< တောလည်ရာ 14 >
1 ၁ ထိုအခါလူအပေါင်းတို့သည်တစ်ညလုံး ငိုကြွေးမြည်တမ်းကြလေသည်။-
2 ၂ သူတို့သည်မောရှေနှင့်အာရုန်တို့အား``ငါတို့ သည်အီဂျစ်ပြည်၌ဖြစ်စေ၊ ဤတောကန္တာရ ၌ပင်ဖြစ်စေသေရခြင်းကသာ၍ကောင်း ပါသေးသည်။-
3 ၃ ထာဝရဘုရားသည်အဘယ်ကြောင့်ငါတို့ ကိုထိုပြည်သို့ပို့ဆောင်ရပါသနည်း။ ငါတို့ သည်စစ်ပွဲတွင်ကျဆုံးကြပါလိမ့်မည်။ ငါ တို့၏သားမယားတို့သည်လည်းရန်သူဖမ်း သွားခြင်းခံရပါလိမ့်မည်။ အီဂျစ်ပြည်သို့ ပြန်လျှင်ကောင်းမည်'' ဟုညည်းညူကြလေ သည်။-
4 ၄ ထိုကြောင့်သူတို့က``ငါတို့ကိုအီဂျစ်ပြည်သို့ ပြန်၍ ပို့ဆောင်မည့်ခေါင်းဆောင်တစ်ဦးကိုရွေး ကြပါစို့'' ဟူ၍အချင်းချင်းပြောဆိုကြ လေသည်။
5 ၅ ထိုအခါမောရှေနှင့်အာရုန်တို့သည် လူ အပေါင်းတို့ရှေ့တွင်မြေပေါ်၌ပျပ်ဝပ် လျက်နေကြ၏။-
6 ၆ ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့သူများ အနက် နှစ်ဦးဖြစ်ကြသောနုန်၏သားယောရှု နှင့်ယေဖုန္နာ၏သားကာလက်တို့သည် ဝမ်းနည်း သည့်အနေဖြင့်မိမိတို့၏အဝတ်အင်္ကျီများ ကိုဆုတ်ဖြဲလျက်၊-
7 ၇ ``ငါတို့စုံစမ်းထောက်လှမ်းခဲ့သောပြည် သည်အလွန်နေထိုင်ဖွယ်ကောင်းသောပြည် ဖြစ်သည်။-
8 ၈ ထာဝရဘုရားသည်ငါတို့ကိုစိတ်တော်နှင့် တွေ့လျှင်အစာရေစာပေါကြွယ်ဝ၍ မြေသြ ဇာထက်သန်သောထိုပြည်သို့ပို့ဆောင်လျက် အပိုင်စားပေးတော်မူမည်။-
9 ၉ ထာဝရဘုရားကိုမပုန်ကန်ကြပါနှင့်။ ခါနာန်ပြည်သားတို့ကိုလည်းမကြောက်ရွံ့ ကြပါနှင့်။ ငါတို့သည်သူတို့ကိုလွယ်ကူ စွာတိုက်ခိုက်အောင်မြင်နိုင်ပါမည်။ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၍ သူတို့ကိုကွယ်ကာစောင့်ရှောက်သောဘုရား များကိုလည်း နှိမ်နင်းအောင်မြင်တော်မူပြီး ဖြစ်၍မကြောက်ရွံ့ကြပါနှင့်'' ဟုလူတို့ အားပြောကြ၏။-
10 ၁၀ လူအပေါင်းတို့သည်ထိုစကားကိုကြား လျှင် သူတို့နှစ်ဦးကိုကျောက်ခဲဖြင့်ပစ်သတ် ရန်ကြိုးစားအားထုတ်ကြလေသည်။ သို့ရာ တွင်ထိုခဏချင်း၌ထာဝရဘုရား၏ ဘုန်းရောင်ခြည်တော်သည် တဲတော်ပေါ်တွင် ထွန်းတောက်နေသည်ကိုသူတို့မြင်ကြ၏။
11 ၁၁ ထာဝရဘုရားကမောရှေအား``ဤလူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုပစ်ပယ် ကြမည်နည်း။ ငါသည်သူတို့တွင်အံ့သြဖွယ် အမှုများစွာတို့ကိုပြခဲ့သော်လည်း သူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုမယုံ ကြည်မကိုးစားဘဲနေကြမည်နည်း။-
