< ၁ ဓမ္မရာဇဝင် 18 >
1 ၁ ထိုသို့ လျှောက်ပြီးသည်နောက်၊ ရှောလု၏ သားယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့် စွဲကပ်လျက် ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်လေ၏။
၁ရှောလုနှင့်ဒါဝိဒ်တို့စကားပြောပြီးသည့် နောက်ရှောလု၏သားယောနသန်သည် ဒါဝိဒ် အပေါ်တွင်လွန်စွာချစ်ခင်စွဲလန်းလျက် သူ့အားမိမိကိုယ်နှင့်အမျှချစ်လာ၏။-
2 ၂ ထိုနေ့၌ ရှောလုသည် ဒါဝိဒ်ကို သိမ်းဆည်း၍ သူ့အဘ၏အိမ်သို့ နောက်တဖန် သွားနေရသော အခွင့်ကို ပေးတော်မမူ။
၂ရှောလုသည်ဒါဝိဒ်အားထိုနေ့မှစ၍အပါး တော်တွင်နေစေတော်မူ၏။ အိမ်ပြန်ခွင့်ကိုပေး တော်မမူ။-
3 ၃ ယောနသန်သည်လည်း၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်သောကြောင့် သူနှင့်အတူ မိဿဟာယ ဖွဲ့ပြီးလျှင်၊-
၃ယောနသန်သည်ဒါဝိဒ်ကိုလွန်စွာချစ်သဖြင့် သူနှင့်ရာသက်ပန်မိတ်ဆွေဖွဲ့ရန်ကျိန်ဆို ကတိပြုလေသည်။-
4 ၄ မိမိဝတ်သော ဝတ်လုံကို ချွတ်၍ မိမိအဝတ်တန်ဆာများနှင့် ထား၊ လေး၊ ခါးစည်းတို့ကိုပင် ဒါဝိဒ်အား ပေးလေ၏။
၄သူသည်မိမိဝတ်ဆင်ထားသည့်ဝတ်လုံနှင့် တကွသံချပ်အင်္ကျီ၊ ဋ္ဌား၊ လေး၊ ခါးစည်းတို့ ကိုဒါဝိဒ်အားပေး၏။-
5 ၅ ဒါဝိဒ်သည် ရှောလုစေခိုင်းသမျှကို သွား၍ သတိပညာနှင့်ပြုမှုသောကြောင့်၊ စစ်သူရဲအုပ်အရာ၌ ခန့်ထားတော်မူသဖြင့်၊ ဒါဝိဒ်သည် ကျွန်တော်မျိုးမှစ၍ လူအပေါင်းတို့တွင် မျက်နှာရ၏။
၅ဒါဝိဒ်သည်ရှောလုစေခိုင်းလေသမျှသော အမှုကိစ္စတို့၌အောင်မြင်သည်သာဖြစ်၏။ ထို့ကြောင့်ရှောလုသည်သူ့အားတပ်မတော် အရာရှိတစ်ဦးအဖြစ်ခန့်ထားတော်မူ၏။ ဤသို့ပြုတော်မူသည်ကိုရှောလု၏အရာ ရှိများနှင့်ပြည်သူပြည်သားများက နှစ်သက်သဘောကျကြ၏။
6 ၆ ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှ ပြန်လာ၍၊ ရောက်လေရာရာ၌ မိန်းမများတို့သည် ရှောလုမင်း ကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုလျက်၊ ကလျက်၊ ပတ်သောအစရှိ သည်တို့ကို တီးလျက်၊ ဣသရေလမြို့ရွာများထဲက ထွက်လာသဖြင့်၊
၆ဒါဝိဒ်သည်ဂေါလျတ်ကိုသတ်ပြီးနောက် စစ် သည်တပ်သားများနှင့်အတူအိမ်ပြန်လာ ရာ ရောက်ရှိလေရာမြို့များမှအမျိုးသမီး တို့သည်ရှောလုအားခရီးဦးကြိုပြုကြ၏။ လူတို့သည်ဝမ်းမြောက်စွာသီချင်းများဆို ၍ကခုန်လျက်ပတ်သာများနှင့်စောင်းငယ် များကိုတီးကြ၏။-
7 ၇ ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့် သီချင်းဆိုကြ၏။
