်တွင် အိပ်လျက်နေကြလေသည်။-
8 ၈ အဘိရှဲကလည်း၊ ဘုရားသခင်သည် ကိုယ်တော်၏ ရန်သူကို ကိုယ်တော်လက်၌ ယနေ့အပ်တော်မူပြီ။ ထိုကြောင့် ကျွန်တော်သည် မြေတိုင်အောင်လှံနှင့် တချက်တည်းထိုးပါရစေဟု ကျွန်တော် တောင်းပန်ပါ၏။ နှစ်ချက်တိုင်အောင် မထိုးပါဟု ဒါဝိဒ်ကို လျှောက်သော်လည်း၊
၈အဘိရှဲကဒါဝိဒ်အား``ဘုရားသခင်သည် အရှင်၏ရန်သူကိုယနေ့အရှင့်လက်သို့အပ် တော်မူပြီ။ သို့ဖြစ်၍သူ့အားသူ့လှံဖြင့်ပင် တစ်ချက်တည်းမြေတွင်စိုက်နေအောင်ထိုး သတ်ခွင့်ပေးတော်မူပါ။ နှစ်ချက်ထိုးရန် လိုမည်မဟုတ်ပါ'' ဟုလျှောက်၏။
9 ၉ ဒါဝိဒ်ကသူ့ကို မပြုနှင့်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သူကို အဘယ်သူ အပြစ်လွှတ်လျက် ထိခိုက်နိုင်သနည်းဟု အဘိရှဲအား ပြန်ဆို၏။
၉သို့ရာတွင်ဒါဝိဒ်က``သင်သည်မင်းကြီးအား ဘေးအန္တရာယ်မပြုရ။ ထာဝရဘုရားသည် မိမိဘိသိက်ပေးတော်မူသောဘုရင်အား ဘေး အန္တရာယ်ပြုသူမည်သူကိုမဆိုဧကန်မုချ အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။-
10 ၁၀ တဖန်ဒါဝိဒ်က၊ ထာဝရဘုရားအသက် ရှင်တော်မူသည်အတိုင်း၊ ဒဏ်ခတ်တော်မူမည်။ သို့မဟုတ် သူသေချိန်ရောက်လိမ့်မည်။ သို့မဟုတ် စစ်တိုက်ရာ၌ အသက်ဆုံးလိမ့်မည်။
၁၀ထာဝရဘုရားကိုယ်တော်တိုင်ပင်လျှင်ရှောလု အား ဋ္ဌမ္မတာအလျောက်သေချိန်ရောက်သည့်အခါ ၌ဖြစ်စေ၊ စစ်ပွဲတွင်ကျဆုံးသောအခါ၌ဖြစ် စေဒဏ်စီရင်တော်မူမည်ဖြစ်ကြောင်း အသက် ရှင်တော်မူသောထာဝရဘုရားအားဖြင့် ငါသိ၏။-
11 ၁၁ ထာဝရဘုရား ပေးတော်မူသော ဘိသိက်ခံသူကို ငါမထိခိုက်မည်အကြောင်း ထာဝရဘုရား ဆီးတားတော်မူပါစေသော။ သို့ရာတွင် ခေါင်းရင်းတော်နားမှာရှိသော လှံတော်နှင့် ရေဘူးကို ယူ၍ သွားကြကုန်အံ့ဟု ဆိုလျက်၊
၁၁ဘုရားသခင်ခန့်ထားတော်မူသည့်ဘုရင်ကို ဘေးအန္တရာယ်မပြုမိစေရန် ငါ့အားကိုယ်တော် ဆီးတားတော်မူပါစေသော။ ငါတို့သည်မင်း ကြီး၏လှံတော်နှင့်ရေဘူးတော်တို့ကိုယူ၍ သွားကြကုန်အံ့'' ဟုဆို၏။-
12 ၁၂ လှံတော်နှင့် ရေဘူးကို ရှောလုခေါင်းရင်းနားက ယူ၍ သွားကြ၏။ အဘယ်သူမျှ မသိမမြင်၊ အဘယ်သူမျှ မနိုး၊ ကြီးစွာသော အိပ်ခြင်းဖြင့် ထာဝရဘုရား အိပ်စေတော်မူသောကြောင့်၊ ထိုသူအပေါင်းတို့သည် အိပ်ပျော်ကြ၏။
