< ယောဟန် 18 >
1 ၁ ဤသို့ဆုတောင်းတော်မူပြီးနောက်ကိုယ်တော် သည်တပည့်တော်တို့နှင့်အတူကြွတော်မူ၍ ကေဒြုန်ချောင်းကိုကူးတော်မူ၏။ ထိုအရပ် တွင်ဥယျာဉ်တစ်ခုရှိ၏။ သခင်ယေရှုနှင့် တပည့်တော်တို့သည် ထိုဥယျာဉ်ထဲသို့ဝင် ကြ၏။-
၁ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတဘက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။
2 ၂ ထိုနေရာသို့သခင်ယေရှုနှင့်တပည့်တော်တို့ သည်မကြာခဏသွားလေ့ရှိသဖြင့် သစ္စာဖောက် ယုဒသည်ထိုဥယျာဉ်ကိုသိ၏။-
၂ထိုအရပ်သို့ယေရှုသည် တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ထိုအရပ်ကိုသိသည်ဖြစ်၍၊
3 ၃ သို့ဖြစ်၍သူသည်ရောမစစ်တပ်ခွဲတစ်တပ်ကို လည်းကောင်း၊ ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲ များ၏အစောင့်တပ်သားများကိုလည်းကောင်း ခေါ်လာခဲ့၏။ သူတို့သည်မီးအိမ်များ၊ မီးတုတ် များနှင့်လက်နက်များကိုကိုင်ဆောင်လာကြ၏။-
၃စစ်သူရဲတတပ်ကို၎င်း၊ ယဇ်ပုရာဟိတ်အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သောမင်းလုလင်တို့ကို၎င်း ခေါ်ခဲ့ ၍၊ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကို လက်စွဲလျက်လာကြ၏။
4 ၄ သခင်ယေရှုသည်မိမိကြုံတွေ့ရမည့်အမှု အရာအလုံးစုံတို့ကိုသိတော်မူပြီးဖြစ်သည် အလျောက် ထိုသူတို့၏ထံသို့ကြွတော်မူလျက် ``သင်တို့မည်သူ့ကိုရှာကြသနည်း'' ဟုမေး တော်မူ၏။
၄ယေရှုသည် ကိုယ်တော်၌ဖြစ်လတံ့သမျှသော အမှုအရာတို့ကိုသိတော်မူလျက်၊ လာသောသူတို့ဆီသို့ သွား၍ အဘယ်သူကိုရှာကြသနည်းဟု မေးတော်မူ၏။
5 ၅ ထိုသူတို့က ``နာဇရက်မြို့သားယေရှုကိုရှာ ပါသည်'' ဟုဆိုကြ၏။ ကိုယ်တော်က ``ငါသည်ထိုသူပင်ဖြစ်၏'' ဟုမိန့် တော်မူ၏။ ကိုယ်တော်အားရန်သူ့လက်သို့အပ်မည့်သူယုဒ သည်လည်းထိုသူတို့နှင့်အတူရပ်လျက်နေ၏။-
၅နာဇရက်မြို့သား ယေရှုကိုရှာကြသည်ဟုဆိုလျှင်၊ ယေရှုက၊ ငါသည်ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူရပ်နေ၏။
6 ၆ ``ငါသည်ထိုသူပင်ဖြစ်၏'' ဟုသခင်ယေရှု မိန့်တော်မူသောအခါသူတို့သည်နောက်သို့ ဆုတ်ကာမြေပေါ်တွင်လဲကြ၏။-
၆ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌လဲကြ၏။
7 ၇ သို့ဖြစ်၍သခင်ယေရှုက ``သင်တို့မည်သူ့ ကိုရှာသနည်း'' ဟုတစ်ဖန်မေးတော်မူပြန်၏။ သူတို့ကလည်း ``နာဇရက်မြို့သားယေရှု ကိုရှာပါသည်'' ဟုဆိုကြပြန်၏။
၇အဘယ်သူကိုရှာသနည်းဟု တဖန်မေးတော်မူလျှင်၊ နာဇရက်မြို့သားယေရှုကို ရှာကြသည်ဟု ထိုသူတို့ သည် ဆိုကြ၏။
