< ဝတ်ပြုရာ 26 >
1 ၁ ထာဝရဘုရားက``သင်တို့သည်ရုပ်တုများ၊ ကျောက်တိုင်များ၊ ကျောက်ရုပ်များကိုထုလုပ် ၍မကိုးကွယ်ရ။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။-
၁သင်တို့သည် ကိုယ်အဘို့ ထုလုပ်သော ရုပ်တုဆင်းတုကို မရှိစေရ။ သင်တို့ပြည်၌ ကိုးကွယ်စရာ မှတ်တိုင်ကို မစိုက်ရ။ ထုသောကျောက်ကို ထောင်၍မထားရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။
2 ၂ ဘာသာရေးပွဲတော်များကိုကျင်းပ၍ ငါ့ အားကိုးကွယ်ရာဌာနတော်ကိုရိုသေရ မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူ၏။''
၂ငါ့ဥပုသ်နေ့တို့ကိုစောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
3 ၃ ``သင်တို့သည်ငါ၏ပညတ်များကိုစောင့်ထိန်း၍ ငါ၏အမိန့်များကိုနာခံလျှင်၊-
၃သင်တို့သည်၊ ငါ့ထုံးဖွဲ့ရာလိမ်းသို့လိုက်၍၊ ငါပညတ်တို့ကို ကျင့်စောင့်လျှင်၊-
4 ၄ ငါသည်အချိန်တန်သောအခါမိုးကိုရွာစေ သဖြင့် လယ်များမှအသီးအနှံထွက်လျက် သစ်သီးပင်များမှအသီးသီးကြလိမ့်မည်။-
၄အချိန်တန်မှ ငါသည် သင်တို့အဘို့ မိုဃ်းရွာစေသဖြင့်၊ မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဥယျာဉ်အပင် တို့သည် အသီးသီးကြလိမ့်မည်။
5 ၅ အသီးအနှံများလှိုင်လှိုင်ထွက်သဖြင့် သင်တို့ သည်စပါးရိတ်သိမ်း၍မပြီးပြတ်မီ စပျစ်သီး စုသိမ်းချိန်ရောက်လိမ့်မည်။ စပျစ်သီးစုသိမ်း၍ မပြီးပြတ်မီစပါးစိုက်ပျိုးချိန်ရောက်လိမ့်မည်။ သင်တို့သည်ဝစွာစားရ၍ဘေးကင်းလုံခြုံ စွာနေထိုင်ရလိမ့်မည်။
၅စပါးနင်းနယ်သော အမှုသည်၊ စပျစ်သီးညှစ်ရာ ကာလတိုင်အောင်၎င်း၊ စပျစ်သီးညှစ်သောအမှုသည်၊ မျိုးစေ့ကြဲရာ ကာလတိုင်အောင်၎င်း မှီသဖြင့်၊ သင်တို့သည် ဝစွာစား၍၊ ကိုယ်ပြည်၌ ဘေးလွတ်လျက် နေရကြလိမ့်မည်။
6 ၆ ``ငါသည်သင်တို့၏ပြည်ကိုအေးချမ်းသာယာ စေသဖြင့် သင်တို့သည်ညအခါဘေးရန်အတွက် စိုးရိမ်ကြောင့်ကြမှုမရှိဘဲအိပ်ရလိမ့်မည်။ ငါ သည်သင်တို့ပြည်မှသားရဲများကိုဖယ်ရှားမည်။ စစ်ဘေးစစ်ဒဏ်ကိုနောက်တစ်ဖန်မခံစားစေရ။-
၆သင်တို့ပြည်၌ စစ်မှုကို ငါငြိမ်းစေ၍၊ ခြိမ်းချောက်သောသူ မရှိဘဲ သင်တို့သည် အိပ်ရကြလိမ့်မည်။ ဆိုးသော သားရဲတို့ကိုလည်း ငါပယ်ရှားမည်။ တပြည်လုံးသည် ထားဘေးနှင့် ကင်းလွတ်လိမ့်မည်။
7 ၇ သင်တို့သည်ရန်သူများကိုနှိမ်နင်းအောင်မြင် ရလိမ့်မည်။-
၇သင်တို့သည် ရန်သူများကို လိုက်၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည်။
