< ယောဟန် 9 >
1 ၁ ကိုယ်တော်သည်လမ်းလျှောက်၍ကြွတော်မူစဉ် ဝမ်းတွင်းပါမျက်မမြင်တစ်ဦးကိုတွေ့ရှိ တော်မူ၏။-
၁လမ်း၌သွားတော်မူစဉ်၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတယောက်ကို တွေ့မြင်သော်မူ၏။
2 ၂ တပည့်တော်တို့က ``အရှင်ဘုရား၊ ဤသူမျက်စိ မမြင်သည်မှာမိမိ၏အပြစ်ကြောင့်လော၊ မိဘ တို့၏အပြစ်ကြောင့်လော'' ဟုမေးလျှောက်ကြ၏။
၂တပည့်တော်တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် ကန်းသနည်း။ ကိုယ်အပြစ် ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။
3 ၃ သခင်ယေရှုက ``သူ၏အပြစ်ကြောင့်မဟုတ်၊ မိဘတို့၏အပြစ်ကြောင့်လည်းမဟုတ်။ သူ မျက်စိမမြင်ရခြင်းမှာ ဘုရားသခင်၏ တန်ခိုးတော် သူ၌ထင်ရှားလာစေရန်ပင် ဖြစ်၏။-
၃ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏ အမှု တော်ကို သူ၌ ထင်ရှားစေမည်အကြောင်းတည်း။
4 ၄ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှု တော်မြတ်ကိုနေ့အချိန်၌ငါတို့လုပ်ဆောင် ကြရမည်။ အဘယ်သူမျှမလုပ်ဆောင်နိုင် သည့်ညဥ့်အချိန်ကျရောက်လာလိမ့်မည်။-
၄ငါ့ကို စေလွှတ်တော်မူသော သူ၏အမှုကို နေ့အချိန်၌ရှိစဉ်တွင် ငါပြုရမည်။ အဘယ်သူမျှအမှုမပြုနိုင် သော အချိန်တည်းဟူသော ညဉ့်အချိန်လာသေး၏။
5 ၅ ငါသည်ဤလောကမှာရှိနေစဉ်လောက ၏အလင်းဖြစ်၏'' ဟုမိန့်တော်မူ၏။
၅ငါသည် ဤလောက၌ ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊
6 ၆ ဤသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် မြေပေါ်သို့တံတွေးထွေး၍ရွှံ့ပြုလုပ်တော် မူ၏။ မျက်မမြင်၏မျက်စိကိုရွှံ့နှင့်လူး၍၊-
၆မြေပေါ်မှာ ထွေး၍ တံထွေးနှင့်ရွှံ့လုပ်ပြီးမှ၊ ကန်းသောသူ၏မျက်စိကို ရွှံ့နှင့်လူး၍၊
7 ၇ ``သွားလော့၊ ရှိလောင်ရေကန်တွင် ဆေးလော့'' ဟု မိန့်တော်မူ၏။ (ရှိလောင်၏အနက်ကား ``စေလွှတ် သည်'' ဟုဆိုလိုသတည်း။) ထိုသူသည်သွား၍ မျက်စိကိုဆေးပြီးနောက်မျက်စိမြင်လျက် ပြန်လာ၏။
၇သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင်အနက်ကား စေ လွှတ်သည်ဟု ဆိုလိုသတည်း။ ထိုသူသည် သွား၍ဆေးပြီးမှ၊ မျက်စိမြင်လျက် ပြန်လေ၏။
8 ၈ သူသည်သူတောင်းစားဖြစ်သဖြင့်ယခင်က သူ့ကိုမြင်ဖူးသူများနှင့်အိမ်နီးချင်းများ က ``ဤသူသည်ထိုင်၍ကြေးငွေတောင်းခံလေ့ ရှိသူမဟုတ်ပါလော'' ဟုဆိုကြ၏။
