< ယောရှု 8 >
1 ၁ ထာဝရဘုရားသည်ယောရှုအား``သင်သည် စစ်သူရဲအပေါင်းတို့နှင့်အတူအာဣမြို့ သို့ချီတက်လော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ ငါသည်သင့်လက်တွင်းသို့အာဣမင်းနှင့် တကွပြည်သူပြည်သားများ၊ သူ၏မြို့၊ သူ၏နယ်မြေတို့ကိုပေးအပ်မည်။-
2 ၂ သင်သည်ယေရိခေါမြို့နှင့်၎င်း၏မင်းကို သုတ်သင်ဖျက်ဆီးသကဲ့သို့ အာဣမြို့နှင့် ၎င်း၏မင်းကိုသုတ်သင်ဖျက်ဆီးပစ်ရမည်။ သို့ရာတွင်၎င်း၏ပစ္စည်းများနှင့်တိရစ္ဆာန် များကိုသင်တို့သိမ်းယူနိုင်သည်။ မြို့ကို အနောက်ဘက်မှဝင်စီးရန်တပ်ပုန်းချ ထားလော့'' ဟုမိန့်တော်မူ၏။
3 ၃ သို့ဖြစ်၍ယောရှုသည်စစ်သူရဲအပေါင်းတို့နှင့် အာဣမြို့သို့ချီတက်ရန်အသင့်ပြင်လေသည်။ သူသည်လက်ရွေးစင်စစ်သူရဲသုံးသောင်းကို ညအချိန်၌စေလွှတ်၍၊-
4 ၄ ``သင်တို့သည်မြို့၏အနောက်ဘက်မလှမ်း မကမ်းတွင်ပုန်းအောင်းနေလော့။ မြို့ကိုတိုက် ခိုက်ရန်အသင့်ရှိနေကြလော့။-
5 ၅ ငါနှင့်ငါ၏တပ်သားတို့သည်မြို့အနီးသို့ ချဉ်းကပ်လာကြမည်။ အာဣမြို့သားတို့သည် ငါတို့အားထွက်၍တိုက်ခိုက်ကြသောအခါ ငါတို့သည် ယခင်တစ်ကြိမ်ကကဲ့သို့ဆုတ်ခွာ ထွက်ပြေးကြမည်။-
6 ၆ ထိုအခါသူတို့သည်မြို့မှဝေးကွာသည့်အရပ် သို့ရောက်သည့်တိုင်အောင် ငါတို့နောက်သို့လိုက်လံ တိုက်ခိုက်ကြလိမ့်မည်။ ငါတို့ယခင်အတိုင်း ထွက်ပြေးကြပြီဟုသူတို့ထင်မှတ်လိမ့်မည်။-
7 ၇ ထိုအခါသင်တို့ပုန်းကွယ်ရာမှထွက်၍မြို့ ကိုသိမ်းယူရမည်။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်မြို့ကိုသင်တို့လက် သို့အပ်တော်မူမည်။-
8 ၈ သင်တို့သည်မြို့ကိုသိမ်းယူပြီးနောက်ထာဝရ ဘုရားမိန့်မှာတော်မူသည့်အတိုင်း မြို့ကိုမီး ရှို့ဖျက်ဆီးပစ်ရမည်။ ဤအမိန့်အတိုင်း ဆောင်ရွက်ကြလော့'' ဟုအမိန့်ပေးလေ၏။-
9 ၉ ယောရှုသည်လက်ရွေးစင်သူရဲတို့ကိုစေလွှတ် သဖြင့် သူတို့သည်ချီတက်၍အာဣမြို့အနောက် ဘက်နှင့်ဗေသလမြို့စပ်ကြားတွင်ပုန်းအောင်း စောင့်ဆိုင်းနေကြလေသည်။ ယောရှုသည်ထို ည၌စခန်းတွင်နေ၏။
10 ၁၀ နံနက်စောစော၌ယောရှုသည်ဣသရေလအမျိုး သားအကြီးအကဲတို့နှင့်အတူ စစ်သူရဲတို့ ကိုဦးဆောင်၍အာဣမြို့သို့ချီတက်လေသည်။-
11 ၁၁ သူနှင့်အတူလိုက်ပါလာသောစစ်သူရဲတို့ သည် မြို့တံခါးမဘက်သို့ချီတက်၍မြောက် ဘက်တွင်စခန်းချကြသည်။ သူတို့၏စခန်း နှင့်မြို့အကြားတွင်ချိုင့်ဝှမ်းရှိ၏။-
12 ၁၂ သူသည်စစ်သူရဲငါးထောင်ခန့်ကိုမြို့အနောက် ဘက် အာဣမြို့နှင့်ဗေသလမြို့အကြားတွင် ပုန်းအောင်းနေစေ၏။-
13 ၁၃ တပ်မကိုမြို့၏အနောက်ဘက်တွင်လည်းကောင်း တပ်စွဲစေ၏။ ထိုည၌ယောရှုသည်ချိုင့်ဝှမ်း ထဲသို့ဆင်းသွားလေ၏။-