8 ၈ သခင်ယေရှုက ``ထိုသူသည်ငါပင်ဖြစ်သည် ဟုသင်တို့အားငါပြောခဲ့ပြီ။ ငါသည်သင်တို့ ရှာသောသူဖြစ်လျှင်ဤသူတို့သွားပါလေ စေ'' ဟုမိန့်တော်မူ၏။-
၈ယေရှုကလည်း၊ ငါသည်ထိုသူဖြစ်၏ဟုငါပြောပြီ။ သို့ဖြစ်၍ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေ စေဟု မိန့်တော်မူ၏။
9 ၉ (ဤသို့မိန့်တော်မူခြင်းမှာ ``ကိုယ်တော်ပေးအပ် တော်မူသောသူတစ်စုံတစ်ယောက်မျှဆုံးပါး ပျက်စီးမှုမရှိပါ'' ဟုယခင်ကကိုယ်တော် မြွက်ဆိုခဲ့သည့်အတိုင်းဖြစ်ပျက်လာစေရန် ပင်တည်း။)
၉ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသောသူတို့တွင် အဘယ်သူမျှပျက်ဆီးခြင်းသို့ မရောက်ပါ ဟူသော အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှါ ဤသို့မိန့်တော်မူ၏။
10 ၁၀ ရှိမုန်ပေတရုမှာဋ္ဌားတစ်လက်ပါလာ၏။ သူ သည်ဋ္ဌားကိုဆွဲထုတ်၍ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကိုခုတ်လိုက်ရာထိုကျွန်လက် ယာနားရွက်ပြတ်လေ၏။ ထိုကျွန်၏နာမည် ကားမာလခုဖြစ်သတည်း။-
၁၀ထိုအခါရှိမုန်ပေတရုသည် မိမိ၌ပါသောထားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟတ်မင်း၏ ကျွန် တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက်ပြတ်လေ၏။ ထိုကျွန်၏ အမည်ကားမာလခုဖြစ်သတည်း။
11 ၁၁ သခင်ယေရှုက ``ဋ္ဌားကိုဋ္ဌားအိမ်တွင်ပြန်သွင်း ထားလော့။ ခမည်းတော်ငါ့အားခံစေတော်မူ သည့်ဒုက္ခဝေဒနာကိုငါမခံသင့်သလော'' ဟု ပေတရုအားမိန့်တော်မူ၏။
၁၁ယေရှုကလည်း ထားကိုအိမ်၌သွင်းထားလော့။ ခမည်းတော်သည် ငါ့အား ပေးတော်မူသောခွက်ကို ငါ မသောက်ရာသလောဟု ပေတရုအားမိန့်တော်မူ၏။
12 ၁၂ ထိုနောက်ရောမတပ်သားများနှင့်ယုဒအမျိုး သားအစောင့်တပ်သားများသည်ကိုယ်တော်ကို ဖမ်းဆီးချည်နှောင်ပြီးလျှင်အန္နတ်မင်းထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။-
၁၂ထိုအခါတပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည် ယေရှုကိုဘမ်းဆီး၍ ချည်နှောင်ပြီးလျှင် အန္နတ်မင်းထံသို့ ရှေးဦးစွာ ယူသွားကြ၏။
13 ၁၃ အန္နတ်မင်းကားထိုနှစ်တွင်ယဇ်ပုရောဟိတ် မင်းဖြစ်သောကယာဖ၏ယောက္ခမဖြစ်၏။-
၁၃အန္နတ်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမဖြစ်သတည်း။
14 ၁၄ ကယာဖကား ``လူအပေါင်းတို့အတွက်လူ တစ်ဦးတစ်ယောက်သေရသည်ကပို၍ကောင်း ၏'' ဟုယုဒအာဏာပိုင်တို့အားအကြံပေး ခဲ့သူဖြစ်သတည်း။
၁၄ထိုကယာဖကား၊ လူတယောက်သည် လူများတို့အတွက် ပျက်စီးသော် သာ၍ကောင်းသည်ဟု ယုဒလူ တို့နှင့် တိုင်ပင်ပြောဆိုသောသူပေတည်း။
