< မြည်တမ်းစကား 4 >
1 ၁ ပြောင်လက်သည့်ရွှေတို့သည်မှေးမှိန်၍ သွားလေပြီ။ ဗိမာန်တော်ကျောက်တို့သည်လည်း လမ်းများပေါ်တွင်ပြန့်ကျဲလျက်နေ၏။
၁ရွှေသည် အလွန်သမ်းညိုသည်တကား။ အကောင်းဆုံးသော ရွှေသည် အလွန်ဖေါက်ပြန်သည် တကား။ သန့်ရှင်းသော ကျောက်တို့သည် ခပ်သိမ်းသော လမ်းဝတို့၌ ဖရိုဖရဲကွဲပြားလျက်ရှိကြ၏။
2 ၂ ဇိအုန်မြို့သားလူငယ်လူရွယ်တို့သည်ငါတို့ အဖို့ ရွှေကဲ့သို့အဖိုးထိုက်ခဲ့သော်လည်း ယခုအခါ၌မူမြေအိုးများကဲ့သို့ မှတ်ယူခြင်းကိုခံရကြလေပြီ။
၂အမြတ်ဆုံးသော ရွှေနှင့်အမျှ အလွန်အဘိုး ထိုက်သော ဇိအုန်မြို့သားတို့ကို၊ အိုးထိန်းသမား လုပ်သောမြေအိုးကဲ့သို့ မှတ်တတ်သည်တကား
3 ၃ ဝံပုလွေမပင်လျှင်မိမိသားငယ်ကိုနို့တိုက် ပြုစုတတ်သော်လည်း ငါ၏အမျိုးသားများမူကား ငှက်ကုလားအုတ်များသဖွယ်မိမိတို့ သားငယ်များ အပေါ်တွင်ရက်စက်ကြပေသည်။
၃မြေခွေးမတို့ပင် မိမိတို့သားငယ်တို့အား နို့သီးကို ပေး၍နို့တိုက်တတ်၏။ ငါ၏လူမျိုးသတို့သမီးမူကား၊ တော၌နေသော ကုလားအုပ်ငှက်ကဲ့သို့ ကြမ်းကြုတ်သော သဘောရှိ၏။
4 ၄ သူတို့သည်မိမိတို့၏နို့စို့ကလေးများအား အစာငတ်ရေငတ်ထား၍သေစေကြ၏။ ကလေးသူငယ်တို့သည်အစားအစာ တောင်းခံလျက်နေသော်လည်း သူတို့အားအဘယ်သူမျှမပေးကြ။
၄နို့စို့ကလေးသည် နို့ငတ်သောကြောင့်၊ လျှာသည် အာခေါင်၌ ကပ်လျက်ရှိ၏။ သူငယ်တို့သည် မုန့်ကို တောင်း၍ အဘယ်သူမျှမပေး။
5 ၅ အမွန်မြတ်ဆုံးစားဖွယ်သောက်ဖွယ်များကို စားသောက်လေ့ရှိသူတို့သည်လမ်းများပေါ် တွင် အစာငတ်၍သေကြကုန်၏။ ဇိမ်ခံ၍ကြီးပြင်းလာကြသူတို့သည်လည်း အမှိုက်ပုံကိုလက်နှင့်ယက်၍အစာရှာရ ကြ၏။
၅ကောင်းမွန်စွာ စားတတ်သော သူတို့သည် ကိုးကွယ်ရာမရှိ၊ လမ်း၌ နေကြ၏။ နီမောင်းသော အိပ်ရာ ပေါ်မှာ ပျော်မွေ့ဘူးသော သူတို့သည် နောက်ချေးပုံကို ဘက်ရကြ၏။
6 ၆ ငါ၏လူမျိုးသည်ထာဝရဘုရား၏လက် တော်ဖြင့် ရုတ်တရက်ပြိုလဲပျက်စီးရသည့် သောဒုံမြို့ထက်အပြစ်ဒဏ်ပို၍ခံရ ပါ၏။
၆အဘယ်သူမျှ အားမထုတ်ဘဲချက်ခြင်း ပျက်စီး ခြင်းသို့ရောက်သော၊ သောဒုံမြို့ခံရသောအပြစ်ဒဏ် ထက်၊ ငါ၏လူမျိုးသတို့သမီးခံရသော အပြစ်ဒဏ်သည် သာ၍ကြီးပေ၏။