၁၂ထိုနောက်ဒါဝိဒ်သည်ရှောလု၏ခေါင်းရင်းတွင် ရှိသောလှံနှင့်ရေဘူးကိုယူ၍ အဘိရှဲနှင့် အတူထွက်သွား၏။ ထာဝရဘုရားသည်တစ် တပ်လုံးကိုအိပ်မောကျစေတော်မူသဖြင့် အဘယ်သူမျှမသိမမြင်မနိုးမကြား ကြ။
13 ၁၃ ထိုအခါ ဒါဝိဒ်သည် ကျယ်သောချိုင့် တဘက်သို့ကူး၍၊ ဝေးသော တောင်ထိပ် အပေါ်မှာရပ်လျက်၊
၁၃ထိုနောက်ဒါဝိဒ်သည်ချိုင့်ဝှမ်းတစ်ဘက်သို့ကူး ပြီးနောက် ဘေးကင်းလောက်အောင်ဝေးရာသို့ ရောက်သောအခါတောင်ကုန်းထိပ်တွင်ရပ် လျက်၊-
14 ၁၄ အိုအာဗနာ၊ သင်သည် မထူးသလောဟု လူများနှင့် နေရသား အာဗနာကို ဟစ်လေ၏။ အာဗနာက၊ ရှင်ဘုရင်ကို ဟစ်သောသင်ကား အဘယ်သူနည်းဟု ပြန်၍မေးလျှင်၊
၁၄ရှောလု၏တပ်သားများနှင့်အာဗနာအား``အို အာဗနာသင်သည်ငါပြောသည်ကိုကြား ရပါ၏လော'' ဟုဟစ်အော်လေ၏။ အာဗနာက``မင်းကြီးအိပ်ရာမှနိုးအောင်အော် ဟစ်နေသူကားအဘယ်သူနည်း'' ဟုမေး၏။
15 ၁၅ ဒါဝိဒ်က၊ သင်သည်ယောက်ျားမဟုတ်လော။ ဣသရေလအမျိုး၌ သင်နှင့်အဘယ်သူ တူသနည်း။ သို့ဖြစ်၍ သင်၏သခင် ရှင်ဘုရင်ကို အဘယ်ကြောင့်မစောင့်သနည်း။ သင်၏သခင်ရှင်ဘုရင်ကို သတ်အံ့သောငှါ လူတယောက်ဝင်လေပြီ။
၁၅ဒါဝိဒ်က``အို အာဗနာ၊ သင်သည်ဣသရေလ ပြည်တွင်ခွန်အားအကြီးဆုံးသောသူမဟုတ် ပါလော။ သို့ဖြစ်၍သင်၏အရှင်သခင်ဘုရင် မင်းမြတ်အား အဘယ်ကြောင့်မကာကွယ်မစောင့် ရှောက်ဘဲနေပါသနည်း။ ခုတင်ကပင်လျှင်လူ တစ်ယောက်သည်သင်၏အရှင်သခင်ကိုသတ် ရန်တပ်စခန်းထဲသို့ဝင်ခဲ့၏။-
16 ၁၆ သင်ပြုသောအမှုသည် မလျောက်ပတ်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သင်၏သခင်ကို မစောင့်သောကြောင့်၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သင်သည် အသေခံထိုက်ပေ၏။ ခေါင်းရင်းတော်နားမှာ ထားသော ရှင်ဘုရင်၏ လှံတော်နှင့် ရေဘူးတော်ရှိသည် မရှိသည်ကို ကြည့်ရှုလော့ဟု အာဗနာအားပြောဆို၏။
၁၆အချင်းအာဗနာ၊ သင်သည်ဝတ္တရားပျက်ကွက် ခဲ့ပါသည်တကား။ ဘုရင်အဖြစ်ဘုရားသခင် ခန့်ထားတော်မူသောသင်၏အရှင်ကို သင်သည် မစောင့်ရှောက်ခဲ့သဖြင့်သင်တို့အားလုံးပင် သေဒဏ်ခံသင့်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏။ ဘုရင်၏လှံတော်သည် အဘယ်မှာရှိသည်ကိုကြည့်လော့။ ခေါင်း ရင်းတော်အနီးတွင်ထားသည့်ရေဘူးတော် ကားအဘယ်မှာရှိသနည်း'' ဟုမေး၏။