15 ၁၅ ရှိမုန်ပေတရုနှင့်အခြားတပည့်တော်တစ်ဦး သည်သခင်ယေရှု၏နောက်တော်ကလိုက်သွား ကြ၏။ အခြားတပည့်တော်သည်ယဇ်ပုရော ဟိတ်မင်း၏အသိဖြစ်၍ သခင်ယေရှုနှင့် အတူယဇ်ပုရောဟိတ်မင်း၏အိမ်တော်ဝင်း အတွင်းသို့လိုက်သွားခွင့်ရပေသည်။-
၁၅ရှိမုန်ပေတရုနှင့် အခြားသောတပည့်တော်တယောက်သည် ယေရှုနောက်တော်သို့ လိုက်ကြ၏။ ထို တပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်၍၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး ထဲသို့ ဝင်လေ၏။
16 ၁၆ ပေတရုကားဝင်းတံခါးအပြင်တွင်နေရစ်၏။ ယဇ်ပုရောဟိတ်မင်းသိသူတပည့်တော်သည် ဝင်းပြင်သို့ထွက်လာပြီးနောက် တံခါးစောင့် သူမအားအခွင့်တောင်းကာပေတရုကို ဝင်းထဲသို့သွင်းလေ၏။-
၁၆ပေတရုမူကားပြင်၌ တံခါးနားမှာရပ်နေ၏။ ထိုကြောင့် ယဇ်ပုရာဟိတ်မင်းနှင့်အကျွမ်းဝင်သော တပည့် တော်သည်ထွက်၍ တံခါးစောင့်မိန်းမအားပြောပြီးမှ ပေတရုကိုသွင်းလေ၏။
17 ၁၇ တံခါးစောင့်သူငယ်မက ``သင်သည်ထိုသူ၏ တပည့်တစ်ဦးမဟုတ်ပါလော'' ဟုမေးလျှင်၊ ပေတရုက ``ငါမဟုတ်'' ဟုဆို၏။
၁၇တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထိုသူ၏တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။
18 ၁၈ ထိုအခါယဇ်ပုရောဟိတ်ကြီးများ၏အစောင့် တပ်သားများနှင့်အစေခံများသည်ချမ်းသဖြင့် မီးသွေးမီးလင်းဖိုပတ်လည်တွင်ရပ်၍မီးလှုံ လျက်နေကြ၏။ ပေတရုသည်လည်းထိုသူ တို့နှင့်အတူရပ်၍မီးလှုံနေ၏။
၁၈ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့်မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက် နေ ကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။
19 ၁၉ ယဇ်ပုရောဟိတ်မင်းသည်ကိုယ်တော်အားတပည့် တော်တို့၏အကြောင်းကိုလည်းကောင်း၊ ကိုယ်တော် ဟောပြောတော်မူသောတရားတော်အကြောင်း ကိုလည်းကောင်းစစ်ဆေးမေးမြန်း၏။-
၁၉ထိုအခါ ယဇ်ပုရာဟိတ်မင်းသည် တပည့်တော်တို့ကို၎င်း၊ ဒေသနာတော်ကို၎င်း အကြောင်းပြု၍ ယေရှုကို မေးမြန်းစစ်ကြော၏။
20 ၂၀ သခင်ယေရှုက ``ငါသည်လူအပေါင်းတို့ရှေ့ တွင်အစဉ်ပင်ပွင့်လင်းစွာဟောပြောသွန်သင် ခဲ့၏။ ယုဒအမျိုးသားအပေါင်းတို့စုဝေးရာ ဖြစ်သောတရားဇရပ်များနှင့်ဗိမာန်တော်တွင် ငါဟောပြောသွန်သင်ခဲ့၏။ အဘယ်အခါ၌ မျှလျှို့ဝှက်စွာမဟောပြောခဲ့။-
၂၀ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာတရား စရပ်၌၎င်း၊ ဗိမာန်တော်၌၎င်း၊ အစဉ်မပြတ်ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။
21 ၂၁ သို့ဖြစ်၍အဘယ်ကြောင့်ငါ့ကိုစစ်ဆေးမေး မြန်းသနည်း။ ငါဟောပြောသွန်သင်သည်ကို ကြားနာကြရသူတို့အားမေးမြန်းလော့။ သူတို့အားငါမည်သို့ဟောပြောသည်ကို မေးမြန်းလော့။ ငါဟောပြောသည့်အရာတို့ ကိုသူတို့သိကြ၏'' ဟုမိန့်တော်မူ၏။
