< မြည်တမ်းစကား 1 >
1 ၁ အခါတစ်ပါးကလူစည်ကားခဲ့သည့် ယေရုရှလင်မြို့သည်အထီးကျန်ဖြစ်လျက် နေ၏။ အခါတစ်ပါးကကမ္ဘာ၏ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံခဲ့ရဖူးသော်လည်း ယခုအခါသူသည်မုဆိုးမနှင့်တူတော့၏။ မြို့တကာတွင်ဂုဏ်ကြက်သရေအရှိဆုံးမြို့သည် ကျွန်ဘဝသို့သက်ဆင်းရလေပြီ။
2 ၂ သူသည်တစ်ညဥ့်လုံးငိုကြွေးလျက်နေ၏။ မျက်ရည်များသည်သူ၏ပါးပြင်ပေါ်သို့ စီးဆင်းလာ၏။ သူ၏ယခင်ကမိတ်ဆွေအပေါင်းတို့တွင်သူ့အား နှစ်သိမ့်မှုပေးမည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့ပေ။ သူ၏မဟာမိတ်တို့သည်သူ့အားသစ္စာဖောက် ကြလေပြီ။ ယခုအခါသူတို့ကပင်သူ့ကိုရန်ဘက်ပြု၍ နေကြ၏။
3 ၃ ယုဒပြည်သားတို့သည်ပြည်နှင်ဒဏ်သင့်လျက် ခိုကိုးရာမဲ့ဖြစ်ကာကျွန်ခံနေရကြ၏။ သူတို့သည်အိမ်ပိုင်ယာပိုင်မရှိဘဲတိုင်းတစ် ပါးတွင် နေထိုင်ရကြလေသည်။ ရန်သူများဝိုင်းလျက်လွတ်မြောက်ရန်လမ်းမရှိကြ။
4 ၄ နေ့ကြီးရက်ကြီးများတွင်ကိုးကွယ်ဝတ်ပြုရန် ဗိမာန်တော်သို့လာမည့်သူမရှိ။ ဗိမာန်တော်တွင်သီချင်းဆိုသူ အမျိုးသမီးပျိုတို့သည်ဝမ်းနည်းကြေကွဲလျက် ရှိကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်းညည်းတွားမှုမှ တစ်ပါး အဘယ်သို့မျှမပြုနိုင်။ မြို့တံခါးများသည်လူဆိတ်ညံလျက်နေ၏။ ဇိအုန်မြို့သည်ဝေဒနာခံစားနေရသည်။
5 ၅ သူ၏ရန်သူများသည်သူ့ကိုအနိုင်ရကာမိမိတို့ အာဏာစက်အောက်တွင်ထားရှိကြ၏။ သူသည်မြောက်များစွာသောအပြစ်တို့ကို ကူးခဲ့သည်ဖြစ်၍ ထာဝရဘုရားသည်သူ့အားဆင်းရဲဒုက္ခ ရောက်စေတော်မူ၏။ သူ၏သားသမီးများသည်သုံ့ပန်းများ ဖြစ်ရကြလေပြီ။
6 ၆ ယေရုရှလင်မြို့၏ကြီးကျယ်ခမ်းနားမှုသည် ရှေးအတိတ်ကာလ၏ဖြစ်ရပ်တစ်ခုသာလျှင် ဖြစ်လေတော့၏။ သူ၏ခေါင်းဆောင်များသည်မုဆိုးတို့၏ဘေးမှ ထွက်ပြေးကြသည့်သမင်များနှင့်တူ၏။ သူတို့သည်အားအင်ကုန်ခန်းလုမတတ်ဖြစ်ကာ နားနေစားသောက်မှုပြုရန်စားကျက်ကိုမရှာနိုင်။
7 ၇ အထီးကျန်ယိုယွင်းပျက်စီးလျက်ရှိသော ယေရုရှလင်မြို့သည်ရှေးခေတ်ဟောင်းကမိမိ ကြီးကျယ်ခမ်းနားမှုကိုပြန်လည်သတိရမိ၏။ ရန်သူ့လက်သို့ရောက်ချိန်၌သူ့အားကယ်မည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။ သူ့အားနှိမ်နင်းအောင်မြင်သူတို့သည် သူ၏ပြိုလဲမှုကိုပြက်ရယ်ပြုကြ၏။
8 ၈ သူ၏ဂုဏ်အသရေကင်းမဲ့ရလေပြီ။ အဝတ်အချည်းစည်းနှင့်စက်ဆုတ်ရွံရှာဖွယ် ဖြစ်၍နေ၏။ သူသည်ညည်းတွားကာရှက်သဖြင့်မျက်နှာကို အုပ်၍ထား၏။ ယေရုရှလင်မြို့သည်ဆိုးရွားသည့်အပြစ် ဒုစရိုက်အားဖြင့်မိမိကိုယ်ကိုညစ်ညမ်း စေခဲ့၏။
