< ယေရမိ 38 >
1 ၁ မဿန်၏သားရှေဖတိ၊ ပါရှုရ၏သားဂေဒလိ၊ ရှေလမိ၏သားယေဟုကလ၊ မာလခိ၏သား ပါရှုရတို့သည်ပြည်သူတို့အားငါပြောဆို လျက်နေသောစကားများကိုကြားကြ၏။-
2 ၂ ငါသည်လူတို့အားထာဝရဘုရား၏အမိန့် တော်ကိုပြောကြားသည်မှာ``ဤမြို့တွင်ဆက် လက်နေထိုင်သူတို့သည်စစ်ဘေး၊ ငတ်မွတ်ခေါင်း ပါးခြင်းဘေး၊ အနာရောဂါဘေးတို့နှင့်သေရ ကြလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ထံသွား ၍လက်နက်ချသူတို့သည်သေရကြလိမ့်မည် မဟုတ်။ သူတို့သည်ယုတ်စွအဆုံးအသက် ဘေးမှချမ်းသာရာရလျက်ကျန်ရှိကြလိမ့် မည်။-
3 ၃ ငါသည်ဤမြို့ကိုဗာဗုလုန်ဘုရင်၏တပ်မ တော်သို့ပေးအပ်မည်။ သူသည်လည်းဤမြို့ ကိုသိမ်းယူလိမ့်မည်'' ဟူ၍ဖြစ်သည်။-
4 ၄ ထိုအခါမှူးမတ်တို့သည်မင်းကြီးအား``ဤ သူကိုသုတ်သင်ပစ်မှဖြစ်ပါမည်။ သူသည် ဤစကားများကိုပြောဆိုခြင်းအားဖြင့် မြို့တွင်းရှိစစ်သည်သူရဲတို့အားလျော့ စေပါ၏။ မြို့ထဲတွင်အခြားကျန်ရှိနေသေး သူအပေါင်းကိုလည်းဤနည်းအတိုင်းပင် ဖြစ်စေပါ၏။ သူသည်လူတို့၏ကောင်းကျိုး ကိုမရှာ၊ ဆိုးကျိုးကိုသာလျှင်ရှာပါ၏'' ဟုလျှောက်ထားကြ၏။-
5 ၅ သို့ဖြစ်၍ဇေဒကိမင်းက``ကောင်းပြီ။ သူ့အား သင်တို့ပြုလိုရာပြုကြပေလော့။ သင်တို့ အားငါမဆီးတား'' ဟုမိန့်တော်မူ၏။-
6 ၆ ထို့ကြောင့်မှူးမတ်တို့သည်ငါ့ကိုယူဆောင်ကာ နန်းတော်ဝင်းအတွင်း၌ရှိသောမင်းသား မာလခိ၏ရေတွင်းထဲသို့ကြိုးများဖြင့် လျှောချလိုက်ကြ၏။ ရေတွင်းထဲ၌ရေမရှိ။ ရွှံ့နွံများသာလျှင်ရှိသဖြင့်ငါသည်ရွှံ့နွံ တွင်ကျွံနစ်လျက်နေလေ၏။-
7 ၇ သို့ရာတွင်နန်းတော်အမှုထမ်းဆူဒန်အမျိုး သားမိန်းမစိုးဧဗဒမေလက်သည် ဤသို့ထို သူတို့ကရေတွင်းထဲသို့ချလိုက်ကြောင်းကို ကြားသိသွားလေသည်။ ထိုအချိန်၌မင်းကြီး သည်ဗင်္ယာမိန်တံခါးအနီးတွင်ညီလာခံ လျက်နေ၏။-
8 ၈ သို့ဖြစ်၍ဧဗဒမေလက်သည်နန်းတော်မှ ထိုအရပ်သို့သွားပြီးလျှင်မင်းကြီးအား၊-
9 ၉ ``အရှင်မင်းကြီး၊ ဤသူတို့ပြုခဲ့ကြသည့် အမှုများသည်မှားပါ၏။ သူတို့သည်ယေရမိ အားရေတွင်းထဲသို့ချခဲ့ကြပါပြီ။ သူသည် ဧကန်မုချအစာငတ်၍သေရပါလိမ့်မည်။ မြို့တွင်း၌လည်းအစာရေစာမရှိတော့ ပါ'' ဟုလျှောက်လေ၏။-
10 ၁၀ ထိုအခါမင်းကြီးသည်ဧဗဒမေလက်အား ထိုအရပ်တွင်ရှိသည့်လူသုံးယောက်ကိုခေါ် ယူကာ ယေရမိမသေမီရေတွင်းထဲမှဆယ် ယူစေတော်မူ၏။-
