< ယေရမိ 38 >
1 ၁ မဿန်၏သားရှေဖတိ၊ ပါရှုရ၏သားဂေဒလိ၊ ရှေလမိ၏သားယေဟုကလ၊ မာလခိ၏သား ပါရှုရတို့သည်ပြည်သူတို့အားငါပြောဆို လျက်နေသောစကားများကိုကြားကြ၏။-
၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤမြို့ ထဲမှာနေသော သူသည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့်သေလိမ့်မည်။
2 ၂ ငါသည်လူတို့အားထာဝရဘုရား၏အမိန့် တော်ကိုပြောကြားသည်မှာ``ဤမြို့တွင်ဆက် လက်နေထိုင်သူတို့သည်စစ်ဘေး၊ ငတ်မွတ်ခေါင်း ပါးခြင်းဘေး၊ အနာရောဂါဘေးတို့နှင့်သေရ ကြလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ထံသွား ၍လက်နက်ချသူတို့သည်သေရကြလိမ့်မည် မဟုတ်။ သူတို့သည်ယုတ်စွအဆုံးအသက် ဘေးမှချမ်းသာရာရလျက်ကျန်ရှိကြလိမ့် မည်။-
၂ခါလဒဲလူတို့ ဘက်သို့ ထွက်သွားသော သူသည် အသက်ချမ်းသာ၍၊ လက်ရ ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်ဟူ၍၎င်း၊ ဤမြို့ ကို ဗာဗုလုန်ရှင် ဘုရင်၏ဗိုလ်ခြေလက်သို့ ဆက်ဆက် အပ်၍၊ သူသည် သိမ်းယူလိမ့်မည်ဟူ၍၎င်း၊
3 ၃ ငါသည်ဤမြို့ကိုဗာဗုလုန်ဘုရင်၏တပ်မ တော်သို့ပေးအပ်မည်။ သူသည်လည်းဤမြို့ ကိုသိမ်းယူလိမ့်မည်'' ဟူ၍ဖြစ်သည်။-
၃ထာဝရဘုရား မိန့်တော်မူ၏ဟု၊ ယေရမိသည် လူအပေါင်းတို့အား ဟောပြောတတ်သော စကားများကို မဿန်သားရှေဖတိ၊ ပါရှုရသားဂေဒလိ၊ ရှေလမိသားယေဟုကလ၊ မာလ ခိသားပါရှုရတို့သည်ကြားသောအခါ၊
4 ၄ ထိုအခါမှူးမတ်တို့သည်မင်းကြီးအား``ဤ သူကိုသုတ်သင်ပစ်မှဖြစ်ပါမည်။ သူသည် ဤစကားများကိုပြောဆိုခြင်းအားဖြင့် မြို့တွင်းရှိစစ်သည်သူရဲတို့အားလျော့ စေပါ၏။ မြို့ထဲတွင်အခြားကျန်ရှိနေသေး သူအပေါင်းကိုလည်းဤနည်းအတိုင်းပင် ဖြစ်စေပါ၏။ သူသည်လူတို့၏ကောင်းကျိုး ကိုမရှာ၊ ဆိုးကျိုးကိုသာလျှင်ရှာပါ၏'' ဟုလျှောက်ထားကြ၏။-
၄ထိုမှူးမတ်တို့သည် ရှင်ဘုရင်ထံသို့ဝင်၍၊ ဤသူ သည် ဤသို့သော စကားကိုပြောသဖြင့်၊ မြို့ထဲမှာ ကျန်ကြွင်းသေးသောစစ်သူရဲ အစရှိသော လူအပေါင်း တို့၏ လက်ကိုအားလျော့စေတတ်ပါ၏။ သူသည် ဤလူမျိုး ၏ အကျိုးကိုမပြုစုတတ်၊ ဖျက်ဆီးတတ်ပါ၏။ ထိုကြောင့်၊ သူ့ကိုကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ၏ ဟု လျှောက်လျှင်၊