12 ၁၂ ငါသည်သူတို့ကိုကပ်ရောဂါဖြင့်ဖျက်ဆီး ပစ်မည်။ သို့ရာတွင်ငါသည်သင့်အားသူတို့ ထက်သာ၍များပြား၍ တန်ခိုးကြီးသောလူ မျိုး၏ဖခင်ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
13 ၁၃ ထိုအခါမောရှေကထာဝရဘုရား အား``ကိုယ်တော်သည်ဤလူမျိုးကိုတန်ခိုး တော်အားဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်တော် မူခဲ့ပါသည်။ အီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏လူမျိုးတော်အား ကိုယ်တော်ဘေး ဒဏ်သင့်စေကြောင်းကြားရသောအခါ၊-
14 ၁၄ သူတို့ကဤပြည်ရှိပြည်သားတို့အားသတင်း ပြောကြားကြပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်၏မိုးတိမ်သည်အကျွန်ုပ် တို့၏အထက်တွင်ထင်ရှားစွာတည်နေကြောင်း ကိုလည်းကောင်း၊ ကိုယ်တော်သည်နေ့အချိန်တွင် မိုးတိမ်တိုင်၊ ညအချိန်တွင်မီးတိမ်တိုင်အား ဖြင့်အကျွန်ုပ်တို့ရှေ့မှကြွသွားတော်မူကြောင်း ကိုလည်းကောင်း ဤပြည်ရှိပြည်သားများသိ ရပြီးဖြစ်ပါသည်။-
15 ၁၅ ယခုတွင်ကိုယ်တော်၏လူမျိုးတော်ကိုသုတ်သင် ပယ်ရှင်းတော်မူလျှင် ကိုယ်တော်၏ဂုဏ်သတင်း ကိုကြားခဲ့ဖူးသောလူမျိုးများက၊-
16 ၁၆ ကိုယ်တော်သည်ပေးမည်ဟုကတိထားတော်မူ သောပြည်သို့မပို့ဆောင်နိုင်သောကြောင့် ဤသူ တို့ကိုတောကန္တာရ၌အဆုံးစီရင်တော်မူ သည်ဟုပြောကြပါလိမ့်မည်။-
17 ၁၇ သို့ဖြစ်၍ အို ထာဝရဘုရား၊ ယခုပင်ကိုယ်တော် ၏တန်ခိုးတော်ကိုပြတော်မူပါ။ ကိုယ်တော်က`ငါ ထာဝရဘုရားသည်သည်းခံသောသဘောရှိ ၏။ မေတ္တာကရုဏာနှင့်ကြွယ်ဝ၍ဒုစရိုက်အပြစ် နှင့်ပုန်ကန်ခြင်းအပြစ်တို့ကိုလွှတ်တော်မူ၏။ သို့ သော်လည်းမိဘတို့၏အပြစ်အတွက်သူတို့ ၏သားမြေးမှစ၍တတိယမျိုးဆက်၊ စတုတ္ထ မျိုးဆက်သို့တိုင်အောင်ပင်ဒဏ်ခတ်တော်မူမည်' ဟုကတိထားတော်မူသည့်အတိုင်းပြုတော် မူပါ။-
18 ၁၈
19 ၁၉ အို ထာဝရဘုရား၊ ကိုယ်တော်သည်ဤသူ တို့အီဂျစ်ပြည်မှထွက်ခွာလာချိန်မှ ယနေ့ အထိသူတို့ကူးလွန်ခဲ့သောအပြစ်များ ကိုဖြေလွှတ်တော်မူခဲ့သည့်နည်းတူ ကိုယ်တော် ၏ကြီးမားသောမေတ္တာကရုဏာတော်နှင့် အညီ ယခုလည်းသူတို့ပြုမိသောအပြစ် များကိုဖြေလွှတ်တော်မူရန်အကျွန်ုပ် တောင်းလျှောက်ပါ၏'' ဟုဆုတောင်းလေ သည်။
20 ၂၀ ထိုအခါထာဝရဘုရားက``သင်တောင်းပန် သည့်အတိုင်း ငါသည်သူတို့၏အပြစ်ကို လွှတ်တော်မူမည်။-
21 ၂၁ ငါသည်အသက်ရှင်၍ငါ၏ဘုန်းအသရေ တော်သည် တစ်ကမ္ဘာလုံးတွင်ပျံ့နှံ့လျက်ရှိ သည်အတိုင်း၊-
