< ဟေရှာယ 49 >
1 ၁ တိုင်းတစ်ပါးမှလူမျိုးအပေါင်းတို့၊ ရပ်ဝေးတွင် နေထိုင်သောလူတို့၊ ငါပြောသည်ကိုသင်တို့နားထောင်ကြလော့။ ငါမမွေးမဖွားမီအခါကပင်လျှင် ထာဝရဘုရားသည်ငါ့ကိုရွေးကောက်တော်မူ၍၊ မိမိ၏အစေခံအဖြစ်ဖြင့်ခန့်ထားတော်မူပါ၏။
၁တကျွန်းတနိုင်ငံအရပ်တို့၊ ငါ့စကားကို ကြားကြ လော့။ ဝေးစွာသော လူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့။ ငါဘွားစကပင် ထာဝရဘုရားသည် ငါ့ကို ခေါ်တော်မူ ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။
2 ၂ ကိုယ်တော်သည်ငါ၏နှုတ်ကိုဋ္ဌားကဲ့သို့ထက်မြက် စေ၍၊ လက်တော်ဖြင့်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူပါ၏။ ကိုယ်တော်သည်ချွန်မြ၍အသုံးပြုရန်အသင့်ရှိသည့် မြားကဲ့သို့ငါ့ကိုဖြစ်စေတော်မူ၍၊
၂ငါ့နှုတ်ကို ထက်သော ထားကဲ့သို့ ဖြစ်စေ၍၊ လက်တော်အရိပ်၌ ဖုံးထားတော်မူ၏။ ငါ့ကိုလည်း ဦးသစ် သော စည်းသွားဖြစ်စေ၍၊ မိမိမြှားထောင့်ထဲမှာ ဝှက်ထားတော်မူ၏။
3 ၃ ငါ့အားကိုယ်တော်က``အို ဣသရေလ၊သင်သည် ငါ၏အစေခံဖြစ်၏။ သင်၏အတွက်ကြောင့်လူတို့သည်၊ငါ့ကို ထောမနာပြုကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
၃အိုဣသရေလ၊ သင်သည် ငါ၏ ကျွန်ဖြစ်၏။ သင့်အားဖြင့် ငါ့ဘုန်းသည် ထင်ရှားလိမ့်မည်ဟု ငါ့အား မိန့်တော်မူပြီ။
4 ၄ ငါသည်လည်းမိမိလုပ်ဆောင်ခဲ့သည့်အမှုတို့ အကျိုးမရှိပုံကိုလည်းကောင်း၊ မိမိမှာအားအင်သာလျှင်ကုန်ခန်းလျက် အဘယ်အမှုအရာမျှမအောင်မြင်ပုံကို လည်းကောင်း တစ်ကိုယ်တည်းပြောဆိုနေမိ၏။ သို့ရာတွင်ငါသည်မိမိ၏အမှုကိစ္စများ အဆင်ပြေစေရန် ထာဝရဘုရားကိုယုံကြည်ကိုးစားနိုင်ပါစေ။ ကိုယ်တော်သည်ငါပြုသည့်အမှုအတွက် ဆုလာဘ်များကိုပေးသနားတော်မူလိမ့်မည်။
၄ငါကလည်း၊ အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ။ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ။ သို့သော်လည်း၊ ငါ့အမှုသည် ထာဝရဘုရားရှေ့တော်၌ရှိ၏။ ငါခံရသော အခလည်း ငါ၏ဘုရားသခင်လက်တော်၌ရှိသည်ဟု ဆို၏။
5 ၅ အမိဝမ်းတွင်ရှိစဉ်အခါကပင်လျှင်၊ငါ့အား ထာဝရဘုရားသည်ရွေးချယ်ထားတော်မူပါ၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ပြန်လည်ခေါ်ဆောင်လာစေရန်၊ ပျံ့လွင့်လျက်ရှိသည့်ဣသရေလအမျိုးသား တို့အား ပြန်လည်ခေါ်ဆောင်လာစေရန် အစေခံအဖြစ်ဖြင့်ငါကိုခန့်ထားတော်မူပါ၏။ ထာဝရဘုရားသည်ငါ့ကိုဂုဏ်ပြုတော်မူ၍ ငါ့ခွန်အား၏အရင်းအမြစ်ဖြစ်တော်မူ၏။