5 ၅ သို့ဖြစ်၍ဇေဒကိမင်းက``ကောင်းပြီ။ သူ့အား သင်တို့ပြုလိုရာပြုကြပေလော့။ သင်တို့ အားငါမဆီးတား'' ဟုမိန့်တော်မူ၏။-
၅ဇေဒကိမင်းကြီးက၊ သူသည် သင်တို့လက်၌ ရှိ၏။ ရှင်ဘုရင်သည် သင်တို့အလိုကို မဆီးတားနိုင်ဟု မိန့်တော်မူ၏။
6 ၆ ထို့ကြောင့်မှူးမတ်တို့သည်ငါ့ကိုယူဆောင်ကာ နန်းတော်ဝင်းအတွင်း၌ရှိသောမင်းသား မာလခိ၏ရေတွင်းထဲသို့ကြိုးများဖြင့် လျှောချလိုက်ကြ၏။ ရေတွင်းထဲ၌ရေမရှိ။ ရွှံ့နွံများသာလျှင်ရှိသဖြင့်ငါသည်ရွှံ့နွံ တွင်ကျွံနစ်လျက်နေလေ၏။-
၆ထိုအခါ ယေရမိကို ယူ၍၊ ထောင်ဝင်းထဲမှာ ရှိသောသားတော် မာလခိ၏မြေတွင်း၌ ကြိုးနှင့်လျှော့ချ ကြ၏။ ထိုမြေတွင်း၌ရေမရှိ၊ ရွံ့သာရှိ၍၊ ယေရမိသည် ရွံ့၌ ကျွံလျက်နေ၏။
7 ၇ သို့ရာတွင်နန်းတော်အမှုထမ်းဆူဒန်အမျိုး သားမိန်းမစိုးဧဗဒမေလက်သည် ဤသို့ထို သူတို့ကရေတွင်းထဲသို့ချလိုက်ကြောင်းကို ကြားသိသွားလေသည်။ ထိုအချိန်၌မင်းကြီး သည်ဗင်္ယာမိန်တံခါးအနီးတွင်ညီလာခံ လျက်နေ၏။-
၇ထိုသို့ယေရမိကို မြေတွင်း၌ ချထားကြောင်းကို နန်းတော်အရာရှိဖြစ်သောသူ၊ ကုရှအမျိုးသား ဧဗဒ မေလက်သည် ကြားသိသောအခါ၊ ရှင်ဘုရင်သည် ဗင်္ယာမိန်တံခါးဝ၌ ထိုင်နေတော်မူစဉ်တွင်၊
8 ၈ သို့ဖြစ်၍ဧဗဒမေလက်သည်နန်းတော်မှ ထိုအရပ်သို့သွားပြီးလျှင်မင်းကြီးအား၊-
၈ထိုသူသည် နန်းတော်ထဲကထွက်၍ အထံတော်သို့ သွားပြီးလျှင်၊
9 ၉ ``အရှင်မင်းကြီး၊ ဤသူတို့ပြုခဲ့ကြသည့် အမှုများသည်မှားပါ၏။ သူတို့သည်ယေရမိ အားရေတွင်းထဲသို့ချခဲ့ကြပါပြီ။ သူသည် ဧကန်မုချအစာငတ်၍သေရပါလိမ့်မည်။ မြို့တွင်း၌လည်းအစာရေစာမရှိတော့ ပါ'' ဟုလျှောက်လေ၏။-
၉အကျွန်ုပ်သခင်အရှင်မင်းကြီး၊ ထိုသူတို့သည် ပရောဖက် ယေရမိကို ပြုလေသမျှတို့၌ မှားကြပါပြီ။ မြေတွင်း၌ချထားကြပါပြီ။ မြို့၌မုန့်ကုန်သောကြောင့်၊ ထိုတွင်း၌ငတ်မွတ်၍ သေပါလိမ့်မည်ဟုလျှောက်သော်၊
10 ၁၀ ထိုအခါမင်းကြီးသည်ဧဗဒမေလက်အား ထိုအရပ်တွင်ရှိသည့်လူသုံးယောက်ကိုခေါ် ယူကာ ယေရမိမသေမီရေတွင်းထဲမှဆယ် ယူစေတော်မူ၏။-
၁၀ရှင်ဘုရင်က၊ ပရောဖက်ယေရမိ မသေမှီ ဤ အရပ်မှ လူသုံးဆယ်ကို ခေါ်သွား၍၊ မြေတွင်းထဲက နှုတ်ယူလော့ဟု၊ ကုရှအမျိုးသား ဧဗဒမေလက်ကို အမိန့် တော်ရှိ၏။