၂၁အဘယ်ကြောင့်ငါ့ကို မေးမြန်းသနည်း၊ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသောသူတို့ကို မေးမြန်းလော့။ ငါပြောသောစကားကို ထိုသူတို့သည် သိကြ၏ဟုမိန့်တော်မူ၏။
22 ၂၂ ဤသို့မိန့်တော်မူလျှင်အစောင့်တပ်သားတစ် ယောက်သည် ``ယဇ်ပုရောဟိတ်မင်းအားသင်သည် ဤသို့မဖွယ်မရာပြောဆိုသင့်သလော'' ဟု ဆို၍ကိုယ်တော်၏ပါးကိုရိုက်လေ၏။
၂၂ထိုသို့မိန့်တော်မူလျှင်၊ အနီးအပါး၌ရပ်နေသော မင်းလုလင်တယောက်က၊ သင်သည် ယဇ်ပုရာဟိတ် မင်းကို ဤသို့ပြန်ပြောရာသလောဟုဆိုလျက် ယေရှုကိုရိုက်လေ၏။
23 ၂၃ သခင်ယေရှုက ``ငါ၏စကားမမှန်လျှင်မမှန် ကြောင်းကိုထောက်ပြပါ။ မှန်လျှင်မူကားအဘယ် ကြောင့်ငါ့ကိုရိုက်ပုတ်သနည်း'' ဟုမိန့်တော်မူ၏။
၂၃ယေရှုကလည်း၊ ငါ့စကားမမှန်လျှင်မမှန်ကြောင်းကိုပြပါ မှန်လျှင်ငါ့ကိုအဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ၏။
24 ၂၄ ထို့နောက်အန္နတ်မင်းသည်ကိုယ်တော်ကိုချည်နှောင် လျက်ယဇ်ပုရောဟိတ်မင်းကယာဖ၏ထံသို့ ပို့စေ၏။
၂၄အန္နတ်မင်းသည် ကိုယ်တော်ကိုချည်နှောင်လျက် ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့စေခဲ့ပြီ။
25 ၂၅ ရှိမုန်ပေတရုသည်ရပ်လျက်မီးလှုံနေ၏။ လူ အချို့က ``သင်သည်လည်းထိုသူ၏တပည့် မဟုတ်ပါလော'' ဟုမေးကြ၏။ ပေတရုက ``ငါမဟုတ်'' ဟုငြင်းဆို၏။
၂၅ရှိမုန်ပေတရုသည် ရပ်၍မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က၊ သင်သည် သူ၏တပည့်တို့ အဝင်ဖြစ်သည်မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။
26 ၂၆ ယဇ်ပုရောဟိတ်မင်း၏ကျွန်တစ်ယောက်က ``သင့် အားထိုသူနှင့်အတူဥယျာဉ်ထဲတွင်ငါတွေ့ မြင်ခဲ့သည်မဟုတ်ပါလော'' ဟုဆို၏။ ထိုကျွန် ကားပေတရုဋ္ဌားနှင့်ခုတ်၍နားရွက်ပြတ်သွား သူနှင့်ဆွေမျိုးတော်စပ်သူတည်း။
၂၆ပေတရုခုတ်၍ နားရွက်ပြတ်သောသူနှင့်ပေါက်ဘော်တော်သော ယဇ်ပုရာဟိတ်မင်း၏ ကျွန်တ ယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လောဟုဆိုလျှင်၊
27 ၂၇ ပေတရုက ``ငါမဟုတ်'' ဟုတစ်ဖန်ငြင်း ဆို၏။ ထိုခဏချင်းတွင်ကြက်တွန်လေ၏။
၂၇ပေတရုသည် တဖန်ငြင်းပြန်လေ၏၊ ထိုခဏခြင်းတွင် ကြက်တွန်၏။
28 ၂၈ လူတို့သည်သခင်ယေရှုအားကယာဖထံမှ ဘုရင်ခံမင်း၏အိမ်တော်သို့ခေါ်ဆောင်သွားကြ ၏။ အချိန်ကားနံနက်စောစောဖြစ်၏။ ယုဒ အမျိုးသားတို့သည်ပသခါညစာစားနိုင်ရန် မိမိတို့ကိုယ်ကိုဘာသာရေးကျင့်ထုံးအရ သန့်စင်စေလိုသဖြင့်အိမ်တော်ထဲသို့မဝင် ကြ။-