8 ၈ သင်တို့ဘက်မှလူငါးယောက်သည်ရန်သူတစ်ရာ ကိုလည်းကောင်း၊ သင်တို့ဘက်မှလူတစ်ရာသည် ရန်သူတစ်ထောင်ကိုလည်းကောင်း နှိမ်နင်းအောင် မြင်လိမ့်မည်။-
၈သင်တို့တွင် လူငါးယောက်သည် ရန်သူတရားကို လိုက်လိမ့်မည်။ လူတရာသည် ရန်သူတသောင်းကို ပြေးစေ၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည်။
9 ၉ ငါသည်သင်တို့ကိုကောင်းချီးပေးသဖြင့် သင် တို့တွင်သားသမီးမြောက်မြားစွာထွန်းကား လိမ့်မည်။ သင်တို့နှင့်ပြုထားသောပဋိညာဉ် ကိုငါတည်စေမည်။-
၉သင်တို့ကို ငါစောင့်မသဖြင့် တိုးပွားများပြားစေ၍၊ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ကို ငါမြဲမြံစေမည်။
10 ၁၀ သင်တို့၏သီးနှံအထွက်တိုးသဖြင့် တစ်နှစ် စာအတွက်ဖူလုံရုံမျှမကသင်တို့သည် စပါးသစ်ကိုသိုလှောင်နိုင်ရန်လက်ကျန် စပါးဟောင်းကိုပင်စွန့်ပစ်ရလိမ့်မည်။-
၁၀သိုထားသော စပါးဟောင်းကို စား၍ မကုန်မှီ၊ စပါးသစ်ပေါ်သောကြောင့်၊ အဟောင်းကို ထုတ်ရကြ မည်။
11 ၁၁ ငါသည်တဲတော်တွင်ကိန်းဝပ်သဖြင့် သင်တို့ နှင့်အတူရှိနေမည်။ သင်တို့ကိုမည်သည့်အခါ မျှစွန့်ပစ်တော်မမူ။-
၁၁ငါသည် စက်ဆုပ်ရွံရှာခြင်းမရှိဘဲ သင်တို့တွင် တဲတော်ကို တည်မည်။
12 ၁၂ ငါသည်သင်တို့နှင့်အတူရှိမည်။ ငါသည်သင် တို့၏ဘုရားသခင်ဖြစ်၍ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်လိမ့်မည်။-
၁၂သင်တို့တွင်လည်း လှည့်လည်၍ သင်တို့၏ ဘုရားသခင်ဖြစ်မည်။ သင်တို့သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။
13 ၁၃ ငါသည်သင်တို့အားကျွန်ဘဝမှလွတ်မြောက် စေရန် အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူ၏။ ငါသည်သင်တို့၏ထမ်းပိုးကိုချိုး၍သင် တို့အားမတ်မတ်လျှောက်စေပြီ'' ဟုမိန့်တော် မူ၏။
၁၃အဲဂုတ္တုပြည်၌ အစေကျွန်ခံရသော သင်တို့ကို ငါလွှတ်၍ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်တို့၏ ထမ်းဘိုးကြိုးကို ငါဖြတ်၍ သင်တို့ကို တည့်မတ်စေပြီ။
14 ၁၄ တစ်ဖန်ထာဝရဘုရားက``သင်တို့သည်ငါ ၏ပညတ်များကိုမစောင့်ထိန်းလျှင်အပြစ် ဒဏ်ခံရကြမည်။-
၁၄သင်တို့သည် ငါ့စကားကို နားမထောင်၊ ဤပညတ်အလုံးစုံကို မစောင့်၊-
15 ၁၅ သင်တို့သည်ငါ၏ပညတ်နှင့်အမိန့်တော်များ ကိုမနာခံဘဲ သင်တို့နှင့်ငါပြုသောပဋိညာဉ် ကိုချိုးဖောက်လျှင်၊-
၁၅ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ၍၊ မထီမဲ့မြင်ပြုလျက်၊ ငါ့ပညတ်တရားကိုမကျင့်၊ ငါ့ပဋိညာဉ်သစ္စာကို ဖျက်လျှင်၊-