11 ၁၁ ထို့ကြောင့်ဧဗဒမေလက်သည်လူတို့ခေါ်ကာ ထိုနန်းတော်ပစ္စည်းသိုလှောင်ခန်းသို့ဝင်ပြီး လျှင် ဟောင်းနွမ်းသောအဝတ်စုတ်များကိုယူ ပြီးလျှင် ရေတွင်းထဲ၌ရှိသောငါ့ထံသို့ ကြိုးများနှင့်အတူချ၍ပေးလေသည်။-
12 ၁၂ ထိုနောက်ဧဗဒမေလက်သည်ငါ့အား``သင့် အားကြိုးများမပွန်းမရှနိုင်စေရန် ဤ အဝတ်စုတ်ကိုသင်၏ချိုင်းအောက်တွင်ခံ ၍ထားလော့'' ဟုဆို၏။ ငါသည်ဤအတိုင်း ပြု၏။-
13 ၁၃ ထိုနောက်သူတို့သည်ငါ့အားကြိုးများဖြင့် ဆွဲ၍ရေတွင်းထဲမှကယ်ဆယ်လိုက်ကြ၏။ ထိုနောက်ငါသည်နန်းတော်ဝင်းအတွင်း၌ နေရလေသည်။
14 ၁၄ ဇေဒကိမင်းသည်ငါ့အားဗိမာန်တော်တတိယ မုခ်ဆောင်ခန်းသို့ခေါ်ယူစေပြီးလျှင်``သင့်အား မေးခွန်းတစ်ခုကိုငါမေးမည်။ ငါ၏ထံမှမည် သည့်အရာကိုမျှထိမ်ဝှက်၍မထားနှင့်'' ဟု ဆို၏။
15 ၁၅ ငါက``အကယ်၍အကျွန်ုပ်သည်မှန်ရာကို လျှောက်ထားပါမူ အရှင်သည်အကျွန်ုပ်အား ကွပ်မျက်ပါလိမ့်မည်။ အကျွန်ုပ်အကြံပေး လျှင်လည်းအရှင်ပမာဏပြုတော်မူလိမ့် မည်မဟုတ်ပါ'' ဟုလျှောက်ထား၏။
16 ၁၆ သို့ဖြစ်၍ဇေဒကိမင်းသည်ငါ့အား``ငါတို့ ကိုဖန်ဆင်းတော်မူသောထာဝရဘုရားသည် အသက်ရှင်တော်မူသည့်အတိုင်း ငါသည်သင့် အားသတ်မည်မဟုတ်။ သင့်ကိုသတ်လိုသူတို့ ၏လက်သို့လည်းပေးအပ်မည်မဟုတ်'' ဟု လျှို့ဝှက်စွာကတိပေးတော်မူ၏။
17 ၁၇ ထိုအခါငါသည်ဇေဒကိမင်းအား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်အနန္တ တန်ခိုးရှင်ထာဝရဘုရားက `သင်သည်ဗာ ဗုလုန်ဘုရင်၏မှူးမတ်တို့ထံတွင်လက်နက် ချပါမူအသက်ချမ်းသာရာရလိမ့်မည်။ ဤ မြို့သည်လည်းမီးလောင်ကျွမ်းရလိမ့်မည်မ ဟုတ်။ သင်နှင့်သင်၏အိမ်ထောင်စုသားများ ပါအသက်ချမ်းသာကြလိမ့်မည်။-
18 ၁၈ သို့ရာတွင်အကယ်၍သင်လက်နက်မချ ပါမူ ဤမြို့သည်ဗာဗုလုန်အမျိုးသားတို့ ၏လက်တွင်းသို့ကျရောက်ရလိမ့်မည်။ သူတို့ သည်လည်းဤမြို့ကိုမီးရှို့လိုက်ကြလိမ့်မည်။ သင်သည်သူတို့၏ဘေးမှလွတ်မြောက်ရလိမ့် မည်မဟုတ်' ဟုမိန့်တော်မူပါ၏'' ဟုလျှောက် ထား၏။
19 ၁၉ သို့ရာတွင်ဇေဒကိမင်းက``ဗာဗုလုန်အမျိုး သားတို့ဘက်သို့ထွက်ပြေးကြသောယုဒ အမျိုးသားတို့ကိုငါကြောက်၏။ အကယ် ၍ငါသည်သူတို့လက်သို့အအပ်ခံရခဲ့ သော်သူတို့သည်ငါ့အားအပြင်းအထန် ညှင်းဆဲကြလိမ့်မည်'' ဟုဆို၏။
20 ၂၀ ငါက``အရှင်သည်ထိုသူတို့လက်တွင်းသို့ ကျရောက်ရလိမ့်မည်မဟုတ်ပါ။ အရှင့်အား အကျွန်ုပ်ပြန်ကြားခဲ့သည့်ထာဝရဘုရား ၏ဗျာဒိတ်တော်အတိုင်းလိုက်နာဆောင်ရွက် တော်မူရန်အကျွန်ုပ်ပန်ကြားပါ၏။ ဤ အတိုင်းပြုတော်မူလျှင်အစစအရာရာ အဆင်ပြေလျက် အရှင်သည်အသက်ချမ်း သာရာရပါလိမ့်မည်။-
