< ၃ ဓမ္မရာဇဝင် 19 >
1 ၁ ဧလိယပြုသော အမှုနှင့် ပရောဖက်အပေါင်းတို့ကို ထားနှင့် ကွပ်မျက်သောအမှုကို၊ အာဟပ်သည် ယေဇဗေလအား အကုန်အစင်ကြားပြော၏။
၁အာဟပ်မင်းသည်ဧလိယပြုသည့်အမှုအလုံး စုံကိုလည်းကောင်း၊ ဗာလပရောဖက်တို့အသတ် ခံရကြပုံကိုလည်းကောင်းမိဖုရားယေဇ ဗေလအားပြောပြလေသည်။-
2 ၂ ယေဇဗေလက၊ နက်ဖြန်နေ့ယခုအချိန်ရောက်မှ၊ သင့်အသက်သည် ထိုပရောဖက်တို့၏ အသက်ကဲ့သို့ ငါမဖြစ်စေလျှင်၊ ဘုရားတို့သည် ငါ၌ထိုမျှမကပြုပါစေ သောဟု တမန်ကို ဧလိယထံသို့စေလွှတ်၍ ကြား လိုက်၏။
၂ယေဇဗေလသည်ဧလိယအား``အကယ်၍ ငါသည်နက်ဖြန်ဤအချိန်ရောက်မှ ပရောဖက် တို့အားသင်ပြုခဲ့သည့်အတိုင်းသင့်အားမပြု ပါမူ ဘုရားတို့သည်ငါ့ကိုအဆုံးစီရင်ကြ ပါစေသော'' ဟုလူလွှတ်၍ပြောကြားစေ၏။-
3 ၃ ထိုအခါ ဧလိယသည်ကြောက်သဖြင့်၊ ထ၍ အသက်လွတ်အောင် ယုဒခရိုင် ဗေရရှေဘမြို့သို့သွား၏။ ထိုမြို့၌ ကျွန်ကို ထားခဲ့၍၊
၃ဧလိယသည်ကြောက်သဖြင့် အသက်ဘေးမှ လွတ်ရန်ထွက်ပြေးလေ၏။ သူသည်မိမိ၏ အစေခံကိုခေါ်၍ယုဒပြည်၊ ဗေရရှေဘ မြို့သို့သွား၏။ ထိုမြို့တွင်အစေခံကိုထားခဲ့ပြီးလျှင်၊-
4 ၄ သူ့ကိုယ်တိုင်သည် တောသို့ တနေ့ခရီးသွားပြီးလျှင်၊ ရသမ်ပင်အောက်သို့ရောက်၍ ထိုင်လေ၏။ ထိုအခါကိုယ်အသက် သေရမည်အကြောင်း ဆုတောင်းလျက်၊ အိုထာဝရဘုရား၊ ယခုတန်ပါ၏။ အကျွန်ုပ် အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ ထက်သာ၍ မကောင်းပါဟု မြည်တမ်းပြီးလျှင်၊
၄တစ်နေ့လုံးတောကန္တာရတွင်ခရီးပြုလေသည်။ သူသည်သစ်ပင်အရိပ်တစ်ခုသို့ရောက်သော အခါထိုင်လျက်သေလျှင်သာ၍ကောင်း၏ဟု ဆို၍``အို ထာဝရဘုရား၊ ဤအဖြစ်ဆိုးလွန်း ပါ၏။ အကျွန်ုပ်၏အသက်ကိုရုပ်သိမ်းတော် မူပါ။ အကျွန်ုပ်သည်သေရသော်သာ၍ကောင်း ပါသေး၏'' ဟူသောဆုကိုတောင်းလေ၏။
5 ၅ ရသမ်ပင်အောက်မှာ အိပ်ပျော်၏။ ထိုအခါ ကောင်းကင်တမန်က၊ ထ၍စားလော့ဟု သူ့ကို တို့လျက် ဆို၏။
၅သူသည်သစ်ပင်အောက်တွင်လှဲလျက်အိပ်ပျော် လေ၏။ ကောင်းကင်တမန်တစ်ပါးသည်သူ့ အားတို့ပြီးလျှင်``ထ၍စားလော့'' ဟုဆို၏။-
6 ၆ ဧလိယသည် မျှော်ကြည့်သောအခါ၊ မီးနှင့်ဖုတ်သော မုန့်ပြားနှင့် ခေါင်းရင်း၌ ရေဘူးရှိသည်ကို မြင်၍ စားသောက်ပြီးမှ တဖန်အိပ်ပျော်၏။
၆ဧလိယသည်လှည့်၍ကြည့်လိုက်ရာခေါင်းရင်း၌ မုန့်တစ်လုံးနှင့်ရေတစ်ဘူးကိုတွေ့သဖြင့်စား သောက်ပြီးနောက်အိပ်ပြန်၏။-
7 ၇ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒုတိယအကြိမ်လာ၍ သူ့ကိုတို့လျက်၊ သွားရမည့်ခရီးသည် အလွန်ဝေးသောကြောင့်၊ ထ၍စားဦးလော့ဟုဆိုသည် အတိုင်း၊
