< ရုသ 1 >
1 ၁ ရှေးအခါကဣသရေလနိုင်ငံတွင် ဘုရင် မရှိသေးမီအချိန်၌ငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်သဖြင့် ယုဒပြည်ဗက်လင်မြို့ သားဧလိမလက်သည် မိမိ၏ဇနီးနှင့်သား နှစ်ယောက်တို့ကိုခေါ်၍မောဘပြည်တွင်ခေတ္တ သွားရောက်နေထိုင်လေသည်။ သားနှစ်ယောက် တို့၏နာမည်များမှာမဟာလုန်နှင့်ခိလျှုန် ဖြစ်၏။ သူတို့သည်ဧဖရတ်သားချင်းစု ဝင်များတည်း။ မောဘပြည်တွင်သူတို့နေ ထိုင်လျက်ရှိစဉ်၊-
၁တရားသူကြီးအုပ်စိုးသောကာလ၊ တရံရောအခါဣသရေလပြည်၌ အစာအာဟာရခေါင်းပါး၍ယုဒပြည် ဗက်လင် မြို့သား တယောက်သည်၊ မယားနှင့်သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှါ သွား၏။
၂ထိုသူ၏အမည်ကား ဧလိမလက်။ မယားအမည်ကား နောမိ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း။ သူတို့သည်ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်လျက်၊ မောဘပြည်သို့သွား ၍နေကြ၏။
3 ၃ ဧလိမလက်ကွယ်လွန်သွားသဖြင့် နောမိ သည်သားနှစ်ယောက်နှင့်ကျန်ရစ်လေသည်။-
၃နောမိ၏ခင်ပွန်းဧလိမလက်သည်သေ၍မယားနှင့်သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။
4 ၄ ထိုသားတို့သည်မောဘအမျိုးသမီးများ ဖြစ်ကြသောသြရပ၊ ရုသတို့နှင့်အိမ်ထောင် ကျကြ၏။ သူတို့သည်ထိုပြည်တွင်ဆယ်နှစ် ခန့်နေထိုင်ကြပြီးနောက်၊-
၄သားတို့သည်မောဘပြည်သူဩရပနှင့်ရုသအမည်ရှိသော မိန်းမ နှစ်ယောက် တို့နှင့် စုံဘက်ခြင်းကိုပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှ နေပြီးမှ၊
5 ၅ မဟာလုန်နှင့်ခိလျှုန်တို့သည်လည်းကွယ်လွန် သွားကြပြန်၏။ သို့ဖြစ်၍နောမိသည်လင် သားမဲ့အထီးကျန်ဖြစ်လေတော့၏။
၅ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ၍ နောမိသည်သားမရှိ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ၏။
6 ၆ ကာလအတန်ကြာသောအခါ ထာဝရဘုရား သည်ကောက်ပဲသီးနှံအထွက်များစေခြင်းအား ဖြင့် မိမိ၏လူစုအားကောင်းချီးပေးတော်မူ ကြောင်းသတင်းကိုနောမိကြားရလေသည်။ သို့ ဖြစ်၍သူသည်မိမိ၏ချွေးမများနှင့်အတူ မောဘပြည်မှထွက်ခွာရန်အသင့်ပြင်လေ၏။-
၆တဖန်ထာဝရဘုရားသည်မိမိလူတို့ကိုအကြည့်အရှုကြွ၍ မုန့်ကိုပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ကြားသောအခါ၊ မောဘပြည်မှပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့်အတူထ၍၊