7 ၇ ငါတို့၏မင်းညီမင်းသားများသည်ညစ်ညမ်း မှုမရှိ။ မိုးပွင့်ကဲ့သို့ဖြူစင်သန့်ရှင်းကြ၏။ သူတို့သည်အသားအရည်စိုပြေ ကျန်းမာလျက် ခွန်အားတောင့်တင်းသန်မာကြကုန်သည်။
၇သူ၏မှူးမတ်တို့သည် မိုဃ်းပွင့်ထက်သန့်ရှင်း၍၊ နို့ရည်ထက်လည်း ဖြူကြ၏။ သူတို့အသားသည် ကျောက်နီထက်နီ၏။ သွေးကြောလည်း နီလာနှင့်တူ၏။
8 ၈ ယခုအခါသူတို့၏အရုပ်အဆင်းသည် မည်းနက်လျက် မျိုးမည်မပေါ်ဘဲလမ်းများပေါ်တွင်လဲ၍ သေနေရကြ၏။ သူတို့အသားအရည်မှာသစ်သားသဖွယ် ခြောက်ကပ်လျက်အရိုးများပေါ်တွင်တွန့်လိမ်၍ နေလေပြီ။
၈ယခုမူကား၊ သူတို့အဆင်းသည်မှောင်မိုက်ထက် မည်းသည်ဖြစ်၍ လမ်း၌မထင်ရှား။ သူတို့အရေသည် အရိုး၌ကပ်၍ ထင်းကဲ့သို့သွေ့ ခြောက်လေ၏။
9 ၉ စစ်ပွဲတွင်ကျဆုံးသေကြေရသူတို့သည် အစာရေစာပြတ်၍ ဆက်လက်အသက်မရှင်နိုင်တော့ဘဲ တဖြည်းဖြည်းငတ်မွတ်သေဆုံးသူများထက် သာ၍ကောင်းသေးသည်။
၉ထားဖြင့်သေသောသူသည်၊ ငတ်မွတ်၍ သေ သောသူထက် သာ၍ မင်္ဂလာရှိ၏။ ငတ်မွတ်၍ သေသောသူသည် အသီးအနှံပြတ်ခြင်းအားဖြင့် ထိုးဖေါက်၍ ပိန်ကြုံရ၏။
10 ၁၀ ငါ၏အမျိုးသားတို့ကြုံတွေ့ရသည့် ဘေးအန္တရာယ်ဆိုးသည် ကြောက်မက်ဖွယ်ကောင်းလှ၏။ ချစ်ခင်ကြင်နာတတ်သောမိခင်များပင်လျှင် မိမိတို့သားသမီးများကိုပြုတ်၍စားကြ၏။
၁၀စိတ်ကြင်နာတတ်သော မိန်းမတို့သည် မိမိတို့ သားကိုငယ်ပြုတ်ရကြ၏။ ငါ၏လူမျိုးသတို့သမီးသည် ပျက်စီးသော ကာလ၌ မိမိတို့သားကိုပင် စားရကြ၏။
11 ၁၁ ထာဝရဘုရားသည်ပြင်းထန်သော အမျက်တော်အရှိန်ကိုအစွမ်းကုန် လွှတ်တော်မူလေပြီ။ ကိုယ်တော်သည်ဇိအုန်မြို့တွင်မီးမွှေး၍ထို မြို့ကို ပြာကျစေတော်မူပါ၏။
၁၁ထာဝရဘုရားသည် အမျက်တော်ကို စုံလင် စေတော်မူပြီ။ ပြင်းစွာသော အမျက်တော်အရှိန်ကို လွှတ် တော်မူပြီ။ ဇိအုန်မြို့ကို မီးရှို့၍ မြို့ရိုးအမြစ်တိုင်အောင် လောင်စေတော်မူပြီ။
12 ၁၂ အရပ်တကာရှိလူတို့သည်လည်းကောင်း လူမျိုးခြားတို့၏ဘုရင်များသည်လည်းကောင်း အဘယ်ရန်သူမျှယေရုရှလင် မြို့တံခါးများကိုချင်းနင်းဝင်ရောက်နိုင်လိမ့် မည်ဟု မယုံကြ။
၁၂ရန်ပြုသောသူနှင့်စစ်တိုက်သောသူသည် ယေရု ရှလင်မြို့တံခါးအတွင်းသို့ ဝင်နိုင်သည်ဟု၊ လောကီ ရှင်ဘုရင်နှင့်လောကီသတ္တဝါ တစုံတယောက်မျှမယုံကြ။