9 ၉ သူ၏ညစ်ညမ်းမှုကိုအလွယ်တကူ တွေ့မြင်နိုင်သော်လည်း သူသည်မိမိကြုံတွေ့ရမည့်ကံကြမ္မာကို အမှုထားပုံမပေါ်။ သူ၏ပြိုလဲမှုမှာကြောက်မက်ဖွယ်ကောင်း လှ၏။ သူ့အားအဘယ်သူမျှလည်းနှစ်သိမ့်မှု မပေးနိုင်ကြ။ ရန်သူများအနိုင်ရ၍သွားသဖြင့်သူသည် မိမိအား ကရုဏာထားတော်မူပါရန်ထာဝရဘုရား ထံတော်သို့ဆုတောင်းပတ္ထနာပြုလေသည်။
10 ၁၀ ရန်သူများသည်သူ၏ဥစ္စာဘဏ္ဍာရှိသမျှကို တိုက်ခိုက်လုယူကြ၏။ သူသည်လူမျိုးခြားတို့အားထာဝရဘုရား ပိတ်ပင်တားမြစ်ထားရာဖြစ်သည့် ဗိမာန်တော်သို့ပင်လျှင် ထိုသူတို့ဝင်ရောက်ကြသည်ကိုတွေ့မြင်ရ၏။
11 ၁၁ သူ၏မြို့သူမြို့သားတို့သည်အစားအစာ ရှာဖွေလျက် နေစဉ်ညည်းတွားကြ၏။ သူတို့သည်အသက်ဆက်လက်ရှင်နိုင်ရေးအတွက် မိမိတို့ဥစ္စာဘဏ္ဍာများကိုအစားအစာနှင့် လဲလှယ်ရကြ၏။ ထိုမြို့က``အို ထာဝရဘုရားကျွန်တော်မျိုးကို ကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုးစိတ်ဆင်းရဲခြင်းခံနေရသည်ကို ကြည့်ရှုတော်မူပါ'' ဟုအော်ဟစ်တောင်းပန်၏။
12 ၁၂ သူသည်အနီးအနားမှဖြတ်သန်းသွားလာသူ အပေါင်းတို့အားအော်ပြောသည်မှာ ``ငါ့ကိုကြည့်ကြပါ။ ငါခံရသောဝေဒနာ မျိုးကို အဘယ်သူမျှမခံရဘူးပါ။ ဤကဲ့သို့သောဝေဒနာမျိုးရှိဖူးပါသလော။ ထိုဝေဒနာသည်ထာဝရဘုရား အမျက်တော်ထွက်၍ငါ့အားခံစားစေသည့် ဝေဒနာဖြစ်ပါ၏။''
13 ၁၃ ``ကိုယ်တော်သည်အထက်မှမီးကို စေလွှတ်တော်မူသဖြင့်ထိုမီးသည်ငါ၏ကိုယ်ခန္ဓာ အတွင်း၌တောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်သည်ငါ့အားထောင်ချောက်ထောင်၍ ဖမ်းပြီးလျှင်မြေပေါ်သို့လှဲချတော်မူပါ၏။ ထိုနောက်စွန့်ပစ်တော်မူကာတစ်နေ့လုံး ဝေဒနာခံ၍နေစေတော်မူပါ၏။''
14 ၁၄ ``ကိုယ်တော်သည်ငါ၏အပြစ်မှန်သမျှကို မှတ်သားထားတော်မူပါ၏။ ယင်းတို့ကိုစုစည်းပြီးလျှင်ငါ၏လည်တွင် ဆွဲထားတော်မူသည်ဖြစ်၍ ငါသည်အပြစ်ဝန်ထုပ်လေးလံမှုဖြင့် အားအင်ချည့်နဲ့ရလေပြီ။ ထာဝရဘုရားသည်ငါ့အားရန်သူများ လက်သို့အပ်တော်မူပါ၏။ ငါ့မှာလည်းသူတို့အားခုခံနိုင်စွမ်းမရှိပါ။''
15 ၁၅ ``ထာဝရဘုရားသည်ငါ၏ဘက်မှ စွမ်းရည်အကြီးဆုံးစစ်သည်တော်တို့ကို ပျက်ရယ်ပြုတော်မူပါ၏။ ကိုယ်တော်သည်ငါ၏လူငယ်လူရွယ်များကို သုတ်သင်ချေမှုန်းရန်တပ်မတော်ကိုစေလွှတ် တော်မူပါပြီ။ ထာဝရဘုရားသည်ငါ၏လူတို့အား စပျစ်သီးနယ်ရာကျင်းမှစပျစ်သီးများ ကဲ့သို့ ကြေမွစေတော်မူပါ၏။''