16 ၁၆ ငါသည်သင်တို့အားဒဏ်ခတ်မည်။ ကုသ၍မရ နိုင်သောရောဂါဝေဒနာကိုလည်းကောင်း၊ မျက်စိ ကွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းကိုဖြစ်စေ သောရောဂါဝေဒနာကိုလည်းကောင်း သင်တို့ အားခံစားစေမည်။ သင်တို့သည်အသီးအနှံ များကိုစိုက်ပျိုးသော်လည်း အကျိုးကျေးဇူး ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူများသည် သင်တို့ကိုတိုက် ခိုက်အောင်မြင်၍သင်တို့စိုက်ပျိုးသော အသီးအနှံများကိုစားကြမည်ဖြစ် သောကြောင့်တည်း။-
၁၆သင်တို့၌ ငါပြုလတံ့သောအမှုဟူမူကား၊ သင်တို့၌ မျက်စိပျက်လျက်၊ စိတ်ပူပန်လျက် ရှိစေခြင်းငှါ၊ ထိတ်လန့်သော သဘော၊ တူလာ၊ ဖျားနာတို့ကို သင်တို့အပေါ်မှာ ငါခန့်ထားမည်။ သင်တို့သည် မျိုးစေ့ကို ကြဲသော်လည်း အကျိုးမရှိ။ ရန်သူတို့သည် အသီးအနှံကို စားကြလိမ့်မည်။
17 ၁၇ ငါသည်သင်တို့တစ်ဘက်၌ရှိသဖြင့် သင်တို့ သည်စစ်ရှုံး၍ရန်သူ၏အုပ်စိုးခြင်းကိုခံရ လိမ့်မည်။ သင်တို့သည်အလွန်ထိတ်လန့်သဖြင့် လိုက်သူမရှိဘဲနှင့်ပြေးရကြလိမ့်မည်။
၁၇သင်တို့ကို ငါ မျက်နှာထား၍၊ ရန်သူရှေ့မှာ ဆုံးစေမည်။ သင်တို့သည် ရန်သူ၏ အုပ်စိုးခြင်းကို ခံရ၍၊ အဘယ်သူမျှ မလိုက်သော်လည်း၊ ပြေးကြလိမ့်မည်။
18 ၁၈ ``သင်တို့သည်ထိုမျှလောက်သောဒဏ်ကိုခံရ လျက်နှင့် ငါ၏ပညတ်တို့ကိုမစောင့်ထိန်းဘဲ နေသေးလျှင် ငါသည်သင်တို့အားအပြစ် ဒဏ်ကိုခုနစ်ဆတိုး၍ခံစေမည်။-
၁၈ထိုမျှလောက် ခံရသော်လည်း၊ ငါ့စကားကို နားမထောင်ဘဲ နေသေးလျှင်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ငါပေးဦးမည်။
19 ၁၉ သင်တို့၏မာန်စွယ်ကိုငါချိုးမည်။ သင်တို့ ပြည်တွင်မိုးမရွာသဖြင့် မြေကြီးသည် ခြောက်သွေ့၍သံကဲ့သို့မာကြောလိမ့်မည်။-
၁၉သင်တို့ မာနအစွယ်ကို ငါချိုးမည်။ မိုဃ်းကောင်းကင်ကို သံကဲ့သို့၎င်း၊ မြေကြီးကို ကြေးဝါကဲ့သို့၎င်း၊ ငါဖြစ်စေသဖြင့်၊
20 ၂၀ သင်တို့၏မြေမှအသီးအနှံမထွက်၊ သစ်သီး အပင်များမှအသီးမသီးသဖြင့် သင်တို့ကြိုး ပမ်းလုပ်ကိုင်သမျှတို့သည်အချည်းနှီးသက် သက်ဖြစ်ရလိမ့်မည်။
၂၀သင်တို့သည် အချည်းနှီး ကြိုးစားအားထုတ်ကြလိမ့်မည်။ သင်တို့မြေသည် မိမိဘဏ္ဍာကို မပေး။ ဥယျာဉ်အပင်တို့သည် အသီးမသီးကြ။
21 ၂၁ ``သင်တို့သည်ငါ့ကိုအာခံ၍ ငါ့စကားကို နားမထောင်ဘဲနေသေးလျှင် ငါသည်အပြစ် ဒဏ်ကိုခုနစ်ဆထပ်မံတိုး၍ခံစေမည်။-