၅ငါသည် ထာဝရဘုရားရှေ့တော်၌ အသရေ ထင်ရှား၍၊ ငါ၏ဘုရားသခင်သည် ငါ့ကို ခိုင်ခံ့စေတော် မူသည်အကြောင်းနှင့်တကွ၊ ဣသရေလအမျိုးသည် အထံ တော်၌ စုဝေးစေခြင်းကို မခံသော်လည်း၊ ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တဖန် ဆောင်ခဲ့ရသော ကျွန်ဖြစ်စေမည်အကြောင်း၊ ငါ့ကို အမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူသော ထာဝရဘုရား မိန့်တော်မူသည် ကား၊
6 ၆ ထာဝရဘုရားကငါ့အား``ငါ၏အစေခံ၊ သင့်အားငါသည်ပိုမိုကြီးမြတ်သည့်အမှုကို ဆောင်ရွက်စေမည်။ မသေဘဲကျန်ရှိနေသူဣသရေလအမျိုးသား တို့ ပြန်လည်တန်ခိုးကြီးမားလာကြစေရန်သာမက ကမ္ဘာတစ်ဝှမ်းလုံးပင်ကယ်တင်ခြင်းခံရကြစေရန် ငါသည်သင့်အားလူမျိုးတကာတို့၏အလင်း ဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
၆သင်သည် ယာကုပ်၏ အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင် ရွက်သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင် ငါ၏ ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင့်ကို တပါးအမျိုးသားတို့ လင်းစရာဘို့ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။
7 ၇ လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊ မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊ ``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။ မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။'' အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊ သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။
၇ဣသရေလအမျိုးကို ရွေးနှုတ်တော်မူ၍၊ ထို အမျိုး၏ သန့်ရှင်းသော ထာဝရဘုရားသည်၊ အဘယ်သူ မျှ မနှစ်သက်၊ တပြည်လုံး ရွံရှာဘွယ်ဖြစ်၍၊ မင်းထံ၌ ကျွန်ခံရသောသူအား မိန့်တော်မူသည်ကား၊ သစ္စာရှိတော် မူသော ထာဝရဘုရား၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ကျေးဇူး တော်ကြောင့်၊ ရှင်ဘုရင်တို့သည် မြင်၍ ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်။
8 ၈ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ``သင်တို့ကိုကယ်ရန်အချိန်ကျသောအခါ၊ ငါသည်သင်တို့အားအခွင့်အရေးပေး၍၊ ကူမတော်မူရန်သင်တို့ဟစ်အော်သံကို နားညောင်းမည်။ ငါသည်သင်တို့အားထိန်းသိမ်းကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားဖြင့်လူအပေါင်းတို့နှင့်လည်း ပဋိညာဉ်ဖွဲ့မည်။ ယခုယိုယွင်းပျက်စီးလျက်ရှိသည့်သင်တို့ ၏ပြည်တွင်၊ တစ်ဖန်အတည်တကျပြန်လည်နေထိုင်ခွင့်ကို သင်တို့အားငါပေးမည်။