22 ၂၂ ဤသူတို့အနက်မည်သူမျှထိုပြည်သို့မဝင် ရ။ သူတို့သည်ငါ၏တောက်ပသောဘုန်းအသ ရေတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်နှင့်တော ကန္တာရတွင်ငါပြုခဲ့သောအံ့သြဖွယ်အမှု များကိုလည်းကောင်းတွေ့မြင်ခဲ့ရသော်လည်း သူတို့သည်ငါ့ကိုအကြိမ်ကြိမ်မထီလေးစား ပြု၍ငါ့စကားကိုလည်းနားမထောင်ခဲ့ကြ။-
23 ၂၃ သူတို့၏ဘိုးဘေးတို့အားငါပေးမည်ဟုကတိ ထားသောပြည်သို့သူတို့မဝင်ရ။ ငါ့ကိုပစ်ပယ် သူမှန်သမျှထိုပြည်သို့မဝင်ရ။-
24 ၂၄ သို့သော်လည်းငါ၏အစေခံကာလက်သည် အခြားသူတို့နှင့်ခြားနားသောသဘောရှိ၍ ငါ၏စကားကိုတစ်သဝေမတိမ်းလိုက်နာ သူဖြစ်ခြင်းကြောင့် သူစုံစမ်းထောက်လှမ်းခဲ့ သောပြည်သို့သူ့ကိုငါပို့ဆောင်မည်။ သူ၏ အဆက်အနွယ်တို့သည်အာမလက်အမျိုး သားနှင့်ခါနာန်အမျိုးသားတို့ယခုနေထိုင် ရာချိုင့်ဝှမ်းများရှိရာနယ်မြေကိုအပိုင်ရ လိမ့်မည်။ နက်ဖြန်နေ့တွင်သင်သည်ပြန်လှည့် ၍အာကာဘာပင်လယ်ကွေ့ဘက်ရှိတော ကန္တာရသို့သွားလော့'' ဟုမောရှေအား မိန့်တော်မူ၏။
25 ၂၅
26 ၂၆ ထာဝရဘုရားကမောရှေနှင့်အာရုန်တို့အား၊-
27 ၂၇ ``ဤဆိုးယုတ်သောသူတို့သည်မည်မျှကာလ ပတ်လုံးညည်းညူလျက်ရှိကြမည်နည်း။ ဣသ ရေလအမျိုးသားတို့၏ညည်းညူသံကိုငါ ကြားရဖန်များလှပြီ။-
28 ၂၈ ယခုသူတို့အားဤသို့ပြန်ပြောလော့။ `ငါ ထာဝရဘုရားသည်ငါ့ကိုယ်ကိုတိုင်တည်၍ သင်တို့တောင်းဆိုသည့်အတိုင်းငါပြုမည်။-
29 ၂၉ သင်တို့သည်တောကန္တာရ၌ပင်သေဆုံး ကြလိမ့်မည်။ ဤတောသည်သင်တို့၏သင်္ချိုင်း ဖြစ်လိမ့်မည်။ သင်တို့သည်ငါ့ကိုအပြစ်တင် ညည်းညူကြသောကြောင့် အသက်နှစ်ဆယ် ကျော်သူတစ်ယောက်မျှထိုပြည်သို့ မဝင်ရ။-
30 ၃၀ သင်တို့ကိုနေထိုင်စေမည်ဟုကတိထား သောပြည်သို့ ကာလက်နှင့်ယောရှုမှတစ်ပါး မည်သူမျှမဝင်ရ။-
31 ၃၁ သင်တို့၏သားသမီးများကိုရန်သူဖမ်းသွား လိမ့်မည်ဟုသင်တို့ဆိုကြ၏။ သို့ရာတွင်ငါ သည်သင်တို့မသွားလိုသောပြည်သို့သင်တို့ ၏ကလေးများကိုပို့ဆောင်သဖြင့် သူတို့ သည်ထိုပြည်တွင်နေထိုင်ရလိမ့်မည်။-
32 ၃၂ သင်တို့မူကားဤတောကန္တာရ၌သေဆုံးရ ကြမည်။-
33 ၃၃ သင်တို့ယုံကြည်မှုကင်းမဲ့သောကြောင့်ဤ တောကန္တာရ၌သင်တို့အနက် နောက်ဆုံးသော သူကွယ်လွန်သည်အထိသင်တို့၏သားသမီး များသည်နှစ်ပေါင်းလေးဆယ်တိုင်တိုင်တော ကန္တာရ၌လှည့်လည်နေထိုင်ရကြမည်။-