၂၁သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့ကို ဆန့်ကျင်ဘက်ပြုလျှင်၊ သင်တို့အပြစ်အလျောက် ခုနစ်ဆ သောဘေးကြီးကို ငါသက်ရောက်စေမည်။
22 ၂၂ ငါသည်သင်တို့ရှိရာသို့သားရဲများကိုစေ လွှတ်၍ သင်တို့၏သားသမီးများ၊ သိုးနွား များကိုကိုက်သတ်စေမည်။ လူဦးရေလျော့ နည်းလာသောကြောင့် လမ်းများပေါ်တွင် သွားလာသူကင်းမဲ့လျက်ရှိလိမ့်မည်။
၂၂သင်တို့၏ သားသမီးများကို ချီသွား၍၊ သင်တို့၏ တိရစ္ဆာန်များကို ဖျက်ဆီးလျက်၊ သင်တို့ကို နည်းစေခြင်း ငှါ၊ သားရဲများကို ငါစေလွှတ်သဖြင့်၊ သင်တို့သွားရာ လမ်းမတို့သည် လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။
23 ၂၃ ``သင်တို့သည်ထိုမျှလောက်သောဒဏ်ကိုခံ ပြီးနောက် ငါ့ကိုဆက်လက်အာခံ၍ငါ၏ စကားကိုနားမထောင်ဘဲနေသေးလျှင်၊-
၂၃ထိုသို့ ခံရသော်လည်း၊ သင်တို့သည် သတိမရ၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊-
24 ၂၄ ငါသည်သင်တို့တစ်ဘက်၌နေ၍အပြစ်ဒဏ် ကို ယခင်ကထက်ခုနစ်ဆတိုး၍ခံစေမည်။-
၂၄ငါသည်လည်း သင်တို့ကို ဆန့်ကျင်ဘက်ပြု၍၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ပေးဦးမည်။
25 ၂၅ သင်တို့သည်ငါ၏ပဋိညာဉ်ကိုဖောက်ဖျက် သည့်အတွက် သင်တို့အားစစ်ဘေးစစ်ဒဏ်သင့် စေမည်။ ထိုအခါသင်တို့သည်မြို့များသို့ပြေး ၍ခိုလှုံကြလျှင် ငါသည်သင်တို့တွင်ကုသ၍ မရနိုင်သောရောဂါကပ်ဆိုက်ရောက်စေသဖြင့် သင်တို့သည်ရန်သူတို့လက်တွင်းသို့ကျရောက် လိမ့်မည်။-
၂၅ငါ့ပဋိညာဉ်ဘက်၌ နေ၍၊ တရားစီရင်ရသော ထားဘေးကိုသင်တို့အပေါ်မှာ ငါသက်ရောက်စေမည်။ သင်တို့သည် မြို့ထဲ၌၊ စုဝေးသောအခါ၊ ကာလနာဘေးကို ငါစေလွတ်၍၊ ရန်သူလက်သို့ ရောက်စေမည်။
26 ၂၆ ငါသည်စားနပ်ရိက္ခာကိုရှားပါးစေသဖြင့် အိမ် ရှင်မဆယ်ယောက်ဖုတ်ရမည့်မုန့်အရေအတွက် မှာ အိမ်ရှင်မတစ်ဦး၏ဖိုတွင်ဖုတ်နိုင်မည့်မုန့် အရေအတွက်မျှသာရှိမည်။ သင်တို့သည်ထို မုန့်ကိုခွဲတမ်းချ၍မလောက်မငဝေမျှစား ရလိမ့်မည်။
၂၆သင်တို့၏ အစာအာဟာရ အထောက်အပင့်ကို ငါ ပယ်ရှားသောအခါ၊ မိန်းမတကျိပ်တို့သည် သင်တို့၏ မုန့်ကို မီးဖိုတဖို၌ ဖုတ်ပြီးမှ၊ ထိုမုန့်ကို ချိန်ပေးသဖြင့် သင်တို့သည် ဝစွာမစားရကြ။
27 ၂၇ ``သင်တို့သည်ထိုမျှလောက်သောဒဏ်ကိုခံရ ပြီးနောက် ငါ့ကိုဆက်လက်အာခံ၍ငါ့စကား ကိုနားမထောင်ဘဲနေသေးလျှင်၊-
၂၇ထိုမျှလောက် ခံရသော်လည်း၊ ငါ့စကားကို နားထောင်၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊-
28 ၂၈ ငါသည်အမျက်ထွက်၍သင်တို့တစ်ဘက်၌နေ လျက် အပြစ်ဒဏ်ကိုယခင်ကထက်ခုနစ်ဆ တိုး၍ခံစေမည်။-