7 ၇ ယုဒပြည်သို့စတင်ထွက်ခွာလာကြစဉ်၊-
၇တည်းခိုရာအရပ်က ထွက်ပြီးလျှင် ယုဒပြည်သို့ရောက်လိုသောငှါသွားကြ၏။
8 ၈ နောမိကချွေးမများအား``သင်တို့သည် ကိုယ့်မိခင်များအိမ်သို့ပြန်ကြလော့။ သင်တို့သည်ငါ၏အပေါ်၌သော်လည်းကောင်း၊ ကွယ်လွန်သွားသူတို့၏အပေါ်၌လည်းကောင်း ကျေးဇူးပြုခဲ့ကြသည်နည်းတူ ထာဝရဘုရားသည် သင်တို့အားကျေးဇူးပြုတော်မူပါစေသော။-
၈သို့ရာတွင် ချွေးမနှစ်ယောက်တို့အား၊ သင်တို့သည် ကိုယ်အမိအိမ်သို့ပြန်ကြလော့။ သေလွန်သောသူ၌ ၎င်း၊ ငါ၌၎င်း၊ ကျေးဇူးပြုသည်နှင့်အညီ၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုတော်မူပါစေသော။
9 ၉ ထာဝရဘုရားသည်သင်တို့နှစ်ယောက် စလုံးအား နောက်အိမ်ထောင်နှင့်ပျော်ရွှင်စွာ နေထိုင်ခွင့်ကိုပေးသနားတော်မူပါစေ သော'' ဟုဆို၏။ ဤသို့ဆိုပြီးလျှင်နောမိသည် သူတို့အား နမ်းရှုတ်နှုတ်ဆက်လေ၏။ သို့ရာတွင်သူတို့ သည်ငိုကြွေးလျက်၊-
၉သင်တို့နှစ်ယောက်သည် နောက်ရသောလင်အိမ်၌ချမ်းသာစွာနေရမည်အကြောင်း ထာဝရဘုရား ကယ်မသနားတော်မူပါစေသောဟုဆိုလျက်သူတို့ကို နမ်းလေ၏။ သူတို့သည်လည်း၊ အသံကိုလွှင့်၍ငိုကြွေး လျက်၊
10 ၁၀ ``ကျွန်မတို့သည်အိမ်သို့မပြန်လိုပါ။ မိခင် နှင့်အတူ မိခင်၏အမျိုးသားများထံသို့ လိုက်ပါမည်'' ဟုဆိုကြ၏။
၁၀အကယ်စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ၊ ကိုယ်တော်၏ အမျိုးထံသို့ လိုက်သွားပါမည်ဟု ဆိုကြ၏။
11 ၁၁ နောမိကလည်း``ငါ့သမီးတို့၊ ပြန်သွားကြ လော့။ အဘယ်ကြောင့်ငါနှင့်လိုက်လိုကြပါ သနည်း။ သင်တို့နှင့်လက်ထပ်ထိမ်းမြားရန် အတွက် ငါသည်နောက်ထပ်သားများကို မွေးဖွားပေးနိုင်ပါသလော။-
၁၁နောမိကလည်း၊ငါ့သမီးတို့ပြန်သွားကြလော့။ ငါနှင့်အတူအဘယ်ကြောင့် လိုက်ရမည်နည်း။ သင်တို့လင် လျှာဘို့ငါ၏ဝမ်း၌ သားရှိသေး သလော။
12 ၁၂ အိမ်သို့ပြန်ကြလော့။ ငါသည်နောက်ထပ်အိမ် ထောင်ပြုရန်အရွယ်လွန်လေပြီ။ အကယ်၍ ငါ့မှာမျှော်လင့်စရာရှိသေးသဖြင့် ယခု ပင်အိမ်ထောင်ကျ၍သားများကိုရရှိသည် ဟုဆိုစေကာမူ၊-
၁၂ငါ့သမီးတို့ပြန်သွားကြလော့။ ငါသည်အသက်အရွယ်လွန်၍လင်နှင့်မနေသင့်။ သို့မဟုတ်မြော်လင့်စရာရှိ သေးသည်ဟုငါဆိုလျှင်၎င်း၊ ယနေ့ညမှာလင်နေလျှင်၎င်း၊ သားတို့ကိုလည်းဘွားမြင်လျှင်၎င်း၊