၈သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်းမှစ၍ မြင်ဘူးသောသူတို့က၊ ဤသူသည် ထိုင်၍ တောင်းသောသူမဟုတ်လောဟု ဆိုကြ၏။
9 ၉ လူအချို့တို့က ``ဟုတ်ပါသည်'' ဟူ၍လည်းကောင်း၊ အချို့က ``ထိုသူမဟုတ်၊ ထိုလူနှင့်တူသူဖြစ်၏'' ဟူ၍လည်းကောင်းဆိုကြ၏။ သူကိုယ်တိုင်ကမူ ``အကျွန်ုပ်သည်ထိုသူပင်တည်း'' ဟုဆို၏။
၉လူအချို့က၊ ဟုတ်ကဲ့ဟုဆိုကြ၏။ အချို့ကလည်း၊ ထိုသူနှင့်တူသည်ဟု ဆိုကြ၏။ ထိုသူကလည်း၊ အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည်ဟုဆို၏။
10 ၁၀ လူတို့က ``သင်အဘယ်သို့မျက်စိမြင်လာ သနည်း'' ဟုမေးကြ၏။
၁၀သူတို့ကလည်း၊ အဘယ်သို့သင်၏မျက်စိပွင့်သနည်းဟု မေးမြန်းကြလျှင်၊
11 ၁၁ ထိုသူက ``ယေရှုဆိုသူသည်ရွှံ့အနည်းငယ်လုပ် ၍အကျွန်ုပ်၏မျက်စိကိုလူးပြီးလျှင် အကျွန်ုပ် အားရှိလောင်ရေကန်သို့သွား၍မျက်စိကိုဆေး ခိုင်းပါ၏။ သို့ဖြစ်၍အကျွန်ုပ်သည်သွား၍ဆေး လိုက်ရာ မျက်စိမြင်လာပါသည်'' ဟုပြန်ပြော၏။
၁၁ထိုသူက၊ ယေရှုအမည်ရှိသော သူတယောက်သည် ရွှံ့လုပ်၍ ကျွန်ုပ်မျက်စိကိုလူးပြီးမှ၊ ရှိလောင် ရေကန်သို့သွား၍ မျက်စိကိုဆေးလောဟုဆိုသည်အတိုင်း အကျွန်ုပ်သွား၍ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။
12 ၁၂ လူတို့က ``ထိုသူသည်အဘယ်မှာနည်း'' ဟု မေးလျှင်၊ သူတောင်းစားက ``အကျွန်ုပ်မသိပါ'' ဟုဆို၏။
၁၂လူများကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးမြန်းကြလျှင်၊ အကျွန်ုပ်မသိဟုဆို၏။
13 ၁၃ လူတို့သည်ယခင်ကမျက်မမြင်ဖြစ်ခဲ့သူကို ဖာရိရှဲတို့ထံသို့ခေါ်ခဲ့ကြ၏။-
၁၃လူများသည် မျက်စိကန်းဘူးသော ထိုသူကို ဖာရိရှဲတို့ထံသို့ ပို့ကြ၏။
14 ၁၄ သခင်ယေရှုရွှံ့ဖြင့်ပြုလုပ်၍ထိုသူကိုမျက်စိ မြင်စေတော်မူသောနေ့ကားဥပုသ်နေ့ဖြစ်သတည်း။-
၁၄ယေရှုသည် ရွှံ့လုပ်၍ သူ၏မျက်စိကို ပွင့်တော်မူသောနေ့သည် ဥပုသ်နေ့ဖြစ်သတည်း။
15 ၁၅ ဖာရိရှဲတို့သည်ထိုသူမျက်စိအလင်းရရှိ လာပုံကိုမေးမြန်းကြ၏။ ထိုသူက ``သူသည် အကျွန်ုပ်၏မျက်စိကိုရွှံ့နှင့်လူးပေးပါ၏။ ထိုနောက်အကျွန်ုပ်သည်မျက်စိကိုဆေးလိုက် ရာမျက်စိမြင်လာပါသည်'' ဟုဆို၏။
၁၅တဖန်ဖာရိရှဲတို့က၊ အဘယ်သို့သင်၏မျက်စိမြင်သနည်းဟုမေးပြန်လျှင်၊ အကျွန်ုပ်မျက်စိ၌သူသည် ရွှံ့ ကိုထည့်၍ အကျွန်ုပ်ဆေးလျှင် မျက်စိမြင်သည်ဟုဆို၏။