17 ၁၇ ရှောလုသည် ဒါဝိဒ်စကားသံကို သိ၍ ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟု မေးလျှင် ဒါဝိဒ်က ကျွန်တော်စကားသံမှန်ပါ၏။ ကျွန်တော်သခင်အရှင်မင်းကြီးဟု လျှောက်လေ၏။
၁၇ရှောလုသည်ဒါဝိဒ်၏အသံကိုမှတ်မိသဖြင့်``သင် သည်ငါ့သားဒါဝိဒ်ပေလော'' ဟုမေးတော်မူ၏။ ဒါဝိဒ်က``မှန်လှပါအရှင်မင်းကြီး၊-
18 ၁၈ တဖန်ဒါဝိဒ်က၊ သခင်သည် ကိုယ်တော်ကျွန်ကို အဘယ်ကြောင့် ဤသို့လိုက်၍ရှာတော်မူသနည်း။ ကျွန်တော်သည် အဘယ်သို့ပြုပါသနည်း။ ကျွန်တော်အဘယ်အပြစ် ရှိပါသနည်း။
၁၈အရှင်သည်အဘယ်ကြောင့်မိမိ၏အစေခံဖြစ် သူအကျွန်ုပ်အား လိုက်လံဖမ်းဆီးလျက်ပင်ရှိ နေပါသေးသနည်း။ အကျွန်ုပ်သည်အဘယ် ရာဇဝတ်မှုကိုကူးလွန်မိပါသနည်း။-
19 ၁၉ ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်တော်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တဘက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကို လက်ခံတော်မူပါစေသော။ သို့မဟုတ် လူသားတို့ နှိုးဆော်သည် မှန်လျှင်၊ ထာဝရဘုရား ရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏ အမွေတော်မြေ၌ မနေစေခြင်းငှါ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။
၁၉အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-
20 ၂၀ သို့ဖြစ်၍ ကျွန်တော်အသွေးသည် ထာဝရဘုရားရှေ့တော်၌ မြေသို့ မကျပါစေနှင့်။ အကြောင်းမူကား၊ လူသည် ငုံးကို တောင်ပေါ်မှာလိုက်၍ ရှာသကဲ့သို့ ဣသရေလရှင်ဘုရင်သည် ခွေးလှေးကို ရှာခြင်းငှါ ထွက်တော်မူပါပြီတကားဟု လျှောက်ဆို၏။
၂၀အကျွန်ုပ်သည်ထာဝရဘုရားနှင့်ဝေးရာ တိုင်းတစ်ပါးတွင်မသေပါရစေနှင့်။ ဣသ ရေလဘုရင်သည်အဘယ်ကြောင့်ခွေးလှေး မျှသာဖြစ်သောအကျွန်ုပ်ကို သတ်ဖြတ်ရန် ကြွလာတော်မူရပါသနည်း။ မင်းကြီးသည် အဘယ်ကြောင့်အကျွန်ုပ်အားတောငှက်သဖွယ် လိုက်လံဖမ်းဆီးတော်မူရပါသနည်း။''
21 ၂၁ ရှောလုကလည်း ငါပြစ်မှားပါပြီ။ ငါ့သားဒါဝိဒ် ပြန်လာပါ။ သင်သည် ယနေ့ငါ့အသက်ကို နှမြောသောကြောင့်၊ နောက်တဖန် သင့်ကို ငါမညှဉ်းဆဲ။ ငါသည် လူမိုက်ဖြစ်၏။ အလွန် မှားယွင်းပြီဟု ဆိုသော်၊