13 ၁၃ သင်တို့သည်ထိုသားများကြီးပြင်းလာသည် တိုင်အောင် စောင့်ဆိုင်းနေကြပါမည်လော။ ယင်း သို့စောင့်ဆိုင်းကာနောက်အိမ်ထောင်မပြုဘဲနေ ကြပါမည်လော။ ငါ့သမီးတို့ဤသို့မဖြစ်နိုင် ကြောင်းကိုသင်တို့သိပါ၏။ ထာဝရဘုရား သည်ငါ့ကိုဒဏ်ခတ်တော်မူပြီဖြစ်၍ ငါသည် သင်တို့အတွက်အလွန်ဝမ်းနည်းပါ၏'' ဟု ဆို၏။
၁၃ထိုသားတို့သည်ကြီးပွားသည်တိုင်အောင်ငံ့နေလိမ့်မည်လော။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည် လော။ ငါ့သမီးတို့ထိုသို့မဖြစ်ရ။ ထာဝရဘုရား လက်တော်သည် ငါ၌ ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန်ကြင်နာသော စိတ်ရှိသည်ဟုဆိုလေသော်၊
14 ၁၄ သူတို့သည်လည်းတစ်ဖန်ငိုကြွေးကြ၏။ ထို နောက်သြရပသည် မိမိ၏ယောက္ခမအား နမ်းရှုတ်နှုတ်ဆက်ပြီးလျှင်အိမ်သို့ပြန်လေ၏။ ရုသမူကားမပြန်ဘဲနေ၏။-
၁၄သူတို့သည်တဖန်အသံကိုလွှင့်၍ငိုကြွေးကြ၏။ ထိုအခါဩရပသည်ယောက္ခမကိုနမ်း၍မိမိအမျိုးသား တို့ထံသွားသို့ပြန်သွား၏။ ရုသမူကား၊ ယောက္ခမ၌မှီဝဲဆည်းကပ်လျက်နေသေး၏။
15 ၁၅ သို့ဖြစ်၍နောမိက``ရုသ၊ သင့်အစ်မသည် မိမိအမျိုးသားများ၊ မိမိ၏ဘုရားထံ သို့ပြန်သွားလေပြီ။ သင်သည်လည်းသူ နှင့်အတူပြန်သွားပါလော့'' ဟုပြော၏။
၁၅နောမိကလည်း၊ သင့်အစ်မသည်အမျိုးသားရင်းဘုရားရင်းတို့ထံသို့ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါဟုဆိုသော်၊
16 ၁၆ သို့ရာတွင်ရုသက``မိခင်ကိုစွန့်ခွာရန် ကျွန်မ အားမတိုက်တွန်းပါနှင့်။ မိခင်နှင့်လိုက်ခွင့်ပြု ပါ။ ကျွန်မသည်မိခင်သွားရာသို့သွားပါ မည်။ မိခင်နေထိုင်ရာတွင်နေထိုင်ပါမည်။ မိခင်၏အမျိုးသားများသည်ကျွန်မ၏ အမျိုးသားများ၊ မိခင်၏ဘုရားသည် ကျွန်မ၏ဘုရားဖြစ်ပါမည်။-
၁၆ရုသက၊ ကျွန်မသည် ကိုယ်တော်ကိုမစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှါ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည်ကျွန်မဘုရားဖြစ်ပါစေ။
17 ၁၇ မိခင်သေရာအရပ်တွင်ကျွန်မသေပါ မည်။ ထိုအရပ်တွင်သင်္ဂြိုဟ်ခြင်းကိုခံပါမည်။ အကယ်၍ကျွန်မသည် သေခြင်းမှတစ်ပါး အခြားအကြောင်းတစ်ခုခုကြောင့် မိခင်နှင့် ခွဲခွာခဲ့လျှင်ဘုရားသခင်သည် ကျွန်မအား အဆိုးရွားဆုံးသောအပြစ်ဒဏ်ကိုပေး တော်မူပါစေသော'' ဟုပြန်ပြောလေသည်။