11 ၁၁ ထို့ကြောင့်ဧဗဒမေလက်သည်လူတို့ခေါ်ကာ ထိုနန်းတော်ပစ္စည်းသိုလှောင်ခန်းသို့ဝင်ပြီး လျှင် ဟောင်းနွမ်းသောအဝတ်စုတ်များကိုယူ ပြီးလျှင် ရေတွင်းထဲ၌ရှိသောငါ့ထံသို့ ကြိုးများနှင့်အတူချ၍ပေးလေသည်။-
၁၁ဧဗဒမေလက်သည်လည်း လူတို့ကို ခေါ်၍ နန်းတော်အတွင်း ဘဏ္ဍာတိုက်အောက်သို့ဝင်ပြီးလျှင်၊ ဟောင်းနွမ်းသော အဝတ်စုတ်များကို ယူပြီးမှ၊ ယေရမိ ရှိရာ မြေတွင်း၌ ကြိုးနှင့်လျှော့ချလေ၏။
12 ၁၂ ထိုနောက်ဧဗဒမေလက်သည်ငါ့အား``သင့် အားကြိုးများမပွန်းမရှနိုင်စေရန် ဤ အဝတ်စုတ်ကိုသင်၏ချိုင်းအောက်တွင်ခံ ၍ထားလော့'' ဟုဆို၏။ ငါသည်ဤအတိုင်း ပြု၏။-
၁၂ထိုအခါကုရှ အမျိုးသားဧဗဒမေလက်က၊ ဟောင်းနွမ်းသော ဤအဝတ်စုတ်တို့နှင့်သင်၏ လက်က တီးကြား၌ကြိုးကိုခုခံပါလော့ဟုဆိုသည်အတိုင်း ယေရမိ ပြုလေ၏။
13 ၁၃ ထိုနောက်သူတို့သည်ငါ့အားကြိုးများဖြင့် ဆွဲ၍ရေတွင်းထဲမှကယ်ဆယ်လိုက်ကြ၏။ ထိုနောက်ငါသည်နန်းတော်ဝင်းအတွင်း၌ နေရလေသည်။
၁၃ထိုသို့ယေရမိကိုမြေတွင်းထဲကကြိုးနှင့် ဆွဲတင် ကြ၏။ ထိုနောက် ယေရမိသည် ထောင်ဝင်းထဲမှာ နေလေ ၏။
14 ၁၄ ဇေဒကိမင်းသည်ငါ့အားဗိမာန်တော်တတိယ မုခ်ဆောင်ခန်းသို့ခေါ်ယူစေပြီးလျှင်``သင့်အား မေးခွန်းတစ်ခုကိုငါမေးမည်။ ငါ၏ထံမှမည် သည့်အရာကိုမျှထိမ်ဝှက်၍မထားနှင့်'' ဟု ဆို၏။
၁၄တဖန်ဇေဒကိမင်းကြီးသည် လူကို စေလွှတ်၍၊ ဗိမာန်တော်၌ တတိယအတွင်းခန်းထဲသို့ ယေရမိကို ခေါ်ပြီးလျှင်၊ သင်၌ တစုံတခုကို ငါမေးမြန်းမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက်နှင့်ဟုဆိုသော်၊
15 ၁၅ ငါက``အကယ်၍အကျွန်ုပ်သည်မှန်ရာကို လျှောက်ထားပါမူ အရှင်သည်အကျွန်ုပ်အား ကွပ်မျက်ပါလိမ့်မည်။ အကျွန်ုပ်အကြံပေး လျှင်လည်းအရှင်ပမာဏပြုတော်မူလိမ့် မည်မဟုတ်ပါ'' ဟုလျှောက်ထား၏။
၁၅ယေရမိက၊ အကျွန်ုပ်လျှောက်လျှင်၊ အကျွန်ုပ်ကို မသတ်ဘဲအမှန်နေတော်မူမည်လော။ အကျွန်ုပ်သည် အကြံပေးလျှင်၊ အကျွန်ုပ်စကားကို နားထောင်တော်မူ မည်လောဟု ဇေဒကိကို မေးလျှောက်လေ၏။
16 ၁၆ သို့ဖြစ်၍ဇေဒကိမင်းသည်ငါ့အား``ငါတို့ ကိုဖန်ဆင်းတော်မူသောထာဝရဘုရားသည် အသက်ရှင်တော်မူသည့်အတိုင်း ငါသည်သင့် အားသတ်မည်မဟုတ်။ သင့်ကိုသတ်လိုသူတို့ ၏လက်သို့လည်းပေးအပ်မည်မဟုတ်'' ဟု လျှို့ဝှက်စွာကတိပေးတော်မူ၏။