၈ထာဝရဘုရား မိန့်တော်မူသည်ကား၊ နှစ်သက် ဘွယ်သော အချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကို မစပြီ။ သင့်ကိုလည်း ငါ စောင့်ရှောက်၍၊ သင်သည် ပြည်တော်ကို ပြုပြင်လျက်၊ ဆိတ်ညံသော အမွေခံရာအရပ်တို့ကို အမွေပေးစေမည် အကြောင်း၊
9 ၉ အကျဉ်းကျလျက်နေသူတို့အား`လွတ်လပ်စွာ ထွက်ခွာသွားကြလော့' ဟူ၍လည်းကောင်း၊ မှောင်မိုက်တွင်ရှိနေသူတို့အား`အလင်းသို့ ဝင်ကြလော့' ဟူ၍လည်းကောင်းငါပြောမည်။ သူတို့သည်တောင်ကုန်းများပေါ်တွင်ပင် ကျက်စားလျက်နေသော သိုးများနှင့်တူလိမ့်မည်။
၉ထွက်ကြလော့ဟု ချုပ်ထားသော သူတို့အား၎င်း၊ ပေါ်လာကြလော့ဟု မှောင်မိုက်ထဲမှာ နေသောသူတို့အား၎င်း ပြောစေမည်အကြောင်း၊ လူမျိုးအား ပဋိညာဉ်တရား ကို ပြုစရာဘို့ သင့်ကို ခန့်ထားမည်။ သို့ဖြစ်၍၊ ထိုသူတို့ သည် လမ်းခရီးတို့အနားမှာ စားရ၍၊ မြင့်သော အရပ်ရပ် တို့၌ ကျက်စားရာကို တွေ့ရကြလိမ့်မည်။
10 ၁၀ သူတို့သည်အဘယ်အခါ၌မျှအစာရေစာ ငတ်မွတ် ရလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့အားချစ်မြတ်နိုးတော် မူသော အရှင်၏လမ်းပြပို့ဆောင်မှုကိုခံယူ၍၊ နေနှင့်သဲကန္တာရအပူရှိန်ကြောင့်ဘေး အန္တရာယ် ရောက်ရလိမ့်မည်မဟုတ်။ ထိုအရှင်သည်သူတို့အားစမ်းရေတွင်းများ ရှိရာသို့ ပို့ဆောင်တော်မူလိမ့်မည်။
၁၀သူတို့သည် ရေစာကို မငတ်မမွတ်ရ။ အပူကို လည်း မခံရကြ။ နေရောင်ခြည်မထိရ။ အကြောင်းမူကား၊ သူတို့ကို သနားသော သူသည် သူတို့ကို ပို့ဆောင်၍၊ စမ်း ရေတွင်းအနားသို့ လမ်းပြလိမ့်မည်။
11 ၁၁ ``ငါသည်တောင်တန်းများကိုဖြတ်၍လမ်းမကြီး တစ်သွယ်ကိုဖောက်လုပ်မည်။ ငါ၏လူမျိုးတော်အတွက်ခရီးလမ်းကို ပြင်ဆင်မည်။
၁၁ငါ၏တောင်ရှိသမျှတို့ကို သွားရာလမ်းဖြစ်စေ မည်။ ငါ၏မြေတန်တားများကိုလည်း ငါဖို့မည်။
12 ၁၂ ငါ၏လူမျိုးတော်သည်ရပ်ဝေးဒေသများမှ လည်းကောင်း၊ မြောက်အရပ်နှင့်အနောက်အရပ်မှလည်းကောင်း၊ တောင်အရပ်ရှိသိနိမ်ပြည်မှလည်းကောင်း လာရောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
၁၂ကြည့်ရှုလော့။ ဤသူတို့သည် ဝေးသောအရပ်မှ လာကြလိမ့်မည်။ ကြည့်ရှုလော့။ ထိုသူတို့သည် မြောက် မျက်နှာနှင့်အနောက်မျက်နှာမှ၎င်း၊ ထိုသူတို့သည်လည်း၊ သိနိမ်ပြည်မှ၎င်း လာကြလိမ့်မည်ဟု မိန့်တော်မူ၏။