၁၇ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတပါး၊ အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မကွာလျှင်၊ ထာဝရဘုရားသည် ကျွန်မ၌ထိုမျှမကပြုတော် မူပါစေသောဟုပြန်ဆို၏။
18 ၁၈ မိမိနှင့်အတူလိုက်ရန် ရုသစိတ်ပိုင်းဖြတ် ထားကြောင်းနောမိသိသောအခါ ထပ်မံ မတိုက်တွန်းဘဲနေ၏။
၁၈ရုသသည်လိုက်ခြင်းငှါခိုင်ခံ့သောစိတ်ရှိသည်ကိုနောမိသည်သိမြင်သော်တိတ်ဆိတ်စွာနေလေ၏။
19 ၁၉ သူတို့သည်ဗက်လင်မြို့သို့ရောက်သည်တိုင် အောင် ဆက်လက်သွားကြ၏။ သူတို့ရောက်ရှိ ကြသောအခါ တစ်မြို့လုံးလှုပ်လှုပ်ရှားရှား ဖြစ်လျက်အမျိုးသမီးများက``ဤသူ သည်အကယ်ပင်နောမိပေလော'' ဟုမေး မြန်းကြ၏။
၁၉ထိုသူနှစ်ယောက်တို့သည်ခရီးသွား၍ဗက်လင်မြို့သို့ရောက်သောအခါ၊ တမြို့လုံးအုတ်အုတ်ကျက်ကျက် ဖြစ်၍၊ ဤသူကားနောမိ ဟုတ်သလောဟုမေးကြ၏။
20 ၂၀ နောမိကလည်း ``ငါ့ကို နောမိ'' ဟုသင်တို့ မခေါ်ကြပါနှင့်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါ့အားခါးသီးစွာပြုတော်မူ ပြီဖြစ်၍ငါ့ကို`မာရ' ဟုခေါ်ကြပါလော့။-
၂၀သူကလည်းနောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အားအလွန် ခါးသောအရာကိုပေးတော်မူပြီ။
21 ၂၁ ဤမြို့မှထွက်ခွာသွားစဉ်အခါက ငါ့မှာ အစုံအလင်ရှိသော်လည်း ယခုထာဝရ ဘုရားသည် ငါ့အားလက်ချည်းသက်သက် ပြန်လည်ပို့ဆောင်တော်မူလေပြီ။ အနန္တ တန်ခိုးရှင်ထာဝရဘုရားသည် အပြစ်ဒဏ် စီရင်တော်မူလျက်ဒုက္ခရောက်စေတော်မူ ပြီဖြစ်၍ ငါ့ကိုအဘယ်ကြောင့် `နောမိ' ဟု ခေါ်ကြပါသနည်း'' ဟုပြန်ပြောလေ၏။
၂၁ငါသည်ကြွယ်ဝပြည့်စုံလျက်ထွက်သွား၏။ ယခုမူကားဆင်းရဲလျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရား သည် ငါ့ကိုပို့ပြန်တော်မူပြီ။ ထာဝရဘုရားသည်ငါ့ကိုနှိမ့်ချ၍အနန္တတန်ခိုးရှင်သည် ငါ့ကိုဆင်းရဲစေတော်မူသည် ဖြစ်၍၊ နောမိအမည်ဖြင့်အဘယ်ကြောင့် ငါ့ကိုခေါ်ကြသနည်းဟု ပြန်ပြော၏။
22 ၂၂ ဤကားနောမိသည် ချွေးမဖြစ်သူမောဘ အမျိုးသမီးရုသနှင့်အတူ မောဘပြည် မှပြန်လည်ရောက်ရှိလာပုံဖြစ်ပေသည်။ သူ တို့နှစ်ယောက်သည်မုယောစပါးရိတ်သိမ်း စအချိန်၌ ဗက်လင်မြို့သို့ရောက်ရှိလာ ကြသတည်း။
၂၂ထိုသို့မောဘပြည်မှ လိုက်လာသော မောဘပြည်သူချွေးမရုသနှင့်အတူနောမိသည်ပြန်လာ၍၊ မုယော စပါးကိုရိတ်စကာလ၌ဗက်လင်မြို့သို့ရောက်ကြ၏။