< ဟေရှာယ 53 >
1 ၁ ပြည်သူတို့က၊ ``ငါတို့ယခုဖော်ပြသည့်သတင်းကိုအဘယ် သူသည် ယုံကြည်ပါလိမ့်မည်နည်း။ ဤအဖြစ်အပျက်တွင်ထာဝရဘုရား၏ လက်ရာတော်ကိုအဘယ်သူတွေ့မြင်နိုင် ပါလိမ့်မည်နည်း။
၁ငါတို့ ဟောပြောသော သိတင်းစကားကို အဘယ်သူ ယုံသနည်း။ ထာဝရဘုရား၏ လက်တော် သည် အဘယ်သူအား ထင်ရှားတော်မူသနည်း။
2 ၂ ထာဝရဘုရားသည်မိမိ၏အစေခံအား သွေ့ခြောက်သည့်မြေတွင်အမြစ်စွဲသည့် အပင်ငယ်ကဲ့သို့ရှင်သန်စေရန်အလိုတော် ရှိပါ၏။ ထိုသူ၌ပမာဏပြုလောက်သည့်ဂုဏ်အသရေနှင့် အဆင်းသဏ္ဌာန်လည်းမရှိ။ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့်ရုပ်ရည်လည်းမရှိ။ မိမိဘက်သို့ပါအောင်ဆွဲဆောင်နိုင်စွမ်းလည်းမရှိ။
၂ထာဝရဘုရား၏ကျွန်သည် အညွန့်ကဲ့သို့၎င်း၊ သွေ့ခြောက်သောမြေ၌ ပေါက်သောအတက်ကဲ့သို့၎င်း၊ ရှေ့တော်၌ ကြီးပွား၏။ ပမာဏပြုစရာ အဆင်းတင့်တယ် ခြင်းမရှိ။ ချစ်လိုဘွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ။
3 ၃ ငါတို့သည်သူ့အားစက်ဆုတ်ရွံရှာ၍ပစ်ပယ် ထားကြ၏။ သူသည်ဆင်းရဲဒုက္ခနှင့်ဝေဒနာကိုခံရ၏။ သူ့ကိုလှည့်၍ပင်ကြည့်မည့်သူတစ်ဦး တစ်ယောက်မျှမရှိ။ ငါတို့သည်သူ့အားတန်ဖိုးမဲ့သူအလား လျစ်လူရှု၍ထားကြ၏။
၃မထီမဲ့မြင်ပြုခြင်းကို ခံ၍၊ လူတို့တွင် အယုတ်ဆုံး သော သူဖြစ်၏ ငြိုငြင်သောသူ၊ နာကြဉ်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သော သူဖြစ်၏။ သူတပါးမျက်နှာလွှဲခြင်းကို ခံရ သော သူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။
4 ၄ ``သို့ရာတွင်သူသည်ငါတို့ခံထိုက်သည့်ဆင်းရဲ ဒုက္ခကိုလည်းကောင်း၊ ငါတို့ခံရမည့်ဝေဒနာကိုလည်းကောင်းခံပေသည်။ ယင်းသို့သူခံစားလျက်နေရသည့်ဒုက္ခဝေဒနာ ကိုပင်လျှင်၊ သူ့အားထာဝရဘုရားပေးအပ်သည့် အပြစ်ဒဏ်ဟုငါတို့ထင်မှတ်ကြ၏။
၄သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ် တော်မူခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူ ခြင်းကို၎င်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ် ကြပြီ။
5 ၅ သို့နှင့်လည်းသူသည်ငါတို့၏အပြစ်များအတွက် ထိုးနှက်သည့်ဒဏ်ရာများကိုရရှိလျက်၊ ငါတို့ပြုသည်မကောင်းမှုများအတွက် ရိုက်နှက်ခြင်းကိုခံရ၏။ သူသည်ယင်းသို့အပြစ်ဒဏ်ခံယူသည်ဖြစ်၍ ငါတို့သည်အပြစ်ဖြေလွှတ်ခွင့်ကိုရရှိကြ၏။ သူခံရသောဒဏ်ရာဒဏ်ချက်အားဖြင့်ငါ တို့သည် အနာပျောက်ကင်းခွင့်ကိုရရှိကြ၏။
၅ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ်များ ကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမခြင်း သည် သူ့အပေါ်သို့ ရောက်၍၊ သူခံရသော ဒဏ်ချက်အား ဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏။
6 ၆ ငါတို့ရှိသမျှသည်သိုးများကဲ့သို့လမ်းလွဲကာ မိမိတို့သွားလိုရာလမ်းသို့လိုက်လျက်နေကြ သဖြင့်၊ ထာဝရဘုရားသည်ငါတို့ခံယူထိုက်သည့် အပြစ်ဒဏ်ကိုထိုသူ၏အပါ်သို့တင်တော်မူ၏။
၆ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။
7 ၇ ``သူသည်ညှဉ်းပန်းနှိပ်စက်မှုကိုခံရသော်လည်း သူသည်စကားတစ်ခွန်းမျှမပြော။ သတ်ရန်ယူဆောင်သွားသည့်သိုးသငယ် ကဲ့သို့လည်းကောင်း၊ အမွေးညှပ်ခံရအံ့ဆဲဆဲဖြစ်သော သိုးကဲ့သို့လည်းကောင်း၊ သူသည်စကားတစ်ခွန်းမျှမပြော။
၇ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကို ခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှါ ဆောင်သွား သော သိုးသငယ်ကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကို မဖွင့်ဘဲ နေ၏။