34 ၃၄ သင်တို့ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းခဲ့ သောရက်ပေါင်းလေးဆယ်အတွက် တစ်ရက်လျှင် တစ်နှစ်ကျဖြင့်သင်တို့၏အပြစ်ဒဏ်ကိုနှစ် ပေါင်းလေးဆယ်ခံရကြမည်။ သင်တို့သည်ငါ ၏ပစ်ပယ်ခြင်းဒဏ်ကိုခံရကြလိမ့်မည်။-
35 ၃၅ ငါ့ကိုဆန့်ကျင်ဘက်ပြုသောဆိုးသွမ်းသည့် သင်တို့အပေါင်းကို ငါသည်မုချဒဏ်ခတ်မည်။ သင်တို့ရှိသမျှသည်တောကန္တာရတွင်သေ ကြေပျက်စီးလိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော်မူပြီ'' ဟုမိန့်တော်မူ၏။
36 ၃၆ ခါနာန်ပြည်ကိုစုံစမ်းထောက်လှမ်းရန်မောရှေ စေလွှတ်သောသူတို့သည် မမှန်သတင်းကိုယူ ဆောင်ခဲ့ကြသဖြင့် ကြားရသောသူတို့သည် ထာဝရဘုရားအားအပြစ်တင်ညည်းတွား ကြ၏။ ထို့ကြောင့်ထာဝရဘုရားသည်မမှန် သတင်းယူဆောင်လာခဲ့သူတို့အား ကပ် ရောဂါဖြင့်သေဆုံးစေတော်မူ၏။-
37 ၃၇
38 ၃၈ စုံစမ်းထောက်လှမ်းသူတစ်ဆယ့်နှစ်ဦးအနက် ယောရှုနှင့်ကာလက်သာလျှင်အသက်ချမ်း သာရာရလေသည်။
39 ၃၉ မောရှေသည်ထာဝရဘုရားမိန့်တော်မူသမျှ ကို ဣသရေလအမျိုးသားတို့အားပြန်ကြား သောအခါ သူတို့သည်အလွန်ဝမ်းနည်း ကြေကွဲကြ၏။-
40 ၄၀ နောက်တစ်နေ့နံနက်စောစောအချိန်တွင် သူတို့ သည်တောင်ကုန်းဒေသကိုဝင်ရောက်သိမ်းပိုက် ရန်စတင်ချီတက်ကြလေသည်။ သူတို့က``ထာ ဝရဘုရားကတိထားတော်မူသောပြည်သို့ ယခုငါတို့သွားပါမည်။ ငါတို့ပြစ်မှားမိ ကြောင်းဝန်ခံပါ၏'' ဟုဆိုကြလေသည်။
41 ၄၁ သို့ရာတွင်မောရှေက``သင်တို့အဘယ်ကြောင့် ထာဝရဘုရား၏အမိန့်တော်ကို ယခုမနာ ခံကြသနည်း။ သင်တို့အကြံအောင်မြင်မည် မဟုတ်။-
42 ၄၂ မသွားကြနှင့်။ ထာဝရဘုရားသည်သင်တို့ နှင့်အတူမရှိသဖြင့် ရန်သူတို့သည်သင် တို့ကိုအနိုင်ရလိမ့်မည်။-
43 ၄၃ သင်တို့သည်အာမလက်အမျိုးသား၊ ခါနာန် အမျိုးသားတို့နှင့်ယှဉ်ပြိုင်တိုက်ခိုက်သောအခါ သင်တို့ကျဆုံးကြလိမ့်မည်။ သင်တို့သည်ထာဝရ ဘုရားကိုစွန့်ပစ်ခြင်းကြောင့် ကိုယ်တော်သည်သင် တို့နှင့်အတူရှိတော်မူမည်မဟုတ်'' ဟုဆို လေ၏။
44 ၄၄ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် လည်းကောင်း၊ မောရှေသည်လည်းကောင်းစခန်းမှ မထွက်ခွာသော်လည်း သူတို့သည်တောင်ကုန်း ဒေသသို့အရဲစွန့်၍ချီတက်ကြလေသည်။-
45 ၄၅ ထိုအရပ်၌နေထိုင်ကြသောအာမလက် အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် သူတို့တိုက်ခိုက်အောင်မြင်၍ သူတို့ကိုဟော မာမြို့တိုင်အောင်လိုက်လံတိုက်ခိုက်လေသည်။