16 ၁၆ အချို့သောဖာရိရှဲတို့က ``ထိုသူသည်ဥပုသ် မစောင့်သဖြင့်ဘုရားသခင်ထံမှကြွလာ သူမဟုတ်'' ဟုဆိုကြ၏။ အချို့ကမူ ``အပြစ်ကူးသူတစ်စုံတစ်ယောက် သည်အဘယ်သို့လျှင် ဤသို့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြနိုင်ပါမည်နည်း'' ဟုဆိုကြ၏။ ဤသို့လျှင်ထိုသူတို့သည် အချင်းချင်းစိတ်သဘောကွဲလွဲလျက်နေ ကြ၏။
၁၆ဖာရိရှဲအချို့တို့က၊ ထိုသူသည် ဥပုသ်မစောင့်။ ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်ဟု ဆိုကြ ၏။ အချို့တို့က၊ ဆိုးသောသူသည် ဤသို့သော နိမိတ်လက္ခဏာတို့ကို အဘယ်သို့ပြနိုင်မည်နည်းဟု ဆိုကြ၏။ ထိုသို့အချင်းချင်းမသင့် ကွဲပြားခြင်းသို့ရောက်၏။
17 ၁၇ ထို့ကြောင့်ဖာရိရှဲတို့သည် မျက်မမြင်ဖြစ်ခဲ့ဖူး သူအား ``သင့်ကိုမျက်စိမြင်စေသူသည်အဘယ် သို့သောသူဖြစ်သနည်း'' ဟုတစ်ဖန်မေးပြန် ကြ၏။ ထိုသူက ``ပရောဖက်ဖြစ်ပါ၏'' ဟုဖြေကြား၏။
၁၇တဖန်မျက်စိကန်းဘူးသောသူအား၊ သင်၏မျက်စိကိုဖွင့်သောသူသည် အဘယ်သို့သောသူဖြစ် သနည်း ဟု မေးကြလျှင်၊ ပရောဖက်ဖြစ်သည်ဟုဆို၏။
18 ၁၈ သို့ရာတွင်ယုဒအာဏာပိုင်တို့သည်ယခင်က ထိုသူမျက်မမြင်ဖြစ်ခဲ့သည်ကိုလည်းကောင်း၊ ယခုမျက်စိမြင်လာသည်ကိုလည်းကောင်း မယုံသဖြင့် သူ့မိဘတို့ကိုခေါ်၍မေးကြ၏။-
၁၈ထိုသူသည် အထက်မျက်စိမမြင်၊ နောက်မှမျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြသဖြင့် သူ၏ မိဘကိုခေါ်၍၊
19 ၁၉ သူတို့က ``ဤသူသည်သင်တို့၏သားလော။ သင် တို့ပြောသည်အတိုင်းဝမ်းတွင်းပါမျက်မမြင် လော။ သို့မှန်လျှင်သူသည်အဘယ်သို့ယခု မျက်စိမြင်သနည်း'' ဟုမေးကြ၏။
၁၉ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့၏ သားမှန်လော။ သို့မှန်လျှင် အဘယ်သို့ယခုမျက်စိမြင်သနည်းဟု မေးကြ၏။
20 ၂၀ မိဘတို့က ``ဤသူသည်အကျွန်ုပ်တို့၏ သားမှန်ပါ၏။ ဝမ်းတွင်းပါမျက်မမြင်ဖြစ် ကြောင်းလည်းမှန်ပါ၏။-
၂၀မိဘတို့ကလည်း၊ ဤသူသည် အကျွန်ုပ်တို့၏ သားမှန်သည်ကို၎င်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်း သည်ကို၎င်း၊ အကျွန်ုပ်တို့ သိကြပါ၏။
21 ၂၁ သို့ရာတွင်အဘယ်နည်းဖြင့်သူ့မျက်စိမြင် လာသည်ကိုအကျွန်ုပ်တို့မသိပါ။ သူ့အား အဘယ်သူမျက်စိမြင်စေသည်ကိုလည်းမသိ ပါ။ သူသည်အရွယ်ရောက်ပါပြီ။ သူ့အားမေး ပါ။ သူ့အကြောင်းကိုသူကိုယ်တိုင်ပြောပြ နိုင်ပါလိမ့်မည်'' ဟုဖြေကြားကြ၏။-