၁၆ဇေဒကိမင်းကြီးကလည်း၊ ငါတို့ကို အသက်ရှင် သော သတ္တဝါဖြစ်စေခြင်းငှါ ဖန်ဆင်းသော ထာဝရ ဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ သင့်ကိုငါမသတ်။ သင့်အသက်ကိုရှာသော ထိုလူတို့လက်သို့ သင့်ကိုငါ မအပ်ဟု ယေရမိအားတိတ်ဆိတ်စွာ ကျိန်ဆိုလေ၏။
17 ၁၇ ထိုအခါငါသည်ဇေဒကိမင်းအား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်အနန္တ တန်ခိုးရှင်ထာဝရဘုရားက `သင်သည်ဗာ ဗုလုန်ဘုရင်၏မှူးမတ်တို့ထံတွင်လက်နက် ချပါမူအသက်ချမ်းသာရာရလိမ့်မည်။ ဤ မြို့သည်လည်းမီးလောင်ကျွမ်းရလိမ့်မည်မ ဟုတ်။ သင်နှင့်သင်၏အိမ်ထောင်စုသားများ ပါအသက်ချမ်းသာကြလိမ့်မည်။-
၁၇ယေရမိကလည်း၊ ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ကိုယ်တော် သည်ဗာဗုလုန် ရှင် ဘုရင်၏မှူးမတ်တို့ထံသို့ အမှန်ထွက်သွားလျှင် အသက်ချမ်းသာရတော်မူမည်။ ဤမြို့သည်လည်း မီးရှို့ ခြင်းနှင့်လွတ်လိမ့်မည်။ ကိုယ်တော်နှင့်တကွ ဆွေတော် မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည်။
18 ၁၈ သို့ရာတွင်အကယ်၍သင်လက်နက်မချ ပါမူ ဤမြို့သည်ဗာဗုလုန်အမျိုးသားတို့ ၏လက်တွင်းသို့ကျရောက်ရလိမ့်မည်။ သူတို့ သည်လည်းဤမြို့ကိုမီးရှို့လိုက်ကြလိမ့်မည်။ သင်သည်သူတို့၏ဘေးမှလွတ်မြောက်ရလိမ့် မည်မဟုတ်' ဟုမိန့်တော်မူပါ၏'' ဟုလျှောက် ထား၏။
၁၈သို့မဟုတ်၊ ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင် ၏ မှူးမတ်တို့ထံသို့ မထွက်မသွားလျှင်၊ ဤမြို့ကို ခါလဒဲ လူတို့လက်သို့အပ်၍၊ သူတို့သည် မီးရှို့ကြလိမ့်မည်။ ကိုယ်တော်သည်လည်း၊ သူတို့လက်နှင့်မလွတ်ရဟု ဇေဒကိကို လျှောက်ဆို၏။
19 ၁၉ သို့ရာတွင်ဇေဒကိမင်းက``ဗာဗုလုန်အမျိုး သားတို့ဘက်သို့ထွက်ပြေးကြသောယုဒ အမျိုးသားတို့ကိုငါကြောက်၏။ အကယ် ၍ငါသည်သူတို့လက်သို့အအပ်ခံရခဲ့ သော်သူတို့သည်ငါ့အားအပြင်းအထန် ညှင်းဆဲကြလိမ့်မည်'' ဟုဆို၏။
၁၉ဇေဒကိမင်းကြီးကလည်း၊ ခါလဒဲလူတို့ဘက်သို့ ကူးသွားသော ယုဒလူတို့ကို ငါကြောက်၏။ ငါ့ကိုသူတို့ လက်သို့အပ်၍၊ ငါသည်ကဲ့ရဲ့ခြင်း ကိုခံရမည်စိုးရိမ်သည် ဟုဆိုလျှင်၊