21 ၂၁ သို့ရာတွင်အကယ်၍အရှင်သည်လက်နက် ချရန်ငြင်းဆန်တော်မူပါက အဘယ်သို့ သောအမှုများဖြစ်ပျက်လာလိမ့်မည်ကို ထာဝရဘုရားသည်အကျွန်ုပ်အား ဗျာဒိတ်ရူပါရုံတွင်ပြတော်မူပါပြီ။-
22 ၂၂ ယုဒဘုရင်၏နန်းတော်တွင်ကျန်ရှိသမျှ သောအမျိုးသမီးတို့ကို ဗာဗုလုန်ဘုရင် ၏မှူးမတ်များထံသို့ထုတ်ဆောင်သွားကြ လိမ့်မည်။ သူတို့သည်ဤသို့ထွက်ခွာသွား ကြရစဉ်၊ `မင်းကြီး၏အချစ်ဆုံးမိတ်ဆွေများသည် သူ့အားလှည့်စား၍၊သူ့အပေါ်၌သြဇာလွှမ်းမိုး ကြ၏။ ယခုအခါ၊မင်းကြီး၏ခြေတို့သည်ရွှံ့နွံတွင် ကျွံလျက်နေပြီဖြစ်၍၊ ထိုမိတ်ဆွေများသည်သူ့အားစွန့်ပစ်ကြလေပြီ' ဟုဆိုကြလိမ့်မည်'' ဟုလျှောက်ထား၏။
23 ၂၃ ထိုနောက်ငါက``ဗာဗုလုန်အမျိုးသားတို့ သည် အရှင်၏မိဖုရားများနှင့်သားသမီး အပေါင်းကိုထုတ်ဆောင်သွားလိမ့်မည်။ အရှင် ကိုယ်တိုင်ပင်လျှင်သူတို့၏ဘေးမှလွတ် မြောက်လိမ့်မည်မဟုတ်ပါ။ ဗာဗုလုန်ဘုရင် ၏ဖမ်းဆီးခြင်းကိုခံရပါလိမ့်မည်။ ဤ မြို့သည်လည်းမီးကျွမ်းလောင်၍သွားလိမ့် မည်'' ဟုလျှောက်ထားပြန်၏။
24 ၂၄ ဇေဒကိမင်းသည်လည်း``ယခုငါတို့ပြော ဆိုကြသည့်စကားများကိုအဘယ်သူမျှ မသိစေနှင့်။ သို့မှသာလျှင်သင်သည် အသက်ဘေးနှင့်ကင်းဝေးရလိမ့်မည်။-
25 ၂၅ ငါသည်သင်နှင့်စကားပြောဆိုခဲ့ကြောင်း မှူးမတ်များကြားသိကြသောအခါ သူတို့ သည်သင့်၏ထံသို့လာ၍ ငါတို့ပြောဆိုကြ သည့်ကိစ္စကိုမေးမြန်းကြလိမ့်မည်။ သူတို့ က`ငါတို့အားပြောပြလျှင်သင့်ကိုငါ တို့မသတ်ပါ' ဟုကတိပြုကြလိမ့်မည်။-
26 ၂၆ သို့သော်လည်းသင်သည်မိမိအသက်မသေ ရလေအောင်ယောနသန်၏အိမ်သို့ပြန်၍ပို့ တော်မမူပါနှင့်ဟူ၍သာလျှင်ငါ့အားပန် ကြားလျှောက်ထားခဲ့ကြောင်းသူတို့ကိုပြော ကြားပါလော့'' ဟုဆို၏။-
27 ၂၇ မှူးမတ်အပေါင်းတို့သည်ငါ့ထံလာ၍စစ် ဆေးမေးမြန်းကြ၏။ သို့ရာတွင်ငါသည် မိမိကိုမင်းကြီးသင်ကြားပေးထားသည့် အတိုင်းသာလျှင် တိကျစွာပြန်လည်ဖြေ ကြားလိုက်လေသည်။ အဘယ်သူမျှလည်း မင်းကြီးနှင့်ငါပြောဆိုသောစကားများ ကိုကြားခဲ့ရသူမရှိသဖြင့်သူတို့သည် အဘယ်သို့မျှမပြုနိုင်ကြတော့ချေ။
28 ၂၈ ငါသည်လည်းရန်သူ့လက်သို့ယေရုရှလင် မြို့ကျရောက်သည့်နေ့တိုင်အောင် နန်းတော် ဝင်းအတွင်း၌နေရလေတော့သည်။