၂၁အဘယ်ကြောင့် မျက်စိမြင်သည်ကို၎င်း၊ အဘယ်သူသည်သူ၏ မျက်စိကိုဖွင့်သည်ကို၎င်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်ရွယ်နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည်ကိုယ်အကြောင်းကို ကိုယ် တိုင်ပြောပါလိမ့်မည်ဟု ပြန်ပြောကြ၏။
22 ၂၂ ဤသို့ဖြေကြားကြခြင်းမှာယုဒအာဏာ ပိုင်တို့ကိုကြောက်သောကြောင့်ဖြစ်၏။ ကိုယ်တော် အားမေရှိယအဖြစ်ဖြင့်အသိအမှတ်ပြု သူမှန်သမျှအား တရားဇရပ်မှထုတ်ပယ်ရန် ယုဒအာဏာပိုင်တို့သဘောတူဆုံးဖြတ် ထားပြီးဖြစ်သတည်း။-
၂၂ဤသို့ပြောသည်အကြောင်းကား၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည်ကို တရား စရပ်မှနှင်ထုတ်ရမည်ဟု ယုဒလူတို့သည် တိုင်ပင်စီရင်ကြနှင့်ပြီ။
23 ၂၃ ထို့ကြောင့်မိဘတို့က ``သူသည်အရွယ်ရောက် ပြီဖြစ်၍သူ့အားမေးပါ'' ဟုဆိုကြခြင်း ဖြစ်၏။
၂၃ထိုကြောင့် မိဘတို့က၊ သူသည် အသက်အရွယ်နှင့် ပြည့်စုံပါ၏။ သူ့ကိုမေးကြလော့ဟု ယုဒလူတို့ကို ကြောက်၍ ပြောကြ၏။
24 ၂၄ ဖာရိရှဲတို့သည်မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ်ခေါ်ပြီး ``ဘုရားသခင်ရှေ့ တွင်ဟုတ်မှန်ရာကိုပြောပါလော့။ သင့်အား မျက်စိမြင်စေသောသူသည်အပြစ်ကူးသူ ဖြစ်ကြောင်းငါတို့သိကြ၏'' ဟုဆို၏။
၂၄ထိုကြောင့်၊ မျက်စိကန်းဘူသောသူကို ဒုတိယအကြိမ်ခေါ်၍ ဘုရားသခင်ကို ချီးမွမ်းလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ဟုဆိုကြလျှင်၊
25 ၂၅ ထိုသူက ``ဤသူသည်အပြစ်ကူးသူဖြစ်သည် မဖြစ်သည်ကိုအကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ယခင်ကမျက်စိကွယ်၍ယခုမျက်စိမြင်လာ သည်ကိုသာလျှင်သိပါ၏'' ဟုပြော၏။
၂၅လူဆိုးဖြစ်သည်မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခုမျက်စိမြင် သည်အကြောင်းတခုကို အကျွန်ုပ်သိသည်ဟုဆို၏။
26 ၂၆ ထိုသူတို့က ``သူသည်သင့်ကိုမည်သို့ပြု သနည်း။ အဘယ်သို့သင်၏မျက်စိကိုမြင် စေသနည်း'' ဟုမေးကြ၏။
၂၆တဖန်သူတို့က၊ သူသည်သင်တို့၌ အဘယ်သို့ပြုသနည်း။ သင်၏ မျက်စိကိုအဘယ်သို့ ဖွင့်သနည်းဟု မေးကြလျှင်၊ အကျွန်ုပ်တခါပြောပြီ၊ သင်တို့နားမကြားကြ။
27 ၂၇ ထိုသူက ``သင်တို့အားအကျွန်ုပ်တစ်ကြိမ် ဖော်ပြပြီးပါပြီ။ သင်တို့နားမထောင်ကြ။ အဘယ်ကြောင့်ထပ်၍ကြားလိုကြပါသနည်း။ သင်တို့သည်လည်းသူ၏တပည့်ဖြစ်လိုကြ ပါသလော'' ဟုပြန်၍မေး၏။