14 ၁၄ အာဣမင်းသည်ယောရှု၏စစ်သူရဲများတပ်ချ လျက်ရှိသည်ကိုမြင်လျှင် မိမိ၏စစ်သူရဲအပေါင်း တို့ကိုအလျင်အမြန်စုရုံး၍ ဣသရေလတပ် ကိုတိုက်ခိုက်ရန်ယော်ဒန်မြစ်ချိုင့်ဝှမ်းဘက် ယခင် တိုက်ခိုက်ခဲ့သောအရပ်သို့ချီတက်လေသည်။ သို့ရာတွင်သူသည်မြို့၏အနောက်ဘက်၌ ဣသရေလတပ်ပုန်းများချထားကြောင်း ကိုမရိပ်မိချေ။-
15 ၁၅ ယောရှုနှင့်သူ၏တပ်သားတို့သည်စစ်ရှုံး ဟန်ဆောင်လျက် မြို့ပြင်ကွင်းထဲသို့ထွက်ပြေး လေ၏။-
16 ၁၆ အာဣမင်းသည်မြို့တွင်းရှိယောကျာ်းအားလုံး ကိုဆင့်ခေါ်၍ ယောရှု၏တပ်နောက်သို့လိုက်စေ သဖြင့်သူတို့သည်မြို့နှင့်အလှမ်းကွာသော အရပ်သို့ရောက်လာကြလေသည်။-
17 ၁၇ အာဣမြို့သားအားလုံးတို့သည်ဣသရေလ အမျိုးသားတို့နောက်သို့ ထွက်လိုက်ကြရာမြို့ ကိုကာကွယ်မည့်သူတစ်ယောက်မျှမကျန် ရစ်ချေ။
18 ၁၈ ထိုအခါထာဝရဘုရားသည်ယောရှု အား``သင်၏လှံကိုအာဣမြို့ဘက်သို့ချိန် ရွယ်လော့။ မြို့ကိုသင်၏လက်သို့ငါအပ်မည်'' ဟုမိန့်တော်မူ၏။ ထာဝရဘုရားမိန့်တော် မူသည့်အတိုင်း၊-
19 ၁၉ ယောရှုသည်လှံကိုကိုင်၍မြို့ဘက်သို့ချိန်ရွယ် လိုက်ရာစစ်သူရဲတို့သည် ပုန်းအောင်းရာမှ အလျင်အမြန်ထွက်လာ၍ မြို့တွင်းသို့ပြေး ဝင်ကြပြီးလျှင်မြို့ကိုသိမ်း၍ချက်ချင်း မီးရှို့ဖျက်ဆီးကြ၏။-
20 ၂၀ အာဣမြို့သားတို့သည်နောက်သို့လှည့်ကြည့် သောအခါ မြို့မှမီးခိုးလုံးကြီးများအထက် သို့တက်လျက်ရှိသည်ကိုမြင်ရလေသည်။ ထို အခါမြို့ပြင်ဘက်သို့ထွက်ပြေးခဲ့ကြသော ဣသရေလတပ်သားတို့သည်ပြန်လှည့်၍ အာဣမြို့သားတို့ကိုတိုက်ခိုက်ကြသဖြင့် သူတို့ထွက်ပေါက်မရှိဘဲပိတ်မိနေကြ၏။-
21 ၂၁ ယောရှုနှင့်သူ၏တပ်သားတို့သည်မိမိတို့ တပ်ပုန်းများက မြို့ကိုသိမ်းလိုက်ကြောင်းကို လည်းကောင်း၊ မြို့မီးလောင်လျက်ရှိသည်ကို လည်းကောင်းတွေ့မြင်ရလျှင်ပြန်လှည့်၍ အာဣမြို့သားများကိုတိုက်ခိုက်သတ်ဖြတ် ကြသည်။-
22 ၂၂ မြို့တွင်း၌ရှိသောဣသရေလတပ်သားတို့ ကလည်းထွက်၍တိုက်ခိုက်ကြရာ အာဣမြို့ သားတို့သည်ဝိုင်းရံခြင်းကိုခံရသဖြင့် သူတို့အားလုံးပင်ကျဆုံးကြကုန်၏။ အာဣ မင်းကလွဲ၍မည်သူမျှအသက်ရှင်၍မကျန် ရစ်ခဲ့ချေ။ ဣသရေလတပ်သားတို့သည် အာဣမင်းကိုလက်ရဖမ်းဆီး၍ယောရှု ထံသို့ခေါ်ဆောင်ခဲ့ကြလေသည်။
23 ၂၃
24 ၂၄ ဣသရေလတပ်သားတို့သည်ကွင်းပြင်ဒေသ ၌ ရန်သူများကိုတစ်ယောက်မကျန်သတ်ဖြတ် ပြီးနောက် အာဣမြို့ထဲသို့ပြန်ဝင်လာ၍ကျန် ရှိသူရှိသမျှကိုသုတ်သင်လိုက်ကြလေသည်။-