13 ၁၃ သို့ရာတွင်ယင်းသို့ချင်းနင်းဝင်ရောက်မှုကား ဖြစ်ပွားခဲ့ပြီ။ ထိုမြို့၏ပရောဖက်များနှင့်ယဇ်ပုရောဟိတ် များသည် အပြစ်ကူးကြသဖြင့်အပြစ်မဲ့သူတို့သည် သေရကြလေပြီ။
၁၃ယေရုရှလင်မြို့အလယ်၌ ဖြောင့်မတ်သော သူတို့ကို သတ်တတ်သောမြို့သားပရောဖက်တို့၏ ဒုစရိုက်များနှင့်၊ ယဇ်ပုရောဟိတ်တို့၏အပြစ်များကြောင့် ဤအမှုသည် ရောက်လေပြီ။
14 ၁၄ မြို့၏ခေါင်းဆောင်တို့သည်အဘယ်သူမျှ မတို့မထိချင်အောင်သွေးများပေကျံလျက် လမ်းများတွင်မျက်မမြင်များကဲ့သို့ လှည့်လည်သွားလာနေကြ၏။
၁၄ထိုသူတို့သည်အရူးကဲ့သို့လမ်း၌လှည့်လည်၍၊ လူအသွေးနှင့် လူးသောကြောင့်၊ သူတို့အဝတ်ကို အဘယ် သူမျှ မထိဝံ့။
15 ၁၅ လူတို့က``ထွက်သွားကြလော့၊သင်တို့သည် ညစ်ညမ်းလျက်ရှိ၏။ ငါတို့ကိုမတို့မထိကြနှင့်'' ဟုအော်ဟစ် ပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်မိမိတို့အားလက်ခံ မည့်သူ မရှိဘဲ တစ်နိုင်ငံမှတစ်နိုင်ငံသို့လှည့်လည် သွားလာရကြလေသည်။
၁၅သွားကြ။ မစင်ကြယ်သောသူတို့၊ သွားကြာ၊ သွားကြ။ မထိကြနှင့်ဟု သူတပါးတို့သည်ဟစ်တတ်ကြ၏။ အဝေးသို့ပြေး၍ အရပ်ရပ်သို့လှည့်လည်ရသောအခါ သာသနာပလူတို့က၊ သူတို့သည် မတည်းမနေရဟု ဆိုတတ်ကြ၏။
16 ၁၆ ထာဝရဘုရားသည်သူတို့အား ဂရုစိုက်တော်မမူတော့သဖြင့်ကိုယ်တော်တိုင် ကွဲလွင့်စေတော်မူပါ၏။ ငါတို့၏ယဇ်ပုရောဟိတ်များနှင့် ခေါင်းဆောင်များကိုလည်းပမာဏပြုတော် မမူပါ။ မျက်နှာသာမပေးကြတော့ချေ။
၁၆ထာဝရဘုရားသည် အမျက်တော်ထွက်၍ သူတို့ ကို ကွဲပြားစေတော်မူပြီ။ သူတို့အမှုကို ကြည့်ရှုတော်မမူ။ သူတပါးတို့သည်လည်း၊ ယဇ်ပုရောဟိတ်တို့ကို မရိုသေ၊ အသက်ကြီးသူတို့ကို အားမနာဘဲနေကြ၏။
17 ၁၇ ငါတို့သည်အဘယ်အခါ၌မျှမပေါ်လာသည့် အကူအညီကိုစောင့်မျှော်နေခဲ့ကြ၏။ ငါတို့သည်အဘယ်သို့မျှအကူအညီမပေး နိုင်သည့် နိုင်ငံမှအကူအညီကို ဆက်လက်စောင့်မျှော်ခဲ့ကြ၏။
၁၇ငါတို့သည်ရှိစဉ်တွင် မစမည့်သူကို မြော်လင့်၍ မမြင်ရကြ။ မကယ်တင်နိုင်သောလူမျိုးကို ကင်းစင်ပေါ် မှာ အကျိုးမရှိဘဲ စောင့်ကြပြီ။
18 ၁၈ ရန်သူများသည်ငါတို့အားစောင့်၍ ကြည့်နေကြသဖြင့်ငါတို့သည် လမ်းများပေါ်၌ပင်လျှင်မသွားမလာရဲ ကြပါ။ ငါတို့၏နေ့ရက်ကာလကုန်ဆုံးခဲ့ပြီ။ နောက်ဆုံးအချိန်ရောက်ခဲ့ပြီ။