13 ၁၃ အို မိုးကောင်းကင်၊သီချင်းဆိုလော့။ အို ကမ္ဘာမြေကြီး၊ ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။ တောင်ရိုးတို့သည်အသံလွှင့်၍သီချင်းဆိုကြစေ။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား နှစ်သိမ့်မှုကိုပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်ဆင်းရဲဒုက္ခရောက်လျက် ရှိသော မိမိ၏လူမျိုးတော်အားသနားတော်မူလိမ့်မည်။
၁၃အို မိုဃ်းကောင်းကင်တို့၊ သီချင်းဆိုကြလော့။ အိုမြေကြီး၊ ဝမ်းမြောက်ခြင်းရှိလော့။ အိုတောင်များတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူ၏။ ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ၏။
14 ၁၄ သို့ရာတွင်ယေရုရှလင်မြို့သူမြို့သားတို့က ``ထာဝရဘုရားသည်ငါတို့ကိုစွန့်ပစ်တော် မူပြီ။ ကိုယ်တော်သည်ငါတို့အားမေ့လျော့တော်မူပါပြီ တကား'' ဟုဆိုကြ၏။
၁၄ဇိအုန်ကလည်း၊ ထာဝရဘုရားသည် ငါ့ကို စွန့် ပစ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကို မေ့လျော့တော်မူပြီဟု ဆိုလေသော်၊
15 ၁၅ ထာဝရဘုရားက ``မိခင်တစ်ဦးသည်မိမိ၏ရင်ခွင်မှရင် သွေးငယ်ကို မေ့လျော့နိုင်ပါမည်လော။ မိမိကိုယ်ဝန်ဆောင်ခဲ့သောကလေးကိုမချစ်ဘဲ နေနိုင်ပါမည်လော။ မိခင်ဖြစ်သူသည်ကလေးငယ်ကိုမေ့လျော့သည် ဆိုစေဦး၊ ငါသည်သင်တို့ကိုအဘယ်အခါ၌မျှမေ့လျော့ လိမ့်မည်မဟုတ်။
၁၅မိန်းမသည် မိမိဘွားသော သားကို မသနား သည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။
16 ၁၆ အို ယေရုရှလင်မြို့၊ငါသည်သင့်ကိုအဘယ်အခါ ၌မျှ မမေ့မလျော့နိုင်။ ငါ၏လက်ဝါးတွင်သင်၏နာမည်ကို ရေးမှတ်၍ထားလေပြီ။
၁၆ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီ။ သင်၏ မြို့ရိုးသည် ငါ့ရှေ့မှာ အစဉ်ရှိ၏။
17 ၁၇ ``သင့်ကိုပြန်လည်ထူထောင်ကြမည့်လူတို့သည် မကြာမီရောက်ရှိလာလိမ့်မည်။ သင့်ကိုပျက်ပြုန်းစေခဲ့သောသူတို့မူကား ထွက်ခွာသွားရကြလိမ့်မည်။
၁၇သင်၏သားသမီးတို့သည် အလျင်အမြန်ပြုကြ လိမ့်မည်။ သင့်ကို လုယူဖျက်ဆီးသော သူတို့သည် သင့်ထံ မှ ထွက်သွားကြလိမ့်မည်။
18 ၁၈ သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက် လျက် ရှိသည်ကိုလှည့်၍ကြည့်ပါလော့။ သင်၏အမျိုးသားတို့သည်စုရုံးလျက် မိမိတို့ပြည်သို့ပြန်လာနေကြ၏။ ငါသည်အသက်ရှင်တော်မူသည့်ဘုရား ဖြစ်တော်မူသည်နှင့်အညီ၊ သင်သည်ကျောက်မျက်ရတနာများကို ဝတ်ဆင်ထားသည့် မင်္ဂလာဆောင်သတို့သမီးကဲ့သို့မိမိ၏ အမျိုးသားများအတွက်ဂုဏ်ယူဝါကြွား ရလိမ့်မည်။