20 ၂၀ ငါက``အရှင်သည်ထိုသူတို့လက်တွင်းသို့ ကျရောက်ရလိမ့်မည်မဟုတ်ပါ။ အရှင့်အား အကျွန်ုပ်ပြန်ကြားခဲ့သည့်ထာဝရဘုရား ၏ဗျာဒိတ်တော်အတိုင်းလိုက်နာဆောင်ရွက် တော်မူရန်အကျွန်ုပ်ပန်ကြားပါ၏။ ဤ အတိုင်းပြုတော်မူလျှင်အစစအရာရာ အဆင်ပြေလျက် အရှင်သည်အသက်ချမ်း သာရာရပါလိမ့်မည်။-
၂၀ယေရမိက၊ ကိုယ်တော်ကိုမအပ်ရ။ အကျွန်ုပ် ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော်ကို နားထောင် တော်မူပါ။ ထိုသို့ပြုလျှင် ချမ်းသာရ၍ အသက်ရှင်တော် မူမည်။
21 ၂၁ သို့ရာတွင်အကယ်၍အရှင်သည်လက်နက် ချရန်ငြင်းဆန်တော်မူပါက အဘယ်သို့ သောအမှုများဖြစ်ပျက်လာလိမ့်မည်ကို ထာဝရဘုရားသည်အကျွန်ုပ်အား ဗျာဒိတ်ရူပါရုံတွင်ပြတော်မူပါပြီ။-
၂၁သို့မဟုတ်၊ ကိုယ်တော်က၊ ငါမထွက်မသွားဟု ငြင်းလျှင်၊ အကျွန်ုပ်အား ထာဝရဘုရား ပြတော်မူသော အရာဟူမူကား၊
22 ၂၂ ယုဒဘုရင်၏နန်းတော်တွင်ကျန်ရှိသမျှ သောအမျိုးသမီးတို့ကို ဗာဗုလုန်ဘုရင် ၏မှူးမတ်များထံသို့ထုတ်ဆောင်သွားကြ လိမ့်မည်။ သူတို့သည်ဤသို့ထွက်ခွာသွား ကြရစဉ်၊ `မင်းကြီး၏အချစ်ဆုံးမိတ်ဆွေများသည် သူ့အားလှည့်စား၍၊သူ့အပေါ်၌သြဇာလွှမ်းမိုး ကြ၏။ ယခုအခါ၊မင်းကြီး၏ခြေတို့သည်ရွှံ့နွံတွင် ကျွံလျက်နေပြီဖြစ်၍၊ ထိုမိတ်ဆွေများသည်သူ့အားစွန့်ပစ်ကြလေပြီ' ဟုဆိုကြလိမ့်မည်'' ဟုလျှောက်ထား၏။
၂၂နန်းတော်၌ ကျန်ကြွင်းသမျှသော မိန်းမတို့ကို ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်တို့ထံသို့ ထုတ်ဆောင်ကြလိမ့် မည်။ ထိုမိန်းမတို့ကလည်း၊ ကိုယ်တော်၏အဆွေခင်ပွန်း တို့သည် သွေးဆောင်၍ နိုင်ကြပြီ။ ခြေတော်သည် ရွှံ့၌ ကျွံ၍၊ သူတို့သည် ဆုတ်သွားကြပြီဟု ကိုယ်တော်အား ဆိုကြလိမ့်မည်။
23 ၂၃ ထိုနောက်ငါက``ဗာဗုလုန်အမျိုးသားတို့ သည် အရှင်၏မိဖုရားများနှင့်သားသမီး အပေါင်းကိုထုတ်ဆောင်သွားလိမ့်မည်။ အရှင် ကိုယ်တိုင်ပင်လျှင်သူတို့၏ဘေးမှလွတ် မြောက်လိမ့်မည်မဟုတ်ပါ။ ဗာဗုလုန်ဘုရင် ၏ဖမ်းဆီးခြင်းကိုခံရပါလိမ့်မည်။ ဤ မြို့သည်လည်းမီးကျွမ်းလောင်၍သွားလိမ့် မည်'' ဟုလျှောက်ထားပြန်၏။
၂၃ထိုသို့ကိုယ်တော်၏ မယားနှင့်သားသမီး ရှိသမျှ တို့ကို ခါလဒဲလူတို့ထံသို့ ထုတ်ဆောင်ကြလိမ့်မည်။ ကိုယ်တော်လည်း သူတို့လက်နှင့်မလွတ်ဘဲ၊ ဗာဗုလုန် ရှင်ဘုရင်လက်သို့ရောက်၍၊ ဤမြို့ကို မီးရှို့စေတော်မူမည်ဟု လျှောက် ၏။