၇ကောင်းကင်တမန်သည်ဒုတိယအကြိမ်လာပြီး လျှင်``သင်သွားရမည့်ခရီးဝေးသောကြောင့် ထ၍စားဦးလော့'' ဟုဆို၏။-
8 ၈ ဧလိယသည်ထ၍ စားသောက်ပြန်၏။ ထိုအစာအာဟာရကို အမှီပြုလျက်၊ အရက်လေးဆယ်ခရီးသွား၍ ဘုရားသခင်နှင့်ဆိုင်သော ဟောရပ်တောင်သို့ ရောက် သဖြင့်၊
၈ထို့ကြောင့်ဧလိယသည်ထ၍စားပြီးနောက် သန့်ရှင်းမြင့်မြတ်သောသိနာတောင်သို့ ရက်ပေါင်း လေးဆယ်တိုင်တိုင်ခြေလျင်ခရီးပြုနိုင်သော ခွန်အားကိုရရှိလေသည်။-
9 ၉ ဥမင်ထဲသို့ဝင်၍ နေ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဧလိယ၊ သင်သည် ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်းဟု မေးတော်မူ၏။
၉သူသည်ထိုတောင်သို့ရောက်သောအခါဂူထဲ သို့ဝင်၍အိပ်၏။ ထိုအခါထာဝရဘုရားကသူ့အား``ဧလိယ၊ သင်သည်ဤအရပ်သို့အဘယ်ကြောင့်ရောက်လာ သနည်း'' ဟုမေးတော်မူ၏။
10 ၁၀ ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကိုယ်တော်၏ပရောဖက်များကို ထားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကို ပင်သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေ၏။
၁၀ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသ ရေလပြည်သူတို့မူကားကိုယ်တော်နှင့်ပြုထား သည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော် ၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာကိုယ်တော်၏ ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်း သာမသေဘဲကျန်ရှိသောအကျွန်ုပ်၏အသက် အန္တရာယ်ကိုပင်ရှာကြံလျက်နေကြပါ၏'' ဟု လျှောက်၏။
11 ၁၁ နှုတ်ကပတ်တော်ကလည်း ထွက်လော့။ ထာဝရဘုရား ရှေ့တောင်ပေါ်မှာရပ်နေလော့။ ထာဝရဘုရား ရှောက်သွားမည်ဟုမိန့်တော်မူ၏။ ထိုအခါ အားကြီးသော လေပြင်းသည် တောင်ထိပ်တို့ကိုခွဲ၍၊ ထာဝရဘုရားရှေ့တော်၌ ကျောက်တို့ကိုချိုးဖဲ့၏။ သို့ရာတွင်ထာဝရဘုရားသည် လေ၌ရှိတော်မမူ။ လေနောက်မှာ မြေလှုပ်ခြင်းရှိ၏။ သို့ရာတွင် ထာဝရဘုရား သည် မြေလှုပ်ရှားခြင်း၌လည်းရှိတော်မမူ။
၁၁ထိုအခါထာဝရဘုရားကသူ့အား``ဂူပြင် သို့ထွက်၍တောင်ထိပ်ပေါ်၌ငါ၏အရှေ့မျက် မှောက်တွင်ရပ်နေလော့'' ဟုမိန့်တော်မူ၏။ ထို့ နောက်ထာဝရဘုရားသည်သူ၏အနီးမှ ဖြတ်ကြွတော်မူ၍ လေပြင်းမုန်တိုင်းကိုတိုက် ခတ်စေတော်မူ၏။ သို့ဖြစ်၍တောင်များသည် ပြိုကွဲကြလျက်ကျောက်တို့သည်လည်းကြေ မွသွားလေသည်။ သို့ရာတွင်ထာဝရဘုရား သည်ထိုလေမုန်တိုင်းထဲ၌ရှိတော်မမူ။ လေ အတိုက်ရပ်သောအခါမြေငလျင်လှုပ်လေ ၏။ သို့ရာတွင်ထိုမြေငလျင်ထဲ၌လည်း ထာဝရဘုရားရှိတော်မမူ။-