၇ယင်းသို့အောင်ပွဲကျင်းပရာ၌အမျိုးသမီး တို့က``ရှောလုသတ်သူအထောင်ထောင်၊ ဒါဝိဒ် သတ်သူအသောင်းသောင်း'' ဟုသီဆိုကြ လေသည်။-
8 ၈ ရှောလုက၊ သူတို့သည် ဒါဝိဒ်အား အသောင်းသောင်း၊ ငါ့အား အထောင်ထောင်သာ ပေးကြပြီ။ နိုင်ငံတော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန်အမျက်ထွက်၍ ထိုစကားကြောင့် စိတ်ပျက်လေ၏။
၈ရှောလုသည်ဤသို့သီဆိုကြသည်ကိုမနှစ် သက်သဖြင့် အမျက်ထွက်၍``သူတို့ကဒါဝိဒ် သည်သောင်းပေါင်းများစွာသတ်၍ ငါမူကား ထောင်ပေါင်းများစွာသာသတ်ခဲ့ကြောင်းသီ ဆိုချေသည်။ သူ့အားထီးနန်းအပ်နှင်းရန် သာကျန်ပါတော့သည်တကား'' ဟုဆို ပြီးလျှင်၊-
9 ၉ ထိုနေ့မှစ၍ ဒါဝိဒ်ကို အစဉ်ချောင်းမြောင်းလျက် နေ၏။
၉ထိုနေ့မှစ၍ဒါဝိဒ်အားမနာလိုစိတ်ပွား များကာမယုံသင်္ကာဖြစ်၍နေတော့၏။
10 ၁၀ နက်ဖြန်နေ့ထာဝရဘုရားထံတော်က၊ ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာရောက်သဖြင့်၊ ရှောလု သည် နန်းတော်အလယ်၌ ပရောဖက်ပြုသောကြောင့်၊ ဒါဝိဒ်သည် အရင်ကဲ့သို့ စောင်းတီးလေ၏။ ရှောလုသည် လှံတို့ကို ကိုင်လျက်ရှိ၍၊-
၁၀နောက်တစ်နေ့၌ဘုရားသခင်၏ထံတော်မှ နတ်မိစ္ဆာသည်ရှောလုကိုပူးဝင်သဖြင့် သူသည် သူရူးသဖွယ်နန်းတော်တွင်းဝယ်ဟစ်အော် လျက်နေ၏။ ရှောလုသည်လှံတန်ကိုကိုင် ထားပြီးလျှင်၊-
11 ၁၁ ဒါဝိဒ်ကို ထရံနားမှာထိုးမည်ဟု အကြံရှိသည်အတိုင်း လှံတို့ကို ထိုးပစ်သော်လည်း၊ ဒါဝိဒ်သည် အထံတော်မှ နှစ်ကြိမ်ရှောင်လွှဲလေ၏။
၁၁``ငါသည်သူ့အားနံရံနှင့်ကပ်နေအောင်ထိုး သတ်အံ့'' ဟုကြံစည်ကာနှစ်ကြိမ်တိုင်တိုင် လှံနှင့်ပစ်သော်လည်း နှစ်ကြိမ်စလုံးပင်ဒါဝိဒ် ရှောင်တိမ်းလိုက်နိုင်၏။
12 ၁၂ ထိုသို့ ထာဝရဘုရားသည် ရှောလုထံမှထွက်၍ ဒါဝိဒ်နှင့်အတူ ရှိတော်မူသောကြောင့်၊ ရှောလုသည် ဒါဝိဒ်ကို ကြောက်ရွံ့သဖြင့်၊-
၁၂ရှောလုသည်ဒါဝိဒ်ကိုကြောက်၏။ အဘယ်ကြောင့် ဆိုသော် ထာဝရဘုရားသည်ဒါဝိဒ်နှင့်အတူ ရှိတော်မူ၍ မိမိကိုမူစွန့်ပယ်တော်မူပြီးဖြစ် သောကြောင့်တည်း။-
13 ၁၃ အထံတော်မှ ရွှေ့၍ လူတထောင်အုပ်အရာကို ပေး၏။ ဒါဝိဒ်သည် လူများရှေ့၌ ထွက်ဝင်ရ၏။
၁၃သို့ဖြစ်၍ရှောလုသည်ဒါဝိဒ်အားလူတစ် ထောင်တပ်မှူးအဖြစ်ဖြင့်ခန့်ထား၍ အပါး တော်မှအဝေးသို့စေလွှတ်တော်မူ၏။ ဒါဝိဒ် သည်မိမိ၏တပ်သားတို့နှင့်အတူတိုက်ပွဲ ဝင်ရာ၊-
14 ၁၄ ဒါဝိဒ်သည် အရာရာ၌ သတိပညာနှင့်ပြုမူ၍ သူနှင့်အတူ ထာဝရဘုရားရှိတော်မူ၏