၂၈နံနက်အချိန်ရောက်လျှင်၊ ယေရုကို ကယာဖထမှ အိမ်တော်ဦးသို့ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ်၍ ပသခါပွဲကို ခံရမည်အကြောင်း။ အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။
29 ၂၉ သို့ဖြစ်၍ပိလတ်မင်းသည်ထိုသူတို့နှင့်တွေ့ဆုံ ရန်အပြင်သို့ထွက်လာပြီးလျှင် ``ဤသူအား အဘယ်ပြစ်မှုနှင့်စွပ်စွဲကြပါသနည်း'' ဟုမေး၏။
၂၉ထိုကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်၍ ဤသူ၌အဘယ်အပြစ်ကို တင်ကြသနည်းဟု မေးသော်၊
30 ၃၀ ထိုသူတို့က ``ဤသူသည်ပြစ်မှုတစ်စုံတစ်ရာ ကူးလွန်သူမဟုတ်ပါက သူ့အားအရှင့်ထံသို့ အကျွန်ုပ်တို့ခေါ်ဆောင်လာမည်မဟုတ်ပါ'' ဟု လျှောက်ကြ၏။
၃၀ဤသူသည်လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော်၌မအပ်ပါဟုလျှောက်ကြ၏။
31 ၃၁ ပိလတ်မင်းကလည်း ``သင်တို့ကိုယ်တိုင်ပင်သူ့ အားယူဆောင်သွားကြလော့။ သင်တို့၏တရား ဥပဒေအရစစ်ဆေးစီရင်ကြလော့'' ဟု ဆို၏။ ယုဒအမျိုးသားတို့က ``အကျွန်ုပ်တို့မှာလူ တစ်စုံတစ်ယောက်ကိုသေမိန့်ပေးပိုင်ခွင့်မရှိ ပါ'' ဟုပြန်၍လျှောက်ကြ၏။-
၃၁ပိလတ်မင်းကလည်း၊ သူ့ကိုယူ၍ သင်တို့ ဓမ္မသတ်အတိုင်းစီရင်ကြဟုဆို၏။ ယုဒလူတို့ကလည်း၊ အကျွန်ုပ်သည် အဘယ်သူကိုမျှ မသတ်ပိုင်ပါဟုလျှောက်ကြ၏။
32 ၃၂ (ဤသို့လျှောက်ကြခြင်းမှာမိမိအဘယ်သို့ သေရမည်ကိုသခင်ယေရှုမိန့်မြွက်ဖော်ပြခဲ့ သည့်အတိုင်းဖြစ်ပျက်လာစေရန်ပင်ဖြစ်၏။)
၃၂ထိုသို့လျှောက်သော်၊ ယေရှုသည်အဘယ်သို့ မိမိသေရမည်အရိပ်ကိုပေး၍၊ မိန့်တော်မူသောစကား တော် ပြည့်စုံမည်အကြောင်းတည်း။
33 ၃၃ ပိလတ်မင်းသည်အိမ်တော်ထဲသို့ပြန်၍ဝင် ပြီးလျှင်သခင်ယေရှုအားခေါ်ယူကာ ``သင် သည်ယုဒရှင်ဘုရင်ပေလော'' ဟုမေး၏။
၃၃ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့တဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန် သလောဟုမေး၏။
34 ၃၄ သခင်ယေရှုက ``ဤမေးခွန်းကို မင်းကြီး အလိုအလျောက်မေးပါသလော။ သို့မဟုတ် ငါ၏အကြောင်းကို သူတစ်ပါးတို့လျှောက် ထားကြပြီလော'' ဟုမေးတော်မူ၏။
၃၄ယေရှုကလည်း၊ မင်းကြီးသည် ကိုယ်အလိုအလျောက် ဤသို့မေးသလော၊ သို့မဟုတ် သူတပါးတို့သည် ငါ၏အကြောင်းကို လျှောက်ကြပြီလောဟု မေးတော်မူ၏။
35 ၃၅ ပိလတ်မင်းက ``သင်သည်ငါ့ကိုယုဒအမျိုး သားတစ်ယောက်ဟုထင်မှတ်ပါသလော။ သင့် ကိုငါ့ထံသို့ပို့အပ်လာသူများကားသင်၏ အမျိုးသားများနှင့်သူတို့၏ယဇ်ပုရောဟိတ် ကြီးများပင်ဖြစ်၏။ သင်သည်အဘယ်အမှု ကိုပြုမိပါသနည်း'' ဟုမေး၏။
၃၅ပိလတ်မင်းက၊ ငါသည်ယုဒလူဖြစ်သလော။ သင်၏လူမျိုးနျင့်တကွ ယဇ်ပုရောဟိတ်အကြီးတို့သည် သင့်ကိုငါ၌အပ်ကြပြီ။ သင်သည် အဘယ်သို့ပြုမိသနည်းဟုမေးလျှင်၊