12 ၁၂ မြေလှုပ်ခြင်းနောက်မှာမီးရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မီး၌လည်းရှိတော်မမူ၊ မီးနောက်မှာ ဖြည်းညှင်းသော အသံရှိ၏။
၁၂မြေငလျင်လှုပ်ပြီးနောက်မီးလျှံတောက် လောင်လေသည်။ သို့ရာတွင်ထိုမီးလျှံထဲ၌ လည်းထာဝရဘုရားရှိတော်မမူ။ မီးလျှံ တောက်လောင်ပြီးနောက်ဖြည်းညှင်းသောအသံ ပေါ်ထွက်လာ၏။
13 ၁၃ ထိုအသံကို ဧလိယသည်ကြားလျှင်၊ မျက်နှာကို ဝတ်လုံနှင့် ဖုံးအုပ်လျက် ထွက်၍ဥမင်ဝ၌ရပ်နေ၏။ ထိုအခါ ဧလိယ၊ သင်သည်ဤအရပ်၌ အဘယ်သို့ပြုလျက် နေသနည်းဟု အသံလာ၏။
၁၃ထိုအသံကိုကြားသောအခါ ဧလိယသည် မိမိ၏မျက်နှာကိုဝတ်လုံဖြင့်အုပ်၍ထွက်သွား ပြီးလျှင်ဂူဝတွင်ရပ်နေ၏။ ထိုအခါ``ဧလိယ၊ သင်သည်အဘယ်ကြောင့်ဤအရပ်သို့ရောက်ရှိ လာသနည်း'' ဟုမေးသံကိုကြားရ၏။
14 ၁၄ ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင် ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန် စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍၊ ကိုယ်တော်၏ ပရောဖက် များကို ထားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တယောက် တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှါ ရှာကြပါသည်ဟု လျှောက်လေသော်၊
၁၄ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသရေလပြည်သူတို့မူကားကိုယ်တော်နှင့် ပြုထားသည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော်၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာ ကိုယ်တော်၏ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်းသာလျှင်မသေဘဲ ကျန်ရှိသော အကျွန်ုပ်၏အသက်အန္တရာယ်ကိုရှာကြံနေ ကြပါ၏'' ဟုလျှောက်၏။
15 ၁၅ ထာဝရဘုရားက၊ ဒမာသက်တောသို့ ပြန်၍ ခရီးသွားလော့။ ရောက်သောအခါ ဟာဇေလကို ရှုရိရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။
၁၅ထာဝရဘုရားက``သင်သည်ဒမာသက်မြို့အနီး တောကန္တာရသို့ပြန်သွားပြီးနောက် ထိုမြို့သို့ဝင် ၍ဟာဇေလအားရှုရိဘုရင်အဖြစ်ဘိသိက် ပေးလော့။-
16 ၁၆ နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ အာဗေလ မဟောလမြို့နေ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။