၂၁ရှောလုကလည်း``ငါမှားလေပြီ။ ငါ့သားဒါဝိဒ်၊ ငါ့ထံသို့ပြန်ခဲ့လော့။ သင်သည်ယနေ့ညငါ၏ အသက်ကိုချမ်းသာပေးခဲ့သဖြင့် ငါသည်သင့် အားနောင်အဘယ်အခါ၌မျှဘေးအန္တရာယ် ပြုတော့မည်မဟုတ်။ ငါသည်မိုက်မဲသူဖြစ် ချေပြီ။ အလွန်ဆိုးရွားသည့်အမှုကိုပြုမိ လေပြီတကား'' ဟုမိန့်တော်မူ၏။
22 ၂၂ ဒါဝိဒ်က၊ ရှင်ဘုရင်လှံတော်ရှိပါ၏။ လုလင်တယောက်လာ၍ ယူစေတော်မူပါ။
၂၂ဒါဝိဒ်ကပြန်၍လျှောက်ထားသည်မှာ ``အရှင် မင်းကြီး၊ အရှင့်လှံတော်သည်ဤမှာရှိပါ၏။ လူတစ်ယောက်ကိုစေလွှတ်၍ယူစေတော်မူပါ။-
23 ၂၃ လူအသီးအသီးတို့သည် ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်းရှိသည်အတိုင်း၊ ထာဝရဘုရားသည် အကျိုးကို ဆပ်ပေးတော်မူပါစေသော။ ထာဝရဘုရားသည် ယနေ့ ကိုယ်တော်ကို ကျွန်တော်လက်၌ အပ်တော်မူသော်လည်း ထာဝရဘုရားပေးတော်မူသော ဘိသိက်ခံသူကို ကျွန်တော်မထိခိုက်ပါ။
၂၃ထာဝရဘုရားသည်သစ္စာစောင့်သူ၊ ဖြောင့်မှန် သူတို့ကိုဆုတော်လာဘ်တော်များပေးသနား တော်မူပါ၏။ ယနေ့ကိုယ်တော်သည်အရှင့်အား အကျွန်ုပ်လက်သို့ပေးအပ်တော်မူခဲ့သော်လည်း အကျွန်ုပ်သည်ထာဝရဘုရားဘိသိက်ပေး တော်မူသောဘုရင်အားဘေးအန္တရာယ်မပြု ခဲ့ပါ။-
24 ၂၄ ယနေ့ ကိုယ်တော်အသက်ကို ကျွန်တော် နှမြောသည် နည်းတူ ကျွန်တော်အသက်ကို ထာဝရဘုရားနှမြော၍ ကျွန်တော်ကို ခပ်သိမ်းသော ဒုက္ခထဲက ကယ်နှုတ်တော်မူပါစေသောဟု ပြန်လျှောက်လျှင်၊
၂၄ယနေ့အရှင်၏အသက်ကိုအကျွန်ုပ်ချမ်းသာ ပေးခဲ့သည့်နည်းတူ ထာဝရဘုရားသည် အကျွန်ုပ်၏အသက်ကိုချမ်းသာပေး၍ ဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါစေ သော'' ဟူ၍ဖြစ်၏။
25 ၂၅ ရှောလုက၊ ငါ့သားဒါဝိဒ်၊ သင်သည် မင်္ဂလာရှိပါစေသော။ ပြုလေရာရာ၌ အောင်မြင်ပါစေသောဟု ဒါဝိဒ်အားဆိုပြီးမှ ဒါဝိဒ်သည် ထွက်သွား၍ ရှောလုသည်လည်း မိမိနေရာသို့ ပြန်လေ၏။
၂၅ရှောလုကလည်း``ငါ့သား၊ သင့်အားဘုရားသခင် ကောင်းချီးပေးတော်မူပါစေသော။ သင်သည်ပြု လေသမျှသောအမှုကိစ္စတို့တွင်အောင်မြင် ပါလိမ့်မည်'' ဟုဒါဝိဒ်အားမိန့်တော်မူ၏။ ထိုနောက်ဒါဝိဒ်သည်ထွက်ခွာ၍ရှောလုသည် နန်းတော်သို့ပြန်သွားတော်မူ၏။