16 ၁၆ ``ထို့ကြောင့်ငါ၏မျက်စိများမှမျက်ရည်တို့သည် ယိုစီး၍နေပေသည်။ ငါ့အားအဘယ်သူမျှနှစ်သိမ့်မှုကိုမပေးနိုင်။ အဘယ်သူမျှစိတ်အားတက်ကြွလာအောင် မပြုနိုင်။ ရန်သူများသည်ငါတို့ကိုအနိုင်ရကြလေပြီ။ ငါ၏လူတို့တွင်လည်းအဘယ်ဥစ္စာပစ္စည်းမျှ မကျန်မရှိတော့ပါ။''
17 ၁၇ ``ငါသည်မိမိလက်များကိုကမ်းလှမ်းပါ သော်လည်း ငါ့အားကူညီမည့်သူတစ်ဦးတစ်ယောက်မျှ မရှိ။ ထာဝရဘုရားသည်ငါ့အားတိုက်ခိုက်ရန် အရပ်တကာမှရန်သူများကို ဆင့်ခေါ်တော်မူလေပြီ။ သူတို့သည်ငါ့ကိုရွံရှာဖွယ်ကောင်းသည့် အရာဟု မှတ်ယူကြပါ၏။''
18 ၁၈ ``သို့ရာတွင်ထာဝရဘုရားသည် တရားမျှတတော်မူပါသည်။ အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်တော်၏ အမိန့်တော်ကိုလွန်ဆန်ခဲ့သောကြောင့်တည်း။ အရပ်တကာရှိလူတို့ငါပြောဆိုသည်ကို နားထောင်ကြလော့။ ငါ၏ဝေဒနာကိုကြည့်ရှုကြလော့။ ငါ၏သားပျိုသမီးပျိုတို့သည်သုံ့ပန်း အဖြစ် ခေါ်ဆောင်ခြင်းကိုခံရကြလေပြီ။''
19 ၁၉ ``ငါသည်မိမိမဟာမိတ်များထံတွင်အကူအညီ တောင်းခံပါသော်လည်းသူတို့ကငြင်းဆန်ခဲ့ကြ၏။ ယဇ်ပုရောဟိတ်များနှင့်ခေါင်းဆောင်များသည် အသက်ဆက်လက်ရှင်သန်နိုင်ရေးအတွက် အစားအစာရှာဖွေလျက်နေစဉ်လမ်းများပေါ်၌ သေဆုံးရကြပါ၏။''
20 ၂၀ ``အို ထာဝရဘုရား၊ ကျွန်တော်မျိုးပူပင်သောကဖြစ်လျက် ရှိသည်ကိုလည်းကောင်း၊ ကျွန်တော်မျိုး၏စိတ်ဝိညာဉ်သည်ပြင်းစွာ ဒုက္ခရောက်လျက်နေသည်ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုးသည်မိမိအပြစ်များကြောင့် စိတ်နှလုံးကြေကွဲလျက်နေပါ၏။ လမ်းပေါ်တွင်လူသတ်မှုကိုတွေ့ရပါ၏။ အိမ်တွင်း၌ပင်သေမင်းကိုတွေ့ရှိရပါ၏။''
21 ၂၁ ``ကျွန်တော်မျိုး၏ညည်းတွားသံများကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးအားနှစ်သိမ့်မှုပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့စေတော်မူသဖြင့် ရန်သူတို့ဝမ်းမြောက်ကြပါ၏။ ကိုယ်တော်ရှင်ကတိထားတော်မူသည့်နေ့ရက် ကာလကိုကျရောက်စေတော်မူပါ။ ရန်သူများအားကျွန်တော်မျိုးနည်းတူ ဒုက္ခတွေ့စေတော်မူပါ။''
22 ၂၂ ``သူတို့အားမိမိတို့ယုတ်မာမှုအပေါင်းအတွက် အပြစ်ဒဏ်စီရင်တော်မူပါ။ ကျွန်တော်မျိုးအားမိမိ၏အပြစ်များအတွက် ဆုံးမတော်မူသကဲ့သို့သူတို့ကိုလည်း ဆုံးမတော်မူပါ။ ကျွန်တော်မျိုးသည်စိတ်ဆင်းရဲ၍ညည်းတွားပါ၏။ ကျွန်တော်မျိုး၏စိတ်နှလုံးသည်လည်း ညှိုးငယ်လျက်ရှိပါ၏'' ဟူ၍တည်း။