၁၄ထာဝရဘုရားသည်သူနှင့်အတူရှိတော် မူသဖြင့် သူပြုလေသမျှသောအမှုတို့ သည်အောင်မြင်လေ၏။-
15 ၁၅ ထိုသို့ အလွန်သတိပညာနှင့် ပြုမူသည်ကို ရှောလုသည် မြင်လျှင် သာ၍ ကြောက်ရွံ့လေ၏။
၁၅ယင်းသို့အောင်မြင်သည်ကိုမြင်သောအခါ ရှောလုသည်ဒါဝိဒ်အားပို၍ကြောက်လန့် လာ၏။-
16 ၁၆ ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ကို ချစ်ကြ၏။ အကြောင်းမူကား၊ သူတို့ ရှေ့၌ ဒါဝိဒ်သည် ထွက်ဝင်တတ်၏။
၁၆သို့ရာတွင်ဣသရေလနှင့်ယုဒနယ်များမှ လူအပေါင်းတို့ကမူဒါဝိဒ်အားချစ်ကြ၏။ အဘယ်ကြောင့်ဆိုသော်သူသည်လူတို့အား အောင်မြင်စွာခေါင်းဆောင်၍တိုက်ပွဲဝင်နိုင်သူ ဖြစ်သောကြောင့်တည်း။
17 ၁၇ တဖန်ရှောလုသည် ဒါဝိဒ်ကိုခေါ်၍ ငါ့သမီးကြီး မေရပ်ကို သင့်အား ငါပေးစားမည်။ သင်သည် ငါ့အဘို့ ရဲရင့်၍ ထာဝရဘုရားအဘို့ စစ်တိုက်ခြင်းကိုသာ ပြုလော့ဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ ငါ့လက်သည် သူ့အပေါ်သို့ မရောက်စေနှင့်။ ဖိလိတ္တိလူတို့ လက်သည် ရောက်ပါစေသောဟု ရှောလု အကြံရှိ၏။
၁၇ထိုနောက်ရှောလုသည်ဒါဝိဒ်ကိုခေါ်ပြီးလျှင်``ငါ့ မှာငါ့သမီးကြီးမေရပ်ရှိ၏။ သင်သည်ထာဝရ ဘုရား၏စစ်ပွဲများတွင်ရဲရင့်စွာပါဝင်ဆင်နွှဲ လျက် ငါ၏အမှုတော်ကိုထမ်းဆောင်မည်ဆို ပါက ငါသည်သင့်အားဤသမီးတော်နှင့်ထိမ်း မြားပေးစားမည်'' ဟုဆို၏။ (ဤနည်းအားဖြင့် ဒါဝိဒ်အားမိမိကိုယ်တိုင်သတ်ရန်မလိုတော့ ဘဲ ဖိလိတ္တိအမျိုးသားတို့၏လက်ချက်ဖြင့် ကျဆုံးစေရန်ရှောလုအကောက်ကြံသတည်း။)
18 ၁၈ ဒါဝိဒ်ကလည်း၊ ကျွန်တော်သည် ရှင်ဘုရင်၏ သမက်တော်ဖြစ်ရပါမည်အကြောင်း အဘယ်သို့သော သူဖြစ်ပါသနည်း။ ကျွန်တော်အသက်နှင့် ကျွန်တော် အဆွေအမျိုးသည်၊ ဣသရေလနိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလုအား လျှောက်၏။
၁၈ဒါဝိဒ်က``အကျွန်ုပ်၏အမျိုးအနွယ်သည် အဘယ်သို့သောအမျိုးအနွယ်၊ အကျွန်ုပ် သည်လည်းအဘယ်သို့သောသူဖြစ်သဖြင့် ဘုရင်၏သမက်တော်ဖြစ်ထိုက်ပါသနည်း'' ဟုလျှောက်၏။-
19 ၁၉ သို့ရာတွင်၊ ရှောလု၏သမီး မေရပ်ကို ဒါဝိဒ်အား ပေးစားရသော အချိန်ရောက်သောအခါ၊ မေဟော လသိအမျိုး အဒြေလအား ပေးစားလေ၏။
၁၉သို့သော်အချိန်ရောက်သောအခါရှောလုသည် သမီးတော်မေရပ်အားဒါဝိဒ်နှင့်ထိမ်းမြား စုံဖက်ခြင်းမပြုဘဲ မေဟောလသိမြို့သား အဒြေလနှင့်စုံဖက်လိုက်လေသည်။