8 ၈ လူတို့သည်သူ့ကိုဖမ်းဆီးပြီးလျှင်သေဒဏ် စီရင်ကြ၏။ ထိုနောက်အသေခံစေရန်ထုတ်ဆောင်သွားကြ၏။ သို့ရာတွင်သူကြုံတွေ့ရမည့်ကံကြမ္မာကို အဘယ်သူမျှဂရုမစိုက်ကြ။ သူသည်ငါတို့အမျိုးသားတို့၏အပြစ်များ အတွက် သေဒဏ်စီရင်ခြင်းခံရ၏။
၈မတရားစွာ စီရင်ခြင်းအားဖြင့် သူ့ကို ထုတ်သွား ကြ၏။ အသက်ရှင်သော သူတို့၏ နေရာမှ သူ့ကို သုတ် သင်ပယ်ရှင်းသည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ် သူပြညွှန်မည်နည်း။ ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ် တော်မူခြင်းကို ခံလေ၏။
9 ၉ သူသည်ရာဇဝတ်မှုတစ်စုံတစ်ရာကိုမျှ ကူးလွန်ခဲ့ဖူးသည်မရှိ။ မုသားကိုလည်းအဘယ်အခါ၌မျှမသုံး စွဲခဲ့။ သို့ရာတွင်သူသည်ငါတို့အမျိုးသားတို့ ၏ အပြစ်များအတွက်သေဒဏ်စီရင်ခြင်းကို ခံရ၍၊ ရာဇဝတ်ကောင်များနှင့်အတူသင်္ဂြိုဟ်ခြင်း ကိုလည်းကောင်း၊ သူဌေးသူကြွယ်များနှင့်အတူမြှုပ်နှံခြင်း ကိုလည်းကောင်းခံရလေသည်။''
၉ပြစ်မှားခြင်းကို မပြု။ သူ၏နှုတ်၌ မုသာမရှိ သော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှါ စီရင် ကြ၏။ သို့ရာတွင် သေပြီးမှ သူဌေး၌ ရှိ၏။
10 ၁၀ ထာဝရဘုရားက၊ ``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။ သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍ မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။
၁၀ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှါ အလို တော်ရှိ၍ နာစေတော်မူ၏။ သူသည် အပြစ်ဖြေသော ယဇ်ကိုပူဇော်ပြီးမှ၊ အမျိုးအနွယ်တော်ကို မြင်ရလိမ့်မည်။ အသက်တော်လည်း ရှည်လိမ့်မည်။ ထာဝရဘုရား၏ အကြံတော်သည်လည်း သူ၏လက်၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။
11 ၁၁ သူသည်ဝေဒနာခံစားနေရာမှဝမ်းမြောက် ရွှင်လန်းခွင့်ကိုပြန်လည်ရရှိလိမ့်မည်။ မိမိခံစားခဲ့ရသည့်ဝေဒနာမှာအချည်းနှီး မဖြစ်ကြောင်းကိုလည်းသိရှိလာလိမ့်မည်။ သူသည်ငါ၏အစေခံသူတော်ကောင်းဖြစ်၏။ လူအများ၏အပြစ်ဝန်ကိုထမ်းဆောင်လျက်၊ ထိုဆောင်ရွက်မှုကြောင့်ထိုသူတို့အား အပြစ်လွှတ်ခြင်းအခွင့်ကိုငါပေးမည်။
၁၁မိမိစိတ်ဝိညာဉ်ခံရသော ဝေဒနာ၏အကျိုးကို မိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့်မတ်သော ငါ၏ကျွန် ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသော သူတို့ကို ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်။ သူတို့၏အပြစ်ကို ကိုယ်တိုင်ဆောင်ရွက်ရ၏။
12 ၁၂ သို့ဖြစ်၍ငါသည်သူ့အားကြီးမြတ်သူ၊ တန်ခိုးကြီး သူများနှင့်အတူ၊ ဂုဏ်ထူးဆောင်နေရာကိုပေးအပ်တော်မူမည်။ သူသည်မိမိ၏အသက်ကိုသဒ္ဓာကြည်ဖြူစွာ စွန့်လှူပြီးလျှင်၊ ရာဇဝတ်ကောင်တို့၏ကံကြမ္မာကိုခံယူ၏။ သူသည်အပြစ်ကူးသူများကိုကိုယ်စားပြု၍ ထိုသူတို့ခံထိုက်သည့်အပြစ်ဒဏ်ကိုခံယူ ပေသည်'' ဟုမိန့်တော်မူ၏။
၁၂ထိုသို့ မိမိအသက်ကို သေခြင်း၌ သွန်း၍၊ မတရားသော သူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သ ဖြင့်၊ လူများတို့၏အပြစ်ကို ဆောင်ရွက်၍၊ မတရားသော သူတို့အဘို့ တောင်းပန်သောကြောင့်၊ လူကြီးတို့ကို သူ၏ အဘို့ဖြစ်စေခြင်းငှါ ငါခွဲမည်။ အစွမ်းသတ္တိရှိသော သူတို့ ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင်ဝေဖန်ရသော အခွင့် ရှိလိမ့်မည်။