၂၇အဘယ်ကြောင့် တဖန်ကြားချင်သနည်း။ သူ့တပည့် ဖြစ်ချင်သလောဟု ဆိုကြ၏။
28 ၂၈ ထိုသူတို့ကသူ့အား ``သင်သာလျှင်သူ့တပည့် ဖြစ်၏။ ငါတို့ကားမောရှေ၏တပည့်များဖြစ်၏။-
၂၈ထိုသူတို့ကလည်း၊ သင်သည်သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှ၏တပည့်ဖြစ်ကြ၏။
29 ၂၉ ဘုရားသခင်သည်မောရှေအားဗျာဒိတ်ပေး တော်မူခဲ့ကြောင်းကိုငါတို့သိကြ၏။ ဤသူ သည်အဘယ်ကလာသည်ကိုပင်ငါတို့မသိ ကြ'' ဟုဆိုကြ၏။
၂၉ဘုရားသခင်သည်မောရှ၌ ဗျာဒိတ်ထားတော်မူကြောင်းကို ငါတို့ သိကြ၏။ ထိုသူသည် အဘယ်က ဖြစ်သည်ကို အသိဟုကဲ့ရဲ့၍ ပြောဆိုကြလျှင်၊
30 ၃၀ မျက်မမြင်ဖြစ်ခဲ့ဖူးသူက ``သူသည်အကျွန်ုပ် အားမျက်စိမြင်စေသူဖြစ်ပါ၏။ သို့ပါလျက် သင်တို့သည် ထိုသူအဘယ်ကလာသည်ကို မသိကြသည်မှာအံ့သြဖွယ်ကောင်းလေစွ။-
၃၀သူသည် အကျွန်ုပ်မျက်စိကိုဖွင့်သော်လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩ ဘွယ်ရှိ၏။
31 ၃၁ ဘုရားသခင်သည်အပြစ်ကူးသူတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မမူပါ။ ကိုယ် တော်အားကိုင်းရှိုင်းရိုသေလျက်အလိုတော် အတိုင်း လုပ်ဆောင်သောသူ၏ဆုတောင်းပတ္ထနာ ကိုသာနားညောင်းတော်မူပါ၏။-
၃၁ဘုရားသခင်သည် လူဆိုးတို့ စကားကိုနားထောင်တော်မမူသည်ကို ငါတို့သိကြ၏။ ဘုရားသခင်ကို ရိုသေလေးမြတ်၍ အလိုတော်ကို လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နားထောင်တော်မူ၏။
32 ၃၂ ဝမ်းတွင်းပါမျက်မမြင်ကိုတစ်စုံတစ်ယောက် ကမျက်စိမြင်စေနိုင်သည်ဟူ၍ ကမ္ဘာဦးမှစ ၍အဘယ်အခါ၌မျှမကြားစဖူး။- (aiōn )
၃၂အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကိုမျက်စိမြင်စေခြင်းငှါ တတ်နိုင်သည်ကို ကမ္ဘာဦးမှစ၍ မကြားစဖူး။ (aiōn )
33 ၃၃ ဤသူသည်ဘုရားသခင်ထံတော်မှကြွလာ သူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ် နိုင်ပါ'' ဟုဆို၏။
၃၃ထိုသူသည်ဘုရားသခင်စေလွှတ်တော်မူသောသူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ်နိုင်ဟုပြောဆို၏။
34 ၃၄ ထိုသူတို့က ``သင်သည်ဝမ်းတွင်းပါအပြစ် နှင့်ကြီးပြင်းလာသူဖြစ်ပါလျက် ငါတို့အား သွန်သင်နေပါသလော'' ဟုဆို၍တရား ဇရပ်မှနှင်ထုတ်လိုက်ကြ၏။
၃၄ထိုသူတို့ကလည်း၊ သင်သည် မွေးစကပင်တကိုယ်လုံး၌ ဒုစရိုက်အပြစ်စွဲသောသူဖြစ်လျက်နှင့် ငါတို့ကို ဆုံးမပါသည်တကားဟု ပြေဆိုကြပြီလျှင်၊ ထိုသူကို တရားစရပ်မှနှင်ထုတ်ကြ၏။