36 ၃၆ သခင်ယေရှုက ``ငါ့နိုင်ငံသည်ဤလောကနှင့် မသက်ဆိုင်။ အကယ်၍ငါ့နိုင်ငံသည်ဤလောက နှင့်သက်ဆိုင်ပါမူ ငါသည်ယုဒအမျိုးသားတို့ လက်သို့မရောက်ရအောင်ငါ၏တပည့်တို့သည် တိုက်ခိုက်ကြမည်။ အမှန်စင်စစ်ငါ၏နိုင်ငံသည် ဤလောကနှင့်မသက်ဆိုင်'' ဟုမိန့်တော်မူ၏။
၃၆ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့လက်သို့မရောက်စေခြင်းငှါ၊ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံ သည် ဤဒေသအရပ်နှင့်မစပ်ဆိုင်ဟု မိန့်တော်မူ၏။
37 ၃၇ ပိလတ်မင်းက ``သို့ဖြစ်လျှင်သင်သည်ရှင် ဘုရင်လော'' ဟုမေး၏။ သခင်ယေရှုက ``ငါသည်သင်ဆိုသည့်အတိုင်း ရှင်ဘုရင်ဖြစ်၏။ ငါသည်သမ္မာတရားကိုဟော ပြောခြင်းငှာမွေးဖွားခြင်းကိုခံ၍ဤလောက သို့ကြွလာ၏။ သမ္မာတရားနှင့်သက်ဆိုင်သူမှန် သမျှသည် ငါ၏စကားကိုနားထောင်ကြသည်'' ဟုမိန့်တော်မူ၏။-
၃၇ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည်ရှင်ဘုရင်မှန်သလောဟုမေးသော်၊ ယေရှုက၊ မင်းကြီး မေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှါ ငါသည်မွေးဘွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။ သမ္မာတရားနှင့်စပ်ဆိုင်သမျှသောသူတို့သည် ငါ့စကားကိုနားထောင်ကြသည်ဟု မိန့် တော်မူ၏။
38 ၃၈ ပိလတ်မင်းက ``သမ္မာတရားကားအဘယ် နည်း'' ဟုမေး၏။ ထိုနောက်ပိလတ်မင်းသည်လူတို့ထံထွက်လာပြီး လျှင် ``ထိုသူအားအပြစ်ဒဏ်စီရင်ရန်အကြောင်း တစ်စုံတစ်ရာကိုမျှငါမတွေ့။-
၃၈ပိလတ်မင်းကလည်း၊ သမ္မာတရားကား အဘယ်သို့နည်းဟုမေးပြီးမှ တဖန်ယုဒလူတို့ရှိရာသို့ထွက်၍၊ ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့။
39 ၃၉ သင်တို့ဋ္ဌလေ့ထုံးစံအရပသခါပွဲအတွင်း၌ အကျဉ်းသမားတစ်ဦးကိုငါလွတ်ငြိမ်းချမ်းသာ ခွင့်ပေးမြဲဖြစ်၏။ သင်တို့အတွက်ယုဒရှင်ဘုရင် ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသလော'' ဟုမေး၏။
၃၉ပသခါပွဲ၌ လူတယောက်ကို သင်တို့အားငါလွှတ်မြဲထုံးစံရှိသည်ဖြစ်၍၊ ယုဒရှင်ဘုရင်ကို လွှတ်စေချင် သလောဟု မေးလျှင်၊
40 ၄၀ ထိုသူတို့က ``သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့်မပေး ပါနှင့်။ ဗာရဗ္ဗကိုပေးပါ'' ဟုဟစ်အော်ကြ၏။ (ဗာရဗ္ဗကားဋ္ဌားပြဖြစ်သတည်း။)
၄၀တဖန်လူအပေါင်းတို့က၊ ဤသူကို မလွှတ်စေချင်ပါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု အော်ဟစ်၍ လျှောက်ဆိုကြ၏။ ထိုဗာရဗ္ဗကား လွှတ်စေချင်ပါသည်ဟုအော်ဟစ်၍လျှောက်ဆိုကြ၏။ ထိုဗရဗ္ဗကား ထားပြဖြစ် သတည်း။