20 ၂၀ တဖန် ရှောလုသမီး မိခါလသည် ဒါဝိဒ်ကို ချစ်၏။ ထိုအကြောင်းကို လျှောက်သောအခါ၊ ရှောလု သည် အားရလျက်၊-
၂၀သို့ရာတွင်ရှောလု၏သမီးတော်မိခါလသည် ဒါဝိဒ်အားချစ်ကြိုက်၏။ ဤအကြောင်းကိုရှောလု သိသောအခါနှစ်သက်အားရတော်မူသဖြင့်၊-
21 ၂၁ ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ၍ ဖိလိတ္တိလူတို့ လက်သို့ ရောက်စေခြင်းငှါ ပေးစားမည်ဟု အကြံရှိ၏။
၂၁``ငါသည်မိခါလကိုဒါဝိဒ်နှင့်စုံဖက်စေမည်။ သူ့အားကျော့ကွင်းသဖွယ်ပြု၍ဒါဝိဒ်ကို ဖိလိတ္တိအမျိုးသားတို့၏လက်ဖြင့်အသတ် ခံရစေမည်'' ဟုဆို၏။-
22 ၂၂ နန်းတော်သားအချို့ကို ခေါ်၍၊ သင်တို့သည် ဒါဝိဒ်နှင့် တိတ်ဆိတ်စွာ စကားပြောရမည်မှာ၊ ရှင်ဘုရင် သည် သင့်ကို စုံမက်၍၊ ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်လည်း ချစ်ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင်၏ သမက်တော်ဖြစ်ကောင်းပါ၏ဟု မှာထားသည်အတိုင်း၊-
၂၂သူသည်နန်းတွင်းအရာရှိအချို့တို့ကိုလည်း ခေါ်ပြီးလျှင်``သင်တို့သည်ဒါဝိဒ်အား မင်းကြီး သည်သင့်ကိုမြတ်နိုးတော်မူသည်။ အရာရှိ အပေါင်းတို့ကလည်းချစ်ခင်ကြသည်။ သို့ဖြစ် ၍ယခုအချိန်သည်ဘုရင့်သမီးတော်နှင့် သင် ထိမ်းမြားရန်အချိန်ကောင်းပင်ဖြစ်သည်ဟု တိတ်တဆိတ်တိုက်တွန်းကြလော့'' ဟုမှာ ထားတော်မူ၏။
23 ၂၃ ရှောလု၏ ကျွန်တို့သည် ဒါဝိဒ်အား ပြောကြ၏။ ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် အသရေမရှိသော ဆင်းရဲသားဖြစ်လျက်နှင့် ရှင်ဘုရင်၏ သမက်တော်လုပ်ရသောအမှုသည် သာမညအမှု ထင် သလောဟု ပြောဆို၏။
၂၃ထို့ကြောင့်သူတို့သည်မင်းကြီးမှာကြားသည့် အတိုင်းဒါဝိဒ်အားတိုက်တွန်းကြ၏။ ဒါဝိဒ် က``ဘုရင့်သမက်တော်ဖြစ်ရသည်မှာအထူး ဂုဏ်ယူဖွယ်ရာဖြစ်ပါ၏။ အကျွန်ုပ်ကဲ့သို့ မရေရာသူဆင်းရဲသားတစ်ယောက်အတွက် မထိုက်တန်သောအခွင့်အရေးဖြစ်ပါ၏'' ဟုဆို၏။
24 ၂၄ ရှောလုကျွန်တို့ကလည်း၊ ဒါဝိဒ်သည် ဤသို့ပြောဆိုပါသည်ဟု လျှောက်လျှင်၊-
၂၄အရာရှိတို့သည်လည်းဒါဝိဒ်၏စကားကို ရှောလုအားပြန်၍လျှောက်ထားကြ၏။-
25 ၂၅ သင်တို့သည် တဖန်ပြောရမည်မှာ၊ ရှင်ဘုရင်သည် ရန်သူတို့၌ စိတ်တော်ပြေမည်အကြောင်း၊ ဖိလိတ္တိ လူတို့၏ အရေဖျားတရာမှ တပါးအခြားသော လက်ဖွဲ့ရာကို အလိုတော်မရှိဟု မှာထား၏။ သို့ရာတွင် ဒါဝိဒ်ကို ဖိလိတ္တိလူတို့လက်ဖြင့် ဆုံးစေမည်ဟု ရှောလုအကြံရှိ၏။