၂၈ငါသည်လည်း အမျက်ထွက်၍ သင်တို့ကို ဆန့်ကျင်ဘက်ပြုသဖြင့်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆ သော ဒဏ်ကို ပေးဦးမည်။-
29 ၂၉ သင်တို့သည်ဆာလောင်မွတ်သိပ်လှသဖြင့် ကိုယ် သားသမီးတို့၏အသားကိုစားရကြလိမ့် မည်။-
၂၉သင်တို့သည် ကိုယ်သားသမီးတို့၏ အသားကို စားရကြလိမ့်မည်။
30 ၃၀ ငါသည်တောင်ကုန်းများပေါ်တွင်ရှိသောသင် တို့ဝတ်ပြုကိုးကွယ်ရာဌာနများကိုဖျက်ဆီး ၍ နံ့သာပေါင်းပူဇော်ရာပလ္လင်ကိုဖြိုဖျက်မည်။ သင်တို့၏အလောင်းများကိုပြိုကျသောရုပ်တု များအပေါ်တွင်ပစ်ချမည်။ ငါသည်သင်တို့ ကိုစက်ဆုပ်ရွံရှာသဖြင့်၊-
၃၀သင်တို့မြင့်သော အရပ်များကို ငါဖြိုဖျက်၍၊ ရုပ်တုဆင်းတုများကို ခုတ်လှဲမည်။ သင်တို့ အသေကောင် များကို၊ ရုပ်တုဆင်းတု အသေကောင်အပေါ်မှာ ပစ်ချ၍၊ သင်တို့ကို စက်ဆုပ်ရွံရှာမည်။
31 ၃၁ သင်တို့၏မြို့များကိုဖြိုဖျက်၍ သင်တို့ဝတ်ပြု ကိုးကွယ်ရာဌာနများကိုပျက်စီးစေမည်။ သင် တို့၏ယဇ်ပူဇော်ခြင်းကိုငါလက်မခံ။-
၃၁သင်တို့မြို့များကို ငါဖျက်ဆီး၍၊ သန့်ရှင်းရာဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်တို့ နံ့သာ ပေါင်း အမွှေးအကြိုင်ကို ငါမနမ်း။
32 ၃၂ ငါသည်သင်တို့၏ပြည်ကိုလုံးဝဖျက်ဆီးပစ် သဖြင့် သင်တို့၏ပြည်ကိုသိမ်းပိုက်သောရန်သူ တို့ပင်လျှင်ထိတ်လန့်ကြလိမ့်မည်။-
၃၂တပြည်လုံးကို ငါသုတ်သင် ပယ်ရှင်းသော အမှုကို၊ ထိုပြည်၌နေသော သင်တို့၏ ရန်သူတို့သည် မြင်၍ မိန်းမောတွေဝေကြလိမ့်မည်။
33 ၃၃ ငါသည်သင်တို့ကိုစစ်ဘေးစစ်ဒဏ်သင့်စေပြီး လျှင် သင်တို့အားအခြားနိုင်ငံများသို့ပြန့်နှံ့ နေထိုင်စေမည်။ သင်တို့၏ပြည်သည်လူသူ ကင်းမဲ့၍ သင်တို့၏မြို့များသည်လည်းပျက်စီး ယိုယွင်းလိမ့်မည်။-
၃၃သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ် ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ပြည် သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။
34 ၃၄ ထိုအခါသင်တို့ယခင်ကအနားမပေးခဲ့ သောမြေသည် ယခုအနားရလိမ့်မည်။ သင်တို့ သည်ရန်သူ၏နိုင်ငံတွင်နေထိုင်ရစဉ် သင်တို့ ၏ပြည်သည်လူသူကင်းမဲ့မည်ဖြစ်၍အနား ရလိမ့်မည်။
၃၄ထိုသို့ သင်တို့သည် ရန်သူပြည်၌နေ၍၊ ကိုယ်ပြည်သည် လူဆိတ်ညံလျက်နေသော ကာလပတ်လုံး ငြိမ်ဝပ်စွာနေ၍၊ မိမိဥပုသ်နေ့တို့၌ မွေ့လျော်ရလိမ့်မည်။
၃၅လူဆိတ်ညံလျက်နေရသော ကာလပတ်လုံး ငြိမ်ဝပ်လိမ့်မည်။ သင်တို့ရှိနေသောအခါ၊ ဥပုသ်နေ့တို့၌ ပြည်ည် မငြိမ်မဝပ်ရ။