၁၈အရပ်ရပ်သို့ မျှော်ကြည့်လော့။ ဤသူအပေါင်း တို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက် ရှင်သည်ဖြစ်၍၊ သင် သည် တင့်တယ်သော အဝတ်ကို ဝတ်သကဲ့သို့၊ ဤသူ အပေါင်းတို့ကို ဝတ်လိမ့်မည်။ မင်္ဂလာဆောင် သတို့သမီး ပြုသည် နည်းတူတန်ဆာဆင်လိမ့်မည်။
19 ၁၉ ``သင်၏ပြည်သည်ယိုယွင်းပျက်စီးကာလူသူ ဆိတ်ငြိမ်လျက်နေခဲ့၏။ သို့ရာတွင်ယခုအခါလာရောက်နေထိုင်ကြမည့် သူများအတွက် ထိုပြည်သည်ကျဉ်းလျက်ပင်နေလိမ့်မည်။ သင့်အားယိုယွင်းပျက်စီးစေသူတို့မူကား၊ ရပ်ဝေးသို့ရောက်ရှိနေကြလိမ့်မည်။
၁၉သင်၌ သုတ်သင်ပယ်ရှင်းသော အရပ်၊ ပျက်စီး သော ပြည်သည် နေသူများသောကြောင့် ကျဉ်းကြလိမ့် မည်။ သင့်ကို ကိုက်စားသော သူတို့သည်လည်း ဝေးကြ လိမ့်မည်။
20 ၂၀ ပြည်နယ်ဒဏ်သင့်ရာတွင်မွေးဖွားခဲ့သည့် သင်၏အမျိုးသားတို့သည်တစ်နေ့သောအခါ၌ သင့်အား`ဤပြည်သည်ငယ်လွန်းပါ၏။ ငါတို့နေထိုင်ရန်နေရာထပ်၍လိုပါသည်' ဟုဆိုကြလိမ့်မည်။
၂၀သင်၏သားများဆုံးပြီးမှ၊ တဖန်ရပြန်သော သားတို့က၊ နေရာမလောက်ပါ။ နေစရာ အရပ်ကို ပေးပါ ဟု သင့်အား တောင်းကြလေဦးမည်။
21 ၂၁ ထိုအခါသင်သည်မိမိကိုယ်ကိုပြန်၍၊ `ငါသည်ဤသားသမီးများကိုအဘယ်သူနှင့် ရရှိပါသနည်း။ ငါ၏သားသမီးများသည်သေဆုံးသွားပြီဖြစ်၍ ငါ့မှာသားသမီးမရှိနိုင်တော့ပါ။ ငါသည်ရပ်ဝေးသို့ပြည်နှင်ဒဏ်သင့်၍ နှင်ထုတ်ခံခဲ့ရသဖြင့် ဤသားသမီးတို့ကိုအဘယ်သူကျွေးမွေးပြုစု ခဲ့ပါသနည်း။ ငါသည်တစ်ကိုယ်တည်းသာလျှင်ကျန်ရှိခဲ့၏။ ဤသားသမီးများကား၊အဘယ်အရပ်မှ ရောက်ရှိလာကြပါသနည်း'' ဟုမေးလိမ့်မည်။
၂၁သင်ကလည်း၊ ဤသူတို့ကို ငါ့အား အဘယ်သူ ဖြစ်ဘွားစေသနည်း။ ငါသည် သားဆုံးသောသူ၊ ဆိတ်ညံ လျက်နေရသောသူ၊ နှင်ထုတ်ခြင်းကို ခံရသဖြင့်၊ အဝေးသို့ လည်ရသောသူဖြစ်၍၊ ဤသူတို့ကို အဘယ်သူ မွေးစား သနည်း။ ငါသည် တယောက်တည်း နေရသည်ဖြစ်၍၊ ဤသူတို့သည် အဘယ်မှာ ရှိကြသနည်းဟု အောက်မေ့ လိမ့်မည်။
22 ၂၂ ထာဝရအရှင်ဘုရားသခင်ကမိမိ၏ လူမျိုးတော်အား ``ငါသည်လူမျိုးတကာတို့အားအချက် ပေးလိုက်သောအခါ၊ သူတို့သည်သင်တို့၏သားသမီးများကို ခေါ်ဆောင်လာကြလိမ့်မည်။