25 ၂၅ မြို့သူမြို့သားများတစ်ယောက်မကျန်သေဆုံး ကုန်သည်အထိ ယောရှုသည်မိမိလှံကိုမချ ဘဲအာဣမြို့ဘက်သို့ချိန်ရွယ်ထားလေသည်။ ထိုနေ့၌တစ်သောင်းနှစ်ထောင်မျှရှိသောမြို့ သူမြို့သားအားလုံးသေဆုံးကုန်ကြ၏။-
26 ၂၆
27 ၂၇ ယောရှုအားထာဝရဘုရားမိန့်မှာတော်မူ သည်အတိုင်း ဣသရေလအမျိုးသားတို့ သည်သိုးနွားတိရစ္ဆာန်များနှင့်ဥစ္စာပစ္စည်း များကိုမိမိတို့အတွက်သိမ်းယူကြ၏။-
28 ၂၈ ယောရှုသည်အာဣမြို့ကိုမီးရှို့ဖျက်ဆီး လိုက်သဖြင့် ယနေ့တိုင်မြို့ပျက်အဖြစ် ကျန်ရစ်လေသည်။-
29 ၂၉ အာဣမင်းကိုလည်းသစ်ပင်တွင်လည်ဆွဲချ၍ သတ်ပြီးလျှင် နေဝင်ချိန်တိုင်အောင်အလောင်း ကိုဆွဲထားလေ၏။ နေဝင်ချိန်၌အလောင်းကို ဖြုတ်ချ၍မြို့တံခါးဝတွင်ပစ်ထားရန် ယောရှုအမိန့်ပေး၏။ ထိုနောက်သူတို့သည် အလောင်းပေါ်တွင်ကျောက်တုံးများကိုပုံ ထားကြသဖြင့် ယနေ့တိုင်ထိုကျောက်ပုံ ကြီးကိုတွေ့မြင်နိုင်လေသည်။
30 ၃၀ ထိုနောက်ယောရှုသည်ဧဗလတောင်ပေါ်တွင် ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားပူဇော်ရန်ယဇ်ပလ္လင်ကို တည်လေ၏။-
31 ၃၁ ထာဝရဘုရား၏အစေခံမောရှေ၏ပညတ် တရားတွင်``သံလက်နက်ကိရိယာဖြင့်မဆစ် သောကျောက်များဖြင့်ယဇ်ပလ္လင်ကိုတည်ရမည်'' ဟူ၍ညွှန်ကြားသည့်အတိုင်းထိုယဇ်ပလ္လင်ကို တည်လေသည်။ သူတို့သည်မီးရှို့သောယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအားပူဇော်ကြသည်။-
32 ၃၂ ယောရှုသည်ကျောက်များပေါ်တွင်မောရှေရေး ခဲ့သော ပညတ်တရားကိုဣသရေလအမျိုး သားတို့၏မျက်မှောက်၌ကူးရေးလေသည်။-
33 ၃၃ ခေါင်းဆောင်များ၊ အရာရှိများ၊ တရားသူကြီး များမှစ၍ဣသရေလအမျိုးသားအပေါင်း တို့သည် ယင်းတို့နှင့်အတူနေထိုင်သောလူမျိုး ခြားများတို့နှင့်အတူ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်သော လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်များ၏တစ်ဘက် တစ်ချက်၊ သေတ္တာတော်၏ဝဲယာ၌လူစုခွဲ၍ ရပ်နေကြ၏။ လူဦးရေတစ်ဝက်တို့သည် ဂေရဇိန်တောင်ကိုကျောပေး၍ကျန်တစ် ဝက်တို့သည်ဧဗလတောင်ကိုကျောပေး လျက်ရပ်နေကြသည်။ သူတို့သည်ကောင်းချီး မင်္ဂလာကိုခံယူသောအခါထိုသို့လိုက်နာ ဆောင်ရွက်ရမည်ဟူ၍ထာဝရဘုရား၏ အစေခံမောရှေမိန့်မှာခဲ့သည်။-
34 ၃၄ ထို့နောက်ယောရှုသည်ပညတ်တရားကျမ်း စာအုပ်တွင်ရေးသားဖော်ပြသည့်ကောင်းချီး မင်္ဂလာနှင့် ကျိန်စာများအပါအဝင်တရား အလုံးစုံတို့ကိုအသံကျယ်စွာဖြင့်ဖတ် ရှုလေ၏။-
35 ၃၅ ယောရှုသည်အမျိုးသမီးနှင့်ကလေးများ၊ သူတို့နှင့်အတူနေထိုင်သောလူမျိုးခြား များအပါအဝင် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့၌မောရှေပေးသောပညတ် ရှိသမျှကိုဖတ်ရွတ်လေသည်။