၂၅ထိုအခါရှောလုက``သင်တို့သည်ဒါဝိဒ်အား မင်းကြီးသည်သင့်အားသမီးတော်ကိုပေးရ သည့်အတွက်လက်ဆောင်အဖြစ် သင့်ထံမှ ဖိလိတ္တိအမျိုးသားလူသေအလောင်းတစ်ရာ တို့၏အရေဖျားများကိုသာလျှင် ရန်သူ တို့အားလက်စားချေသည့်အနေဖြင့်အလို ရှိတော်မူသည်ဟုပြောကြားလော့'' ဟု အမိန့်ပေးတော်မူ၏။ (ရှောလုဤသို့ပြု ခြင်းမှာဖိလိတ္တိအမျိုးသားတို့၏လက် ဖြင့်ဒါဝိဒ်အသတ်ခံရရန်ဖြစ်၏။-)
26 ၂၆ ရှောလု ကျွန်တို့သည် ထိုစကားကို ဒါဝိဒ်အား ပြန်ပြောသောအခါ၊ ဒါဝိဒ်သည် ရှင်ဘုရင်၏ သမက် တော်ဖြစ်ခြင်းငှါ အလိုရှိ၏။ ထို့ကြောင့် ချိန်းချက်သော အချိန်မစေ့မှီထ၍၊-
၂၆ရှောလု၏နန်းတွင်းအရာရှိတို့သည်မင်း ကြီးမိန့်တော်မူသည့်အတိုင်း ဒါဝိဒ်အား ပြောကြားကြသောအခါဒါဝိဒ်သည် ဘုရင့် သမက်တော်ဖြစ်ရမည့်အရေးကိုတွေးတော ကာဝမ်းမြောက်လေသည်။ ထိမ်းမြားမင်္ဂလာ ပွဲနေ့မတိုင်မီတစ်ရက်၌၊-
27 ၂၇ မိမိလူတို့နှင့်အတူသွားသဖြင့်၊ ဖိလိတ္တိ လူနှစ်ရာတို့ကို သတ်ပြီးမှ၊ ရှင်ဘုရင်၏ သမက်တော် ဖြစ်လို သောငှါ၊ သူတို့အရေဖျားများကို ယူခဲ့၍၊ စုံလင်သော အရေအတွက်အားဖြင့် ရှင်ဘုရင်အား ဆက် လေ၏။ ရှောလုသည်လည်း သမီးတော်မိခါလကို ပေးစားရ၏။
၂၇ဒါဝိဒ်သည်မိမိ၏တပ်သားများနှင့်ထွက်သွား ပြီးလျှင်ဖိလိတ္တိအမျိုးသားနှစ်ရာကိုသတ် ဖြတ်၍ သမက်တော်ဖြစ်ရန်ထိုသူတို့၏အရေ ဖျားများကိုမင်းကြီးထံသို့ယူခဲ့ကာရေ တွက်၍ဆက်၏။ ထို့ကြောင့်ရှောလုသည်သမီး တော်မိခါလအားဒါဝိဒ်နှင့်ထိမ်းမြားစုံဖက် ပေးရလေတော့၏။
28 ၂၈ ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ရှိတော်မူကြောင်းကို၎င်း၊ မိမိသမီးသည် ချစ်ကြောင်းကို၎င်း၊ ရှောလုသည် မြင်၍၊-
၂၈ထာဝရဘုရားသည်ဒါဝိဒ်နှင့်အတူရှိတော် မူကြောင်းကိုလည်းကောင်း၊ မိခါလသည်ဒါဝိဒ် အားချစ်ကြောင်းကိုလည်းကောင်း ကောင်းစွာသိ သဖြင့်၊-
29 ၂၉ ကြောက်ရွံ့သော စိတ်စွဲလမ်းလျက် အစဉ်အမြဲ ရန်ငြိုးဖွဲ့လေ၏။
၂၉ရှောလုသည်ဒါဝိဒ်ကိုပို၍ပင်ကြောက်ရွံ့လာ လျက် အသက်ထက်ဆုံးရန်ငြိုးဖွဲ့တော်မူ၏။
30 ၃၀ တဖန် ဖိလိတ္တိမင်းတို့သည် ချီသွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ်သည် ရှောလု၏ ကျွန်အပေါင်း တို့ထက်သာ၍ သတိပညာနှင့် ပြုမှုသဖြင့် အလွန်ဂုဏ်အသရေနှင့် ပြည့်စုံ၏။
၃၀ဖိလိတ္တိစစ်တပ်များသည်လာရောက်တိုက်ခိုက် လေ့ရှိကြ၏။ ဒါဝိဒ်သည်တိုက်ပွဲတိုင်း၌ပင် ရှောလု၏အခြားတပ်မတော်အရာရှိများ ထက်ပို၍အောင်မြင်သဖြင့်အလွန်ထင်ပေါ် ကျော်စောလာ၏။