24 ၂၄ ဇေဒကိမင်းသည်လည်း``ယခုငါတို့ပြော ဆိုကြသည့်စကားများကိုအဘယ်သူမျှ မသိစေနှင့်။ သို့မှသာလျှင်သင်သည် အသက်ဘေးနှင့်ကင်းဝေးရလိမ့်မည်။-
၂၄ဇေဒကိကလည်း၊ ဤစကားကို အဘယ်သူမျှ မကြားမသိစေနှင့်။ သို့ပြုလျှင်၊ သင်သည်မသေရ။
25 ၂၅ ငါသည်သင်နှင့်စကားပြောဆိုခဲ့ကြောင်း မှူးမတ်များကြားသိကြသောအခါ သူတို့ သည်သင့်၏ထံသို့လာ၍ ငါတို့ပြောဆိုကြ သည့်ကိစ္စကိုမေးမြန်းကြလိမ့်မည်။ သူတို့ က`ငါတို့အားပြောပြလျှင်သင့်ကိုငါ တို့မသတ်ပါ' ဟုကတိပြုကြလိမ့်မည်။-
၂၅ငါသည် သင်နှင့်စကားပြောကြောင်းကို မှူးမတ် တို့သည် ကြား၍ သင်ရှိရာသို့လာလျက်၊ သင်သည် ရှင်ဘုရင်အား အဘယ်သို့လျှောက်သည်ကို ၎င်း၊ ရှင်ဘုရင်သည် သင့်အားအဘယ်သို့ မိန့်တော်မူသည်ကို ၎င်း၊ ငါတို့အား ကြားပြောပါလော့။ မထိမ်မဝှက်ပါနှင့် ဟုဆိုလျှင်၊
26 ၂၆ သို့သော်လည်းသင်သည်မိမိအသက်မသေ ရလေအောင်ယောနသန်၏အိမ်သို့ပြန်၍ပို့ တော်မမူပါနှင့်ဟူ၍သာလျှင်ငါ့အားပန် ကြားလျှောက်ထားခဲ့ကြောင်းသူတို့ကိုပြော ကြားပါလော့'' ဟုဆို၏။-
၂၆သင်ကလည်း၊ငါ့ကိုသေစေခြင်းငှါ၊ ယောနသန် အိမ်သို့ ပြန်စေ တော်မမူမည်အကြောင်း၊ ရှင်ဘုရင်ထံ၌ ငါအသနားတော်ခံပြီဟု သူတို့အား ပြန်ပြောလော့ဟု၊ ယေရမိအား မိန့်တော်မူ၏။
27 ၂၇ မှူးမတ်အပေါင်းတို့သည်ငါ့ထံလာ၍စစ် ဆေးမေးမြန်းကြ၏။ သို့ရာတွင်ငါသည် မိမိကိုမင်းကြီးသင်ကြားပေးထားသည့် အတိုင်းသာလျှင် တိကျစွာပြန်လည်ဖြေ ကြားလိုက်လေသည်။ အဘယ်သူမျှလည်း မင်းကြီးနှင့်ငါပြောဆိုသောစကားများ ကိုကြားခဲ့ရသူမရှိသဖြင့်သူတို့သည် အဘယ်သို့မျှမပြုနိုင်ကြတော့ချေ။
၂၇ထိုအခါမှူးမတ်အပေါင်းတို့သည် ယေရမိရှိရာသို့ လာ၍ မေးစစ်ကြ၏။ သူသည်လည်း၊ ရှင်ဘုရင်မှာထား သမျှအတိုင်း ပြန်ပြောပြီးမှ၊ သူတို့သည် မမေးမစစ်ဘဲ နေကြ၏။ ထိုအမှုကိုအဘယ်သူမျှ မရိပ်မိကြ။
28 ၂၈ ငါသည်လည်းရန်သူ့လက်သို့ယေရုရှလင် မြို့ကျရောက်သည့်နေ့တိုင်အောင် နန်းတော် ဝင်းအတွင်း၌နေရလေတော့သည်။
၂၈ယေရုရှလင်မြို့ကို တိုက်၍ရသော နေ့တိုင် အောင်၊ ယေရမိသည် ထောင်ဝင်းထဲမှာနေရ၏။ ယေရု ရှလင်မြို့သည် ရန်သူလက်သို့ ရောက်သောအခါ၊ ထောင်ဝင်းထဲမှာရှိသေး၏။