၂၂အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့။ ငါသည် အတိုင်းတိုင်းအပြည်ပြည်၌နေ သော လူမျိုးတို့အား လက်ကို ချီ၍ အလံကို ထူသဖြင့်၊ သူတို့သည် သင်၏သားသမီးတို့ကို လက်နှင့် ပွေ့လျက်၊ ပခုံးပေါ်မှာ ထမ်းလျက်ဆောင်ခဲ့ကြလိမ့်မည်။
23 ၂၃ ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
၂၃ရှင်ဘုရင်တို့သည် သင်၏ ဘထွေး၊ မိဖုရားတို့ သည် သင့်ကို မွေးစားသော အမိဖြစ်ကြလိမ့်မည်။ သင့် ရှေ့မှာ ဦးညွှတ်ပြပ်ဝပ်၍၊ သင်၏ခြေ၌ မြေမှုန့်ကို လျက် ကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို၎င်း၊ ငါ့ကို မြော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်းမရှိ ကြောင်းကို၎င်း သင်သိလိမ့်မည်။
24 ၂၄ ကိုယ်တော်ရှင်သည်စစ်သည်သူရဲထံမှသူ၏ လုရာပါ ပစ္စည်းကိုသိမ်းယူနိုင်ပါသလော။ မင်းဆိုးမင်းညစ်၏လက်မှသုံ့ပန်းများကို ကယ်ဆယ်နိုင်ပါသလော။
၂၄လုယူရာဥစ္စာကို အားကြီးသော သူ၏ လက်မှ ယူရမည်လော။ တရားသော သူသိမ်းသွားသော လူတို့ကို နှုတ်ရမည်လော။
25 ၂၅ ထာဝရဘုရားက၊ ``ယခုဖြစ်ပျက်မည့်အမှုအရာသည် ဤနည်းအတိုင်းပင်ဖြစ်၏။ စစ်သည်သူရဲဖမ်းဆီးထားသည့်သုံ့ပန်းများကို ငါလွှတ်ပစ်မည်။ မင်းဆိုးမင်းညစ်၏လုရာပါပစ္စည်းများကို ငါသိမ်းဆည်းမည်။ ငါသည်သင့်ကိုတိုက်ခိုက်သူတို့အားတိုက်ခိုက်၍၊ သင်၏သားသမီးများကိုကယ်ဆယ်မည်။
၂၅ထာဝရဘုရားမိန့်တော်မူသည်ကား၊ အကယ်စင် စစ်အားကြီးသောသူ သိမ်းသွားသော လူတို့ကို ယူရမည်။ ကြောက်မက်ဘွယ်သောသူ လုယူရာဥစ္စာကို နှုတ်ရလိမ့် မည်။ အကြောင်းမူကား၊ သင်နှင့် ရန်တွေ့သော သူကို ငါသည် ရန်တွေ့၍၊ သင်၏သားတို့ကို ကယ်တင်မည်။
26 ၂၆ ငါသည်သင့်ကိုနှိပ်စက်ညှဉ်းဆဲသူတို့အား အချင်းချင်းသတ်ဖြတ်စေမည်။ ထိုအခါငါသည်သင်တို့ကိုကယ်တင်ရွေးနုတ် တော်မူသောအရှင်၊ ထာဝရဘုရားဖြစ်တော်မူကြောင်းလူအပေါင်းတို့ သိရှိကြလိမ့်မည်။ ငါသည်ဣသရေလအမျိုးသားတို့၏တန်ခိုး တော်ရှင် ဘုရားသခင်ဖြစ်တော်မူသည်ကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
၂၆သင့်ကို ညှဉ်းဆဲသော သူတို့ကို သူတို့၏အသား နှင့် ငါကျွေးမည်။ ချိုသော စပျစ်ရည်ကို သောက်သကဲ့သို့၊ သူတို့သည် မိမိအသွေးကိုဝစွာ သောက်ရကြမည်။ သို့ဖြစ်၍၊ ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သော အရှင်၊ သင့်ကို ရွေးနှုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသော ဘုရားဖြစ်ကြောင်းကို လူအပေါင်းတို့ သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။