36 ၃၆ ``သင်တို့သည်နိုင်ငံရပ်ခြားသို့ရောက်ရှိနေထိုင် ရစဉ် လေတိုက်ခတ်သောသစ်ရွက်သံကိုကြားရုံ မျှဖြင့်ကြောက်လန့်ထွက်ပြေးရလိမ့်မည်။ သင်တို့ သည်စစ်ပွဲ၌ရန်သူလိုက်၍ပြေးရဘိသကဲ့ သို့ပြေးရလိမ့်မည်။ အနီးတွင်ရန်သူမရှိဘဲ လဲကျလိမ့်မည်။-
၃၆ရန်သူပြည်မှာ ကျန်ကြွင်းသော သင်တို့ စိတ်နှလုံးထဲသို့၊ ထိတ်လန့်သော သဘောကို ငါပေးသွင်းသဖြင့်၊ သစ်ရွက်လှုပ်သံကြောင့် သင်တို့သည် ကြောက်၍၊ ထားဘေးမှ ပြေးသကဲ့သို့ ပြေးကြလိမ့်မည်။ အဘယ် သူမျှ မလိုက်သော်လည်း လဲကြလိမ့်မည်။
37 ၃၇ လိုက်လံသူမရှိဘဲတစ်ဦးကိုတစ်ဦးတိုက် မိ၍လဲကျလိမ့်မည်။ မည်သည့်ရန်သူကိုမျှ ခုခံတိုက်ခိုက်နိုင်လိမ့်မည်မဟုတ်။-
၃၇အဘယ်သူမျှမလိုက်ဘဲ ထားဘေးမှ ပြေးသောသူကဲ့သို့ တယောက်အပေါ်မှာ တယောက်လဲကြလိမ့် မည်။ ရန်သူရှေ့မှာ ရပ်နိုင်သော တန်ခိုးမရှိရ။
38 ၃၈ သင်တို့သည်နိုင်ငံရပ်ခြားတွင်သေကျေ ပျက်စီးရလိမ့်မည်။-
၃၈ရန်သူပြည်သည် သင်တို့ကို မျိုးစား၍၊ သာသနာပလူတို့တွင် ဆုံးရှုံးကြလိမ့်မည်။
39 ၃၉ ရန်သူ၏နိုင်ငံတွင်သင်တို့၏အမျိုးပြုန်းလိမ့် မည်။ ထိုနိုင်ငံတွင်သင်တို့အနက်ကျန်ကြွင်းသူ အနည်းငယ်တို့သည်သင်တို့အပြစ်ကြောင့် လည်းကောင်း၊ သင်တို့ဘိုးဘေးတို့၏အပြစ် ကြောင့်လည်းကောင်းတိမ်ကောပျက်စီးရကြ လိမ့်မည်။
၃၉ကျန်ကြွင်းသော သင်တို့သည်၊ ရန်သူပြည်၌ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်ကို ခံလျက်၊ ဘိုးဘနှင့်တကွ အားလျော့ကြလိမ့်မည်။
40 ၄၀ ``သို့ရာတွင်သင်တို့၏အဆက်အနွယ်များ သည် သူတို့၏အပြစ်နှင့်ဘိုးဘေးတို့၏အပြစ် များကိုဝန်ချတောင်းပန်ကြလိမ့်မည်။ သူတို့ ၏ဘိုးဘေးများသည်ငါ့ကိုဆန့်ကျင်၍ပုန် ကန်သဖြင့်၊-
၄၀သို့ရာတွင် သူတို့သည် ငါ့ကို ပြစ်မှား၍၊ ငါ့ကို ဆန့်ကျင်ဘက်ပြုသောကြောင့်၊-
41 ၄၁ ငါသည်အမျက်ထွက်၍သူတို့ကိုပြည်နှင်ဒဏ် ပေးခဲ့၏။ နောက်ဆုံး၌သင်တို့၏အဆက်အနွယ် များသည်မာန်စွယ်ကျိုး၍ မိမိတို့၏အပြစ် နှင့်ပုန်ကန်မှုအတွက်အပြစ်ဒဏ်ကိုခံရ ပြီးသောအခါ၊-
၄၁ငါသည် သူတို့ကို ဆန့်ကျင်ဘက်ပြု၍ ရန်သူပြည်သို့ ပို့ဆောင်သော အကြောင်းများနှင့်တကွ၊ ကိုယ် အပြစ်၊ ဘိုးတတို့ အပြစ်များကို ဘော်ပြတောင်းပန်လျှင်၎င်း၊ အရေဖျားလှီးခြင်းကို မခံသော မိမိတို့ နှလုံးကို နှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊-