၁၆နိမ်ရှိ၏သားယေဟုကိုဣသရေလဘုရင် အဖြစ်ဘိသိက်ပေးလော့။ အာဗေလမဟောလ မြို့သားရှာဖတ်၏သားဧလိရှဲကိုသင်၏ အရိုက်အရာဆက်ခံရန်ပရောဖက်အဖြစ် ဘိသိက်ပေးလော့။-
17 ၁၇ သို့ဖြစ်၍ ဟာဇေလထားနှင့်လွတ်သောသူကို ယေဟုသတ်လိမ့်မည်။ ယေဟုထားနှင့်လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည်။
၁၇ဟာဇေလ၏ဋ္ဌားဘေးမှလွတ်မြောက်သူကို ယေဟုသတ်လိမ့်မည်။ ယေဟုလက်မှလွတ် မြောက်သူကိုဧလိရှဲသတ်လိမ့်မည်။-
18 ၁၈ သို့ရာတွင် ဗာလရှေ့၌ ဒူထောက်ခြင်း၊ နမ်းခြင်း ကို မပြုသောသူအပေါင်းတည်းဟူသော ဣသရေလ အမျိုးသားခုနစ်ထောင်တို့ကို ငါ့အဘို့ ငါကျန်ကြွင်းစေပြီ ဟု မိန့်တော်မူ၏။
၁၈သို့ရာတွင်ငါ့အားသစ္စာစောင့်၍ဗာလအားဦး မညွှတ်သူ၊ သူ၏ရုပ်တုကိုမနမ်းရှုပ်သူလူ ပေါင်းခုနစ်ထောင်တို့ကို ဣသရေလပြည်တွင် ကျန်ကြွင်းစေမည်'' ဟုမိန့်တော်မူ၏။
19 ၁၉ ထိုအရပ်မှ ဧလိယသည် သွားပြီးလျှင်၊ နွား ငါးယှဉ်းနှင့်လယ်ထွန်လျက်၊ နောက်ဆုံးနွားယှဉ်း၌ ကိုယ်တိုင်လိုက်သော ရှာဖတ်သားဧလိရှဲကို တွေ့၍အနား၌ ရှောက်စဉ်တွင်၊ မိမိဝတ်လုံကို သူ့အပေါ်မှာ တင်လေ၏။
၁၉ဧလိယသည်ထိုအရပ်မှထွက်ခွာသွားသော အခါ နွားတစ်ရှဉ်းနှင့်လယ်ထွန်နေသော ဧလိရှဲ ကိုတွေ့လေသည်။ သူ၏ရှေ့တွင်နွားတစ်ဆယ့် တစ်ရှဉ်းရှိ၍သူသည်နောက်ဆုံးနွားတစ်ရှဉ်း ဖြင့်လယ်ထွန်၍နေသတည်း။ ဧလိယသည် မိမိ၏ဝတ်လုံကိုချွတ်၍ဧလိရှဲ၏အပေါ် တွင်တင်လေသည်။-
20 ၂၀ ဧလိရှဲသည် နွားတို့ကို ပစ်ထား၍ ဧလိယ နောက်သို့လိုက်လျက်၊ အကျွန်ုပ်သည်မိဘကိုနမ်ပါးရစေ။ သို့ပြီးမှ ကိုယ်တော်နောက်သို့ လိုက်ပါမည်ဟု အခွင့် တောင်းလျှင်၊ ဧလိယကပြန်သွားလော့။ ငါသည် သင်၌ အဘယ်သို့ပြုဘိသနည်းဟုဆိုသော်၊
၂၀ထိုအခါဧလိရှဲသည်မိမိ၏နွားများကို ထားခဲ့၍ ဧလိယ၏နောက်သို့လိုက်ပြီး လျှင်``အကျွန်ုပ်၏မိဘထံသို့သွား၍နှုတ် ဆက်ခွင့်ပြုပါ။ ထို့နောက်အရှင်နှင့်အတူ လိုက်ပါမည်'' ဟုပြော၏။ ဧလိယက``ကောင်းပြီ၊ သွားလော့။ သင့်အား ငါမဆီးတားပါ'' ဟုဆို၏။
21 ၂၁ ဧလိရှဲသည်ပြန်သွား၍ နွားယှဉ်းကိုသတ်ပြီးမှ၊ နွားသားကို လယ်ထွန်သော တန်ဆာနှင့် ပြုတ်၍ လူများ တို့အား ကျွေးလေ၏။ သို့ပြီးမှထ၍ ဧလိယနောက်သို့ လိုက်လျက် လက်ထောက်ဖြစ်လေ၏။
၂၁ထိုအခါဧလိရှဲသည် မိမိ၏နွားနှစ်ကောင်ကို သတ်ပြီးလျှင် နွားထမ်းပိုးကိုထင်းလုပ်၍ချက်၏။ ထိုနောက်အမဲသားဟင်းကိုလူတို့အားကျွေး မွေးပြီးလျှင် ဧလိယ၏နောက်သို့တပည့် အဖြစ်လိုက်သွားလေသည်။