35 ၃၅ ဤသို့နှင်ထုတ်လိုက်ကြောင်းကိုသခင်ယေရှု ကြားတော်မူပြီးနောက် ထိုသူကိုတွေ့တော်မူ လျှင် ``သင်သည်လူသားကိုယုံကြည်ပါ သလော'' ဟုမေးတော်မူ၏။
၃၅နှင်ထုတ်သည်အကြောင်းကို ယေရှုသည်ကြားပြီးမှ ထိုသူကိုတွေ့တော်မူလျှင်၊ သင်သည် ဘုရားသခင် ၏ သားတော်ကို ယုံကြည်သလောဟု မေးတော်မူ၏။
36 ၃၆ ထိုသူက ``အရှင်၊ လူသားကားအဘယ်သူဖြစ် ပါသနည်း။ အကျွန်ုပ်ယုံနိုင်ရန်လူသားသည် မည်သူနည်း'' ဟုလျှောက်၏။
၃၆သခင်၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏သားတော်ကား အဘယ်သူနည်းဟု မေး လျှောက်သော်၊
37 ၃၇ သခင်ယေရှုက ``သူ့ကိုသင်မြင်ဖူး၏။ သူသည် ကားယခုသင်နှင့်စကားပြောနေသူပင်တည်း'' ဟုမိန့်တော်မူ၏။
၃၇ယေရှုက၊ သင်သည် ထိုသူကိုမြင်ခဲ့ပြီးသာမက၊ သင်နှင့်ယခု စကားပြောသောသူသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ဟု မိန့်တော်မူလျှင်၊
38 ၃၈ မျက်မမြင်ဖြစ်ခဲ့ဖူးသူက ``အရှင်၊ အကျွန်ုပ် ယုံကြည်ပါ၏'' ဟုဆို၍ကိုယ်တော်အားပျပ်ဝပ် ရှိခိုးလေ၏။
၃၈သခင်၊ အကျွန်ုပ်ယုံကြည်ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုးကွယ်လေ၏။
39 ၃၉ သခင်ယေရှုက ``မျက်မမြင်တို့မျက်စိမြင် ကြစေရန်နှင့် မျက်စိမြင်သူတို့မျက်စိအလင်း ကွယ်ကြစေရန်စီရင်ချမှတ်အံ့သောငှာ ဤ လောကသို့ငါကြွလာခြင်းဖြစ်၏'' ဟုမိန့် တော်မူ၏။
၃၉ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူကို မျက်စိကန်းစေ ခြင်းငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။
40 ၄၀ ကိုယ်တော်၏အနီးတွင်ရှိနေကြသောဖာရိရှဲ တို့သည်ထိုစကားတော်ကိုကြားသဖြင့် ``အကျွန်ုပ် တို့သည်လည်းမျက်မမြင်များဖြစ်သည်ဟုဆိုလို ပါသလော'' ဟုမေးကြ၏။
၄၀အထံတော်၌ရှိသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်းသလောဟု မေးကြ၏။
41 ၄၁ သခင်ယေရှုက ``သင်တို့သည်မျက်မမြင်များ ဖြစ်ပါမူအပြစ်ရှိကြမည်မဟုတ်။ ယခုမူ ကားသင်တို့က `ငါတို့သည်မျက်စိမြင်ပါသည်' ဟုဆိုကြသဖြင့် သင်တို့တွင်အပြစ်ရှိလျက် နေသတည်း'' ဟုမိန့်တော်မူ၏။
၄၁ယေရှုကလည်း၊ သင်တို့သည် မျက်စိကန်းသည်မှန်လျှင် အပြစ်မရှိ၊ ငါတို့မျက်စိမြင်သည်ဟု ငါတို့ ဆိုကြ၏။ ထိုကြောင့် သင်တို့၌အပြစ်တည်သည်ဟု မိန့်တော်မူ၏။