42 ၄၂ ငါသည်ယာကုပ်၊ ဣဇက်၊ အာဗြဟံတို့နှင့်ပြု ခဲ့သောပဋိညာဉ်ကိုသတိရ၍ ထိုပဋိညာဉ် အတိုင်းငါ၏လူမျိုးတော်အားခါနာန်ပြည် ကိုပေးတော်မူ၏။-
၄၂ငါသည် ယာကုပ်နှင့်ပြုသော ပဋိညာဉ်၊ ဣဇာက်နှင့်ပြုသော ပဋိညာဉ်၊ အာဗြတံနှင့်ပြုသော ပဋိညာဉ်ကို ၎င်း၊ ထိုပြည်ကို၎င်း ငါအောက်မေ့မည်။
43 ၄၃ သို့ရာတွင်ပထမဦးစွာတိုင်းပြည်သည်အနား ရစေရန် ပြည်သူတို့ကိုဖယ်ရှားရမည်။ ငါ၏ ပညတ်တော်များနှင့်အမိန့်တော်များကိုပစ် ပယ်သည့်အတွက် ပြည်သူတို့သည်အပြစ်ဒဏ် ခံရမည်။-
၄၃ထိုပြည်သည် သူတို့ လက်မှလွတ်၍၊ သူတို့မရှိဘဲ လူဆိတ်ညံလျက်နေစဉ်တွင် မိမိဥပုသ်နေ့တို့၌ မွေ့လျော်လိမ့်မည်။ သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်များကို ရွံရှာ၍ မထီမဲ့မြင် ပြုသောအပြစ်ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။
44 ၄၄ သို့ရာတွင်ယင်းသို့ဖြစ်စေကာမူသူတို့သည် ရန်သူ၏ပြည်တွင်နေထိုင်ရစဉ် ငါသည်သူတို့ ကိုအပြီးအပိုင်စွန့်ပစ်မည်မဟုတ်။ ဖျက်ဆီး ပစ်မည်လည်းမဟုတ်။ အကယ်၍ငါသည်သင် တို့ကိုအပြီးအပိုင်စွန့်ပစ်ပါမူ ငါနှင့်သူတို့ ပြုသောပဋိညာဉ်သည်ပျက်ပြယ်လိမ့်မည်။ ငါ သည်သူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။-
၄၄သို့ရာတွင် ရန်သူပြည်၌ နေကြသောအခါ၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ သူတို့နှင့်ငါပြုသော ပဋိညာဉ်ကို ပယ်သည်တိုင်အောင် သူတို့ကို ငါမစွန့်ပစ် မရွံရှာ။ ငါသည် သူတို့၏ ဘုရားခင်ထာဝရဘုရား ဖြစ်၏။
45 ၄၅ ငါထာဝရဘုရားသည်ငါ၏လူမျိုးတော်၏ ဘုရားဖြစ်အံ့သောငှာ သူတို့အားအီဂျစ်ပြည် မှထုတ်ဆောင်ခြင်းဖြင့် လူမျိုးအပေါင်းတို့အား ငါ၏တန်ခိုးကိုဖော်ပြစဉ်အခါက သူတို့ ၏ဘိုးဘေးများနှင့်ပြုခဲ့သောပဋိညာဉ်ကို အောက်မေ့သတိရတော်မူမည်'' ဟု မိန့်တော် မူ၏။
၄၅ငါသည် သူတို့၏ ဘုရားသခင် ဖြစ်အံ့သောငှါ သာသနာပလူတို့ မျက်မှောက်၌၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော သူတို့ဘိုးဘေးနှင့် ငါပြုသော ပဋိညာဉ်ကို သူတို့အတွက် ငါအောက်မေ့မည်၊ ငါသည် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
46 ၄၆ ဤကားထာဝရဘုရားကသိနာတောင်ပေါ် တွင် မောရှေမှတစ်ဆင့်ဣသရေလအမျိုး သားတို့အား ပေးအပ်သောပညတ်တော်များ နှင့်ပြဋ္ဌာန်းချက်များဖြစ်သတည်း။
၄၆ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေလက် တွင် ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရား ဖြစ်သတည်း။