၁၈ငါတို့သည် လမ်း၌မသွားရမည်အကြောင်း ငါတို့ခြေရာကို လိုက်ရှာကြ၏။ ငါတို့သည်ဆုံးချိန်နီးပြီ။ အသက်ရှင်ရသော ကာလစေ့ပြီ။ ဆုံးချိန်ရောက်လေပြီ။
19 ၁၉ သူတို့သည်မိုးကောင်းကင်မှထိုးဆင်းလာသည့် လင်းယုန်ငှက်များကဲ့သို့ငါတို့ကိုလိုက်လံ ဖမ်းဆီးကြပါ၏။ တောင်ကုန်းများတွင်ငါတို့ကိုလိုက်၍ရှာဖွေ ကြပါ၏။ သဲကန္တာရတွင်အမှတ်မထင်ဖမ်းဆီးကြပါ၏။
၁၉ငါတို့ကိုလိုက်၍ ရှာသောသူတို့သည် မိုဃ်း ကောင်းကင် ရွှေလင်းတထက်သာ၍ လျင်မြန်ကြ၏။ တောင်ရိုးပေါ်မှာလိုက်ရှာကြ၏။ တော၌လည်း ချောင်း မြောင်းကြ၏။
20 ၂၀ သူတို့သည်ထာဝရဘုရားရွေးချယ်သည့်ဘုရင် ငါတို့၏အသက်သခင်ရန်သူအပေါင်းတို့၏ဘေးမှ ကွယ်ကာစောင့်ရှောက်ရန်ငါတို့ယုံကြည်ကိုးစားသည့် အရှင်ကိုဖမ်းဆီးကြပါ၏။
၂၀ငါတို့ထွက်သက်ဝင်သက်တည်းဟူသော၊ ထာဝရ ဘုရားသည် ပေးတော်မူ၍ ဘိသိတ်ခံသောအရှင်ကို သူတို့သည် မြေတွင်း၌ ဘမ်းမိကြပြီ။ ထိုအရှင်၏ ဘုန်းတော်ကိုခိုလှုံ၍၊ ငါတို့သည်သာသနာပ လူတို့တွင် အသက်ချမ်းသာရလိမ့်မည်ဟု အထက်ကဆိုတတ်ကြ၏။
21 ၂၁ ဧဒုံပြည်နှင့်ဥဇပြည်သားတို့ရယ်မော၍ နေကြလော့။ သင်တို့ဝမ်းမြောက်နိုင်သည့်ကာလဝမ်းမြောက်လျက် နေကြလော့။ သင်တို့ကြုံတွေ့ရမည့်ဘေးအန္တရာယ်သည်လည်း သက်ရောက်လာလိမ့်မည်။ သင်သည်လည်းအဝတ်မဲ့လျက်ဒယိမ်းဒယိုင်နှင့် အရှက်ကွဲရလိမ့်မည်။
၂၁ဥဇပြည်၌ နေသော ဧဒုံသတို့သမီး၊ ဝမ်းမြောက် ရွှင်လန်းလော့။ ဖလားတော်သည် သင်ရှိရာသို့ ကူးသွား လိမ့်မည်။ သင်သည်ယစ်မူး၍ အဝတ်အချည်းစည်း ရှိရလိမ့်မည်။
22 ၂၂ ဇိအုန်မြို့သည်မိမိ၏အပြစ်ကြွေးကိုပေးဆပ်မှု ပြီးဆုံးပြီ။ ကိုယ်တော်ရှင်သည်ငါတို့အားတစ်ကျွန်းတစ်နိုင်ငံတွင် ဆက်လက်ထားရှိတော့မည်မဟုတ်။ သို့ရာတွင် အို ဧဒုံပြည်၊ထာဝရဘုရားသည် သင့်အားအပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။ သင်၏အပြစ်ကိုဖော်ပြတော်မူလိမ့်မည်။
၂၂အိုဇိအုန်သတို့သမီး၊ သင်ခံထိုက်သမျှသော အပြစ်ဒဏ်ကုန်ပြီ။ သင်သည် နောက်တဖန် သိမ်းသွား ခြင်းကိုမခံရ။ အိုဧဒုံသတို့သမီး၊ သင်ပြုသော ဒုစရိုက်ကို စစ်ကြော၍သင်၏အပြစ်ကို ဘော်ပြတော်မူမည်။